Thursday, 27 February 2014

ကျန်းမာရေးလိုက်စားသူ


ဘကြီးဖြိုးတစ်ယောက် ဆေးခန်းသို့ ရောက်နေသည်။
ဆရာဝန်ကလည်း သက်ကြီးရွယ်အိုဆိုတော့ လိုအပ်သည်များကို
သေသေချာချာ မေးမြန်းရှာသည်။
ဆရာဝန်။ ဘကြီးအသက် ဘယ်လောက်ရှိပြီလဲ။
ဘကြီးဖြိုး။ ၆၃ နှစ်ပါ ဒေါက်တာ။
ဆရာဝန်။ ဟာ…အဘအသက်အရွယ်က ကျန်းမာရေးကို
ဂရုစိုက်ရမယ့်အရွယ်ဗျ။
ဘကြီးဖြိုး။ အဘ ဂရုစိုက်ပါတယ် လူလေးရယ်။
ဆရာဝန်။ ကျန်းမာရေး အတွက် အားကစား လေ့ကျင့်ခန်းတွေ
လုပ်ရမယ်။
ဘကြီးဖြိုး။ အာ…ဒေါက်တာ ရယ် အဲဒါအတွက်တော့ မပူပါနဲ့။
အဘ…နေ့စဉ် ဘောလုံးကန်တယ်။ စားပွဲတင်တင်းနစ်(စ်) ရိုက်တယ်။
ဆရာဝန်။ ဗျာ…တယ်ဟုတ်ပါလား အဘရဲ့ ။ ဘယ်လောက်ကြာကြာ
ကစားတာလဲ။
ဘကြီးဖြိုး။ အဘက အသက်လည်းကြီးပြီ။ မျက်လုံးကလည်း
သိပ်မကောင်းတော့ဘူးဆိုတော့ သိပ်မကစားနိုင်ပါဘူးဒေါက်တာရယ်။
အဘရဲ့ ဖုန်း ဘက်ထရီကုန်တာနဲ့
နားလိုက်တာပါပဲ။ ပြီးတော့ မြေးတွေကလည်း
သူတို့ ဖုံးကို ပေးမကိုင်ဘူးလေကွယ်။
ဆရာဝန်။ ခင်ညာ။
မှတ်ချက်။ ငိုက်သောသူ ရယ်ပါက အငိုက်ပြေသည်။
အိမ်ဝေးသူ (KZ)

Tuesday, 25 February 2014

ခြေရာဖျောက်သူတိုင်းသည် ခြေရာဖျက်သူ မဟုတ်ပါ


ပင်လယ်ကမ်းခြေတစ်ခုမှာ ဖြစ်သည်။

ဂဏန်းငယ်တစ်ကောင် ပျော်ရွှင်မြူးတူးနေသည်။

နောက်မှ ကျန်ခဲ့သော သူ့ခြေရာများက လှပလွန်းနေသည်။

သူအလွန်အမင်း ကျေနပ်ဂုဏ်ယူ အားရဝမ်းသာ ဖြစ်နေသည်။

သူ့ဘဝမှာ သူဖန်တီးနိုင်သော အလှအပသည် သူ့ခြေရာများဖြစ်သည်ဟု

သူခံယူထားသည်။


ငှက်တစ်ကောင်အတွက် ခွန်အားသည် အတောင်ပံဖြစ်ပြီး ၄င်းတို့သည်

ယင်းအတောင်ပံကို အသုံးပြု၍ ပျံသန်းခြင်းဟူသော ဘဝအနုပညာကို

ဖန်တီးကြသည်။

သို့ဆိုလျှင် သူ့အတွက်လည်း

သူ၏ ကြီးမားသန်မာထွားကျိုင်းသော ခြေလက် များက ခွန်အားမဟုတ်ပါလား.?

ထိုမျှမက ရန်သူကို တိုက်ခိုက် နိုင်သော လက်နက်များ မဟုတ်ပါလား?

ငှက်တစ်ကောင်အတွက် ပျံသန်းခြင်းက အရေးပါလျှင် သူ့အတွက်လည်း

ကမ်းခြေတစ်လျှောက် ပြေးလွားလှုပ်ရှားနေရခြင်းက အရေးပါလွန်းလှသည်

ဟု သူယုံကြည်ထားသည်။ ငှက်တစ်ကောင်က လေပေါ်မှာပဲ ပျံသန်းနိုင်ပြီး

သူဆိုလျှင် ရေနှင့်ကုန်းမြေ နှစ်ခုစလုံးတွင် ပြေးလွားရုန်းကန်နိုင်သည်။


ပြီးတော့ လူအတော်များများက သူ့ခြေရာများကို သဘောကျကြသည်။

သူ့ခြေရာများကို မုန်းသူမရှိဟု သူ နှစ်ထောင်းအားရ ဖြစ်မိသည်။

သူ့ခြေရာများကို ကျေနပ်အားရစွာဖြင့် နောက်တစ်ကြိမ် လှည့်ကြည့်သည်။

အိုး…လှလိုက်တာ။

ထိုအခိုက်အတန့်ဝယ် ကြီးမားသော ပင်လယ်လှိုင်းတစ်ခုက

သူအမြတ်တနိုးဖြစ်နေသော ခြေရာများကို ခပ်ပြင်းပြင်းရိုက်ခတ်

ချေဖျက်သွားသည်။

လှိုင်းလုံးကြောင့် သူလည်း ရေထဲရောက်သွားသည်။

သူ့ခြေရာလှလှလေးများလည်း ပြောင်စင်အောင်ကုန်သွားပြီ။

စိတ်ဆိုးမာန်ဆိုးဖြင့် သူလှိုင်းကို ဒေါသတကြီး ပြစ်တင်ပြောဆိုလိုက်သည်။



ဂဏန်း။ ကိုလှိုင်း…ခင်ဗျားဗျာ ကျွန်တော့်သူငယ်ချင်း အရင်းကြီး ဖြစ်ပြီး

လုပ်ရက်တယ်ဗျာ။ ကျွန်တော်လည်း ရေမွန်းတယ်…ခင်ဗျားလုပ်လို့ ကျွန်တော့်

ခြေရာလှလှလေးတွေ အကုန်ပျက်စီးသွားပြီ။


လှိုင်း။ ညီလေး ဂဏန်း မင်း ပင်လယ်ကမ်းခြေတစ်လျှောက် ပြေးလွှားဆော့ကစား

တာကို ငါကြည့်ပြီး ကျေနပ်ဝမ်းသာ ဖြစ်နေတာပါကွ။ မင်းခြေရာလေးတွေကို

ငါ့ကြီးကောင်ကြီးမား ခန္ဓာကိုယ်ကြီးသုံးပြီး မဖျက်စီးရက်ပါဘူးကွာ။


ဂဏန်း။ ခင်ဗျားကသာ မဖျက်စီးရက်ဘူး ပြောနေ။ ကျုပ်ခြေရာတွေတော့

ကုန်ပြီ။ ခင်ဗျားကို လုံးဝ မကျေမနပ်ဘူး။


လှိုင်း။ ညီလေးဂဏန်း အကိုလှိုင်းကို အပြစ်တင် မစောပါနဲ့ကွာ။ ဒီနေ့ ငါးဖမ်းသမား

တစ်ယောက်က ညီလေး ခြေရာတွေကို ခြေရာခံပြီးလိုက်နေတယ်။ ညီလေးက

တစ်နေရာမှာ ပျော်နေတော့ သူ့ကို ဘယ်သတိထားမိပါ့မလဲ။ အကိုလှိုင်းက သူ့ကို

မြင်နေရတော့ ညီလေးအတွက် စိတ်ပူမိတယ်။ ညီလေး ခြေရာလှလှလေးတွေ

ကြောင့် သူ့ပလိုင်းထဲကို အလွယ်တကူ ရောက်သွားမယ်။ ညီလေးအသက်

အန္တရာယ်ကို ထိခိုက်မှာစိုးလို့ အကိုဒီလို လုပ်ရတာပါကွာ။


ဂဏန်း။ ခင်ဗျာ !!!

လှိုင်း။ ညီလေးကြိုက်တဲ့ ခြေရာလေးတွေ ပြန်ဖန်တီးပေါ့ကွာ။ ညီလေးက

ကမ်းခြေမှာ ပြေးလွှားရတာကို နှစ်သက်တယ်မဟုတ်လား။ အကိုလှိုင်းကတော့

မင်းက အန္တရာယ်ပေးမယ့်သူတွေကို မျက်စိတစ်ဆုံး ကြည့်ထားပေးမယ်။


ဂဏန်း။ ကိုလှိုင်း…ကျွန်တော် မှားသွာတယ်ဗျာ။ ခင်ဗျားကို မမျှော်လင့်ဘဲ

ကိစ္စသေးသေးလေးကြောင့် ကျွန်တော် အထင်မှားမိတယ်။ တောင်းပန်ပါတယ်ဗျာ။


လှိုင်း။ ရပါတယ်ညီလေးဂဏန်းရာ။ မင်းကို ကာကွယ်ရမှာ အကိုလှိုင်းရဲ့ တာဝန်ပါ။

သွား…သွား မင်းရဲ့ ခြေရာလှလှလေးတွေ ဖန်တီးလိုက်ဦး။



(၁)

အပြန်အလှန် မှီခိုခြင်း သီအိုရီအရ ခင်ဗျား တစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး။


(၂)

မိတ်ဆွေကောင်းဆိုတာ ကျွန်တော်တို့ အတွက် အကောင်းဆုံး မှီခိုအားထားစရာပါ

( အောင်မြင်ချိန်၊ ကျရှုံးချိန်၊ ပျော်ရွှင်ချိန်၊ ကြေကွဲချိန်.....)


(၃)

ဘဝမှာ ကျွန်တော်တို့ လူသားတွေလည်း ဒီလို အပြုအမူမျိုးတွေနဲ့ မကင်းတတ်ကြဘူး။

ပညာမာန်၊ ဓနမာန်၊ မျိုးရိုးမာန် ၊ အလှအပမာန် အစရှိသဖြင့် မာန်တွေ ဟန်တွေ

မြောက်များစွာနဲ့ မိမိ အခြေအနေနဲ့ အန္တာရာယ်ကို မြင်နိုင်စွမ်း နည်းလာတတ်တယ်။


(၄)

လူတိုင်းမှာ ဂဏန်းလက်မနဲ့တူတဲ့ ကောင်းကွက်ကြီးကြီးတွေ ရှိတတ်တယ်။

အဲဒီကောင်းကွက်ကို အသုံးချပါ။

အဲဒီကောင်းကွက်ကြောင့် မိမိကိုယ်ကို မဖျက်စီးလိုက်ပါနဲ့။


(၅)

တစ်ချို့ မိတ်ဆွေတွေမှာ ခင်ဗျားနဲ့ စကားများများ ဖောရောလုပ်နေဖို့ အချိန်မရှိဘူး။

ဒါပေမယ့် ခင်ဗျားတကယ် လိုအပ်တဲ့အချိန်တွေမှာ သူတို့က ခင်ဗျားမတောင်းဆိုတာတောင်

လှိုင်းလိုမျိုး ကူညီဖေးမတတ်တယ်။ သူတို့ကို မစော်ကားမိပါစေနဲ့။ အသိအမှတ်ပြုပေးပါ။


(၆)

မြင်သာထင်သာတဲ့ မိတ်ဆွေတွေလည်း ရှိတတ်သလို

မမြင်ရတဲ့ မိတ်ဆွေတွေ...ခင်ဗျားရှေ့မှာ ခင်ဗျားကောင်းကြောင်း မပြောပေမယ့်

ခင်ဗျားကွယ်ရာမှာ ခင်ဗျားကောင်းခြင်းတွေကို သတိတရ အမှတ်ပေးပြီး ပြောတတ်ကြတဲ့

မိတ်ဆွေတွေလည်း ရှိတယ်ဆိုတ မမေ့ပါနဲ့။


(၇)

ခင်ဗျား မတွေးမိတဲ့ ပုံစံမျိုးနဲ့ ခင်ဗျားရဲ့  တကယ့်မိတ်ဆွေက ခင်ဗျားရဲ့ 

အရှက်၊ အသက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အသင့် ဖြစ်နေတတ်တယ်ဆိုတာ

သတိတရ ရှိပါ။


အိမ်ဝေးသူ (KZ)

Monday, 24 February 2014

သူ့အတွေး


ဖီလိုဆိုဖီ ကျောင်းသားတစ်ယောက် စာမေးပွဲခန်းထဲရောက်နေသည်။
မေးခွန်းလွှာမှာ မေးထားသည့်မေးခွန်းက သူ့တစ်သက်တာ မမြင်ဖူးသော
မေးခွန်းမျိုး ဖြစ်သဖြင့် သူခေါင်းကုတ်နေသည်။
မေးခွန်းစာရွက် တစ်ရွက်လုံးကို အထက်အောက် အကြိမ်ကြိမ်ကြည့်သော်လည်း
ယခုပေးထားသော စာရွက်သည်..မေးခွန်းလွှာတစ်ခု ဟုတ်ပါသလား?
--------------------------------------------------------------------
ပြည့်စုံစွာ ရှင်းလင်းပါ ဟူသော စာကြောင်း တစ်ကြောင်းသာ တွေ့ရသည်။
----------------------
သို့နှင့် လုံလောက်စွာ စဉ်းစားပြီးသော် သူသည် ရရှိထားသော
အဖြေစာရွက်ပေါ်တွင် တစ်ကြောင်းတည်းသော အဖြေ စာကြောင်းကို
ချရေးလိုက်သည်။
မေးခွန်းလွှာထဲက မေးခွန်းသည် မေးခွန်းဖြစ်ခဲ့သည်ရှိသော် ယခု အဖြေလွှာထဲက
---------------------------------------------------------------------------------
အဖြေသည်လည်း အဖြေစစ်စစ် ဖြစ်ပါသည်။
-------------------------------------------
စာမေးပွဲအောင်စာရင်းထွက်လာသော်…ထိုကျောင်းသားသည်
(က) နေရာမှ အောင်လေသည်။
အိမ်ဝေးသူ (KZ)
မှတ်ချက်။
သူ့အတွေးသည် ရိုးစင်းလွန်းလှပါသည်။
သို့သော် အမှတ်ပေးသူ ဆရာ၊ ဆရာမ အတွက်မူ သူ့အဖြေက
ထူးခြားစေခဲ့လေသည်။

Sunday, 23 February 2014

တခြမ်းပဲ့ ပညာတတ်


ပညာတတ် အဖေဖြစ်သူက သားဖြစ်သူ ပညာတတ်ကြီးကို ခရီးအတွေ့အကြုံ
ရစေလိုသောကြောင့် လေ့လာရေးခရီးတစ်ခုကို ခေါ်သွားသည်။
ခရီးတစ်ထောက် နားသောအခါ ရွက်ဖျင်တဲကို ကျကျနန ထိုးလိုက်သည်။
ပြီးတော့ ပင်ပန်းလွန်းသဖြင့် သားအဖ နှစ်ဦးစလုံး အိပ်မောကျသွားသည်။
အိပ်ရာမှနိုးလာသောအခါ အဖေ ဖြစ်သူက သားကို နှိုးလိုက်သည်။
အဖေ ။ သားရေ…ကောင်းကင်ကိုကြည့်။
ပြီးရင် အဖေ့ကို မင်းဘာတွေ မြင်သလဲ ဆိုတာကို ပြောပြစမ်းကွာ။
သား ။ အဖေ… ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးတွေ့တယ် အဖေရ။
သိပ်ကြည့်လို့ကောင်းတာပဲ အဖေရာ။
အဖေ ။ အဲဒီကြယ်တွေနဲ့ လှပနေတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး
သား နောက်ထပ် ဘာများ ကောက်ချက်ချလို့ရသေးလဲကွ။
သား ။ သား သင်ခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်လေ့လာရေးသိပ္ပံပညာအရတော့
မိုးကောင်းကင်မှာ မရေမတွက်နိုင်အောင်များပြားလွန်းတဲ့ ဂလက်ဆီလို့ခေါ်တဲ့
ကြယ်အစုအဝေးရယ်၊ ပြီးတော့ ကမ္ဘာမြေလို တစ်ခြားဂြိုဟ်တွေ ရှိသေးကြောင်း
သိရပါတယ် အဖေ။
အဖေ ။ နောက်ထပ် ဘာများ သတိထားမိသေးလဲ ငါ့သား။
သား ။ ဒီလောက်ပါပဲ အဖေရာ။ တစ်ချို့ စာတွေတော့ သားလည်း မေ့နေတာမျိုးလည်း
ရှိပါတယ်။ အဖေ သတိထားပြီး မြင်တွေ့မိတာမျိုးရော ရှိနေလို့လား အဖေရ။
ပညာတွေ အများကြီးသင်ထားသော သူ့သားကို ဂုဏ်ပြုသောအားဖြင့်
နားရင်း ခပ်ပြင်းပြင်း တစ်ချက် အုပ်ပေးလိုက်ပြီး
အဖေ။ မင်း…ကြယ်တွေ၊ လ,တွေ၊ ဂြိုဟ်တွေ ခန ထားလိုက်။ အခုလောလောဆယ်
ငါတို့ ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီး ငတုံးရ။
--------------------------------------------------------------------
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပညာတတ်တွေအများကြီး ရှိပါတယ်။
ပညာနဲ့ သတိ တွဲပြီး ရှိနေတာမျိုးတော့ အလွန်နည်းပါးလှပါတယ်။
ပညာရပ်တစ်ခုခု ဘယ်လောက်ကျွမ်းကျင်ထားသည်ဖြစ်စေ
(သတိ၊အသိ) မရှိဘူးဆိုရင် အဲဒီပညာရပ်ဟာ တတ်မြောက်ထားသူကို
အခက်အခဲတွေကြားက ကယ်ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။
ပညာနဲ့ သတိဆိုတာ ဒင်္ဂါးပြား တစ်ခုလိုပါပဲ။
နှစ်ခုစလုံး ပြည့်စုံမှသာ တကယ့်ပညာတတ်လို့ ဆိုလို့ရပါတယ်။
မဟုတ်ရင်တော့....တစ်ခြမ်းပဲ့ ပညာတတ်ပဲ ဖြစ်ပါလိမ့်မယ်။
အိမ်ဝေးသူ (KZ)

Saturday, 22 February 2014

အမှတ်မရှိတဲ့ သစ်ပင်


ဘယ်တော့မှ မကြွေဘူးဆိုတဲ့

သစ်ရွက်တစ်ထောက်စာ မာနကလေးနဲ့ 

တိမ်စင်တဲ့ ကောင်းကင်အောက်မှာ...

ငါ့ညတွေ.....တည်ငြိမ်အေးချမ်းခဲ့ဖူးပါရဲ့ ။



ဒီလိုနဲ့ ...

အပျံသင်စ ငှက်ကလေးတစ်ကောင်

ငါ့....ရင်ခွင်....ကိုင်းကြီးကြီးမှာနား

အမှတ်တမဲ့နဲ့ တစ်နေရာစာ ယူသွားလိုက်တာ

အိုကွယ်...ငါ့ရဲ့ ညတွေကတော့..

ယောက်ယက်ခတ်တော့မယ်နဲ့ တူပါရဲ့ ။


မြင်လိုက်မိတဲ့ အခိုက်အတန့် မှာတင်

ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်ဝန်းနှစ်ခု

ချွန်မြမြ နှုတ်သီးလေးတစ်စုံရယ်

ပြီးတော့....

မင်းရဲ့ ကိုယ်သင်းနံ့ လေး ပျော်ဝင်နေတဲ့

တောင်ပံခတ်သံတွေကြားမှာ....

ငါ့...နှလုံးသား ပင်စည်တစ်ခုလုံးနဲ့ မြုပ်နှံရင်း

မင်းကို ချစ်နေမိပြီ...ထင်ပါရဲ့ ကွယ်...

တစ်ပြိုင်တည်း...မျှော်လင့်မိတာက....

မင်းရဲ့ ..တောင်ပံခတ်သံတွေ...ညံနေမယ့်

ငါ့...ဘဝ အသိုက်အမြုံလေးတစ်ခုပေါ့ ။


ငှက်ကလေးရေ...

ခုဆို...မင်းရဲ့ အိပ်တန်းတက်ချိန်တွေ....

ငါ...အလွတ်ရ...မျှော်နေတတ်ပြီ...

တစ်ခါတခါ...

မင်း..မရောက်လာတဲ့ ညညတွေမှာ

ငါ့...အရွက်တွေတောင်...ခါးလိုက်ကြတာ..

အဲလိုညတွေဆို...ငါကိုယ်တိုင်...

ငါ့အမြစ်တွေနဲ့  ကြိုးကွင်းစွပ်ပြီး...

ခမ်းခမ်းနားနား သေပစ်လိုက်ချင်ရဲ့ ကွယ်။


သြော် . . .

ငယ်သွေးကြွနေတဲ့ ငှက်ကလေးရေ

တကယ်တော့လည်း

ငါက...မင်း..မခြွေလည်း ကြွေရမယ့် သစ်ပင်အိုပါ....

နွေဦးပေါက်အသစ်စက်စက်ကတော့...

ငါ့....အရွက်တွေကို ခြွေဖို့ စောင့်နှင့်နေပြီလေ

ခုဆို....မင်းမရှိရင်

ဆောင်းရာသီကတောင် ...ငါ့အရွက်တွေ....

ပြန်ဝေအောင် မလုပ်ပေးနိုင်တော့ဘူးတဲ့ကွယ်။


ငှက်ကလေးရေ....

မင်းဘက်က.. အမှတ်တမဲ့ဆိုပေမယ့်

ငါလို သစ်ပင်အို အတွက်တော့...

တစ်ဘဝစာ အမှတ်တရတွေ အုံလိုက်ကျင်းလိုက်နဲ့ ပါ

ဟောဒီ...

အမှတ်မရှိတဲ့...ငါ့..အတွက်တော့....

မင်းမရှိတော့မယ့် မနက်ဖြန်တွေရဲ့ ကောင်းကင်တိုင်းမှာ...

ဘယ်တော့မှ လ,သာမှာ မဟုတ်တော့ပါဘူးကွယ်။


အိမ်ဝေးသူ (KZ)

Thursday, 20 February 2014

ငါးဒေါ်လာမျှသာ ဖြစ်သော်လည်း


ကမ္ဘာကျော်လူချမ်းသာကြီးတစ်ဦး စားသောက်ဆိုင်ထဲသို့ ဝင်လာသည်ကို

တွေ့လိုက်သော စားပွဲထိုးလေးက ပျာပျာသလဲ ခရီးဦးကြို ပြုလိုက်သည်။ နေရာထိုင်ခင်း

ပေးပြီးနောက် လူချမ်းသာကြီးမှာသည့် အစားအစာများကို ရိုကျိုးစွာ တည်ခင်းပေးလိုက်သည်။

စားပွဲထိုးလေးသည် မလှမ်းမကမ်းမှာ အဆင်သင့် ရပ်စောင့်နေရင်း “ဒီနေ့တော့ ထောပြီ” ဟု

တွေးရင်း ပျော်နေသည်။ မနေ့တုန်းကပဲ ဒီသူဋ္ဌေးကြီး၏ သားတော်မောင်သည် ဤဆိုင်ထဲမှာပင်

စားသောက်ပြီးပြန်သွားသည့်အခါ ဒေါ်လာ ၅၀၀ တိတိကို ရက်ရက်ရောရော ပေးခဲ့သည်

မဟုတ်ပါလား။


အတန်ကြာစားသောက်ပြီးနောက် ကမ္ဘာကျော်လူချမ်းသာကြီးလည်း ကျသင့်ငွေကို

ရှင်းပေးလိုက်ပြီး သူ့ကို နေရာ ထိုင်ခင်းပေးပြီး အစားအသောက်များ ချပေးခဲ့သော

စားပွဲထိုးလေးကို ခေါ်လိုက်သည်။ ပြီးတော့ ၅ ဒေါ်လာတန် တစ်ရွက်ကို ထုတ်ပေးလိုက်ပြီး

“မင်းအတွက် မုန့်ဖိုး” ဟု ပြောလိုက်သည်။ လက်ထဲရောက်လာသည့် ၅ ဒေါ်လာတန်ကို ကြည့်ပြီး

စားပွဲထိုးလေး အံ့သြမင်သက်နေသည်။

သားဖြစ်သူကတောင် ဒေါ်လာ ၅၀၀ ပေးခဲ့သေးလျှင် ကျိကျိတက်အောင် ချမ်းသာသော

ဒီလူကြီးက သားဖြစ်သူထက် ပိုသော ငွေကြေး ဂဏန်းတစ်ခုခုကို ပေးခဲ့မည်ဟု သူ မုချ

ယုံကြည်ထားသည်။

အမူအယာ ပျက်နေသော စားပွဲထိုးလေးကို သူဋ္ဌေးကြီးက အရေးတယူမေးလိုက်သည်။


ကမ္ဘာကျော်လူချမ်းသာကြီး ။ ဘာဖြစ်လို့လဲ…ချာတိတ်။

စားပွဲထိုး ။ အန်ကယ်လ်က ကမ္ဘာမှာ အချမ်းသာဆုံး လူတစ်ယောက်ပါ။ ဒါပေမယ့် အန်ကယ်လ်

ပေးတဲ့ မုန့်ဖိုးက အန်ကယ့်သားပေးတာထက် အဆ ၁၀၀ တောင် နည်းနေတယ်ခင်ဗျ။

ကမ္ဘာကျော်လူချမ်းသာကြီး ။ ဟေ…။

စားပွဲထိုး ။ ဒီလိုပါ အန်ကယ်လ်။ မနေ့တုန်းကပဲ အန်ကယ့်သား ကျွန်တော်တို့ဆိုင်မှာ

လာရောက် စားသောက်သွားခဲ့ပါတယ်။ အပြန်မှာ သူက ကျွန်တော့်ကို ဘောက်စူး ဒေါ်လာ ၅၀၀

တိတိ ပေးသွားခဲ့ပါတယ်။ ဒီနေ့ အန်ကယ်လာတော့ ကျွန်တော်က မနေ့ကထက် မုန်ဖိုးပိုရမယ်လို့

တွက်ထားပါတယ် ခင်ဗျ။

ကမ္ဘာကျော်လူချမ်းသာကြီး ။ သြော်…ဒီလိုကိုး။ အေး…ကောင်းပြီ။ အန်ကယ်လ် ရှင်းပြမယ်။

မနေ့က လာသွားတဲ့သူက ကမ္ဘာမှာ အချမ်းသာဆုံးထဲက တစ်ယောက်ဖြစ်တဲ့

အန်ကယ်လ်ရဲ့ သား ဖြစ်ပေမယ့် အန်ကယ်ကတော့ သစ်ခွဲသမားတစ်ယောက်ရဲ့ 

သားမျှသာ ဖြစ်ပါတယ်။ သူ့အတွက် ငွေရတာ လွယ်ကူပေမယ့် အန်ကယ်လ်အတွက်တော့

မလွယ်ကူပါဘူးကွာ။ သူအတွက် ဖြုန်းတာ လွယ်ပေမယ့် အန်ကယ့်အတွက်တော့ ခက်တယ်ကွ။

စားပွဲထိုး ။ ဟုတ်ကဲ့ပါ… အန်ကယ်လ် ပေးတဲ့ (၅) ဒေါ်လာနဲ့ပဲ ကျွန်တော် ကျေနပ်လိုက်ပါပြီ။

အကြောင်းအရာကတော့ ဒီလောက်မျှသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကတဆင့် သိနိုင်တာက


၁) ငွေရဲ့ တန်ဖိုးကို ကိုယ်တိုင် ရှာဖူးသူသာ ပိုပြီးခံစားနိုင်စွမ်းရှိတယ်။

၂) လူတစ်ယောက်ဟာ ဘယ်နေရာကိုရောက်ရောက် ဘဝ မမေ့သင့်ပါဘူး။

၃) ကိုယ်တိုင်ငွေရှာသူက လိုရာကိုသာ သုံးတတ်ပြီး၊ မရှာရသူက အလွယ်တကူ ဖြုန်းတတ်တယ်။

၎) အောင်မြင်နေတဲ့ အချိန်မှာလည်း လိုအပ်ရင် ဘဝဟောင်းကို ဖော်ထုတ်ရဲ ရမယ်။

၅) မိမိဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာကို အတွေ့အကြုံနုနယ်သူတွေကို မျှဝေနိုင်ရမယ်။

၆) လူချမ်းသာတိုင်းလည်း ရက်ရောမယ်လို့ ပုံသေ မတွက်ထားပါနဲ့။


အိမ်ဝေးသူ (KZ)


မှတ်ချက်။

ဒီအကြောင်းအရာဟာ ဘီလ်ဂိတ် ( Bill Gates ) ရဲ့ နာမည်ကြီးတဲ့ အကြောင်းအရာတွေထဲက
အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ သို့သော် သစ်ခုတ်သမားရဲ့ သား ဖြစ်မဖြစ်ဆိုတဲ့
အယူအဆတွေ ကွဲပြားစွာ ရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ Microsoft ပိုင်ရှင်ဖြစ်တဲ့
ဘီလ်ဂိတ် ( Bill Gates ) အကြောင်းဆိုပြီး ခေါင်းစဉ်မတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်
ကျွန်တော်တို့အတွက် လူနာမည်ကြီးတာထက် အကြောင်းအရာ အသုံးဝင်ဖို့က ပိုအရေးကြီပါတယ်။

Saturday, 15 February 2014

ကတိနှင့် ဂုဏ်သိက္ခာ


အချို့ က ဆိုကြသည်။
ကတိပေးခဲ့ခြင်းဆိုသည်မှာ
တစ်ချိန်တုန်းက အခြေအနေကြောင့် ဖြစ်သည်။

ကတိဖျက်ရခြင်းမှာမူ
ယခု ရင်ဆိုင်ရသော အနေအထားကြောင့် ဖြစ်သည်…တဲ့။
သို့ဆိုလျှင်
ကတိတည်သူနှင့် ကတိဖျက်သူတို့၏
သိသာထင်ရှားသည့် ခြားနားခြင်းက အဘယ်အရာနည်း?
ထိုအရာကို…
ဂုဏ်သိက္ခာ ဟုခေါ်သည်။
ကတိတည်သူသည်
အခက်အခဲကို ကျော်လွှား၍ ဂုဏ်သိက္ခာကို ရွေးချယ်သည်။
ကတိဖျက်သူမှာမူ
ဂုဏ်သိက္ခာကို ကျော်ခွ၍ ကိုယ်လွတ်ရုန်းခြင်းကို ရွေးချယ်သည်။
အိမ်ဝေးသူ (KZ)

Friday, 14 February 2014

Valentine's Day အသုပ်စုံ


ချစ်သူများနေ့တဲ့...။

တစ်ချို့ က အစွန်းရောက်သည်။
တစ်ချို့ က အလယ်အလတ် ဆန်သည်။
တစ်ချို့ က ဥပေက္ခာ ပြုသည်။

ချစ်သူများနေ့တဲ့...။

အလွန်အကျွံများလျှင်တော့ မကောင်းပါ။
သို့သော် ချစ်သူများနေ့ ခေါင်းစဉ်အောက်မှာ
( ချစ်ခြင်း ထာဝရ တည်စေလိုသော စိတ်တစ်ခုဖြင့် )
ချစ်သူကို မှတ်မှတ်ရရ တစ်စုံတရာ( ဘောင်အတွင်း ) မြတ်နိုးစွာ ပေးခဲ့သည် ရှိသော်
အပြစ်ဆိုစရာ မရှိလှပါ။

ချစ်သူများနေ့တဲ့...။

မိမိ ချစ်သူကို လာမယ့် နှစ်မှာလည်း
ချစ်ခြင်းမှ မြတ်နိုးခြင်း အဖြစ် တစ်ဆင့် တိုးနိုင်ပါမည်လော။

မိမိ ချစ်သူကို လာမည့်နှစ်မှာ
ချစ်သူမှ တစ်ဘဝစာ လက်တွဲဖော် အဖြစ် လက်ခံနိုင်ပါမည်လော။

မိမိ ချစ်သူကို လာမည့်နှစ်မှာ
မိမိကသာ ပိုင်ဆိုင်နိုင်အောင် ကြိုးစားမည်ဟု ကတိပေးနိုင်ပါသလား။

ချစ်သူများနေ့တဲ့...။

နိုင်ငံရေး အခြေအနေမကောင်းပါ....

ထို့ကြောင့် ဒီနေ့ ပျော်ရွင်မှုကို တစ်ဝက်သာ ခံစားပေးပါ။
ကျန်တစ်ဝက်ကို မပျော်ရွှင်နိုင်သူ ညီအကို မောင်နှမများ အတွက် ချန်ထားပါ။

စီးပွားရေး အခြေအနေမကောင်းပါ...

ထို့ကြောင့် ဒီနေ့မှာ သုံးမည့် ငွေကြေးကို တစ်ဝက် ချွေတာပါ။
ကျန်တစ်ဝက်အား ချို့ တဲ့သူများအတွက် ရည်စူးလှူဒါန်းပါ။

ဘာသာရေး အခြေအနေ မကောင်းပါ...

ထို့ကြောင့် ဒီနေ့မှာ မိမိကြောင့် မိမိဘာသာတရား အထင်အသေးမခံရပါစေနှင့်။
အချစ်လို့...တ နေပေမယ့် အချိန်မရွေး အခြေအနေ ပြောင်းသွားနိုင်ပါတယ်။

ချစ်သူများနေ့တဲ့...။

မလိမ်ဘဲ ဖြေကြည့်ပါ....။
ချစ်သူကို တစ်စုံတရာ ပေးပြီး ...တစ်စုံတခု ပြန်လိုချင်တာမျိုးလား
ချစ်သူဆီက ( အခွင့်ထူးခံ...ခံစားခွင့် ) နေ့လို သတ်မှတ်ထားပါသလား
ချစ်သူနှစ်ယောက် ( အပြန်အလှန် ဖလှယ်ပွဲက ) မေတ္တာလဲလှယ်ပွဲသာ ဖြစ်သင့်တာ ဟုတ်ပါသလား

ချစ်သူများနေ့...တဲ့။

ချစ်သူများနေ့မှာ ချစ်သူနှင့် ကွေကွင်းရသူတို့ ရှိပါသလား
သို့ဆိုလျှင် စိတ်မကောင်း မဖြစ်ပါနှင့်...
ချစ်ခြင်းမေတ္တာဟူသည် ( လူ+လူ ) မပါလျှင် နဂိုရည်တင့်သော အနုပညာ တစ်မျိုးဖြစ်ပါသည်။
တစ်ခါတုန်းက ရှိခဲ့ဖူးသော ( ချစ်ခြင်းမေတ္တာ တရားဟူသည် )
သင်မှ လွဲ၍ မည်သူကမျှ ခိုးယူသွားနိုင်ခြင်း မရှိသည်ကို သိပါသလား
ဥပမာ ဆိုပါမည်...။

တစ်စုံတစ်ယောက်က သင့်အချစ်ကို ဥပေက္ခာပြု ထားခဲ့ပါသလား။
သင်...နာကျင် ခံစားခဲ့ရပါလိမ့်မည်။
ထို့ကြောင့်...ဒီနေ့ ချစ်သူများနေ့မှာ...
သင်...သူ့အကြောင်းကို လုံးဝ မစဉ်းစားပါနှင့်။
သို့သော်....
တစ်ချိန်တုန်းက သင်ထားရှိခဲ့ဖူးသော မေတ္တာတရားကို သင့်ထံပါးသို့ ခဏခေါ်လိုက်ပါ။
သူနှင့် စကားစမြည် ပြောကြည့်ပါ...။
သူ့ကို သင့်ထံက မည်သူမှ မလုနိုင်ပါ....။
သင်...မုန်းသော လူတစ်ယောက် မပါလျှင် သင် ချစ်ခဲ့သော ချစ်ခြင်းမေတ္တာသည်
အဘယ်မျှ ခမ်းနားလှပခဲ့သည်ကို
သင်.... ကျေကျေနပ်နပ် ခံစားရပါလိမ့်မည်...။

(ကျွန်တော်လည်း)

ကျွန်တော့်အတွက်... သူမကို မလိုအပ်တော့ပါ...။

သို့သော်...တစ်ချိန်တုန်းက ရှိခဲ့ဖူးသော

မေတ္တာတရားနှင့်တော့ စကားစမြည် ပြောလိုပါသည်။

နားလည်ပေးကြစေလိုပါသည်။

ကျေးဇူးပြုပြီး....

ကျွန်တော့်အတွေး တံခါးကို လာ....မခေါက်ပါနှင့်။

( သင် လျော်ပေးနိုင်မည် မဟုတ်ပါ )


အိမ်ဝေးသူ (KZ)

Wednesday, 12 February 2014

အတ္တဆုံမှတ်

=======
"အတ္တ" မှာ
နှစ်ဦးနှစ်ဘက် အတွက်
"ညှိနှိုင်းမှတ်" ရှိတယ်။

အဲဒါကို
ရှာမတွေ့နိုင်ဘူးဆိုရင်
ခင်ဗျားလည်း
သူ့လို...အတ္တကျူးသူပဲ...။

Friday, 7 February 2014

အချစ်၊ အိမ်ထောင်ရေးဘဝနှင့် အလွန်အကျွံများ


(၁)

ပထမဆုံးအနေနဲ့ သတင်းကောင်း ပေးချင်တာက အိမ်ထောင်ကျပြီးသွားရင်

ယောက်ျားလေးတွေ အများစုက အလွန်အကျွံ တစ်ဖက်သတ် ဆန်တာမျိုးနည်းပါတယ်။



(၂)

ချစ်သူဘဝမှာ ချစ်သူနှစ်ယောက်စလုံးက ချစ်နေရုံပဲ တာဝန်ရှိတာလား ?

မဟုတ်ပါဘူး။ မိမိချစ်သူအကြောင်းကို သိသင့်သိထိုက်သလောက် သိထားခြင်းက

မိမိက ချစ်သူနဲ့ အိမ်ထောင်သည်ဘဝကို ကူးပြောင်းတဲ့ အခါ အလွန်အထောက်အပံ့

ဖြစ်စေပါတယ်။

ဥပမာ…

ချစ်သူရဲ့  မျိုးရိုးနောက်ခံက ဇီဇာကြောင်တဲ့ မျိုးရိုးက ဆင်းသက်လာတာလား….?

သူ့မိဘတွေက ဘယ်လိုအနေအထားမျိုးရှိကြသလဲ…?

မိဘနှစ်ပါးအပါအဝင် မိသားစုအချင်းချင်း ဆက်ဆံရေးအနေအထားက ဘယ်လိုလဲ…?

ဗီဇနဲ့ အကျင့်မှာ ဗီဇပါလာရင် ပြင်ယူဖို့ မလွယ်ပေမယ့် အကျင့်ဆိုးတစ်ခုခု

ပါလာတာမျိုးဆိုရင်တော့ အချိန်ယူ ပြုပြင်ပေးလို့ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ တတ်နိုင်ရင် ချစ်သူဘဝမှာ ချစ်နေရုံမဟုတ် ချစ်သူအကြောင်းကို

အတန်အသင့် သိထားခြင်းက မိမိကိုယ်ကို စောင့်ရှောက်ခြင်းမည်တယ်။



(၃)

ချစ်သူနှစ်ယောက် လက်ထပ်လိုက်သည် ဖြစ်စေ…

မိဘ သဘောတူပေးစားပြီး လက်ထပ်လိုက်ရသည်ဖြစ်…

ကျွန်တော်ကတော့ အိမ်ထောင်ပြုခြင်းဆိုတာကို ( မိမိနှင့် အိမ်ထောင်ဘက် )

ကန့်လန့်ကာနှစ်ခုကို ဖွင့်ချလိုက်ခြင်းလို့ပဲ ယူဆပါတယ်။

ဘာကြောင့်ပါလဲ???

ချစ်သူဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် ဟန်ဆောင်မှု၊ လိမ်လည်မှု တွေ

အနည်းအများ ပါတတ်ကြပါတယ်။ တနည်းအားဖြင့် မိမိဘဝအခြေအနေကို ချစ်သူက

အချိန်တိုအတွင်း သိဖို့လည်း ခက်ပါတယ်။ ဇနီးမောင်နှံဖြစ်သွားပြီဆိုရင်တော့

တစ်ယောက်အကြောင်းကို တစ်ယောက် အသိဆုံး လူနှစ်ယောက်လို့လည်း

ပြောလို့ရပါတယ်။ ဟန်ဆောင်မှုတွေ တော်တော်များများ ကွာကျသွား

တတ်ပါတယ်။ အဲဒီအခါမှာ မူရင်း စရိုက်တွေ ပေါ်လာတတ်ပါတယ်။



(၄)

အရမ်း ဇီဇာကြောင်တဲ့ ချစ်သူမျိုး ( ကိုယ်သည်းမခံနိုင်တဲ့အတိုင်းအတာမျိုးရှိသူ )

ရထားတဲ့သူဆိုရင် အချိန်မလွန်ခင် စဉ်းစားပြီး ဆက်ဆံရေး ရပ်တန့်ချင်

ရပ်တန့်လို့ ရပါတယ်။ မိမိနဲ့ယူပြီးမှ (မိန်းမ ပြော တစ်ည) တဖြည်းဖြည်း ပြင်ယူမယ်လို့ 

စိတ်မကူးလိုက်ပါနဲ့။ မိမိဘက် က ခံနိုင်ရည်မဲ့လာတဲ့အခါ ဆိုးကျိုးများတတ်ပါတယ်။



(၅)

ဥပမာ…

ပညာရေး ကွာခြားလွန်းခြင်း

စီးပွားရေး ကွာခြားလွန်းခြင်း

အတွေးအခေါ် ကွာခြားလွန်းခြင်း

တစ်ဖက်သား၏ အထောက်အပံ့ကို ယူထားရခြင်း

သြဇာအာဏာ လောင်းရိပ်မှ ရုန်းမထွက်နိုင်ခြင်း စတဲ့ အချက်တွေဟာ

ချစ်သူ ဘဝမှာ ဖြစ်စေ၊ အိမ်ထောင်သည်  ဘဝမှာ ဖြစ်စေ မိမိကို တစ်ဖက်သားက

အလွန်အကျွံ ဆက်ဆံတာမျိုးရဲ့  အကြောင်းခံ ဖြစ်စေနိုင်ပါတယ်။ မိမိရဲ့  မိဘတွေက

သူ့မိဘတွေကို ကြောက်ရတာမျိုး၊ သူ့မိဘရဲ့ ကျေးဇူး ကိုယ့်မိဘပေါ် ပိနေတာမျိုးတွေက

မိမိ တစ်ဘဝလုံးကိုလည်း ကူးစက်တတ်ပါတယ်။ မိဘ အလှည့်ပြီးတဲ့အခါ

မိမိအလှည့်မှာလည်း သူ့ရဲ့ တစ်စုံတရာ (ငွေ၊သြဇာ၊လောင်းရိပ်၊ကျေးဇူးတရား) ကို

ကြောက်ရွံ့ နေရရင်းနဲ့ အလိုလို သိမ်ငယ်အောက်ကျို့ ရတဲ့ ဘဝမျိုးကို

ရောက်သွားတတ်တယ်။ အဲဒီမှာ မိမိရဲ့ ဘဝ ကြင်ဖော် ဖြစ်လာမယ့်သူက ဘယ်လောက်

ရင့်ကျက်နားလည် စာနာတတ်သလဲဆိုတာနဲ့ မိမိ ဘယ်လောက် ခံနိုင်ရည် ရှိမလဲဆိုတာက

သိပ်အရေးကြီးပါတယ်။ တစ်ဖက်ကလည်း နားလည်မှု မရှိသူဖြစ်ပြီး မိမိမှာ သည်းခံနိုင်ရည်

မရှိဘူးလို့ သေချာနေရင် စောစောစီးစီး တစ်သက်စာ လမ်းခွဲလိုက်ခြင်းက ပိုကောင်းပါတယ်။



မေးခွန်းနဲ့ တိုက်ရိုက်ပက်သက်သော အကြောင်းပြန်ချက်များ


(၆)

ပထမဆုံး အနေနဲ့ မိန်းမ တစ်ယောက်အနေနဲ့ အိမ်ထောင်ဘက်ကို ဟိက်မဟ်

(Hikmah) လက်ကိုင်ထားပြီး မိမိရဲ့ ဒုက္ခကို အချိုသာဆုံး တင်ပြသင့်ပါတယ်။

ဥပမာ…

တစ်ခါတရံ နေမကောင်းချင်ယောင်ဆောင်ပြီး ဖြစ်စေ၊ တကယ် နေမကောင်းတဲ့အခါ

မျိုးမှာ ဖြစ်စေ၊ မိမိရဲ့  ချက်ပြုတ်လျှော်ဖွတ်ရတဲ့ အခက်အခဲကို တစ်ဖက်သား သိအောင်

သူ့ကို အိမ်မှုကိစ္စတွေကို လုပ်ခိုင်းသင့်ပါတယ်။ ( ယောက်ျားအနေနဲ့ ဇနီးမယားကို

အလားတူ လုပ်ရပ်မျိုးကို လုပ်ခိုင်းလို့ရပါတယ် ) မိမိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့

အခက်အခဲကို တစ်ဖက်သားက အတိုင်းအတာ တစ်ခုထိ ကိုယ်တွေ့ လုပ်ခဲ့ဘူးမယ်

ဆိုရင် အလွန်အကျွံ ပြောဆို တာမျိုး သိပ်မဖြစ်ဘူးလို့ ယူဆရပါတယ်။

ဥပမာ တစ်ခုပေးပါမယ်။


မိန်းမဖြစ်သူက မီးဖိုချောင်မှာ ယောက်ျားအတွက် မနက်စာ ကြက်ဥကြော်နေပါတယ်။

ယောက်ျားဖြစ်သူက ရုတ်တရက် မီးဖိုချောင်ထဲ ဝင်လာပြီး


“ဟေ့..သေချာ ဂရုစိုက်ပြီး ကျော်လေကွာ..သေချာ ဂရုစိုက်…”
“ဘာတာ (Butter) နည်းနည်း ထပ်ထည့်…”
“ ဘုရားရေ…”
“ကြက်ဥ တစ်ဖက်တည်းကို အကြာကြီး ကြော်နေရသလားကွ”
“နောက်တစ်ခြမ်းကို လှည့်ပေးလေ….”
“ဘာတာ (Butter) နည်းနည်း ထပ်ထည့်ဦးကွ”
“ဟေ့ဟေ့…တူးကုန်တော့မယ်…ဂရုစိုက်လေကွာ”
“ဟာ…ဘာတာ (Butter) တွေလည်း များလိုက်တာကွာ”
“ဘယ်တော့မှ ငါ့စကားကို နားမထောင်ဘူး “
“ဟေ့…မင်းရူးနေသလား…ဘယ်မှာလဲ ကြက်ဥထဲကို ထည့်မယ့်ဆား”
“ဆားထည့်ကွ…မသေမချင်း မှတ်ထား ကြက်ဥကြော်ရင် ဆားထည့်ရတယ်”


အလွန်အကျွံ ပြောလာတဲ့ ယောက်ျားကို မိန်းမ ဖြစ်သူက ဒေါသတကြီး ကြည့်ပြီး


“ကျွန်မ ကြက်ဥ မကြော်တတ်ဘူးလို့ ရှင်ထင်နေသလား” တဲ့…

အဲဒီလို ပြောတဲ့ စကားကို ကြားတဲ့အခါမှာ ယောက်ျားဖြစ်သူကလည်း

“မိန်းမရေ…ကိုယ်ကားမောင်းတာကို မင်းလိုက်စီးတဲ့အခါတိုင်းမှာလည်း

…ကိုယ်…ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တာကို မင်းသိရဲ့ သားနဲ့ ဘေးကနေ

အစုံပြောပြောနေတာ မင်းကို သတိထားစေချင်တာပါ”….တဲ့


အဲဒီနေ့ကစပြီး ယောက်ျားဖြစ်သူဟာ ကားကို စိတ်ချမ်းချမ်းသာသာ မောင်းခွင့်ရသွားတယ်။



(၇)

အလွန်အကျွံ ဆက်ဆံတတ်သူအတွက် ကုစားနည်း နောက်တစ်နည်းက ပိတ်နေကျ

ပါးစပ်ပေါက်ကို ဖွင့်လိုက်ခြင်းပါပဲ…။ တနည်းအားဖြင့် သူ့ထက် အလွန်အကျွံ

ပိုလုပ်ပြလိုက်ရမှာမျိုးပါ။ ဒါပေမယ့် အန္တရာယ် တော့ အနည်းအများ ရှိတတ်ပါတယ်။

တစ်ခါတလေကျတော့ မိမိက ချစ်လို့ ခွန်းတုံ့မပြန်တာ၊ နှုတ်ဆိတ်နေတာကိုက

 တစ်ဖက်သားအတွက် အလွန်အကျွံ ဆက်ဆံစရာမျိုး ဖြစ်တတ်တယ်။ အရမ်းလွန်တဲ့

ယောကျားမျိုးကို တစ်ပတ်လောက် ကလေးထိန်းခိုင်းကြည့်လိုက်…တော်ရုံ အိမ်မှုကိစ္စတွေကို

ဘယ်တော့မှ ဝင်ပါတော့မယ်မထင်ဘူး။


နောက်ဆုံး ပြောချင်တာက....


မီးမလောင်ခင် တားရတယ်တဲ့…။

မီးလောင်တဲ့အခါ… အိမ်နဲ့ အသုံးအဆောင်တွေ ပြာကျတတ်ပေမယ့်

အိမ်ထောင်ရေး မီးလောင်တဲ့အခါ…

လူနှစ်ယောက်ထက်ပိုတဲ့ ဘဝတွေ ပြာကျပျက်စီးတတ်တယ်။

ကျေးဇူးပြုပြီး…

အိမ်ထောင်ရေး မီးမလောင်ခင် နိုင်တဲ့နည်းနဲ့ တားကြပါလို့…။



ခင်မင်စွာဖြင့်...

အိမ်ဝေးသူ (KZ)


Wednesday, 5 February 2014

တကယ့်အရည်အချင်း ?

===============
(၁)
လူနှစ်ယောက်ရဲ့ 
အရည်အချင်းကို အပေါ်ယံ နှိုင်းယှဉ်ပြီး
တော်တယ်၊ ညံ့တယ် လို့
အလွယ်တကူ မဆုံးဖြတ်လိုက်ပါနဲ့…။

(၂)
အရည်အချင်းဆိုတာ…
လူတစ်ယောက် ဖြတ်သန်းခဲ့ရတဲ့
ဘဝပေး အခြေအနေနဲ့
အတွေ့အကြုံပေါ်မူတည်ပြီး
အနည်းအများ ကွာခြားတတ်ပါတယ်…။
(၃)
ဘယ်သူ
ပိုတော်သလဲဆိုတာထက်
ဘယ်သူက
လောကကောင်းကျိုးသယ်ပိုးရာမှာ
တတ်အားသရွေ့ ပါဝင်သလဲ ဆိုတာက
ကမ္ဘာမြေအတွက် ပိုအရေးကြီးပါတယ်…။
အိမ်ဝေးသူ (KZ)

Monday, 3 February 2014

အချိုကြိုက်သူ


သူ့ကို
တစ်ခါ သုံးသူက
နှစ်ခါ သုံးဖို့
အသင့် ဖြစ်နေတတ်တယ်။

သူ့ကို
နှစ်ခါ သုံးသူက
သုံးခါ မဖြစ်မနေ ထပ်သုံးရတယ်။
သူ့ကို
သုံးခါ သုံးဖူးရင်တော့
သူမပါတဲ့ စကားကို
ပြောနိုင်စွမ်းမဲ့ရလောက်အောင်
သူက...ထိုသူ့ဘဝအရဲ့ 
အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။
သူက
ကမ္ဘာအနှံအပြားကို
အခမဲ့ သွားလာနိုင်တယ်။
သူက
ယုံကြည်ခြင်း၊ ခင်မင်ခြင်း တို့ရဲ့ 
မဟာရန်သူတော်ကြီး ဖြစ်တယ်။
သူ့ကြောင့်
ပျော်ရွင်သူထက်
ကြေကွဲရသူ ပိုများတယ်။
သူက
အနီးဆုံးမှ အဝေးဆုံး
အချစ်ဆုံးမှ အမုန်းဆုံးအဖြစ်
ပိပိရိရိ ဖန်တီးနိုင်စွမ်းတယ်။
သူ့ကို
လူတွေက မချစ်ပေမယ့်
သူက လူတွေနဲ့ အမြဲနေခွင့်ရတယ်။
ကမ္ဘာကျော် အားလုံးထက်
ပိုပြီး ကမ္ဘာကျော်တဲ့..သူ့ကို
(မုသား) လို့ခေါ်သတဲ့။
-------------------
အိမ်ဝေးသူ (KZ)
-------------------
မှတ်ချက်။
ပြသနာတစ်စုံတရာကို ဖြေရှင်းရာမှာ
မုသားကိုသုံးပြီး ကိစ္စရှင်းလိုက်ခြင်းက
ယာယီထွက်ပေါက်ကို ဖန်တီးပေးနိုင်စွမ်းတယ်။
သို့သော်...
မှန်ကန်ဖြောင့်မတ်စွာ ဖြေရှင်းလိုက်ခြင်းကတော့
တစ်သက်တာအတွက် နောက်ကျော လုံစေတယ်။

Saturday, 1 February 2014

Spencer Johnson ပေးသော ဘဝလက်ဆောင်

********************************
( သင်...စိတ်ချမ်းသာပြီး အောင်မြင်သူ ဖြစ်လိုတဲ့အခါ )
၁) ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ...
၂) ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ...
၃) သင့်ရည်မှန်းချက်ကို အာရုံပြုပြီး လောလောဆယ် အရေးကြီးနေတဲ့
ကိစ္စ ( အလုပ် ) ကို တုံ့ပြန်ဆောင်ရွက်ပါ ...။
( သင်...ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ )
၁) အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ...
၂) အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ...
၃) အဲဒီဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ...
၎) ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ...။
( သင်...အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန် ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ )
၁) အနာဂတ်အတွက် စီမံကိန်းချပါ...
၂) သာယာဝေစည်တဲ့ အနာဂတ် ပုံရိပ်ကို မြင်ယောင်ကြည့်ပါ...
၃) အဲဒီပုံရိပ်တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ
ချမှတ်ပါ...
၎) သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ...။
ကောက်နှုတ်တင်ပြသူ--အိမ်ဝေးသူ (KZ)