Saturday, 21 February 2015

မိမိချစ်သူကို ဘေးမှာထားပြီး မျက်စိမကစားပါနဲ့


စိတ်ကစားတတ်သူတွေက
မျက်စိလည်း ကစားတတ်ကြတယ်။
x
ချစ်သူစုံတွဲ တစ်ချို့ ကို မြင်ဖူးပါတယ်။
မိမိဘေးမှာ ချစ်ရတဲ့ ချစ်သူရှိနေရက်နဲ့
တခြား တစိမ်းတရံစာအပေါ် မျက်စိကစားတာမျိုး။
x
ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ဖူးတဲ့
အကြောင်းအရာတွေထဲက တစ်ခုကိုပြောပြပါမယ်။
တက္ကသိုလ်ကျောင်းသားဘဝတုန်းကပါ။
သူငယ်ချင်း ကျောင်းသားစုံတွဲတစ်တွဲရှိတယ်။
ကောင်လေးရော၊ ကောင်မလေးရော တော်တော်ချောမောကြတယ်။
သူတို့စုံတွဲ (Canteen) ကန်တင်းန် ထိုင်ရင် အများစုငေးကြည့်ကြရတယ်။
ဒါပေမယ့် ပြသနာတစ်ခုရှိတယ်။
အဲ့ဒါကတော့ ကောင်မလေးဖြစ်သူက ဘေးမှာ ချစ်သူပါနေရက်နဲ့
တခြား စားသောက်ဝိုင်းက ကောင်လေးတွေအပေါ် မျက်စိကစားတတ်တာပဲ။
ပိုဆိုးတာက ကောင်မလေးက တော်တော်အကြည့်ရဲတယ်။
သူနဲ့ မျက်လုံးချင်းဆုံမိရင် ယောက်ျားလေးက အရင်ဦးဆုံးအကြည့်လွှဲပေးရတယ်။
အဲ့ဒီ့လိုမှ မဟုတ်ရင်
အဲ့ဒီ့ကောင်မလေးက ဘယ်တော့မှ သူ့ဘက်ကစပြီး အကြည့်ကိုမဆုတ်သွားဘူး။
တခြားသူတွေအတွက်တော့ ဘယ်လိုခံစားရသလဲဆိုတာတော့ မသိဘူး။
ကျွန်တော့်အတွက်တော့ အဲ့ဒီ့ကောင်မလေးရဲ့ အပြုအမူကစိတ်ပျက်စေတယ်။
အဲ့ဒါဟာ တစ်ခါတလေမဟုတ်ဘဲ အမြဲလိုလိုဖြစ်နေတတ်တာမျိုးပါ။
သိပ်မကြာပါဘူး။ အဲ့ဒီ့ စုံတွဲတွေ ပြတ်သွားကြတယ်။ သတိထားခဲ့မိတာတစ်ခုကတော့
အဲ့ဒီ့ကောင်မလေးက ချစ်သူတွေတစ်ယောက်ပြီး တစ်ယောက်ရသွားတယ်။
ဒါပေမယ့် တစ်ယောက်နဲ့မှ စွဲစွဲမြဲမြဲ တွဲခဲ့တာမျိုး မရှိဘူး။
(သူတို့အကြောင်းကတော့ ဒီလောက်ပါပဲ)
x
ကျွန်တော့်မှာလည်း ချစ်သူရှိခဲ့ဖူးတယ်။
ကျွန်တော်က ကျွန်တော့်ချစ်သူ ကျွန်တော့်ဘေးမှာရှိနေရင်
တစ်ကမ္ဘာလုံးမှာ သူကလွဲရင်ကျန်တဲ့မိန်းကလေးရှိတယ်လို့တောင်
မသတ်မှတ်တတ်တဲ့ လူစားမျိုး။ ကျွန်တော့်ဘေးမှာ ချစ်သူရှိနေတဲ့အချိန်
ဘယ်တုန်းကမှ တခြားကောင်မလေးတွေကို မျက်စိကစားတဲ့အကြည့်
(သွေးတိုးစမ်းတဲ့အကြည့်) မျိုးကို မလုပ်ခဲ့ဘူး။ တကယ်လို့ သိပ်လှတဲ့
မိန်းကလေးမျိုးကို မျက်စိအရှေ့မှာ အရှင်လတ်လတ် မြင်ခဲ့ရတာမျိုးဆိုရင်လည်း
မတော်တဆသာ ဖြစ်လို့ ချက်ချင်းအကြည့်လွှဲဖြစ်ခဲ့တာချည်းပဲ။
(တစ်ခါတည်းပဲ ကြည့်တယ်။ ဒါပေမယ့် အဝကြည့်တယ်ဆိုတာမျိုးမလုပ်)
ကျွန်တော်ပါတဲ့အခါ ဘယ်တော့မှ အဲ့ဒီ့လို မျက်စိကစားတာမျိုးမလုပ်မိပါစေနဲ့လို့ ချစ်သူကိုလည်း အတိအလင်း အသိပေးထားတယ်။ (ကျွန်တော်မပါတဲ့အခါ ကြည့်ချင်ကြည့်မှာပေါ့။ ကိစ္စမရှိ) တကယ်တော့လည်း ကျွန်တော်က
သူ့အတွက် မင်းသား၊ သူကလည်း ကျွန်တော့်အတွက် မင်းသမီးလေးတစ်ပါးပဲ
ဖြစ်ရမှာပေါ့။ အဲ့ဒီ့တော့ ချစ်သူသက်တမ်းတလျှောက် ကျွန်တော်တို့ အပြန်အလှန်
ကတိတည်ခဲ့ကြတယ်။ ( ကျွန်တော်တို့ အကြောင်းလည်း ဒီလောက်ပါပဲ )
x
လူတွေရဲ့ မျက်စိက ငြိမ်နေနိုင်တာမျိုးတော့ မဟုတ်ပါဘူး။
မျက်စိကစားတယ်ဆိုတာလည်း အထူးအဆန်းမဟုတ်ပါဘူး။
ဒါပေမယ့် မိမိဘေးမှာ မိမိချစ်သူရှိနေတဲ့အခါ
မိမိရဲ့ မျက်စိကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြရပါလိမ့်မယ်။
(ချစ်သူမရှိတဲ့သူတွေကို မျက်စိကစားပါလို့ ပြောတာမဟုတ်)
x
ကျွန်တော် ပြောသွားတဲ့ အကြောင်းအရာဟာ
ဘာသာရေးရှုထောင့်က တင်ပြခဲ့တာမျိုးမဟုတ်တဲ့အတွက်
"မျက်စိဆိုတာ စေတန်ရဲ့မြှားတံတွေထဲက ထိရောက်တဲ့ မြှားတံတစ်ချောင်းဖြစ်တယ်"
ဆိုတာမျိုးကို အလေးပေးပြီး မပြောခဲ့ပါဘူး။ ဘာသာရေး ရှုထောင့်အရတော့
တစိမ်းတရံစာ (ကျား၊မ)ကို မကြည့်မိအောင် မျက်လွှာကို ထိန်းသိမ်းသင့်ပါတယ်။
ဒါဟာ အိမ်ထောင်သည်ဖြစ်စေ၊ လူပျို ၊အပျို ဖြစ်စေ ထိန်းသိမ်းကြရမယ့် အရာမျိုးပါ။
x
အကြည့်တွေကို ထိန်းသိမ်းနိုင်တာတော့ အကောင်းဆုံးပါပဲ။
အကြည့်တွေကို မထိန်းသိမ်းနိုင်တော့လည်း မကောင်းဘူးပေါ့။
ဒါပေမယ့်
မိမိဘေးမှာ မိမိချစ်သူ ရှိတဲ့အခါ
မိမိရဲ့ အကြည့်နဲ့ အာရုံကို ချစ်သူအပေါ်မှာပဲထားပါ။
မိမိဘေးမှာ မိမိ အိမ်ထောင်ဘက်ရှိတဲ့အခါ
မိမိရဲ့  အကြည့်နဲ့ အာရုံကို အိမ်ထောင်သည်အပေါ်မှာပဲ ထားပါ။
မိမိဘေးမှာ
မိမိနဲ့ ပက်သက်ရာပက်သက်ကြောင်း တစ်စုံတစ်ယောက်ရှိနေလျက်နဲ့
တစိမ်းတရံစာ အပေါ်မှာ မရိုးမသား မျက်စိကစားခြင်းဟာ
မိိမိနဲ့ မိမိဘေးက (ကျား၊မ) လူပုဂ္ဂိုလ် နှစ်ယောက်စလုံးရဲ့
ဂုဏ်သိက္ခာကို အကြည့်လေးတစ်ချက်နဲ့ ချနင်းပစ်လိုက်တာပဲလို့ပြောရင်း
နိဂုံးချုပ်လိုက်ပါတယ်။

------------------
အိမ်ဝေးသူ(KZ)
------------------
မှတ်ချက်။
ကျား၊မ ခွဲခြားပြီး (ကောင်း၊ဆိုး) ပြောခြင်းမဟုတ်ပါ။
အမြင်မတူခဲ့လျှင် အကျိုးအကြောင်း ညီညွတ်စွာ တင်ပြပါ။
အမြင်မတူလျှင်လည်း ကျွန်တော်တို့ မိတ်ဆွေဖြစ်နိုင်ပါသည်။


No comments:

Post a Comment