Friday, 13 February 2015
ချစ်လို့ပြောတယ်မှတ်ပါ (Valentine's Day လက်ဆောင်)
***မှတ်ချက်။***
ကျွန်တော်ရေးတဲ့အကြောင်းအရာတွေကို Shareကြပါလို့ လူကြီးမင်းတို့ကို
ပြောလေ့မရှိပါဘူး။ ဒါပေမယ့် ဒီပို့စ်ကို အဆုံးထိ ဖတ်စေချင်ပါတယ်။ ဖတ်ပြီးလို့
လူကြီးမင်းတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေသားချင်း ညီအစ်ကို မောင်နှမတွေကိုလည်း
သိသင့်တယ်လို့ ယူဆမိတယ်ဆိုရင် Share ပေးစေချင်ပါတယ်။ အကယ်၍
လူကြီးမင်း ကိုယ်တိုင်က ကိုယ်ကျင့်တရားကို မြဲမြံတဲ့သူ ဖြစ်ခဲ့ရင်
ကျွန်တော်ပြောမယ့် အကြောင်းအရာတွေအတွက် လူကြီးမင်းကိုယ်တိုင်
ဝမ်းသာရမှာပါ။ တကယ်လို့ ကျွန်တော်ပြောမယ့်အကြောင်းအရာက လူကြီးမင်းနဲ့
တိုက်ဆိုင်ခဲ့မယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်မလွတ်ပါနဲ့။
x
x
x
ချစ်သူများနေ့ တဲ့။
x
အဲ့ဒီ့နာမည် ကြားရင် ချိုမြိန်သွားတဲ့သူတွေ ရှိသလို ခါးခါးသီးသီး ဖြစ်သွားတဲ့
သူတွေလည်း ဒုနဲ့ဒေးရှိတယ်။ အဲ့ဒီ့နေ့ကို လက်ခံသူလည်း ရှိတယ်။
လက်မခံသူတွေလည်း ရှိကြပါတယ်။ တစ်ချို့ ကလည်း အတိအလင်း
လက်မခံတာမျိုး ရှိသလို၊ တစ်ချို့ ကျတော့ အွန်လိုင်းမှာ စတေးတပ်စ်
အနေနဲ့လောက်သာ ကြည့်ကောင်းအောင် လက်မခံတာမျိုးလည်း ရှိပါတယ်။
(တိုက်ဆိုင်မှု ရှိရင်လည်း ခွင့်မလွှတ်ပါနဲ့) ကျွန်တော်ကတော့ လက်မခံကြောင်း
ဟန်ဆောင် စတေးတပ်စ် တင်ပြပြီး ဘယ်သူမှ မသိအောင် ချစ်သူများနေ့မှာ
သရုပ်ပျက်တာမျိုး ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ပါဘူး။
x
ချစ်သူများနေ့ဆိုတာ
တကယ်တော့ စီးပွားရေးသမားတွေအတွက် အချပ်ပိုအနေနဲ့ ရရှိတဲ့
လုပ်စားကွက် တစ်ကွက်လို့ဆိုချင်ပါတယ်။ တကယ့်ချစ်သူများနေ့ဆိုတာ
နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝမှာ အမြဲရှင်သန် လန်းဆန်းနေရမှာမျိုးပါ။
တကယ်ချစ်နိုင်တဲ့သူက တစ်ရက်တည်းမှာ စုပြုံပြီး ချစ်တာမျိုး မလုပ်ပါဘူး။
ချစ်သူတွေရဲ့ အပြန်အလှန်ရပိုင်ခွင့်ဟာ တစ်ရက်တာနဲ့ နှိုင်းယှဉ်ပြသလို့
မရနိုင်ပါဘူး။ နေ့စဉ်စားသုံးရတဲ့ ကြည်နူးအေးမြခြင်းမျိုးပါ။
x
ယေဘုယျသဘောအားဖြင့် ပြောရမယ်ဆိုရင်
x
ချစ်သူများနေ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တကယ့်ကို ရိုးသားသန့်ရှင်းစွာနဲ့
အပြန်အလှန် လက်ဆောင်လဲလှယ်တာမျိုး ဘယ်နှစ်ယောက် ရှိကြပါသလဲ?
x
ချစ်သူများနေ့အတွက် သုံးဖြုန်းမယ့်ငွေ (အရင်းအနှီး / ငါးစာ) အနေနဲ့ ကြိုတင်
စုဆောင်းကြတဲ့သူ အရေအတွက်ရော ဘယ်လောက်ရှိနိုင်ပါသလဲ?
x
အချို့သူတွေအတွက် တစ်စုံတစ်ခုကို လိုချင်လို့ တစ်စုံတစ်ရာကို ရင်းနှီးမြှုပ်နှံကြတဲ့
ပွဲတစ်ပွဲလို့ ခြုံငုံပြောမယ်ဆိုရင် မှားနိုင်ပါသလား?
x
သေချာတာတစ်ခုကတော့
တကယ့် လူနည်းစုလောက်ကပဲ မိမိချစ်သူကို သန့်ရှင်းစွာ၊ မြတ်နိုးတန်ဖိုးထားစွာ
ချစ်သူများနေ့မှာ လက်ဆောင်ပေး၊ ချောကလက်ကျွေးကြတယ် ဆိုတာပါပဲ။
ကျွန်တော့်အနေနဲ့ အနောက်တိုင်းသားတွေ ကျင့်ကြံနေထိုင်တဲ့ ချစ်သူများနေ့
အကြောင်း အထွေအထူး မပြောလိုပါဘူး။ သို့သော် မြန်မာပြည်က
သားချင်းများအတွက် သိသင့်တာလေးတွေကိုတော့ တင်ပြလိုက်ပါတယ်။
(က)
ချစ်သူများနေ့ ဆိုတာ အများစုသော ကျားသတ္တဝါတွေအတွက် အခွင့်ထူးခံနေ့ တစ်နေ့လို့
သတ်မှတ်ထားတဲ့နေ့ဖြစ်တတ်ပါတယ်။ တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှ ပေါက်မြောက်၊ အရာရောက်မယ့်နေ့ အဖြစ် သတ်မှတ် ထားတတ်ကြပါတယ်။
(ခ)
မိန်းကလေးတွေအနေနဲ့ မိမိယူလိုက်မယ့် လက်ဆောင်ပစ္စည်းရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့
ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တစ်ခုခုကို ပြန်လည်ပေးဆပ်ရနိုင်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။
(ဂ)
ချစ်သူများနေ့မှာ အရောင်းရဆုံး ပစ္စည်းတွေထဲမှာ ကွန်ဒုံး၊ ကာမနှိုးဆွဆေး၊
ကိုယ်ဝန်တားဆေး၊ တည်းခိုခန်း၊ အရက်သေစာ စတာတွေ ဖြစ်ကြောင်း
သတိတရ ရှိနေပါစေ။
(ဃ)
တကယ်လို့ မိန်းကလေးများအနေနဲ့ မိမိချစ်သူကို တကယ်ချစ်တာမျိုးဆိုရင်
ကိုယ့်ချစ်သူက မိမိအပေါ် ကျူးလွန်ဖို့ ကြိုးစားလာတဲ့အခါ ဖျောင်းဖျနှစ်သိမ့်ပေးပြီး
မကျူးလွန်ဖြစ်အောင် ထိန်းသိမ်းပေးပါ။ လိုအပ်လာရင် မိမိချစ်သူရဲ့  ဂုဏ်သိက္ခာနဲ
ချည်ပြီး ခြိမ်းခြောက်ပြောဆိုပါ။
(င)
မိန်းကလေးများအနေနဲ့ ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့
မလိုက်လျောသင့်တာကို လိုက်လျောမိခဲ့မယ်ဆိုရင် တစ်ခါတည်း မှတ်သားသင့်တာက
(Game Over) ဖြစ်သွားပြီဆိုတာ ပါပဲ။ လိုချင်တာ ရပြီးသွားရင် လျစ်လျူ ရှု တတ်ကြတဲ့
အချို့ လူတွေရဲ့ စိတ်သဘောကို ကြိုတင်ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
(စ)
ကိုယ့်ချစ်သူကို ဘယ်လောက်စိတ်ချချ ၊ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့
အဲ့ဒီ့နေ့မှာ သာမန်နေ့တွေထက် ပိုပြီး သတိပြုသင့်ပါတယ်။ ဥပမာ- အစားအသောက်
စားတဲ့အခါ သတိထားသင့်ပါတယ်။
(ဆ)
ကောင်းပါပြီ။
ဒါဆိုရင် သိပ်ချစ်လွန်းလို့ဆိုပြီး တည်းခိုခန်း ရောက်သွားတဲ့ စုံတွဲမျိုးဆိုရင်ရော?
ကျွန်တော်တို့ ဘာမှ စောဒက တက်ခွင့် မရှိပါဘူး။ မိမိလုပ်ရပ်ကြောင့် ဖြစ်လာမယ့်
အကျိုးဆက်ကို ထည့်သွင်းစဉ်းစားဖို့ပဲ လိုပါတယ်။ ဒါပေမယ့် ကျွန်တော်
သတိပေးချင်တာ တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ချစ်သူနဲ့ ချစ်လို့၊ အဲ့ဒီချစ်သူကို
အလိုလိုက်ပြီး ကာမဂုဏ်ကို နှစ်ဦးအတူ စံစားကြတာတော့ ကာယကံရှင်ရဲ့ 
သဘောပါပဲ။ ဒါပေမယ့် မိန်းကလေးများအနေနဲ့ အထူး၊ အထူး၊ အထူး
သတိပြုရမှာကတော့ (ချစ်လို့ လဲသေချင် သေပါစေ) ဓာတ်ပုံအရိုက်မခံမိစေဖို့၊
ပြီးတော့ (တစ်ခါတည်းပါဆိုတဲ့ ခွင့်တောင်းချက်နဲ့) ဗွီဒီယို အရိုက်မခံမိစေဖို့ပါ။
တတ်နိုင်မယ်ဆိုရင် တည်းခိုခန်းရောက်တာနဲ့ မိမိ ချစ်သူယောက်ျားလေးရဲ့ ဖုန်းကို သိမ်းလိုက်စေချင်ပါတယ်။ ဖုန်းအသိမ်းမခံနိုင်ဘူးဆိုရင် နောက်ပြန်လှည့်ဖို့သာ ပြင်လိုက်ပါ။
(ဇ)
အရေးအကြီးဆုံးတစ်ခုက
မိမိတို့ စုံတွဲက စီးပွားရေးသမားတွေရဲ့  သားကောင် မဖြစ်ကြဖို့ပါ။ ကင်မရာပုန်းတွေ
သိပ်အဆင့်မြင့်လာတဲ့ ခေတ်မှာ တည်းခိုခန်းထဲက ပန်းအိုးလေးတစ်လုံးကလည်း
မိမိတို့ နှစ်ဦးရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးပစ်လိုက်နိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။
(စ်)
သတိထားရမှာတစ်ခု ရှိပါသေးတယ်။ ယောက်ျားလေးတစ်ယောက်အနေနဲ့
မိမိ ချစ်သူမိန်းကလေးကို ရအောင်သိမ်းသွင်းပြီး ဓာတ်ပုံ၊ ဗွီဒီယို ရိုက်လို့ရလာတယ်
ဆိုကြပါစို့။ သိပ်ကို ရာဂပြင်းထန်လွန်းနေတယ်ဆိုရင် မိမိ ရိုက်ယူလာတာတွေကို
အခန်းအောင်းပြီး ခုနှစ်ရက်၊ ခုနှစ်လီ အဝကြည့်ပါ။ ဒါပေမယ့် ကြည့်ပြီးတဲ့အခါ
မိမိချစ်သူရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားကို ငဲ့ညှာသောအားဖြင့် အမြန်ဆုံး ဖျက်ပစ်ပါ။
မိမိက မဖျက်ဘဲ ထားတဲ့အခါ အချိန်ကြာလာလို့ မိမိရဲ့ဖုန်းက ချွတ်ယွင်းမှုတစ်စုံတစ်ရာ
ဖြစ်ပြီး ဖုန်းပြင်တဲ့ဆိုင်ကို ယူသွားမိရင် ပြသနာဖြစ်တတ်ပါတယ်။ မိမိတို့ရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာဟာ ဖုန်းဆိုင်က စည်းမစောင့်သူ တစ်စုံတစ်ယောက်ကြောင့် နစ်နာဆုံးရှုံးမှု နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
(ည)
ယောက်ျားလေးများကို ရိုးရိုးရှင်းရှင်းလေး တွေးစေချင်ပါတယ်။
မိမိအနေနဲ့ လှပဖူးပွင့်နေတဲ့ ပန်းတစ်ပွင့်ကို ဖျက်စီးလိုက်တဲ့အခါ
အခြားသူတစ်ယောက်က အဲ့ဒီ့ ပန်းကို ကောက်ယူနမ်းရှိုက်ဖို့ ခက်ခဲလွန်းပါတယ်။
မိမိကိုယ်တိုင်လည်း တစ်ပါးသူ ခြွေပြီးသား ပန်းကို တော်ရုံ နမ်းရှိုက်ချင်ကြမှာ
မဟုတ်ဘူးလို့ ထင်ပါတယ်။ မိန်းကလေးဘက်က လိုလိုလားလား အခြွေခံချင်နေတယ်ဆိုရင်တောင် ယောက်ျားလေးဘက်က ပထမဆုံးအနေနဲ့
ထည့်သွင်းစဉ်းစားရမှာက မိမိအနေနဲ့ မိမိ ချစ်သူကို တကယ်လက်ထပ်နိုင်မှာ
သေချာသလား ဆိုတာပါပဲ။ နှမချင်း စာနာတတ်တဲ့သူ တစ်ယောက်အနေနဲ့
"နှမထိ ဓါးကြည့်" ဆိုတဲ့ စကားလေးကို ကောင်းကောင်းကြီး သဘောပေါက်မယ်လို့ ထင်ပါတယ်။
*နိဂုံးချုပ်အနေနဲ့ ပြောလိုပါတယ်။*
x
မိန်းကလေးများအနေနဲ့ မလိုက်လျောသင့်တာကို မလိုက်လျောပါနဲ့။
ယောကျာ်းလေးများအနေနဲ့ ချစ်သူက မလိုက်လျောတဲ့အခါ စိတ်မဆိုးပါနဲ့။
x
မိန်းကလေးများအနေနဲ့ မပြသင့်တာကို မပြမိပါစေနဲ့။
ယောက်ျားလေးများအနေနဲ့ မကြည့်သင့်တာကို မကြည့်မိပါစေနဲ့။
x
မိန်းကလေးများအနေနဲ့ မလိုက်သင့်တဲ့နေရာကို မလိုက်မိပါစေနဲ့။
ယောက်ျားလေးများအနေနဲ့ မခေါ်သွားသင့်တဲ့နေရာကို မခေါ်မိပါစေနဲ့။
x
မိန်းကလေးများအနေနဲ့ မလုပ်သင့်တဲ့ အလုပ်မျိုးကို မလုပ်မိပါစေနဲ့။
ယောက်ျားလေးများအနေနဲ့ မလုပ်ခိုင်းသင့်တဲ့ အလုပ်မျိုးကို မလုပ်ခိုင်းမိပါစေနဲ့။
x
မိန်းကလေးများအနေနဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို အလွယ်တကူ အပွန်းအပဲ့မခံမိပါစေနဲ့။
ယောက်ျားလေးများအနေနဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို အလွယ်တကူ ချနင်းတာမျိုး မဖြစ်မိပါစေနဲ့။
-----------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment