Tuesday, 17 February 2015

ခင်ဗျားတို့ပြောတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး


ပြည်သူလူထု အလိုချင်ဆုံးက
ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ရွှေနိုင်ငံတော်ကြီး
ခင်ဗျားတို့ ပေးနေတာတွေက
အဆုံးမသတ်နိုင်သေးတဲ့ လူမျိုးရေး ပဋိပက္ခ။
x
ပြည်သူလူထု မျှော်မှန်းနေတာက
စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံတော်ကြီး
ခင်ဗျားတို့ သယ်ဆောင်လာတာက
တိုက်ပုံဝတ် လူသတ်သမားများရဲ့ မင်းမဲ့စရိုက်။
x
ပြည်သူလူထု တမ်းတနေတာက
ထမင်းရေ ချောင်းစီး၊ မောင်းတီးပြီးလှူနိုင်စွမ်းတဲ့ တိုင်းပြည်
ခင်ဗျားတို့ မီးမြှိုက်ပေးနေတာက
လယ်သမားတွေကို ထမင်းတစ်နပ်ပဲ စားကြပါစေဆိုတဲ့ ဆင်းရဲမွဲတေမှု။
x
ပြည်သူလူထု လိုချင်တာက
ဝိဇ္ဖ၊သိပ္ပ ပညာရပ်တွေ ထွန်းကားတဲ့ ခေတ်မှီ နိုင်ငံတော်
ခင်ဗျားတို့ အလကား ဝေနေတာက
အနာဂတ်သေဆေးနဲ့ မျှော်လင့်ချက်ပျောက်ဆေး။
x
ပြည်သူလူထု ငံ့လင့်နေတာက
လူမျိုးစုံ ချစ်ကြည်ရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေး
ခင်ဗျားတို့ လှုံ့ ဆော်နေတာက
ပြည်သူလူထု ပြိုကွဲပျက်စီးရေးနဲ့ ရာသက်ပန်နာလန် မထူနိုင်ရေး။
x
ပြည်သူလူထုရဲ့ အိပ်မက်က
တည်ကြည်ပြီး ဂုဏ်သိက္ခာသမာဓိနဲ့ ပြည့်စုံတဲ့ သမ္မတစနစ်
ခင်ဗျားတို့ လုပ်ဆောင်နေတာက
အဂတိတရားပြန်ပွားရေးနဲ့ လာဘ်ပေးလာဘ်ယူ ထွန်းကားရေး။
x
အကြောက်ဆိုတဲ့ တရားတစ်ခုနဲ့ 
ကျောသပ်ထားချင်တဲ့
လူယောင်ဆောင်ထားတဲ့ ဝံပုလွေတစ်အုပ်ကြောင့်
ကျုပ်တို့ ပြည်သူတွေရဲ့ 
မသေနိုင်သေးတဲ့…အတိတ်ဆိုးတွေ
မသေသင့်သေးတဲ့…ပစ္စုပ္ပုန်တွေနဲ့ 
အသေစောတဲ့…အနာဂတ်တွေအတွက်
x
ငိုချင်းချရုံကလွဲလို့ ဘာများလုပ်နိုင်ဦးမှာလဲ
ငိုချင်းချရုံကလွဲလို့ ကျုပ်တို့ဘာများတတ်နိုင်ဦးမှာလဲဗျာ။

-------------------
အိမ်ဝေးသူ(KZ)
မှတ်ချက်။
M-Media မှာ ဖော်ပြခဲ့ဖူးတဲ့ ကဗျာဟောင်းလေးပါ။


No comments:

Post a Comment