Monday, 1 September 2014

အပြုသဘော စွဲလန်းတတ်ပါစေ


၁)
Good Bye, August. I don’t want to see you again.
၂)
ကံဆိုးမိုးမှောင်ကျနိုင်လွန်းတဲ့ သြဂုတ်လ။
၃)
မကောင်းတာတွေချည်းပဲ တစ်လလုံး ဆက်တိုက် ဖြစ်နေတာပဲ။
Facebook ပေါ်က မိတ်ဆွေ အချို့ တင်ထားတဲ့ Status လေးတွေပါ။
ကောင်းတာတွေကို ရေးတာထက် မကောင်းတာတွေကို ရေးတာ ပိုများနေတယ်လို့လည်း
ရိုးရိုးသားသား ယူဆမိတယ်။
အပေါ်က အချက်တွေက ကျွန်တော် မှတ်မိသလောက် ပြန်ချရေးပြတာပါ။
ဒီထက် ဆိုးဆိုးရွားရွားတွေလည်း ရှိနိုင်ပါသေးတယ်။
နေ့သစ်၊ လ,သစ်၊ နှစ်သစ်ကို ကြိုဆိုတာ ကောင်းပေမယ့် ကျန်ခဲ့တဲ့ နေ့ရက်တွေ၊ လ,တွေ၊ နှစ်တွေကို အပြစ်တင်တာကတော့ မဖြစ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။
ကျွန်တော်တို့ တတွေဟာ
ကိန်းဂဏန်းတွေအပေါ်မှာ အစွဲအလန်း ရှိတတ်ကြပါတယ်။
ဥပမာ..
ကျွန်တော်ဆိုရင်...(၄) ဂဏန်းသမားလို့ ပြောချင်ရင် ပြောလို့ရတယ်။
နံပါတ် (၄) နဲ့ပက်သက်လို့ တိုက်ဆိုင်မှုတွေ အများကြီး ကျွန်တော့်ဘဝမှာ ဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် (၄) ဂဏန်းနဲ့ ပက်သက်လို့ ဖြစ်ခဲ့တဲ့ ကောင်းမွန်ခြင်းတွေကိုသာ ကျွန်တော်
အသိအမှတ်ပြုခဲ့တယ်။ အဲ့လိုပဲ အခြားလူတွေဆီမှာလည်း မတူညီတဲ့ တိုက်ဆိုင်မှုတွေ အများကြီး ရှိတတ်ကြတယ်။ အဲ့လို တိုက်ဆိုင်ခြင်းတွေကြောင့် ဖြစ်လာတဲ့ အစွဲအလန်းတွေကို အမှားအမှန် ဝေဖန်လိုစိတ် ကျွန်တော့်မှာ မရှိပါဘူး။ ဒါပေမယ့် ကောင်းတဲ့ အစွဲအလန်းမျိုးကိုတော့ ရွေးပြီး စွဲလန်းကြစေချင်ပါတယ်။
ဥပမာ။
၁) ကောင်းတာတွေ ဖြစ်ခဲ့တယ်။
၂) မကောင်းတာတွေ ဖြစ်ခဲ့တယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ မကောင်းတာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်လို့ ယူဆထားသူတွေ၊
ဒီလမှာ ကံမကောင်းဘူး လို့ ယူဆထားသူတွေဟာ အဲ့ဒီ အယူအဆကို ဖျောက်ဖျက်ပစ်နိုင်အောင်
ကြိုးစားရမှာပါ။ ဒီလမှာ မကောင်းတာတွေ အမြဲဖြစ်မယ်လို့ ယူဆထားတဲ့ အစွဲအလန်းကြောင့်
အဲဒီလ တစ်လလုံးမှာ အဆင်မပြေမှုတွေချည်းပဲ တိုက်တိုက်ဆိုင်ဆိုင် ကြုံရတတ်တယ်။
လက်ထဲမှာ ကိုင်ထားတဲ့ ခွက်တစ်လုံး အခန့်မသင့် လွတ်ကျသွားရင်တောင် ဒီလမှာပဲ ဖြစ်တာလို့
စွဲလန်းတတ်ကြတယ်။ အခြားလမှာ ဖြစ်ခဲ့ရင်တော့ မတော်တဆ ဖြစ်တာလို့ ခံယူတတ်တယ်။
တကယ်တမ်းက အဲဒီလို အပျက်သဘော (Negative attitude) က အမှားမှားအယွင်းယွင်း
ဖြစ်အောင် တွန်းပို့နေတတ်တာပါ။
ဘာသာတရားအားဖြင့်တော့ ကိန်းဂဏန်းတွေက ကျွန်တော်တို့ကို အလွန်အကျူးလွှမ်းမိုး
ထိန်းချုပ်လာရင် ယုံကြည်သက်ဝင်မှုအပိုင်းမှာ အန္တရာယ်ကြီးပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတဲ့ အယူအဆထဲမှာလည်း အစွဲအလန်းကို ကြီးမားတဲ့အကန့်တစ်ခုအနေနဲ့ မထည့်သွင်းသင့် ပါဘူး။
- စက်တင်ဘာလဆို ငါ အဆင်မပြေတတ်ဘူး။
-၃ ဂဏန်းက ငါ့ကို အကျိုးမပေးဘူး။
-၂၀၁၄ ကတော့ ကံဆိုးမိုးမှောင်ကျတဲ့ နှစ်ပဲ။
ဒီလို အယူအဆမျိုးဟာ မှန်တယ်မှားတယ်လို့ ကျွန်တော်မပြောပါဘူး။
ဒါပေမယ့် အကျိုးယုတ်စေတယ်ဆိုတာကို ကျွန်တော်တို့ ငြင်းလို့ မရနိုင်ပါဘူး။
၂၀၁၄ စက်တင်ဘာလမှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုးရွားမှုတွေ ကြုံခဲ့ရင်တောင်
၂၀၁၅ စက်တင်ဘာလမှာ ကောင်းတာတွေ ဖြစ်လာမယ်လို့ ယုံကြည်ပေးနိုင်ခြင်းက
ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ဖြစ်စေမယ်လို့ ယူဆမိပါတယ်။
ဒီနေရာမှာ တိုက်ဆိုင်လို့ စိတ်ပညာဆိုင်ရာ သဘောတရားတစ်ခုကို ပြောပြချင်ပါတယ်။
၁)
လူလေး စာမေးပွဲ အောင်ကို အောင်ရမယ်။
-----------------------------------------------
ဒီဝါကျဟာ အပြုသဘော ဆောင်တဲ့ ဝါကျ ဖြစ်ပြီး ဒီဝါကျမှာ ခွန်အားတွေ ပါတယ်။
လူလေးကို စာမေးပွဲ အောင်ကို အောင်ရမယ်ဆိုတဲ့ ခွန်အား အပြည့်ပေးတယ်။
ဒွိဟာ သံသယတွေ လုံးဝ မဖြစ်စေဘူး။ အောင်ရမယ် ဆိုတဲ့ တွန်းအားက
ကျရှုံးမယ်ဆိုတဲ့ ဘက်ကို အာရုံမလှည့်စေဘူး။ ဒါဟာ အမိန့်ပေးဝါကျ တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်
ဒီလူလေးက စာမေးပွဲကို ရာနှုန်းပြည့် အောင်ဖို့ ကြိုးစားလိမ့်မယ်လို့ ပြောလို့ရတယ်။
၂)
လူလေး စာမေးပွဲ လုံးဝ မကျစေနဲ့။
-------------------------------------
ဒီဝါကျကတော့ အပျက်သဘောကို ဦးဆောင်ထားတယ်။
(Don't=မလုပ်နဲ့၊ မဖြစ်စေနဲ့၊ မကျစေနဲ့၊ မတိုက်စေနဲ့) ဆိုတာမျိုးဟာ
အမိန့်ပေးခံရသူကို ဒွိဟ ဖြစ်စေတယ်။ စိုးရိမ်မှု ဖြစ်စေတယ်။
လူလေးက စာမေးပွဲ အောင်ဖို့ ကြိုးစားရမယ်လို့ သူ့မှတ်ဥာဏ်မှာ မှတ်မယ့်အစား
စာမေးပွဲ ကျလို့ မဖြစ်ဘူးဆိုတဲ့ အသိက သူ့ကို စိုးရိမ်ကြောင့်ကြမှု ၊ စိတ်ဖိစီးမှု တိုးစေပြီး
အလွဲအလွဲအမှားအမှား ဖြစ်စေနိုင်တယ်။ ဒီလူလေး စာမေးပွဲကို ရာနှုန်းပြည့် အောင်ဖို့
ကြိုးစားလိမ့်မယ်လို့ အာမခံ လို့ မရနိုင်ဘူး။
ကျွန်တော် တတ်နိုင်သလောက်လေး ဥပမာ ပေးထားတာပါ။
လူလေးရဲ့ စာမေးပွဲ ကိစ္စလိုပဲ ကျွန်တော်တို့ ဘဝတွေမှာ
မကောင်းတဲ့ အစွဲအလန်း၊ အယူအဆ၊ လွှမ်းမိုးမှုတွေ နဲ့ ပြည့်နှက်နေပြီဆိုရင်
ကောင်းတဲ့ ရလာဒ်ကို ဦးတည်ဖို့ ကျွန်တော်တို့ ခက်ခဲလာကြရပါလိမ့်မယ်။
ဒီနေ့ နဲ့ မနက်ဖြန် တောင် မတူသေးရင်...
နိုဝင်ဘာနဲ့ ဒီဇင်ဘာဟာလည်း မတူနိုင်ပါဘူး။
၂၀၁၄ သြဂုတ်နဲ့ ၂၀၁၅ သြဂုတ်လည်း မတူနိုင်ပါဘူး။
နေ့စဉ်နေ့တိုင်းသာ ပုံသေရှိနေမယ်ဆိုရင် ကမ္ဘာကျော်တွေက မအောင်မြင်ခင်
ကိုယ့်ကိုယ်ကို သတ်သေကုန်ကြပါလိမ့်မယ်။
စာဖတ်သူရော..ကျွန်တော်ရော ပျင်းစရာကောင်းတဲ့ (ညီမျှခြင်းတွေ ပြည့်နေတဲ့)
နေ့စဉ်ဆိုတာကြီးကို ဘာလို့ ဖြတ်သန်းကြဦးမှာလဲ?
နိဂုံးချုပ်အနေနဲ့။
စာဖတ်သူဟာ
(ကိန်းဂဏာန်း၊ နေ့ည၊ နှစ်လ ၊ အချိန်အခါ) တွေပေါ်မှာ
အစွဲအလန်းထားတတ်သူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်
(မှန်သည်မှားသည်...ကျွန်တော် လုံးဝ မပြောပါ)
အပျက်သဘော အစွဲအလန်းမျိုး ရှိခဲ့ရင် ကြိုးစားပယ်ဖျက်ပြီး
အပြုသဘောမျိုးကို ရွေးချယ်စွဲလန်းပြီး အဲဒီအစွဲအလန်းကြောင့်လည်း
ကောင်းတာတွေသာ ဖြစ်ထွန်းခဲ့မယ်ဆိုရင်....
အလွန်ကျေနပ်စရာ ကောင်းနေပြီလို့သာ ပြောချင်ပါတယ် ခင်ဗျာ။
{မှတ်ချက်}
၁)
ဘာသာရေး အယူအဆ မဆွေးနွေးပါ။
၂)
အစွဲအလန်းထားရန် အားပေးခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ မြင်စေချင်ပါသည်။
၃)
ကျွန်တော်ကိုယ်တိုင် ကိန်းဂဏန်းများကြောင့် (ကောင်း၊ဆိုး) ဖြစ်သည်ဟု ယုံကြည်သူ မဟုတ်ပါ။
-------------------
အိမ်ဝေးသူ(KZ)
-------------------

No comments:

Post a Comment