Friday, 27 February 2015

အပြန်အလှန် သင့်မြတ်သူများ ဖြစ်ကြစေရန်


ကျွန်တော်နဲ့ မိတ်ဆွေဖွဲ့သူတိုင်း သိကြပါတယ်။
x
ကျွန်တော်က
ကျူ လီယာလား၊ ကပြားလား၊ ရိုဟင်ဂျာလားဆိုတာ
ခင်ဗျားကို ပြောလေ့ပြောထ မရှိဘူး။
ခင်ဗျားက
ကျူ လီယာလား၊ ကပြားလား၊ ရိုဟင်ဂျာလားဆိုတာလည်း
ကျွန်တော်က ခင်ဗျားကို ဘယ်တော့မှ မေးလေ့မရှိဘူး။
x
ကျွန်တော်က
ကိုးကွယ်တဲ့ဘာသာရေးရဲ့ 
ဘယ်လမ်းကြောင်းပေါ်မှာ နေထိုင်ကျင့်ကြံသလဲဆိုတာ
ခင်ဗျားကို ပြောလေ့ပြောထ မရှိဘူး။
ခင်ဗျားက
ဘာသာရေးရဲ့ ဘယ်လမ်းကြောင်းပေါ်မှာ
နေထိုင်ကျင့်ကြံသလဲဆိုတာလည်း
ကျွန်တော်က ခင်ဗျားကို ဘယ်တော့မှ မေးလေ့မရှိဘူး။
x
ကျွန်တော်က
ဘယ်အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်နေသလဲဆိုတာ
ခင်ဗျားကို ပြောလေ့ပြောထ မရှိဘူး။
ခင်ဗျားက
ဘယ်အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်နေသလဲဆိုတာလည်း
ကျွန်တော်က ခင်ဗျားကို ဘယ်တော့မှ မေးလေ့မရှိဘူး။
x
ဘာကြောင့်လဲ?
x
မြန်မာပြည်မှာ
လူနည်းစုလေးသာ ဖြစ်တဲ့
ကျွန်တော်တို့လူမှုအသိုင်းအဝိုင်းသေးသေးလေးထဲမှာ
x
ရိုဟင်ဂျာက သူဖြစ်သူခံရမယ်။
ကျူလီယာကလည်း သူဖြစ်သူခံရမယ်။
ဟိန္ဒူ စ်တာန်ကလည်း သူဖြစ်သူခံရမယ်။
(ကိုယ်ဖြစ်ကိုယ်ခံကြဆိုတဲ့အယူအဆ)
အားလုံးဟာ ကလေမာဟ်ဆိုထားကြသူအချင်းချင်း
သွေးချင်းတွေဖြစ်ကြောင်း မေ့ထားကြတဲ့သူတွေ ဒုနဲ့ဒေးရှိနေသေးလို့ပါ။
x
စလဖီဖြစ်လို့ မခေါ်ဘူး။
သဗ်လီးဂ်ကျိလ္လာသမားဖြစ်လို့ မခေါ်ဘူး။
ကိုးကွယ်တဲ့ဘာသာတရားတူပေမယ့်
ကျင့်ကြံတဲ့ လမ်းကြောင်းမတူကြရုံနဲ့
ရန်သူတွေလို အငြိုးထားမုန်းတီးနေကြသူတွေ ဒုနဲ့ဒေးရှိနေသေးလို့ပါ။
x
ဘာသာတရားနဲ့ ညီညွတ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နောက်လိုက်ငယ်သားတွေကို ကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့
ထူထောင်ထားကြတဲ့ အဖွဲ့အစည်းတွေရှိကြပေမယ့်
အဲ့ဒီ့အဖွဲ့အစည်းတွေကိုပဲ သူ့အဖွဲ့၊ ငါ့အဖွဲ့ ဖြစ်တာလေးနဲ့
အစွဲတွေ မချွတ်နိုင်ဘဲ နှိပ်ကွပ်စော်ကားချင်ကြသူတွေ ဒုနဲ့ဒေးရှိနေသေးလို့ပါ။
x
မိတ်ဆွေဖြစ်ရုံလေးနဲ့ ခင်ဗျားတို့ကို ကျွန်တော်ခင်မင်ပါတယ်။
ခင်ဗျားတို့နဲ့အတူ ကျွန်တော်က အလုပ်အတူလုပ်ကိုင်နိုင်ပါတယ်။
ခင်ဗျားတို့နဲ့ ယုံကြည်ရာတူနေမှ၊ မျိုးရိုးတူနေမှ၊ အဖွဲ့အစည်းတူမှ
ခင်ဗျားတို့နဲ့အတူ ကျွန်တော်ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။
x
ကျွန်တော်တို့ရဲ့ 
ယုံကြည်ရာ၊ မျိုးရိုးအုပ်စု၊ အဖွဲ့အစည်းတွေကို ထုတ်ပြောလိုက်လို့
ညီညွတ်ရမယ့်အစား ပြိုကွဲပျက်စီးဖို့ အကြောင်းဖြစ်လာမယ်ဆိုရင်
မလိုအပ်ဘဲ မိမိတို့ရဲ့ယုံကြည်ရာ၊ မျိုးရိုးအုပ်စု၊ အဖွဲ့အစည်းတွေကို
ကျွန်တော်တို့တတွေ ထုတ်မပြောကြဘဲ မိမိလူမျိုး၊ဘာသာတရားအတွက်
ဘုံအလုပ်လို့ သဘောထားပြီး လုပ်ကိုင်ဆောင်ရွက်ကြရင် ပိုကောင်းမယ်လို့
ထင်မြင်ယူဆမိပါတယ်။
ကျေးဇူးပြုပြီး...ကျွန်တော်တို့တတွေ စည်းလုံးညီညွတ်ကြပါစို့လားခင်ဗျာ။

------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment