ငယ်ရွယ်နုပျိုစဉ် အချိန်အခါက
တစ်စုံတယောက်အပေါ်မှာ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့ဖူးတဲ့ ဒေါသဟာ
ဒီနေ့ကျတော့လည်း... တကယ့်ကို အရှက်ပြေ ပြန်ရယ်ရတဲ့ အဖြစ်ပါလား။
နိုင်ငံခြားရောက်ခါစက
မိမိရဲ့  အတွေ့အကြုံ နုနယ်မှုကို အခွင့်ကောင်းယူပြီး
တစ်စုံတစ်ယောက်က အခွင့်အရေးယူသွားခဲ့တာမျိုး ကြုံခဲ့ရတယ်။
ဖြစ်ပုံက
ကျောင်းကိစ္စ တစ်ခုအတွက်
ငွေသား ပေါင် (၂၅၀၀) လောက် နစ်နာဆုံးရှုံးခဲ့ရတာပါ။
ကိုယ်ညံ့လို့ ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့်
တကယ်တမ်းကျတော့ တစ်ဘက်လူက
ကတိကို အလွဲသုံးစားလုပ်လို့ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါ။
စတာလင်ပေါင် (၂၅၀၀) ဆိုတာ
ကိုယ့်အတိုင်းအထွာနဲ့ဆိုရင် ငွေအနည်းအကျဉ်းလို့လည်း မဆိုသာဘူး။
လိမ်သွားခဲ့တဲ့သူဆိုတာလည်း အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါပဲ။
ကျောင်းကိစ္စတွေလည်း ကမောက်ကမ ဖြစ်ကုန်တယ်။
အဲ့ဒီလူအပေါ်ကိုလည်း မခံမရပ်နိုင်လောက်အောင် ဒေါသထွက်ခဲ့ရတယ်။
အကျိုးအကြောင်းပြောပြပြီး ငွေကို ပြန်တောင်းပေမယ့်
ကျားပါးစပ်ထဲကို ရောက်သွားသလိုပါပဲ ပြန်ထွက်မလာတော့ဘူး။
နောက်ဆုံး
ပြန်မရမယ့်အတူ ပြန်မယူတော့ဘူး။
ထပ်မတောင်းတော့ဘူး။ သူတောင် ကလိန်ကကျစ်လုပ်ရဲသေးတာပဲ။
သူ့ထိုက်နဲ့သူ့ကံလို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါပေမယ့် ဒေါသက မပြေဘူး။
နောက်ဆုံး အဲ့ဒီ ဒေါသကို စာအုပ်ထဲမှာ ဘောလ်ပင် တစ်ချောင်းနဲ့ ဖောက်ခွဲပစ်လိုက်တယ်။ အဲ့ဒီတုန်းက ကိုယ်ရေးခဲ့တာကို ကိုယ်ပြန်ဖတ်ပြီး တော်တော်လေး သဘောကျခဲ့တယ်။ "တယ်ဟုတ်တဲ့ ငါပါလား" လို့တောင် တွေးခဲ့မိမယ်ထင်တယ်။
ကိုယ့်ဆန္ဒနဲ့ ကိုယ့်လုပ်ရပ် ကိုက်ညီနေတော့လည်း ( ဒေါသ+ဒေါသကိုဖောက်ခွဲခြင်း )
ကျေနပ်ခဲ့တာပေါ့။ အဲဒီစာစုကို A4 စာမျက်နှာ ၅ မျက်နှာလောက်ကို ရေးခဲ့တာပါ။
ပြီးတော့ ကိုယ်ရေးခဲ့တာကို ကိုယ်ပြန်မဖတ်ဖြစ်ခဲ့ဘူး။
(အဲဒီအဖြစ်အပျက် ဖြစ်ပြီး ခြောက်နှစ်ကျော် ကြာမြင့်ပြီးတဲ့နောက်)
ဒီနေ့ ...
အရေးကြီး စာရွက်စာတမ်းတွေ ထည့်သိမ်းထားတဲ့ လက်ဆွဲအိတ်နဲ့
ဒိုင်ယာရီ စာအုပ်တွေရှင်းရင်းနဲ့ အဲဒီတုန်းက ရေးခဲ့တဲ့ စာ ၅ မျက်နှာကို
မူရင်းမပျက်ဘဲ ပြန်တွေ့မိတယ်။ ပထမစာ ၃ ကြောင်းမပြည့်ခင်မှာဘဲ
တစ်ခါက အဖြစ်အပျက်ကို အစအဆုံး ပြန်မြင်ယောင်မိတယ်။
လိမ်လည်လှည့်ဖြားခြင်းကို ခံခဲ့ရတာမှန်ပေမယ့် အခုအချိန်ကျတော့
အဲဒီတုန်းက စိတ်ခံစားမှုလို ဖြစ်မနေတော့ဘူး။ ဒေါသလည်း လုံးဝ မရှိတော့ဘူး။
စာမျက်နှာ တစ်မျက်နှာပြည့်အောင် ဆက်မဖတ်နိုင်တော့ဘူး။
ကိုယ့်ရဲ့ ဒေါသ၊ နာကြည်မှု တွေကို ချရေးခဲ့တဲ့ အကြောင်းအရာတစ်ခုဟာ
ဒီနေ့ကျတော့ တကယ့်ကို ဟာသ တစ်ပုဒ်လို ဖြစ်နေတယ်။
ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ရှက်သလို ခံစားရတယ်။
မိမိကိုယ်တိုင် ရေးခဲ့တာဟုတ်ရဲ့ လားလို့တောင် သံသယဝင်စရာ ဖြစ်နေတယ်။
တစ်ကြောင်းဖတ်ရင် တစ်ခါရယ်ရတယ်။ နှစ်ကြောင်းဖတ်ရင် နှစ်ခါရယ်ရတယ်။
" ခင်ဗျားကြီးကို စိစိညက်ညက် ကြေအောင် လုပ်ပစ်ချင်တယ် " တို့။
" ကျုပ်နဲ့ မတွေ့မိအောင် ရှောင်နေစမ်းပါ " တို့။
တစ်ယောက်တည်း ခြိမ်းခြောက်ပြီး တစ်ယောက်တည်း စိန်ခေါ်မိခဲ့တဲ့ အဖြစ်တွေကိုလည်း
စာထဲမှာ တွေ့နေရတယ်။ စာကိုတော့ နောက်ဆုံး တစ်ကြိမ်အဖြစ် ဖတ်လိုက်တယ်။
ပြီးတော့ အဲဒီစာကို ဆုတ်ဖြဲပစ်ပြီး အမှိုက်ပုံးထဲ ထည့်ပစ်လိုက်တယ်။
လူတစ်ယောက်က ထွက်ပေါက်ပိတ်နေတဲ့အခါမျိုးမှာ ထွက်ပေါက်ရှာတတ်တယ်။
ဒါပေမယ့် ကိုယ်ရှာမိတယ့် ထွက်ပေါက်က မှားယွင်းတဲ့ ထွက်ပေါက်မျိုး ဖြစ်ခဲ့မယ်ဆိုရင်...
ဒီနေ့ ကျွန်တော် ရယ်ခဲ့သလို ရယ်နိုင်မှာ မဟုတ်တော့ဘူး။
ဥပမာ...။
ကျွန်တော်သာ အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ ဒေါသကို
တန်ပြန်တုံ့ပြန်မှု တစ်စုံတရာ ပြန်ပြီး လုပ်ခဲ့မယ်ဆိုရင်...
(ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး)
ဒီနေ့...အဲဒီ့ တုံ့ပြန်မှုရဲ့ အကျိုးဆက်ကို ကျနော်ခံစားနေရလိမ့်မယ်။
ဟာသတစ်ခုလို ခံစားမိမယ့်အစား နောင်တ တစ်ခု ထပ်တိုးရသွားနိုင်ပါတယ်။
ဒီနေ့
ကျွန်တော် သိပ်ရယ်စရာ ကောင်းတယ်ဆိုတဲ့ အကြောင်းအရာဟာ
တစ်ခါတုန်းက
ကျွန်တော့်အတွက် နာကျင်၊ ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်နေခဲ့တယ်။
အဲဒီတုန်းက ကျွန်တော် မရယ်နိုင်ခဲ့ဘူး။
ဒါပေမယ့် ဒီနေ့ ကျွန်တော် ရယ်နေခဲ့တယ်။
အသက်အရွယ်၊ ဘဝရင့်ကျက်မှု အခြေအနေ ပြောင်းသွားတာနဲ့အမျှ
လောကဓံကို ရင်ဆိုင်နိုင်စွမ်းလည်း ကွာခြားလာတယ်။
အချိန်ကာလက အကျွမ်းကျင်ဆုံး သမားတော်အဖြစ် ကုစားပေးခဲ့တာလို့လည်း ပြောလို့ရပါတယ်။
ကျွန်တော် ကြုံခဲ့ဖူးတာလေးကို စာဖတ်သူနဲ့အတူ ပြန်ခံစားမိတာလေးပါ။
စာဖတ်သူကိုလည်း ကျွန်တော့်လို ဘောလ်ပင်နဲ့ ရေးပြီး ဖြေရှင်းပါလို့ မဆိုလိုပါဘူး။
( ဒါပေမယ့် ရေးချင်ရေးကြည့်...တစ်ချိန်ကျရင် ပြန်ဖတ်တဲ့အခါ တော်တော်ရယ်ရတယ်ဗျ )
သို့သော့်..
ပြသနာ၊ နာကျင်စရာ၊ နာကြည်းစရာ၊ ဒေါသဖြစ်စရာ တစ်ခုခု ကြုံခဲ့ရင်
အဲ့ဒီ ပြသနာကို (စိတ်ခံစားမှုတွေ မပါတဲ့) ပြသနာတစ်ခုအဖြစ်ပဲ ဖြေရှင်းစေချင်ပါတယ်။
မှတ်ချက်။
ကျွန်တော်ရေးခဲ့ဖူးတဲ့ အမျက်ဒေါသထွက်စာကို ငှားဖတ်ရန် စိတ်မကူးပါနှင့်။
ကြိုတင်ခန့်မှန်းမိသည့်အတွက် (အရှက်ဗြန်းဗြန်းမကွဲခင်) အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ပြီး ဖြစ်ပါသည်။ smile emoticon
--------------------
အိမ်ဝေးသူ(KZ)
--------------------
No comments:
Post a Comment