Wednesday, 17 September 2014

စာနာစိတ်ကလေးတစ်ခုနဲ့ လူသူမသိတဲ့ အသိအမှတ်ပြု ခြင်းတစ်ပွေ့တပိုက်


(၁) ဆရာဝန်
(၂) ဆံပင်ညှပ်သူ
(၃) ကိုယ်တိုင်းယူပြီးအင်္ကျီချုပ်သူ

ဒီလူသုံးမျိုးဆီကိုသွားတဲ့အခါ
(မသွားခင်) အတတ်နိုင်ဆုံး သတိထားပြီး ရေချိုးသန့်စင်၊အမွေးနံ့သာ
လိမ်းတဲ့အကျင့်ကို ကျွန်တော်လုပ်လေ့ရှိတယ်။ ဆရာဝန်၊ ဆံပင်ညှပ်သမားနဲ့
ပိတ်စအတိုင်းယူပြီး အထည်ချုပ်သူ တွေဟာ လူ့ခန္ဓာကိုယ်ကထွက်တဲ့
အနံ့အသက်တွေကို အများဆုံး ရှူရှိက်ရတဲ့သူတွေ ဖြစ်တယ်။ အထူးသဖြင့်
ဆံပင်ညှပ်သမားဆီကို သွားတဲ့အခါ ခေါင်းကို လျှော်ဖြစ်အောင်လျှော်သွားတယ်။
ဒီအလေ့အကျင့်က သူတို့တတွေလုပ်နေရတဲ့ အလုပ်သဘာဝကို
နားလည်ပြီး စာနာစိတ်နဲ့ လုပ်ဖြစ်တာပါ။
ဘယ်ဆံပင်ညှပ်ဆရာမှ--
ခင်ဗျားရေချိုးခေါင်းလျှော်ပြီးမှ ဆံပင်လာညှပ်တဲ့အတွက်
ကျေးဇူးပါလို့ တကူးတက မပြောပါဘူး။
ဘယ်ဆရာဝန်မှ--
ရေချိုးသန့်စင်ပြီး ဆေးခန်းလာပြတဲ့အတွက်
ခင်ဗျားကို ကျေးဇူးတင်လိုက်တာဗျာလို့ တကူးတက မပြောပါဘူး။
ဘယ်အင်္ကျီဒီဇိုင်နာသမားမှ--
ခင်ဗျား ခန္ဓာကိုယ်က မွှေးလိုက်တာဗျာ။
ခင်ဗျားကိုယ်တိုင်းကို ယူရတာ စိတ်ချမ်းသာလိုက်တာဗျာလို့ တကူးတက မပြောပါဘူး။
- တစ်ဘက်သားကို ကူညီလိုက်တိုင်း
- တစ်ဘက်သားကို ကောင်းမှုကောင်းရာ တစ်စုံတခု လုပ်ပေးလိုက်တိုင်း
တူညီတဲ့ တုံ့ပြန်အသိအမှတ်ပြုမှု (Appreciation) ပြန်ရလိမ့်မယ်လို့ တရားသေ မရှိပါဘူး။
တစ်ချို့ က နှုတ်ကမြွက်ဟပြီး အသိအမှတ်ပြုမယ်။
တစ်ချို့ က ရင်ထဲကနေ တိတ်တိတ်လေး အသိအမှတ်ပြုမယ်။
ကျွန်တော့်အနေနဲ့ ဒီလိုလုပ်ဖြစ်တဲ့အတွက် သူတို့တတွေရဲ့ 
တရားဝင် အသိအမှတ်ပြု ခြင်း၊ ကျေးဇူးတင်ခြင်းတွေကို တစ်ခါမှ မရရှိခဲ့ဖူးပါဘူး။
ဒါပေမယ့်...
လူမသိ၊ သူမသိ ကိုယ်ပျိုးထောင်ခဲ့တဲ့ (စာနာစိတ်ကလေးတစ်ခု) နဲ့
ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ပြီး အသိအမှတ်ပြုမိတဲ့ ကျေနပ်မှုကတော့
ကျွန်တော့်လိပ်ပြာကို နွေးထွေးစေတယ်ဆိုတာ မငြင်းနိုင်ပါဘူးဗျာ။
စကားမစပ် ( ကြော်ငြာမဟုတ်ပါ )
ကျွန်တော် ဒီနေ့ ဆံပင်ညှပ်ဖြစ်တယ်။
ဆံပင်သွားမညှပ်ခင် ခေါင်းတစ်ကြိမ်လျှော်ဖြစ်တယ်။
ဆံပင်ညှပ်ပြီးတော့ ခေါင်းတစ်ကြိမ် လျှော်ဖြစ်ပါတယ်။
--------------------
အိမ်ဝေးသူ(KZ)
--------------------

No comments:

Post a Comment