Tuesday, 30 September 2014

အမှတ်တရဆိုတာ


ဘဝမှာ
တစ်ခဏတာလေး တိုက်ခတ်ခဲ့ဖူးတဲ့
လေပြည်လေညင်းလေး ဖြစ်ခဲ့ရင်တောင်
တစ်သက်တာလုံးအတွက် လုံလောက်တယ်။

ဘဝခရီးမှာ
မောပန်းနွမ်းလျတဲ့အခါတိုင်း
အဲ့ဒီ့ လေပြည်လေညင်းလေးကို
ထုတ်ယူကြည့်လိုက်ပါ။

အတိုင်းမသိတဲ့ ကြည်လင်အေးမြမှုတွေနဲ့
ပစ္စုပ္ပန်ကို ထုံမွမ်းသင်းပျံ့ နေစေလိမ့်မယ်။

ခံစားမှုမြင်ကွင်း ကြည်လင်ပြတ်သားချင်ရင်
မျက်ဝန်းအစုံကို တစ်ခဏတာ မှိတ်ထားဖို့တော့ လိုတာပေါ့။။။

--------------------
အိမ်ဝေးသူ(KZ)



Monday, 29 September 2014

စိုက်ပျိုး (ရိတ်သိမ်း) စိုက်ပျိုး


 (က)

“You will reap what you sow”

ဤစကားစုသည် ဘာသာရေးဆန်သော စကားစုဖြစ်သည်။
လှပလေးနက်လွန်းသော ထိုစကားစု၏ နောက်ကွယ်တွင်
အဓိက တွေ့မြင်ရမည်မှာ (မျှော်လင့်ချက်) ဖြစ်သည်။

သို့ဆိုလျှင်….
အဘယ်သို့သော မျှော်လင့်ခြင်းမျိုးဖြစ်ပါသနည်း?

(၁) ကောင်းမြတ်သည့်အလုပ်ကို လုပ်ဆောင်ပါ။ ထို့အတွက် ကောင်းချီးမင်္ဂလာကို သင်စံစားရမည်။
(၂) မကောင်းသည့် လုပ်ရပ်များကို ရှောင်ကြဉ်ပါ။ မရှောင်ပါက အ,မင်္ဂလာကို သင်ခံစားရမည်။


(ခ)

လူသည် မျှော်လင့်ခြင်းတို့ဖြင့် အသက်ဆက်ရခြင်းကို ပျော်မွေ့ကြသည့် လူမှုသတ္တဝါ ဖြစ်သည်။
ကောင်းခြင်း၊ဆိုးခြင်းများကို လုပ်ဆောင်သောကြောင့် ထို ကောင်းခြင်း၊ဆိုးခြင်းများ၏ ရလာဒ်များအား
ပိုင်ဆိုင်ရိတ်သိမ်းရမည့် ပုံစံ နှစ်မျိုးကွဲသွားပြန်သည်။

(၁) လက်ရှိပိုင်ဆိုင်နေရသော လူ့ဘဝ
(၂) သေလွန်ပြီးရောက်ရှိမည့် အခြားဘဝ

ကျွန်တော်၏ စိုက်ပျိုးရိတ်သိမ်းခြင်း ခေါင်းစဉ်အောက်၌ လူ့ဘဝတွင် စံစား၊ခံစားရမည့်
အကြောင်းကိုသာ ဆွေးနွေးမည်ဖြစ်ပြီး သေလွန်ပြီးနောက် ရရှိမည့် ရလာဒ်များကိုမူ
အထူးတလည် တင်ပြမည်မဟုတ်ပါ။ အံသြဘနန်း ဆန်းကြယ်ထွေပြားလှသော
ကျွန်တော်တို့၏ လူမှုဘဝများတွင်

(၁)
မိမိက လှိုက်လှဲပျူငှာစွာ ပြုံးပြလိုက်သော်လည်း
အေးစက်မာကျောသည့် အကြည့်ကိုသာ တုံ့ပြန်ရရှိလိုက်ခြင်း။

(၂)
မိမိက အကောင်းဆုံးကို ဆောင်ရွက်လိုက်သော်လည်း
အဆိုးဆုံးများသာ မိမိထံသို့ ရောက်ရှိလာခြင်း။

(၃)
မိမိက အကောင်းဆုံးကို ဆောင်ရွက်လိုက်ပြီး
မိမိထံသို့ အကောင်းဆုံးများသာ ပြန်လည်ရောက်ရှိလာခြင်း။

(၄)
မိမိက အဆိုးဆုံးကို ဆောင်ရွက်ပြုမူလိုက်သော်လည်း
အကောင်းဆုံးများသာ မိမိထံသို့ ရောက်ရှိလာခြင်း။

(၅)
မိမိက အဆိုးဆုံးကို ဆောင်ရွက်လိုက်ပြီး
မိမိထံသို့ အဆိုးဆုံးများသာ ပြန်လည်ရောက်ရှိလာခြင်း။

(၆)
မိမိက ကောင်းခြင်း တစ်ခုတည်းကို ဆောင်ရွက်လိုက်သော်လည်း
(အကောင်း၊အဆိုး) ပြိုင်တူရောက်လာခြင်း။

(၇)
မိမိက ဆိုးခြင်း တစ်ခုတည်းကို ဆောင်ရွက်လိုက်သော်လည်း
(အဆိုး၊အကောင်း) ပြိုင်တူရောက်လာခြင်း။

အရိုးရှင်းဆုံး သဘောတရားမှာ

ကျွန်တော်တို့ မျှော်လင့်ထားသည်နှင့် ကိုက်ညီလျှင်
ကျွန်တော်တို့ ကျေနပ်စွာ လက်ခံတတ်ကြပြီး

ကျွန်တော်တို့ လက်မခံနိုင်သည့် အနေအထားမျိုးဖြင့်
ရလာဒ်ကို တွေ့ရပါက ကျွန်တော်တို့ နာကျင်ကြေကွဲကြပါသည်။


(ဂ)

ဆိုကြပါစို့။

အခြေအနေ (၁)
ကျွန်တော် ကောင်းကင်ဘက်သို့ မျက်နှာမူပြီး တံတွေးထွေးလိုက်သည်။
ကျွန်တော် မျှော်လင့်ထားသည်မှာ သေချာပေါက် ကျွန်တော့်မျက်နှာပေါ်တွင်
တံတွေးများစင်မည်ကိုဖြစ်သည်။ သို့သော် ကျွန်တော် မျှော်လင့်ထားခြင်း မရှိသည်မှာ
ကျွန်တော် တံတွေးထွေးလိုက်ချိန်တွင် ထိုတံတွေးများနှင့်အတူ ငှက်တစ်ကောင် စွန့်ပစ်လိုက်သော
မစင်များ ကျွန်တော့်မျက်နှာပေါ်သို့ ကျရောက်လာမည်ကို ဖြစ်သည်။

(သေချာပါသည်။
ငှက်ချေးပါချလျှင် ကံကောင်းတတ်သည်ဟူသော
အယူအဆကိုပယ်လိုက်ပါက ကျွန်တော် စိတ်ဆိုးမည်ဖြစ်သည်)

အခြေအနေ (၂)
ကျွန်တော် ထိုငှက်စုတ်ငှက်နာကိုလည်း စိတ်ဆိုးသည်။
ကောင်းကင်ကို မျက်နှာမူပြီး တံတွေးထွေးခြင်းသည် ရူးနှမ်းသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ခံယူသည်။
ယခုအချိန်မှာတော့ ကျွန်တော့်မျက်နှာကိုရော ၊ ကျွန်တော့်ပတ်ဝန်းကျင်ကိုရော တံတွေးမစင်စေရန် ရည်သန်ပြီး
မြေပြင်မှာ တံတွေးကို ငြင်သာစွာ ထွေးလိုက်သည်။ သို့သော် မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာဖြင့်
ကျွန်တော့်ဘေးမှ ဖြတ်သွားသော (တစ်စုံတယောက်) ၏ စည်းကမ်းမဲ့စွာ တံတွေးထွေးခြင်းကြောင့်
ကျွန်တော့် ခြေဖမိုးသို့ တံတွေးများဖြင့် ပေကျံကုန်သည်။

(သေချာပါသည်။
ကောင်းကင်ကို မျက်နှာမူပြီး တံတွေးထွေးစဉ်က မျက်နှာပေကျံခဲ့ရသလို မြေပြင်ကို ထွေးရာတွင်
ခြေဖမိုးကို တံတွေးပေကျံရခြင်းအတွက် ကျွန်တော် မည်သို့မျှ ပျော်ရွှင်နိုင်မည်မဟုတ်ပါ)

အခြေအနေ (၃)
ကမ္ဘာကျော် သူဌေးကြီး Bills Gate စီးလာသော အကောင်းစား ကားကြီး မမျှော်လင့်ဘဲ
တစ်နေရာတွင် စက်ရပ်သွားသည်။ တစ်ခါမှ မဖြစ်ဖူးသောကြောင့် သူအံသြတကြီး ဖြစ်ရသည်။
ဒရိုင်ဘာက ကားစက်ကို ဆင်း၍ ကြည့်ရှု စစ်ဆေးနေစဉ်တွင် ကားရပ်သွားသောနေရာနှင့်
မလှမ်းမကမ်း၌ ဆင်းရဲ နုံချာလွန်းသော သူတောင်းစားတစ်ယောက်က ငွေတောင်းခံနေသည်။
သူဌေးကြီး၏ စူးစမ်းလိုသော ခြေလှမ်းများက သူတောင်းစားရှေ့သို့ အရောက်ပို့ပေးလိုက်သည်။
ကူညီတတ်သော စိတ်ဓာတ်အခံရှိသည့် ကမ္ဘာကျော် သူဌေးကြီးက မေးမြန်းစပ်စုရင်း
သူတောင်းစားခံစားနေရသည့် Cancer (ကင်န်ဆာ) ရောဂါကို သိရဖြင့် ပျောက်ကင်းသည့်အထိ
ဆေးကုရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးလိုက်သည်။

အမှန်တကယ်တွင်မူ...

(၁) သူဌေးကြီး၏ ကားသည် တစ်ကြိမ်တခါမျှ ဤနေရာတွင် စက်မရပ်ဖူးခဲ့။
(၂) သူဌေးကြီးသည် ကားပေါ်တွင်သာ စတိုင်ကျကျနေ၍လည်း ရသည်။
(၃) သူ မစိုက်ပျိုးသော အပင်( တနည်းအားဖြင့် သူတောင်းစား) အတွက် သူဘာမျှ ရိတ်သိမ်းစရာ မလို။
(၄) သို့သော် သူနှင့် လုံးဝ မဆိုင်သော ကိစ္စတစ်ခုအား (ကူညီခြင်းဖြင့်) သူရိတ်သိမ်းလိုက်ရသည်။
(၅) တစ်ချိန်တည်းမှာပင် သူ၏ ရိတ်သိမ်းခြင်းနှင့်အတူ သူသည် စိုက်ပျိုးခြင်းအလုပ်ကိုပါ
      အတူလုပ်ဆောင်သွားသည်။

အကယ်၍ ယခုဖြစ်ပွားခဲ့သော အခြေအနေများ အားလုံး ပုံမပျက်ရှိနေပြီး
Bill Gates လာမည့်အစား မြန်မာပြည်က နာမည်ကြီး ခေါင်းဆောင် ဦးသန်းရွှေ ရောက်လာမည်ဆိုပါက....
အခြေအနေ အတူတူပင် ဖြစ်နိုင်မည်လော။


(ဃ)

- တစ်ခါတရံတွင် ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်မလာတတ်ကြောင်းနှင့်
  မမျှော်လင့်ထားသော်လည်း ဖြစ်လာတတ်ကြောင်း သတိထားရမည် ဖြစ်သည်။

- တစ်ခါတရံတွင်မူ
  "သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ၊သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ၊ဓမ္မတာတည်း"
  ဟူသည့် လောကသဘာဝကို နားလည်ထားရန်လိုအပ်သည်။

- ကျွန်တော် စိုက်ပျိုးလိုက်သော အပင်အတွက် ယနေ့ချက်ချင်း မရိတ်သိမ်းနိုင်သည့်တိုင်အောင်
  နောင်တစ်ချိန်တွင် သေချာပေါက် ရိတ်သိမ်းရလိမ့်မည် ဖြစ်ကြောင်း မိမိကိုယ်ကို အသိပေးထားရမည်။

  နိဂုံးချုပ်စကားဆိုပါမည်။

  ကျွန်တော့် ရိတ်သိမ်းမှုသည် တစ်ခါတရံတွင် ရိတ်သိမ်းမှုသက်သက် ဖြစ်သော်လည်း
  တစ်ခါတရံမှာမူ (ရိတ်သိမ်းမှု+စိုက်ပျိုးခြင်း) လည်းမည်ပေသည်။


ငါ့အပင်မဟုတ်ဘူး၊ ငါရိတ်သိမ်းနေရတယ် 


“မင်းစိုက်ပျိုးသမျှ
မင်းရိတ်သိမ်းရမယ်” တဲ့။

တကယ်က
ငါ… ပျိုးမကြဲခဲ့ဘူး
ငါ...ရေမလောင်းခဲ့ဘူး
ငါ...ပေါင်းမသင်ခဲ့ဘူး။

ပြီးတော့
တစ်စုံတယောက်ရဲ့ စိုက်ပျိုးမှုကို
ရိတ်သိမ်းရမယ်လို့ 
ငါ…မျှော်လင့်မထားဘူး။

အသေအချာပါပဲ
အဲ့ဒါ ငါ့အပင်မဟုတ်ဘူး။
ဒါပေမယ့်
ငါ…ရိတ်သိမ်းနေရတယ်။


အိမ်ဝေးသူ(KZ)

Saturday, 27 September 2014

ခွင့်လွှတ်ခြင်း


ခွင့်လွှတ်ခြင်းဟူသည်
မိမိက
မိမိကို
ပေးရသော လက်ဆောင်ဖြစ်သည်။

တနည်းအားဖြင့်
မိမိနှင့် မိမိအတ္တတို့
ငြိမ်းချမ်းရေး ယူလိုက်ခြင်းဖြစ်သည်။

-----------------
အိမ်ဝေးသူ(KZ)

-----------------


Friday, 26 September 2014

ချစ်ခွင့်/ ငြင်းခွင့်


ကောင်လေး...က
ကောင်မလေး... ကို ချစ်တယ်။
ကောင်လေး...က
ကောင်မလေး...ကို ချစ်မိတဲ့ အတွက်
ကောင်လေး...မှာ အပြစ်မရှိပါဘူး။
ကောင်လေး...ကို
ကောင်မလေး.....က စိတ်ဆိုးဒေါသထွက်ခွင့် မရှိပါဘူး။
(မတူမတန် ဆက်ဆံပိုင်ခွင့် မရှိပါဘူး)
ကောင်လေး...က
ကောင်မလေး....ကို ချစ်ခွင့်ရှိနေစဉ်မှာ
ကောင်မလေး.... ကလည်း
ကောင်လေး... ကို
(၁) လွတ်လပ်စွာ ငြင်းပိုင်ခွင့်၊
(၂) လွတ်လပ်စွာ ပြန်ချစ်ခွင့် ရှိပါတယ်။
ဒါပေမယ့်....
ကောင်လေးရဲ့  ချစ်ခြင်းမေတ္တာကို
စော်ကားပိုင်ခွင့် (လုံးဝ) မရှိပါဘူး။
ဒါ့အပြင်...
ကောင်လေးရဲ့ ချစ်ခြင်းမေတ္တာကို
လေးစားမှု (Respect) ပေးရမှာပါ။
ကောင်လေးဘက်ကလည်း
ကောင်မလေးက ပြန်မချစ်နိုင်ပါဘူးလို့
သိမ်မွေ့စွာ တုံ့ပြန်လာတဲ့အခါ
သူမရဲ့ လွတ်လပ်စွာ ငြင်းပိုင်ခွင့်ကို တလေးတစားရှိရပါလိမ့်မယ်။
(ကောင်လေးအနေနဲ့ ဘောင်ထဲက ကြိုးစားအားထုတ်မှု ရှိလို့ရပါတယ်..
ငါ့ကို မင်း..ပြန်ချစ်ကို ချစ်ရမယ်ဆိုတာမျိုးတော့ မရပါဘူး)
ကောင်လေး၊ ကောင်မလေးတွေနဲ့ မျက်စိရှုပ်နေလောက်ပါပြီ
ချစ်ခွင့်၊ မချစ်ခွင့်က လူတစ်ယောက်ချင်းစီရဲ့  မွေးရာပါ အခွင့်အရေးပါ။
လက်ခံခွင့်၊ ငြင်းပယ်ခွင့်ကလည်း တန်းတူညီမျှ ရွေးချယ်ခွင့်ပါ။
သို့သော်....
တစ်ဘက်သားရဲ့  ချစ်ခြင်းမေတ္တာကို
မတူမတန်သလို၊ မလေးစားသလို၊ စော်ကားသလိုတော့
ဘယ်တော့မှာ မလုပ်ဖို့တော့ အရေးကြီးလွန်းလှပါတယ်။
မှတ်ချက်။
မိန်းကလေးက ယောကျာ်းလေးကို စ,ချစ်ချစ်
ယောက်ျားလေးက မိန်းကလေးကို စ,ချစ်ချစ်
အတူတူပါပဲ။
-----------------
အိမ်ဝေးသူ(KZ)
-----------------

Thursday, 25 September 2014

ကျွန်တော်တို့ခေတ်မှာဗျာ


ကျွန်တော်တို့ ခေတ်မှာ
စပ်စုတတ်သူတွေ များလာတယ်
စူးစမ်းတတ်သူတွေ များလာတယ်
ပတ်ဝန်းကျင် ဂရုတစိုက်ရှိသူတွေ များလာတယ်။
(ဝမ်းသာရပါတယ်)

စူးစမ်းလေ့လာသူတွေက
သူတို့မြင်တွေ့ရသမျှတွေကို
ကင်မရာတွေ၊ ဗီဒီယိုရိုက်စက်တွေနဲ့
သေသေချာချာ မှတ်တမ်းယူတတ်လာကြတယ်
နှောင်းလူတို့အတွက် အထောက်အထားတွေ ရစေတာပေါ့။
(ဝမ်းသာရပါတယ်)
ကျွန်တော်တို့ ခေတ်မှာ
စူစမ်းလေ့လာသူတွေလည်း များလာတယ်
ကျားကုတ်ကျားခဲ မှတ်တမ်းပြုသူတွေလည်း များလာတယ်
မှတ်တမ်းယူနိုင်တဲ့ ပစ္စည်းကိရိယာတွေလည်း ထွန်းကားလာတယ်
ဒါပေမယ့်ဗျာ…
ကျွန်တော်တို့ခေတ်မှာ
ကူညီကယ်တင်လိုမှုတွေက ရှားပါးကုန်ပစ္စည်းတစ်ခုလို ဖြစ်လာတယ်။
(ကြေကွဲရပါတယ်)
မှတ်ချက်။
၁)
ဒီကိစ္စကို ပထမဦးဆုံး မှတ်တမ်းတင်ထားနိုင်သူက (ငါ) ပဲကွ လို့ ဂုဏ်ယူချင်စိတ်က
တစ်စုံတစ်ယောက် ဒုက္ခရောက်နေတာ (ဥပမာ…Accident တစ်ခုခု ဖြစ်တဲ့အခါ) ကို ကူညီလိုစိတ်ထက် ပိုလာကြတယ်။
၂)
လက်ထဲမှာ ရှိတဲ့ မှတ်တမ်းတင် ကိရိယာတစ်ခုခုနဲ့ တစ်စုံတစ်ယောက်ရဲ့ 
(အရှက်သိက္ခာကို) ခြေမွဖျက်စီးတတ်လာကြတယ်။
၃)
မှတ်တမ်းတင်လိုစိတ်လေးနဲ့အတူ
ကူညီဖေးမလိုစိတ်လေး တွဲပါလာရင်တော့ အကောင်းဆုံးပေါ့ဗျာ။
၎)
အားသာချက်တွေ၊ ကောင်းတဲ့အချက်တွေကိုတော့ အထူးတလည် မပြောတော့ပါဘူး။
ကူညီဖေးမလိုစိတ်ကို အသားပေးစေချင်တာနဲ့ ဆင်ခြင်သင့်တာလေးတွေကို ဆင်ခြင်ဖို့
ရည်ရွယ်ပြီး သတိပေးမိသွားတာပါ။
-----------------
အိမ်ဝေးသူ(KZ)
-----------------

Tuesday, 23 September 2014

လုပ်ရပ်၊ စေတနာ (အမှား)


"လုပ်ရပ်" နဲ့ "စေတနာ"ကို
ကျွန်တော်တို့ မျိုးဆက်သစ်တွေ
သေသေချာချာ ကွဲပြားဖို့လိုပါတယ်။

မိဘနဲ့သားသမီး ဆက်ဆံရေးမှာ
"လုပ်ရပ်"နဲ့ "စေတနာ"ကို
ရောထွေးပစ်လိုက်ကြတာများတယ်။
မိဘရဲ့ လုပ်ရပ်တစ်ခုက
(မှားချင်မှားမယ်၊ မှားကောင်းမှားမယ်)
မိဘရဲ့  စေတနာကတော့ သားသမီးအတွက်
(လုံးဝ မမှားနိုင်ဘူး၊ ဘယ်တော့မှ မမှားဘူး)။
ခေတ်စနစ်ကွာခြားမှုအရ
မျိုးဆက်ကွာဟမှုတွေအရ
မတူညီတဲ့ ဘဝအတွေ့အကြုံအရ
မတူညီတဲ့ ပညာရေးအနိမ့်အမြင့်အရ
တစ်ခါတရံမှာ မိဘရဲ့  စေတနာက
သားသမီးအတွက် ဝေဒနာ ဖြစ်တတ်/ဖြစ်နိုင်တယ်။
သားသမီးတွေအနေနဲ့
တကယ့်ကို လေးလေးနက်နက်နဲ့ သတိထားရမှာက
မိဘရဲ့ လုပ်ရပ်အမှားကို (နားလည်ပေးပီး)
မိဘရဲ့ စေတနာကို (အသိအမှတ်) ပြုပေးခြင်းပါပဲ။
ကျွန်တော့်တို့ မိဘတွေရဲ့ လုပ်ရပ်တွေမှားခဲ့ရင်တောင်
အဲ့ဒီ့ မှားယွင်းသောလုပ်ရပ်ဆိုတာကြီးရဲ့ အရှေ့ တည့်တည့်မှာ
(စေတနာ)ဆိုတဲ့ ဝေါဟာရကို ဖြည့်စွက်ကြည့်လိုက်ပါ။
" စေတနာ + အမှား " =" စေတနာအမှား "
အလွန်ကို လှပတဲ့ မိဘရဲ့  စေတနာအမှားကို မြင်ရမှာပါ။
မေမေကလဲဗျာ...
ဖေဖေကလဲဗျာ...ဆိုတာတွေထက်စာရင်
မေမေ့/ ဖေဖေ့လုပ်ရပ်က ဘယ်လောက်မှားမှား
မေမေ့/ ဖေဖေ့စေတနာကတော့
ငါ့အတွက် ဘယ်တော့မှ မမှားဘူးဆိုတာကို
တွေးပေးပြီး ကျေနပ်လိုက်နိုင်ရင်ပဲ
တကယ့်ကို ကြည်နူးချမ်းမြေ့စရာ မဟုတ်ပါလားခင်ဗျာ။
မှတ်ချက်။
မိဘနဲ့ သားသမီး ဆက်ဆံရေးကို အဓိကထားပြီး
ပြောခဲ့ပေမယ့် တကယ်တော့ မြောက်များစွာသော
လူမှုဆက်ဆံရေးနယ်ပယ်တွေအတွက်လည်း အကျုံးဝင်ပါတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
Myo Nyo Win's photo.

Monday, 22 September 2014

ပျော်မွေ့ခြင်း


ခရီးက
တိုတယ်။
(ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တယ်)

ယုံကြည်ချက်က
ရှည်လျားလွန်းတယ်။
ဘာပဲဖြစ်ဖြစ်
ကျွန်တော်...နေပျော်ပါတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
 

Friday, 19 September 2014

လျှို့ ဝှက်ခြင်း / သူ့ဘက်ကိုယ့်ဘက်


အမျိုးအစား(၁)
------------------
မိမိကိုယ်တိုင် လျှို့ ဝှက်စွာ နေထိုင်တယ်။
တစ်ပါးသူရဲ့  လျှို့ ဝှက်ခြင်းကိုလည်း လေးစားတယ်။
(မျှတ)

အမျိုးအစား(၂)
-----------------
မိမိကိုယ်တိုင် လျှို့ ဝှက်ခြင်းကို နှစ်သက်တယ်။
တစ်ပါးသူရဲ့  လျှို့ ဝှက်ခြင်းကို မလေးစားရုံမျှမကဘဲ
မဖြစ်မနေ ရအောင်ဖော်ထုတ်ချင်တယ်။
(မမျှတ)
အမျိုးအစား(၃)
------------------
မိမိကိုယ်တိုင်လည်း လျှို့ ဝှက်ခြင်းအလျဉ်းမရှိဘူး။
တစ်ပါးသူကိုလည်း ပွင့်လင်းစွာဆက်ဆံစေတယ်။
(မျှတ)
--------------------
အိမ်ဝေးသူ(KZ)
--------------------
အသိပေးခြင်း။
(၁) ကျွန်တော်ကတော့ အမျိုးအစား(၁) ထဲမှာပါတယ်။
(၂) အမျိုးအစား (၃) ထဲမှာ ပါရင်တော့လည်း မဆိုးလှပါဘူး။
(၃) လျှို့ ဝှက်တတ်သူတိုင်းက သူတစ်ပါးကို ဒုက္ခရောက်စေသူ မဟုတ်ပါဘူး။
(၄) စပ်စုတာနဲ့ ပွင့်လင်းတာနဲ့ မတူဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။
(၅) မိမိ ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာကိုလည်း မျက်ခြေမပြတ်သင့်ဘူးပေါ့။

Thursday, 18 September 2014

အချိန်၊ ကျွန်တော်၊ ကျွန်တော့်မျိုးဆက်


ကျွန်တော့် မိဘဘိုးဘွားတွေ ခေတ်မှာ
(အချိန်) ကို...
သူတို့...ထိထိရောက်ရောက် အသုံးချခဲ့ကြတယ်။

ကျွန်တော့်ခေတ်ကျတော့
(အချိန်) က
ကျွန်တော့်ကို....လှလှပပကြီး အသုံးချနေတယ်။
ဖြစ်ချင်တာတွေသာ တကယ်ဖြစ်ခွင့်ရှိခဲ့မယ်ဆိုရင်
ကျွန်တော့် မျိုးဆက်ရဲ့ ခေတ်မှာ
ဘာတွေ...ဘယ်လိုဖြစ်လာမလဲဆိုတာ
သေသေချာချာ စောင့်ကြည့်သွားချင်ပါသေးတယ်။
----------------------
အိမ်ဝေးသူ (KZ)
----------------------

Wednesday, 17 September 2014

စာနာစိတ်ကလေးတစ်ခုနဲ့ လူသူမသိတဲ့ အသိအမှတ်ပြု ခြင်းတစ်ပွေ့တပိုက်


(၁) ဆရာဝန်
(၂) ဆံပင်ညှပ်သူ
(၃) ကိုယ်တိုင်းယူပြီးအင်္ကျီချုပ်သူ

ဒီလူသုံးမျိုးဆီကိုသွားတဲ့အခါ
(မသွားခင်) အတတ်နိုင်ဆုံး သတိထားပြီး ရေချိုးသန့်စင်၊အမွေးနံ့သာ
လိမ်းတဲ့အကျင့်ကို ကျွန်တော်လုပ်လေ့ရှိတယ်။ ဆရာဝန်၊ ဆံပင်ညှပ်သမားနဲ့
ပိတ်စအတိုင်းယူပြီး အထည်ချုပ်သူ တွေဟာ လူ့ခန္ဓာကိုယ်ကထွက်တဲ့
အနံ့အသက်တွေကို အများဆုံး ရှူရှိက်ရတဲ့သူတွေ ဖြစ်တယ်။ အထူးသဖြင့်
ဆံပင်ညှပ်သမားဆီကို သွားတဲ့အခါ ခေါင်းကို လျှော်ဖြစ်အောင်လျှော်သွားတယ်။
ဒီအလေ့အကျင့်က သူတို့တတွေလုပ်နေရတဲ့ အလုပ်သဘာဝကို
နားလည်ပြီး စာနာစိတ်နဲ့ လုပ်ဖြစ်တာပါ။
ဘယ်ဆံပင်ညှပ်ဆရာမှ--
ခင်ဗျားရေချိုးခေါင်းလျှော်ပြီးမှ ဆံပင်လာညှပ်တဲ့အတွက်
ကျေးဇူးပါလို့ တကူးတက မပြောပါဘူး။
ဘယ်ဆရာဝန်မှ--
ရေချိုးသန့်စင်ပြီး ဆေးခန်းလာပြတဲ့အတွက်
ခင်ဗျားကို ကျေးဇူးတင်လိုက်တာဗျာလို့ တကူးတက မပြောပါဘူး။
ဘယ်အင်္ကျီဒီဇိုင်နာသမားမှ--
ခင်ဗျား ခန္ဓာကိုယ်က မွှေးလိုက်တာဗျာ။
ခင်ဗျားကိုယ်တိုင်းကို ယူရတာ စိတ်ချမ်းသာလိုက်တာဗျာလို့ တကူးတက မပြောပါဘူး။
- တစ်ဘက်သားကို ကူညီလိုက်တိုင်း
- တစ်ဘက်သားကို ကောင်းမှုကောင်းရာ တစ်စုံတခု လုပ်ပေးလိုက်တိုင်း
တူညီတဲ့ တုံ့ပြန်အသိအမှတ်ပြုမှု (Appreciation) ပြန်ရလိမ့်မယ်လို့ တရားသေ မရှိပါဘူး။
တစ်ချို့ က နှုတ်ကမြွက်ဟပြီး အသိအမှတ်ပြုမယ်။
တစ်ချို့ က ရင်ထဲကနေ တိတ်တိတ်လေး အသိအမှတ်ပြုမယ်။
ကျွန်တော့်အနေနဲ့ ဒီလိုလုပ်ဖြစ်တဲ့အတွက် သူတို့တတွေရဲ့ 
တရားဝင် အသိအမှတ်ပြု ခြင်း၊ ကျေးဇူးတင်ခြင်းတွေကို တစ်ခါမှ မရရှိခဲ့ဖူးပါဘူး။
ဒါပေမယ့်...
လူမသိ၊ သူမသိ ကိုယ်ပျိုးထောင်ခဲ့တဲ့ (စာနာစိတ်ကလေးတစ်ခု) နဲ့
ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ပြီး အသိအမှတ်ပြုမိတဲ့ ကျေနပ်မှုကတော့
ကျွန်တော့်လိပ်ပြာကို နွေးထွေးစေတယ်ဆိုတာ မငြင်းနိုင်ပါဘူးဗျာ။
စကားမစပ် ( ကြော်ငြာမဟုတ်ပါ )
ကျွန်တော် ဒီနေ့ ဆံပင်ညှပ်ဖြစ်တယ်။
ဆံပင်သွားမညှပ်ခင် ခေါင်းတစ်ကြိမ်လျှော်ဖြစ်တယ်။
ဆံပင်ညှပ်ပြီးတော့ ခေါင်းတစ်ကြိမ် လျှော်ဖြစ်ပါတယ်။
--------------------
အိမ်ဝေးသူ(KZ)
--------------------

Sunday, 14 September 2014

ကော်ဖီခွက်ထဲက အမှတ်တရများ


အချို ဓာတ်မဲ့
နှစ်ချို့ ကော်ဖီတစ်ခွက်ကို
နှစ်နှစ်ခြိုက်ခြိုက် သောက်ခဲ့ဖူးတယ်။
(ကျွန်တော်…အခါးကြိုက်ခဲ့ဖူးတယ်)

သောက်နေကျ ကော်ဖီခွက်ထဲ
ချို မြိန်ရှတခြင်းတစ်ကျိုက်ကို
သူမ…တိတ်တဆိတ်မြှုပ်နှံသွားတယ်။
(ကျွန်တော်…အချိုကြိုက်တတ်ခဲ့တယ်)
ကော်ဖီအရသာထက်
သူမ ဖျော်စပ်ခဲ့တဲ့ ချိုမြိန်ခြင်းကို
တရှိုက်မက်မက် စွဲလန်းမိခဲ့မှ
ကော်ဖီခွက်ထဲက အချိုဓာတ်ကို
မပြောမဆို…သူမ ရုပ်သိမ်းသွားလေရဲ့ ။
(ကျွန်တော်…အခါးကြိုက်နေရတုန်းပါပဲ)
အချို ကြိုက်မိသူတစ်ယောက်ရဲ့ 
ကော်ဖီခါးခါးတစ်ခွက်ထဲမှာ
ချိုမြိန်ခြင်းတစ်ချို့  မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်။
---------------------
အိမ်ဝေးသူ(KZ)
---------------------

Friday, 12 September 2014

ခြားနားခြင်း ခပ်ပါးပါး


နှာချေတဲ့အခါ...။
"အလ်ဟမ်ဒုလိလ္လာဟ်" လို့
ဆိုရမှာကို ကျွန်တော်တို့ ရှက်တတ်လာတယ်။
(အစ္စလာမ်ဘာသာဝင်တစ်ဦးအဖြစ် မြွက်ဟရမှာကို သိမ်ငယ်လာကြတယ်)။

နှာချေတဲ့အခါ...။
"Oh My God" လို့ ပီပီသသ ဆိုတတ်ဖို့ ကြိုးစားလာကြတယ်
(နေရာဒေသကို လိုက်ပီး ကျင့်ကြံရမှာပေါ့လို့လည်း စောဒကတတ်ကြတယ်)။
ထူးခြားဆန်းပြား ကိစ္စတော့လည်း မဟုတ်ပါဘူး။
ကျွန်တော်တို့က
အစ္စလာမ့် အပြင်ဘက်က ဆန်းကျယ်မှုတွေကို ခုံမင်အလေးထားနေချိန်မှာ....
ဘာသာခြားများက
အစ္စလာမ့် အတွင်းဘက်မှာ ရှိတဲ့ ကြီးကျယ်မှုတွေကို သတိပြု အလေးထားလာကြရုံပါ။
ဒီလိုနဲ့ပဲ....
ကျွန်တော်တို့တတွေ...................။
--------------------
အိမ်ဝေးသူ(KZ)

Monday, 8 September 2014

ဘယ်လိုတောင်းပန်မှာလဲ


တောင်းပန်ခြင်းဆိုတာ
လူကောင်းလူမွန်တွေရဲ့  အလေ့အထကောင်း တစ်ခုပါ။
ဒါပေမယ့်
တောင်းပန်ခြင်း ဆိုရာမှာ ...
မိမိတောင်းပန်မယ့်လူရဲ့ 
- အချိန်
- နေရာ
- အခြေအနေ
စတာတွေကို သုံးသပ်သင့်ပြီး တောင်းပန်သင့်ပါတယ်။
မိမိက (တောင်းပန်ခြင်း) ဆိုတဲ့
အလုပ်ကောင်းတစ်ခုကို လုပ်ချင်ပေမယ့်...
မိမိရဲ့ လိမ္မာပါးနပ်မှု လျော့တင်းတဲ့အခါ
တောင်းပန်မှု အရာမရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဥပမာ...
ဝန်ထမ်းတစ်ဦးအနေနဲ့
ကိုယ်လုပ်ထားတဲ့ အပြစ်တစ်ခုအတွက်
အလုပ်ရှင်ကို တောင်းပန်ချင်တဲ့အခါ
အလုပ်ရှင်နဲ့ သူ့ဇနီး နှစ်ဦးသား အကြည်ဆိုက်နေတဲ့အချိန်မျိုး၊
အငြင်းအခုံဖြစ်နေတဲ့အချိန်မျိုးကို ရှောင်သင့်တာပေါ့။
ဒါမှမဟုတ်
ကိုယ့်အထက်အရာရှိ စားပွဲပေါ်မှာ ငိုက်မြည်းနေချိန်မျိုးကိုမှ
ရွေးပြီး တောင်းပန်မိခဲ့မယ်ဆိုရင်လည်း...ရလာဒ်က ပုံသေမရှိနိုင်ဘူး။
- မင်းတော့ကွာ ( အိပ်ရေးပျက် )
- ခွင့်မလွှတ်ဘူးကွာ ( အိပ်ချင်မူးတူး)
- ခွင့်လွှတ်တယ်ကွာ ( ဝတ်ကျေတန်းကျေ )
တောင်းပန်လိုက်ပေမယ့် ရလာဒ်က အမျိုးမျိုး ဖြစ်နိုင်ပြန်တယ်။
အခြေအနေ၊ အချိန်အခါကို မစူးစမ်းမလေ့လာဘဲ တောင်းပန်မိတဲ့အခါ
မိမိရဲ့ တောင်းပန်ခြင်း ကိစ္စ အထမြောက်သွားပေမယ့်
တစ်ဘက်လူက မိမိတောင်းပန်တာကို အသိအမှတ်မပြုတတ်ကြပါဘူး။
တစ်ဘက်လူဆောင်ရွက်နေတဲ့ အမှုကိစ္စ အကြီးအသေးအရ
( မြန်မြန်ပြီးရင် မြန်မြန်နားအေးတယ်ကွာ )ဆိုတဲ့ ပုံစံမျိုးနဲ့သာ ဖြေရှင်းလိုက်တတ်ကြတယ်။
ကျွန်တော့်အယူအဆရ
မိမိရဲ့ တလေးတစား တောင်းပန်ခြင်းကိစ္စမှာ
တစ်ဘက်လူရဲ့  အသိအမှတ်ပြုခြင်း ( Appreciation ) ဟာလည်း
တန်းတူနီးပါး အရေးပါလွန်းလှပါတယ်။ ( လွတ်လပ်စွာ ကွဲပြားနိုင်ပါတယ်)
ဖြစ်သလို တောင်းပန်မလား?
( တာဝန်တော့ ကျေသွားမယ် )
ဂရုတစိုက် တောင်းပန်မလား?
( တာဝန်ကျေခြင်းအပြင် အသိအမှတ်ပြုခြင်းပါ ခံရမယ် )
တောင်းပန်မယ့်ပုံစံကို မိမိကိုယ်တိုင် ရွေးချယ်ကြရမှာပါ။
လူဘုံအလယ်မှာ အရှက်တကွဲ ဖြစ်အောင် လုပ်ပြီးမှ
အိမ်သာထဲဝင်ပြီး တိုးတိုးတိတ်တိတ် တောင်းပန်တာမျိုး
တောင်းပန်ရရင်ပြီးရောဆိုပြီး
လမ်းလယ်ခေါင်မှာ ခြေသလုံးဖက်တောင်းပန်တာမျိုးတွေလည်း မဖြစ်သင့်ကြောင်းပါခင်ဗျာ။
---------------------
အိမ်ဝေးသူ (KZ)
---------------------

Saturday, 6 September 2014

လူလားမြောက်အပြုံး


အပြုံးတစ်ပွင့်ရဲ့  အကာအကွယ်အောက်မှာ
ကြေကွဲခြင်းတစ်ရာကို
ခပ်ပါးပါး…သိုဝှက်ထားမိခဲ့ရုံလေးပါ။

လူတွေက
မညှာမတာ ဆိုကြတယ်
(မင်းက…ဟန်ဆောင်ကောင်းသူပဲ) တဲ့။
လောကကြီးကတော့
ကရုဏာတရားနဲ့ ပြောရှာတယ်
(၄၀ မပြည့်ခင် မင်း-လူလားမြောက်ခဲ့ပြီပဲ) တဲ့။
ကျွန်တော့် အပြုံးတစ်ပွင့်အောက်မှာ
လောကကြီး အငွေ့ပျံသွားလေရဲ့  …။
--------------------
အိမ်ဝေးသူ(KZ)
--------------------

မိန်းမ (မိမိကိုယ်ကို ကာကွယ်ခြင်း)


မိန်းမတစ်ယောက်က
ယောက်ျားအိမ်သာထဲကို
မှားယွင်းပြီး ဝင်သွားတဲ့အခါ..
(အများစုက နားလည်ပေးနိုင်စွမ်း ရှိကြတယ်)။

ယောက်ျားတစ်ယောက်က
မိန်းမ အိမ်သာထဲကို
မှားယွင်းပြီး ဝင်သွားမိတဲ့အခါ
(အများစုက အပြစ်တင်ဝေဖန် ရှုံ့ ချကြတယ်)။
လောကဥပဒေကိုယ်တိုင်က
အမျိုးသမီးတွေရဲ့  အရှက်နဲ့ ဂုဏ်သိက္ခာကို
အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးထားလျက်
-မိမိကိုယ်ကို....မကာကွယ်ခဲ့ရင်
-မိမိကိုယ်ကို....ကာကွယ်ရမှန်း မသိခဲ့ရင်
-မိမိကိုယ်ကို....ကာကွယ်လိုစိတ် မဲ့နေခဲ့ရင်
-မိမိကိုယ်ကို....ကာကွယ်ဖို့ မကြိုးစားခဲ့ရင်...။
---------------------
အိမ်ဝေးသူ(KZ)
---------------------
မှတ်ချက်။
ကာကွယ်ဖို့ ကြိုးစားရင်းနဲ့
မကာကွယ်နိုင်ခဲ့တဲ့ အဖြစ်မျိုးဆိုရင်တော့ တစ်မျိုးပေါ့လေ။

Friday, 5 September 2014

ဟာသ(ငို)


ငယ်ရွယ်နုပျိုစဉ် အချိန်အခါက
တစ်စုံတယောက်အပေါ်မှာ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်ခဲ့ဖူးတဲ့ ဒေါသဟာ
ဒီနေ့ကျတော့လည်း... တကယ့်ကို အရှက်ပြေ ပြန်ရယ်ရတဲ့ အဖြစ်ပါလား။
နိုင်ငံခြားရောက်ခါစက
မိမိရဲ့  အတွေ့အကြုံ နုနယ်မှုကို အခွင့်ကောင်းယူပြီး
တစ်စုံတစ်ယောက်က အခွင့်အရေးယူသွားခဲ့တာမျိုး ကြုံခဲ့ရတယ်။
ဖြစ်ပုံက
ကျောင်းကိစ္စ တစ်ခုအတွက်
ငွေသား ပေါင် (၂၅၀၀) လောက် နစ်နာဆုံးရှုံးခဲ့ရတာပါ။
ကိုယ်ညံ့လို့ ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့်
တကယ်တမ်းကျတော့ တစ်ဘက်လူက
ကတိကို အလွဲသုံးစားလုပ်လို့ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါ။
စတာလင်ပေါင် (၂၅၀၀) ဆိုတာ
ကိုယ့်အတိုင်းအထွာနဲ့ဆိုရင် ငွေအနည်းအကျဉ်းလို့လည်း မဆိုသာဘူး။
လိမ်သွားခဲ့တဲ့သူဆိုတာလည်း အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါပဲ။
ကျောင်းကိစ္စတွေလည်း ကမောက်ကမ ဖြစ်ကုန်တယ်။
အဲ့ဒီလူအပေါ်ကိုလည်း မခံမရပ်နိုင်လောက်အောင် ဒေါသထွက်ခဲ့ရတယ်။
အကျိုးအကြောင်းပြောပြပြီး ငွေကို ပြန်တောင်းပေမယ့်
ကျားပါးစပ်ထဲကို ရောက်သွားသလိုပါပဲ ပြန်ထွက်မလာတော့ဘူး။
နောက်ဆုံး
ပြန်မရမယ့်အတူ ပြန်မယူတော့ဘူး။
ထပ်မတောင်းတော့ဘူး။ သူတောင် ကလိန်ကကျစ်လုပ်ရဲသေးတာပဲ။
သူ့ထိုက်နဲ့သူ့ကံလို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါပေမယ့် ဒေါသက မပြေဘူး။
နောက်ဆုံး အဲ့ဒီ ဒေါသကို စာအုပ်ထဲမှာ ဘောလ်ပင် တစ်ချောင်းနဲ့ ဖောက်ခွဲပစ်လိုက်တယ်။ အဲ့ဒီတုန်းက ကိုယ်ရေးခဲ့တာကို ကိုယ်ပြန်ဖတ်ပြီး တော်တော်လေး သဘောကျခဲ့တယ်။ "တယ်ဟုတ်တဲ့ ငါပါလား" လို့တောင် တွေးခဲ့မိမယ်ထင်တယ်။
ကိုယ့်ဆန္ဒနဲ့ ကိုယ့်လုပ်ရပ် ကိုက်ညီနေတော့လည်း ( ဒေါသ+ဒေါသကိုဖောက်ခွဲခြင်း )
ကျေနပ်ခဲ့တာပေါ့။ အဲဒီစာစုကို A4 စာမျက်နှာ ၅ မျက်နှာလောက်ကို ရေးခဲ့တာပါ။
ပြီးတော့ ကိုယ်ရေးခဲ့တာကို ကိုယ်ပြန်မဖတ်ဖြစ်ခဲ့ဘူး။
(အဲဒီအဖြစ်အပျက် ဖြစ်ပြီး ခြောက်နှစ်ကျော် ကြာမြင့်ပြီးတဲ့နောက်)
ဒီနေ့ ...
အရေးကြီး စာရွက်စာတမ်းတွေ ထည့်သိမ်းထားတဲ့ လက်ဆွဲအိတ်နဲ့
ဒိုင်ယာရီ စာအုပ်တွေရှင်းရင်းနဲ့ အဲဒီတုန်းက ရေးခဲ့တဲ့ စာ ၅ မျက်နှာကို
မူရင်းမပျက်ဘဲ ပြန်တွေ့မိတယ်။ ပထမစာ ၃ ကြောင်းမပြည့်ခင်မှာဘဲ
တစ်ခါက အဖြစ်အပျက်ကို အစအဆုံး ပြန်မြင်ယောင်မိတယ်။
လိမ်လည်လှည့်ဖြားခြင်းကို ခံခဲ့ရတာမှန်ပေမယ့် အခုအချိန်ကျတော့
အဲဒီတုန်းက စိတ်ခံစားမှုလို ဖြစ်မနေတော့ဘူး။ ဒေါသလည်း လုံးဝ မရှိတော့ဘူး။
စာမျက်နှာ တစ်မျက်နှာပြည့်အောင် ဆက်မဖတ်နိုင်တော့ဘူး။
ကိုယ့်ရဲ့ ဒေါသ၊ နာကြည်မှု တွေကို ချရေးခဲ့တဲ့ အကြောင်းအရာတစ်ခုဟာ
ဒီနေ့ကျတော့ တကယ့်ကို ဟာသ တစ်ပုဒ်လို ဖြစ်နေတယ်။
ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်း ရှက်သလို ခံစားရတယ်။
မိမိကိုယ်တိုင် ရေးခဲ့တာဟုတ်ရဲ့ လားလို့တောင် သံသယဝင်စရာ ဖြစ်နေတယ်။
တစ်ကြောင်းဖတ်ရင် တစ်ခါရယ်ရတယ်။ နှစ်ကြောင်းဖတ်ရင် နှစ်ခါရယ်ရတယ်။
" ခင်ဗျားကြီးကို စိစိညက်ညက် ကြေအောင် လုပ်ပစ်ချင်တယ် " တို့။
" ကျုပ်နဲ့ မတွေ့မိအောင် ရှောင်နေစမ်းပါ " တို့။
တစ်ယောက်တည်း ခြိမ်းခြောက်ပြီး တစ်ယောက်တည်း စိန်ခေါ်မိခဲ့တဲ့ အဖြစ်တွေကိုလည်း
စာထဲမှာ တွေ့နေရတယ်။ စာကိုတော့ နောက်ဆုံး တစ်ကြိမ်အဖြစ် ဖတ်လိုက်တယ်။
ပြီးတော့ အဲဒီစာကို ဆုတ်ဖြဲပစ်ပြီး အမှိုက်ပုံးထဲ ထည့်ပစ်လိုက်တယ်။
လူတစ်ယောက်က ထွက်ပေါက်ပိတ်နေတဲ့အခါမျိုးမှာ ထွက်ပေါက်ရှာတတ်တယ်။
ဒါပေမယ့် ကိုယ်ရှာမိတယ့် ထွက်ပေါက်က မှားယွင်းတဲ့ ထွက်ပေါက်မျိုး ဖြစ်ခဲ့မယ်ဆိုရင်...
ဒီနေ့ ကျွန်တော် ရယ်ခဲ့သလို ရယ်နိုင်မှာ မဟုတ်တော့ဘူး။
ဥပမာ...။
ကျွန်တော်သာ အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ ဒေါသကို
တန်ပြန်တုံ့ပြန်မှု တစ်စုံတရာ ပြန်ပြီး လုပ်ခဲ့မယ်ဆိုရင်...
(ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး)
ဒီနေ့...အဲဒီ့ တုံ့ပြန်မှုရဲ့ အကျိုးဆက်ကို ကျနော်ခံစားနေရလိမ့်မယ်။
ဟာသတစ်ခုလို ခံစားမိမယ့်အစား နောင်တ တစ်ခု ထပ်တိုးရသွားနိုင်ပါတယ်။
ဒီနေ့
ကျွန်တော် သိပ်ရယ်စရာ ကောင်းတယ်ဆိုတဲ့ အကြောင်းအရာဟာ
တစ်ခါတုန်းက
ကျွန်တော့်အတွက် နာကျင်၊ ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်နေခဲ့တယ်။
အဲဒီတုန်းက ကျွန်တော် မရယ်နိုင်ခဲ့ဘူး။
ဒါပေမယ့် ဒီနေ့ ကျွန်တော် ရယ်နေခဲ့တယ်။
အသက်အရွယ်၊ ဘဝရင့်ကျက်မှု အခြေအနေ ပြောင်းသွားတာနဲ့အမျှ
လောကဓံကို ရင်ဆိုင်နိုင်စွမ်းလည်း ကွာခြားလာတယ်။
အချိန်ကာလက အကျွမ်းကျင်ဆုံး သမားတော်အဖြစ် ကုစားပေးခဲ့တာလို့လည်း ပြောလို့ရပါတယ်။
ကျွန်တော် ကြုံခဲ့ဖူးတာလေးကို စာဖတ်သူနဲ့အတူ ပြန်ခံစားမိတာလေးပါ။
စာဖတ်သူကိုလည်း ကျွန်တော့်လို ဘောလ်ပင်နဲ့ ရေးပြီး ဖြေရှင်းပါလို့ မဆိုလိုပါဘူး။
( ဒါပေမယ့် ရေးချင်ရေးကြည့်...တစ်ချိန်ကျရင် ပြန်ဖတ်တဲ့အခါ တော်တော်ရယ်ရတယ်ဗျ )
သို့သော့်..
ပြသနာ၊ နာကျင်စရာ၊ နာကြည်းစရာ၊ ဒေါသဖြစ်စရာ တစ်ခုခု ကြုံခဲ့ရင်
အဲ့ဒီ ပြသနာကို (စိတ်ခံစားမှုတွေ မပါတဲ့) ပြသနာတစ်ခုအဖြစ်ပဲ ဖြေရှင်းစေချင်ပါတယ်။
မှတ်ချက်။
ကျွန်တော်ရေးခဲ့ဖူးတဲ့ အမျက်ဒေါသထွက်စာကို ငှားဖတ်ရန် စိတ်မကူးပါနှင့်။
ကြိုတင်ခန့်မှန်းမိသည့်အတွက် (အရှက်ဗြန်းဗြန်းမကွဲခင်) အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ပြီး ဖြစ်ပါသည်။ smile emoticon
--------------------
အိမ်ဝေးသူ(KZ)
--------------------

Wednesday, 3 September 2014

Job


A true job is
not only surviving
but also exciting.

-------------------------
Eainwaaythu(KZ)
-------------------------

Monday, 1 September 2014

အပြုသဘော စွဲလန်းတတ်ပါစေ


၁)
Good Bye, August. I don’t want to see you again.
၂)
ကံဆိုးမိုးမှောင်ကျနိုင်လွန်းတဲ့ သြဂုတ်လ။
၃)
မကောင်းတာတွေချည်းပဲ တစ်လလုံး ဆက်တိုက် ဖြစ်နေတာပဲ။
Facebook ပေါ်က မိတ်ဆွေ အချို့ တင်ထားတဲ့ Status လေးတွေပါ။
ကောင်းတာတွေကို ရေးတာထက် မကောင်းတာတွေကို ရေးတာ ပိုများနေတယ်လို့လည်း
ရိုးရိုးသားသား ယူဆမိတယ်။
အပေါ်က အချက်တွေက ကျွန်တော် မှတ်မိသလောက် ပြန်ချရေးပြတာပါ။
ဒီထက် ဆိုးဆိုးရွားရွားတွေလည်း ရှိနိုင်ပါသေးတယ်။
နေ့သစ်၊ လ,သစ်၊ နှစ်သစ်ကို ကြိုဆိုတာ ကောင်းပေမယ့် ကျန်ခဲ့တဲ့ နေ့ရက်တွေ၊ လ,တွေ၊ နှစ်တွေကို အပြစ်တင်တာကတော့ မဖြစ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။
ကျွန်တော်တို့ တတွေဟာ
ကိန်းဂဏန်းတွေအပေါ်မှာ အစွဲအလန်း ရှိတတ်ကြပါတယ်။
ဥပမာ..
ကျွန်တော်ဆိုရင်...(၄) ဂဏန်းသမားလို့ ပြောချင်ရင် ပြောလို့ရတယ်။
နံပါတ် (၄) နဲ့ပက်သက်လို့ တိုက်ဆိုင်မှုတွေ အများကြီး ကျွန်တော့်ဘဝမှာ ဖြစ်ခဲ့ဖူးတယ်။
ဒါပေမယ့် (၄) ဂဏန်းနဲ့ ပက်သက်လို့ ဖြစ်ခဲ့တဲ့ ကောင်းမွန်ခြင်းတွေကိုသာ ကျွန်တော်
အသိအမှတ်ပြုခဲ့တယ်။ အဲ့လိုပဲ အခြားလူတွေဆီမှာလည်း မတူညီတဲ့ တိုက်ဆိုင်မှုတွေ အများကြီး ရှိတတ်ကြတယ်။ အဲ့လို တိုက်ဆိုင်ခြင်းတွေကြောင့် ဖြစ်လာတဲ့ အစွဲအလန်းတွေကို အမှားအမှန် ဝေဖန်လိုစိတ် ကျွန်တော့်မှာ မရှိပါဘူး။ ဒါပေမယ့် ကောင်းတဲ့ အစွဲအလန်းမျိုးကိုတော့ ရွေးပြီး စွဲလန်းကြစေချင်ပါတယ်။
ဥပမာ။
၁) ကောင်းတာတွေ ဖြစ်ခဲ့တယ်။
၂) မကောင်းတာတွေ ဖြစ်ခဲ့တယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ မကောင်းတာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်လို့ ယူဆထားသူတွေ၊
ဒီလမှာ ကံမကောင်းဘူး လို့ ယူဆထားသူတွေဟာ အဲ့ဒီ အယူအဆကို ဖျောက်ဖျက်ပစ်နိုင်အောင်
ကြိုးစားရမှာပါ။ ဒီလမှာ မကောင်းတာတွေ အမြဲဖြစ်မယ်လို့ ယူဆထားတဲ့ အစွဲအလန်းကြောင့်
အဲဒီလ တစ်လလုံးမှာ အဆင်မပြေမှုတွေချည်းပဲ တိုက်တိုက်ဆိုင်ဆိုင် ကြုံရတတ်တယ်။
လက်ထဲမှာ ကိုင်ထားတဲ့ ခွက်တစ်လုံး အခန့်မသင့် လွတ်ကျသွားရင်တောင် ဒီလမှာပဲ ဖြစ်တာလို့
စွဲလန်းတတ်ကြတယ်။ အခြားလမှာ ဖြစ်ခဲ့ရင်တော့ မတော်တဆ ဖြစ်တာလို့ ခံယူတတ်တယ်။
တကယ်တမ်းက အဲဒီလို အပျက်သဘော (Negative attitude) က အမှားမှားအယွင်းယွင်း
ဖြစ်အောင် တွန်းပို့နေတတ်တာပါ။
ဘာသာတရားအားဖြင့်တော့ ကိန်းဂဏန်းတွေက ကျွန်တော်တို့ကို အလွန်အကျူးလွှမ်းမိုး
ထိန်းချုပ်လာရင် ယုံကြည်သက်ဝင်မှုအပိုင်းမှာ အန္တရာယ်ကြီးပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတဲ့ အယူအဆထဲမှာလည်း အစွဲအလန်းကို ကြီးမားတဲ့အကန့်တစ်ခုအနေနဲ့ မထည့်သွင်းသင့် ပါဘူး။
- စက်တင်ဘာလဆို ငါ အဆင်မပြေတတ်ဘူး။
-၃ ဂဏန်းက ငါ့ကို အကျိုးမပေးဘူး။
-၂၀၁၄ ကတော့ ကံဆိုးမိုးမှောင်ကျတဲ့ နှစ်ပဲ။
ဒီလို အယူအဆမျိုးဟာ မှန်တယ်မှားတယ်လို့ ကျွန်တော်မပြောပါဘူး။
ဒါပေမယ့် အကျိုးယုတ်စေတယ်ဆိုတာကို ကျွန်တော်တို့ ငြင်းလို့ မရနိုင်ပါဘူး။
၂၀၁၄ စက်တင်ဘာလမှာ တိုက်တိုက်ဆိုင်ဆိုင် ဆိုးရွားမှုတွေ ကြုံခဲ့ရင်တောင်
၂၀၁၅ စက်တင်ဘာလမှာ ကောင်းတာတွေ ဖြစ်လာမယ်လို့ ယုံကြည်ပေးနိုင်ခြင်းက
ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ဖြစ်စေမယ်လို့ ယူဆမိပါတယ်။
ဒီနေရာမှာ တိုက်ဆိုင်လို့ စိတ်ပညာဆိုင်ရာ သဘောတရားတစ်ခုကို ပြောပြချင်ပါတယ်။
၁)
လူလေး စာမေးပွဲ အောင်ကို အောင်ရမယ်။
-----------------------------------------------
ဒီဝါကျဟာ အပြုသဘော ဆောင်တဲ့ ဝါကျ ဖြစ်ပြီး ဒီဝါကျမှာ ခွန်အားတွေ ပါတယ်။
လူလေးကို စာမေးပွဲ အောင်ကို အောင်ရမယ်ဆိုတဲ့ ခွန်အား အပြည့်ပေးတယ်။
ဒွိဟာ သံသယတွေ လုံးဝ မဖြစ်စေဘူး။ အောင်ရမယ် ဆိုတဲ့ တွန်းအားက
ကျရှုံးမယ်ဆိုတဲ့ ဘက်ကို အာရုံမလှည့်စေဘူး။ ဒါဟာ အမိန့်ပေးဝါကျ တစ်ခု ဖြစ်ခဲ့မယ်ဆိုရင်
ဒီလူလေးက စာမေးပွဲကို ရာနှုန်းပြည့် အောင်ဖို့ ကြိုးစားလိမ့်မယ်လို့ ပြောလို့ရတယ်။
၂)
လူလေး စာမေးပွဲ လုံးဝ မကျစေနဲ့။
-------------------------------------
ဒီဝါကျကတော့ အပျက်သဘောကို ဦးဆောင်ထားတယ်။
(Don't=မလုပ်နဲ့၊ မဖြစ်စေနဲ့၊ မကျစေနဲ့၊ မတိုက်စေနဲ့) ဆိုတာမျိုးဟာ
အမိန့်ပေးခံရသူကို ဒွိဟ ဖြစ်စေတယ်။ စိုးရိမ်မှု ဖြစ်စေတယ်။
လူလေးက စာမေးပွဲ အောင်ဖို့ ကြိုးစားရမယ်လို့ သူ့မှတ်ဥာဏ်မှာ မှတ်မယ့်အစား
စာမေးပွဲ ကျလို့ မဖြစ်ဘူးဆိုတဲ့ အသိက သူ့ကို စိုးရိမ်ကြောင့်ကြမှု ၊ စိတ်ဖိစီးမှု တိုးစေပြီး
အလွဲအလွဲအမှားအမှား ဖြစ်စေနိုင်တယ်။ ဒီလူလေး စာမေးပွဲကို ရာနှုန်းပြည့် အောင်ဖို့
ကြိုးစားလိမ့်မယ်လို့ အာမခံ လို့ မရနိုင်ဘူး။
ကျွန်တော် တတ်နိုင်သလောက်လေး ဥပမာ ပေးထားတာပါ။
လူလေးရဲ့ စာမေးပွဲ ကိစ္စလိုပဲ ကျွန်တော်တို့ ဘဝတွေမှာ
မကောင်းတဲ့ အစွဲအလန်း၊ အယူအဆ၊ လွှမ်းမိုးမှုတွေ နဲ့ ပြည့်နှက်နေပြီဆိုရင်
ကောင်းတဲ့ ရလာဒ်ကို ဦးတည်ဖို့ ကျွန်တော်တို့ ခက်ခဲလာကြရပါလိမ့်မယ်။
ဒီနေ့ နဲ့ မနက်ဖြန် တောင် မတူသေးရင်...
နိုဝင်ဘာနဲ့ ဒီဇင်ဘာဟာလည်း မတူနိုင်ပါဘူး။
၂၀၁၄ သြဂုတ်နဲ့ ၂၀၁၅ သြဂုတ်လည်း မတူနိုင်ပါဘူး။
နေ့စဉ်နေ့တိုင်းသာ ပုံသေရှိနေမယ်ဆိုရင် ကမ္ဘာကျော်တွေက မအောင်မြင်ခင်
ကိုယ့်ကိုယ်ကို သတ်သေကုန်ကြပါလိမ့်မယ်။
စာဖတ်သူရော..ကျွန်တော်ရော ပျင်းစရာကောင်းတဲ့ (ညီမျှခြင်းတွေ ပြည့်နေတဲ့)
နေ့စဉ်ဆိုတာကြီးကို ဘာလို့ ဖြတ်သန်းကြဦးမှာလဲ?
နိဂုံးချုပ်အနေနဲ့။
စာဖတ်သူဟာ
(ကိန်းဂဏာန်း၊ နေ့ည၊ နှစ်လ ၊ အချိန်အခါ) တွေပေါ်မှာ
အစွဲအလန်းထားတတ်သူ တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်
(မှန်သည်မှားသည်...ကျွန်တော် လုံးဝ မပြောပါ)
အပျက်သဘော အစွဲအလန်းမျိုး ရှိခဲ့ရင် ကြိုးစားပယ်ဖျက်ပြီး
အပြုသဘောမျိုးကို ရွေးချယ်စွဲလန်းပြီး အဲဒီအစွဲအလန်းကြောင့်လည်း
ကောင်းတာတွေသာ ဖြစ်ထွန်းခဲ့မယ်ဆိုရင်....
အလွန်ကျေနပ်စရာ ကောင်းနေပြီလို့သာ ပြောချင်ပါတယ် ခင်ဗျာ။
{မှတ်ချက်}
၁)
ဘာသာရေး အယူအဆ မဆွေးနွေးပါ။
၂)
အစွဲအလန်းထားရန် အားပေးခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ မြင်စေချင်ပါသည်။
၃)
ကျွန်တော်ကိုယ်တိုင် ကိန်းဂဏန်းများကြောင့် (ကောင်း၊ဆိုး) ဖြစ်သည်ဟု ယုံကြည်သူ မဟုတ်ပါ။
-------------------
အိမ်ဝေးသူ(KZ)
-------------------