Thursday, 19 February 2015
လူ၊ နေရာနှင့် အပြုအမူ
လူသည်
မိမိ လက်ရှိရောက်နေသည့်နေရာ(Position)နှင့်
မိမိ နေထိုင်ကျင့်ကြံခြင်း (Behaviour) တို့
တိုက်ရိုက်အချိုးကျမှု ရှိရပါလိမ့်မည်။
x
ဆရာတစ်ယောက်သည်
ဆရာကျင့်ဝတ်များဖြင့် ပြုမူနေထိုင်ရမည်။
တပည့်တစ်ယောက်သည်
တပည့်ကျင့်ဝတ်များဖြင့် ပြုမူနေထိုင်ရမည်။
ဆရာဝန်တစ်ယောက်သည်
ဆရာဝန်ကျင့်ဝတ်များဖြင့် ပြုမူနေထိုင်ရမည်။
လူနာတစ်ယောက်သည်
လူနာကျင့်ဝတ်များဖြင့် ပြုမူနေထိုင်ရမည်။
x
လူသည်
ပြီးပြည့်စုံသောသတ္တဝါ မဟုတ်သည့်အတွက်
ဆရာတစ်ယောက်သည် ဆရာကျင့်ဝတ်များဖြင့်သာ
ပြည့်စုံကုံလုံနေမည်ဟု အာမခံနိုင်မည်မဟုတ်။
ဆရာတစ်ယောက်တွင်လည်း အားနည်းချက်များ ရှိလိမ့်မည်။
သို့သော်
ဆရာတစ်ယောက်၏ အပြုအမူများတွင်
ဆရာတစ်ယောက်ကျင့်ဆောင်ရမည့်
အပြုအမူများကသာ ရာခိုင်နှုန်းပို၍ များရပေလိမ့်မည်။
သို့မဟုတ်ပါက
ထိုဆရာဖြစ်သူသည် မိမိရောက်ရှိနေသည့်နေရာနှင့်
မိမိ၏ အပြုအမူတို့ကို အချိုးကျစွာ နေထိုင်နိုင်ခြင်းမရှိသူဖြစ်သည်။
x
လူသည်
မိမိ ရောက်ရှိနေသော
နေရာ နှင့် အပြုအမူတို့ လွဲချော်နေသည့်အခါ
မိမိ နေထိုင်သည့် ပတ်ဝန်းကျင်က မိမိကို
၁) အထင်ကြီးလွန်းသည့် ဘဝင်ရူး
၂) အဆင့်မရှိသော လူပေါလူညံ့
အစရှိသဖြင့် မတူညီသော အမြင်များဖြင့်တိုင်းတာ၍
အထင်အမြင်သေးစွာ ပြုမူဆက်ဆံ ပြောဆိုကြလိမ့်မည်။
(မိမိကိုယ်တိုင်က ခံနိုင်ရည်ရှိလျှင်တော့ ကိစ္စမရှိ)
x
ဥပမာ (၁)
ဗိုလ်ချုပ်အောင်ဆန်းသည် မိမိ ယူခဲ့သည့် နေရာများစွာနှင့်
လိုက်လျောညီထွေသော အပြုအမူတို့ကိုသာ ဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်သည် မိမိကို ပြည်သူတို့က အထင်အမြင်သေးမည့်အလုပ်မျိုးကို
လွန်စွာ စက်ဆုပ်ရွံရှာရုံမျှမက သတိဖြင့် ရှောင်ရှားခဲ့သည်။
(ပြည်သူတို့၏ ရင်ထဲ၌ ယနေ့တိုင် မှတ်မှတ်ရရ စွဲထင်ကျန်ရစ်ခဲ့သည်)
x
ဥပမာ (၂)
လက်ရှိ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည်
မိမိ ယူခဲ့သည့် နေရာနှင့် မိမိ၏ ပြုမူဆောင်ရွက်ချက်တို့သည်
လုံးဝလိုက်လျောညီထွေမှု မရှိဘဲ ကတိများစွာ ပျက်ကွက်လျက်ရှိသည်။
ဦးသိန်းစိန်သည် မိမိကို ပြည်သူလူထုက လေးစာခြင်းမရှိသည်ကိုလည်း
ရှက်ကြောက်သိမ်ငယ်ခြင်းမရှိဘဲ မျက်နှာပြောင်တိုက်ရဲသည့် သတ္တိရှိသည်။
(ပြည်သူတို့၏ ရင်ထဲ၌ ယုံကြည်လေးစားခြင်းတို့ ပျောက်ကွယ်လျက်ရှိသည်)
x
နိဂုံးချုပ်ပါမည်။
လူသည် မိမိရောက်ရှိနေသည့် နေရာနှင့်
မိမိ၏ ပြုမူဆောင်ရွက်ခြင်းတို့ လိုက်လျောညီထွေ၊
အချိုးကျအောင် အစဉ်အမြဲသတိပြုသင့်သည်ဟု ယူဆမိပါသည်။
-----------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment