Monday, 29 September 2014
စိုက်ပျိုး (ရိတ်သိမ်း) စိုက်ပျိုး
(က)
“You will reap what you sow”
ဤစကားစုသည် ဘာသာရေးဆန်သော စကားစုဖြစ်သည်။
လှပလေးနက်လွန်းသော ထိုစကားစု၏ နောက်ကွယ်တွင်
အဓိက တွေ့မြင်ရမည်မှာ (မျှော်လင့်ချက်) ဖြစ်သည်။
သို့ဆိုလျှင်….
အဘယ်သို့သော မျှော်လင့်ခြင်းမျိုးဖြစ်ပါသနည်း?
(၁) ကောင်းမြတ်သည့်အလုပ်ကို လုပ်ဆောင်ပါ။ ထို့အတွက် ကောင်းချီးမင်္ဂလာကို သင်စံစားရမည်။
(၂) မကောင်းသည့် လုပ်ရပ်များကို ရှောင်ကြဉ်ပါ။ မရှောင်ပါက အ,မင်္ဂလာကို သင်ခံစားရမည်။
(ခ)
လူသည် မျှော်လင့်ခြင်းတို့ဖြင့် အသက်ဆက်ရခြင်းကို ပျော်မွေ့ကြသည့် လူမှုသတ္တဝါ ဖြစ်သည်။
ကောင်းခြင်း၊ဆိုးခြင်းများကို လုပ်ဆောင်သောကြောင့် ထို ကောင်းခြင်း၊ဆိုးခြင်းများ၏ ရလာဒ်များအား
ပိုင်ဆိုင်ရိတ်သိမ်းရမည့် ပုံစံ နှစ်မျိုးကွဲသွားပြန်သည်။
(၁) လက်ရှိပိုင်ဆိုင်နေရသော လူ့ဘဝ
(၂) သေလွန်ပြီးရောက်ရှိမည့် အခြားဘဝ
ကျွန်တော်၏ စိုက်ပျိုးရိတ်သိမ်းခြင်း ခေါင်းစဉ်အောက်၌ လူ့ဘဝတွင် စံစား၊ခံစားရမည့်
အကြောင်းကိုသာ ဆွေးနွေးမည်ဖြစ်ပြီး သေလွန်ပြီးနောက် ရရှိမည့် ရလာဒ်များကိုမူ
အထူးတလည် တင်ပြမည်မဟုတ်ပါ။ အံသြဘနန်း ဆန်းကြယ်ထွေပြားလှသော
ကျွန်တော်တို့၏ လူမှုဘဝများတွင်
(၁)
မိမိက လှိုက်လှဲပျူငှာစွာ ပြုံးပြလိုက်သော်လည်း
အေးစက်မာကျောသည့် အကြည့်ကိုသာ တုံ့ပြန်ရရှိလိုက်ခြင်း။
(၂)
မိမိက အကောင်းဆုံးကို ဆောင်ရွက်လိုက်သော်လည်း
အဆိုးဆုံးများသာ မိမိထံသို့ ရောက်ရှိလာခြင်း။
(၃)
မိမိက အကောင်းဆုံးကို ဆောင်ရွက်လိုက်ပြီး
မိမိထံသို့ အကောင်းဆုံးများသာ ပြန်လည်ရောက်ရှိလာခြင်း။
(၄)
မိမိက အဆိုးဆုံးကို ဆောင်ရွက်ပြုမူလိုက်သော်လည်း
အကောင်းဆုံးများသာ မိမိထံသို့ ရောက်ရှိလာခြင်း။
(၅)
မိမိက အဆိုးဆုံးကို ဆောင်ရွက်လိုက်ပြီး
မိမိထံသို့ အဆိုးဆုံးများသာ ပြန်လည်ရောက်ရှိလာခြင်း။
(၆)
မိမိက ကောင်းခြင်း တစ်ခုတည်းကို ဆောင်ရွက်လိုက်သော်လည်း
(အကောင်း၊အဆိုး) ပြိုင်တူရောက်လာခြင်း။
(၇)
မိမိက ဆိုးခြင်း တစ်ခုတည်းကို ဆောင်ရွက်လိုက်သော်လည်း
(အဆိုး၊အကောင်း) ပြိုင်တူရောက်လာခြင်း။
အရိုးရှင်းဆုံး သဘောတရားမှာ
ကျွန်တော်တို့ မျှော်လင့်ထားသည်နှင့် ကိုက်ညီလျှင်
ကျွန်တော်တို့ ကျေနပ်စွာ လက်ခံတတ်ကြပြီး
ကျွန်တော်တို့ လက်မခံနိုင်သည့် အနေအထားမျိုးဖြင့်
ရလာဒ်ကို တွေ့ရပါက ကျွန်တော်တို့ နာကျင်ကြေကွဲကြပါသည်။
(ဂ)
ဆိုကြပါစို့။
အခြေအနေ (၁)
ကျွန်တော် ကောင်းကင်ဘက်သို့ မျက်နှာမူပြီး တံတွေးထွေးလိုက်သည်။
ကျွန်တော် မျှော်လင့်ထားသည်မှာ သေချာပေါက် ကျွန်တော့်မျက်နှာပေါ်တွင်
တံတွေးများစင်မည်ကိုဖြစ်သည်။ သို့သော် ကျွန်တော် မျှော်လင့်ထားခြင်း မရှိသည်မှာ
ကျွန်တော် တံတွေးထွေးလိုက်ချိန်တွင် ထိုတံတွေးများနှင့်အတူ ငှက်တစ်ကောင် စွန့်ပစ်လိုက်သော
မစင်များ ကျွန်တော့်မျက်နှာပေါ်သို့ ကျရောက်လာမည်ကို ဖြစ်သည်။
(သေချာပါသည်။
ငှက်ချေးပါချလျှင် ကံကောင်းတတ်သည်ဟူသော
အယူအဆကိုပယ်လိုက်ပါက ကျွန်တော် စိတ်ဆိုးမည်ဖြစ်သည်)
အခြေအနေ (၂)
ကျွန်တော် ထိုငှက်စုတ်ငှက်နာကိုလည်း စိတ်ဆိုးသည်။
ကောင်းကင်ကို မျက်နှာမူပြီး တံတွေးထွေးခြင်းသည် ရူးနှမ်းသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ခံယူသည်။
ယခုအချိန်မှာတော့ ကျွန်တော့်မျက်နှာကိုရော ၊ ကျွန်တော့်ပတ်ဝန်းကျင်ကိုရော တံတွေးမစင်စေရန် ရည်သန်ပြီး
မြေပြင်မှာ တံတွေးကို ငြင်သာစွာ ထွေးလိုက်သည်။ သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာဖြင့်
ကျွန်တော့်ဘေးမှ ဖြတ်သွားသော (တစ်စုံတယောက်) ၏ စည်းကမ်းမဲ့စွာ တံတွေးထွေးခြင်းကြောင့်
ကျွန်တော့် ခြေဖမိုးသို့ တံတွေးများဖြင့် ပေကျံကုန်သည်။
(သေချာပါသည်။
ကောင်းကင်ကို မျက်နှာမူပြီး တံတွေးထွေးစဉ်က မျက်နှာပေကျံခဲ့ရသလို မြေပြင်ကို ထွေးရာတွင်
ခြေဖမိုးကို တံတွေးပေကျံရခြင်းအတွက် ကျွန်တော် မည်သို့မျှ ပျော်ရွှင်နိုင်မည်မဟုတ်ပါ)
အခြေအနေ (၃)
ကမ္ဘာကျော် သူဌေးကြီး Bills Gate စီးလာသော အကောင်းစား ကားကြီး မမျှော်လင့်ဘဲ
တစ်နေရာတွင် စက်ရပ်သွားသည်။ တစ်ခါမှ မဖြစ်ဖူးသောကြောင့် သူအံသြတကြီး ဖြစ်ရသည်။
ဒရိုင်ဘာက ကားစက်ကို ဆင်း၍ ကြည့်ရှု စစ်ဆေးနေစဉ်တွင် ကားရပ်သွားသောနေရာနှင့်
မလှမ်းမကမ်း၌ ဆင်းရဲ နုံချာလွန်းသော သူတောင်းစားတစ်ယောက်က ငွေတောင်းခံနေသည်။
သူဌေးကြီး၏ စူးစမ်းလိုသော ခြေလှမ်းများက သူတောင်းစားရှေ့သို့ အရောက်ပို့ပေးလိုက်သည်။
ကူညီတတ်သော စိတ်ဓာတ်အခံရှိသည့် ကမ္ဘာကျော် သူဌေးကြီးက မေးမြန်းစပ်စုရင်း
သူတောင်းစားခံစားနေရသည့် Cancer (ကင်န်ဆာ) ရောဂါကို သိရဖြင့် ပျောက်ကင်းသည့်အထိ
ဆေးကုရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးလိုက်သည်။
အမှန်တကယ်တွင်မူ...
(၁) သူဌေးကြီး၏ ကားသည် တစ်ကြိမ်တခါမျှ ဤနေရာတွင် စက်မရပ်ဖူးခဲ့။
(၂) သူဌေးကြီးသည် ကားပေါ်တွင်သာ စတိုင်ကျကျနေ၍လည်း ရသည်။
(၃) သူ မစိုက်ပျိုးသော အပင်( တနည်းအားဖြင့် သူတောင်းစား) အတွက် သူဘာမျှ ရိတ်သိမ်းစရာ မလို။
(၄) သို့သော် သူနှင့် လုံးဝ မဆိုင်သော ကိစ္စတစ်ခုအား (ကူညီခြင်းဖြင့်) သူရိတ်သိမ်းလိုက်ရသည်။
(၅) တစ်ချိန်တည်းမှာပင် သူ၏ ရိတ်သိမ်းခြင်းနှင့်အတူ သူသည် စိုက်ပျိုးခြင်းအလုပ်ကိုပါ
အတူလုပ်ဆောင်သွားသည်။
အကယ်၍ ယခုဖြစ်ပွားခဲ့သော အခြေအနေများ အားလုံး ပုံမပျက်ရှိနေပြီး
Bill Gates လာမည့်အစား မြန်မာပြည်က နာမည်ကြီး ခေါင်းဆောင် ဦးသန်းရွှေ ရောက်လာမည်ဆိုပါက....
အခြေအနေ အတူတူပင် ဖြစ်နိုင်မည်လော။
(ဃ)
- တစ်ခါတရံတွင် ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာတတ်ကြောင်းနှင့်
မမျှော်လင့်ထားသော်လည်း ဖြစ်လာတတ်ကြောင်း သတိထားရမည် ဖြစ်သည်။
- တစ်ခါတရံတွင်မူ
"သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ၊သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ၊ဓမ္မတာတည်း"
ဟူသည့် လောကသဘာဝကို နားလည်ထားရန်လိုအပ်သည်။
- ကျွန်တော် စိုက်ပျိုးလိုက်သော အပင်အတွက် ယနေ့ချက်ချင်း မရိတ်သိမ်းနိုင်သည့်တိုင်အောင်
နောင်တစ်ချိန်တွင် သေချာပေါက် ရိတ်သိမ်းရလိမ့်မည် ဖြစ်ကြောင်း မိမိကိုယ်ကို အသိပေးထားရမည်။
နိဂုံးချုပ်စကားဆိုပါမည်။
ကျွန်တော့် ရိတ်သိမ်းမှုသည် တစ်ခါတရံတွင် ရိတ်သိမ်းမှုသက်သက် ဖြစ်သော်လည်း
တစ်ခါတရံမှာမူ (ရိတ်သိမ်းမှု+စိုက်ပျိုးခြင်း) လည်းမည်ပေသည်။
ငါ့အပင်မဟုတ်ဘူး၊ ငါရိတ်သိမ်းနေရတယ်
“မင်းစိုက်ပျိုးသမျှ
မင်းရိတ်သိမ်းရမယ်” တဲ့။
တကယ်က
ငါ… ပျိုးမကြဲခဲ့ဘူး
ငါ...ရေမလောင်းခဲ့ဘူး
ငါ...ပေါင်းမသင်ခဲ့ဘူး။
ပြီးတော့
တစ်စုံတယောက်ရဲ့ စိုက်ပျိုးမှုကို
ရိတ်သိမ်းရမယ်လို့
ငါ…မျှော်လင့်မထားဘူး။
အသေအချာပါပဲ
အဲ့ဒါ ငါ့အပင်မဟုတ်ဘူး။
ဒါပေမယ့်
ငါ…ရိတ်သိမ်းနေရတယ်။
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment