Saturday, 28 February 2015

အားငယ်တတ်သူ


ငါ့အတွက်
ဂျူ ရီအဖွဲ့မရှိဘူး။
ငါက
မတရားမှုမှာ ခါးစီးခံနေရတယ်။
x
ငါ့အမည်နာမအောက်မှာ
ချစ်သူတွေ ပြည့်စုံသွားကြတယ်။
ချောကလက်နဲ့ နှင်းဆီပန်းတွေလည်း
သိပ်ကို ရောင်းကောင်းကြသေးတယ်။
ငါကတော့ ဥပေက္ခာပြုခြင်း ခံနေရတယ်။
x
သုံးရာခြောက်ဆယ့်ငါးဆိုတဲ့
အသိုက်အမြုံကို မှီခိုနေသူချင်း အတူတူ
ငါက ဘာကြောင့်
အမြီးပြတ်တဲ့အိမ်မြောင်လိုဖြစ်နေရသလဲ?
x
တစ်ချို့တွေက သုံးဆယ်နဲ့ကုံလုံတယ်။
တစ်ချို့တွေက သုံးဆယ့်တစ်နဲ့ပြည့်စုံတယ်။
ငါလည်း ဆယ်နှစ်ရာသီစက်ဝန်းခွင်မှာ
သူလိုကိုယ်လို ဈေးကောင်းရချင်တာပေါ့။
ခုတော့
ငါက ခြေနှစ်ချောင်းပြတ်နေတဲ့
ပေါင်တိုလေးရဲ့အဖြစ်နဲ့ ထူးမခြားနားအဖြစ်။
(ငါ့အတွက်ဂျူ ရီအဖွဲ့မှ မရှိတာပဲ)
x
တစ်ခါတစ်ရံမှာတော့
ပြင်ဆင်ပြောင်းလဲခွင့်မရှိတဲ့
ဘဝပေး ကုသိုလ်ကံတရားကြောင့်
ပခုံးနှစ်ဘက်ကြားမှာ
ခေါင်းပေါက်တဲ့သတ္တဝါတစ်ချို့က
"အကုန်မြန်လိုက်တာ" ဆိုပြီး
ငါ့ကို အပြစ်တင်စောနေကြတယ်။
x
တစ်ခါတလေတော့လည်း
ကံဆိုးမအတွက်မိုးမရွာဘဲ နေသာသလိုမျိုး
ငါလည်း ကံကောင်းတတ်သေးတယ်။
အဲ့ဒီလို အခါမျိုးကျရင်
နိမ့်ပါးခြင်းကလွတ်မြောက်သွားတဲ့
ကျေးကျွန်တစ်ယောက်လို ငါ...သိပ်ပျော်မိတာပေါ့။
x
ကူရာကယ်ရာမဲ့၊
ဂျူ ရီအဖွဲ့လည်းမရှိတဲ့ ကံခေသူငါ့အဖြစ်ကို
ပြက္ခဒိန်တွေကိုအားကိုးတတ်တဲ့
လူသေးသေးလေးတွေသာ ကိုယ်ချင်းစာတတ်ခဲ့မယ်ဆိုရင်....။
(တကယ်တော့လည်း ငါ့အတွက်ဂျူ ရီအဖွဲ့မှ မရှိတာပဲလေ)

------------------
အိမ်ဝေးသူ(KZ)
------------------
မှတ်ချက်။
၁ နှစ်တွင် ၁၂ လ၊ ၃၆၅ ရက် ရှိပြီး ၁၁ လစလုံးက ၃၀ ရက်၊ ၃၁ ရက်များဖြင့်
ပျော်ရွင်စွာအဆုံးသတ်ခွင့် ရကြသော်လည်း ဖေဖော်ဝါရီလမှာမူ ၂၈ ရက်၊
(ကံကောင်းလျှင် ၂၉ ရက်) ဖြင့်သာ ကြေကွဲစွာအဆုံးသတ်ရရှာသည့်အတွက်
စိတ်မကောင်း ဖြစ်နေခြင်းအပေါ် ကိုယ်ချင်းစာမိသည့်ဟန်ဖြင့် ရေးသားထားခြင်းဖြစ်သည်။


No comments:

Post a Comment