လွန်ခဲ့သော (၈) နှစ်ခန့်က ဖြစ်သည်။
x
ကျွန်တော်က လူကြီးပေါက်စလေး အရွယ်။
ကျွန်တော့်ညီလတ်က လူပျိုပေါက်စလေး အရွယ်။
ကျွန်တော်က အနေအထိုင် လူကြီးဆန်လွန်းသည်။
ညီလတ်ကတော့ လူငယ်ဆန်သည်၊ သွက်လက်သည်။
x
ကျွန်တော်က နေရာတကာမှာ စည်းကမ်းတွေ များလွန်းပြီး
ညီလတ်က ပေါ့ပါးလန်းဆန်းသည်၊ လွတ်လပ်မှုကို ခုံမင်သည်။
စရိုက်လက္ခဏာ သိပ်မတူသော ကျွန်တော်နှင့် ညီလတ်ကို
ဆွေမျိုးသားချင်းများက ကွဲကွဲပြားပြား သိကြသည်ဟု ဆိုရမည်။
သူတို့ အမြင်မှာ
ကျွန်တော်က လိမ္မာရေးခြားရှိပြီး ညီလတ်က ဆိုးပေသူတစ်ယောက် ပုံစံမျိုး။
x
မှတ်မှတ်ရရပင် ဖြစ်သည်။
တစ်ကြိမ်တွင် ကျွန်တော်ကြိုတင်သတိပေးထားသော ကိစ္စတစ်ခုကို သူကျူးလွန်သည်။
ယနေ့ ကျွန်တော်သေချာပြန်စဉ်းစားကြည့်သည့်အခါ သူကျူးလွန်ခဲ့သောအပြစ်က
မဆိုစလောက် အပြစ်မျိုး။ သို့သော် စည်းကမ်းသိပ်ကြီးသော ကျွန်တော်က
စိတ်မထိန်းနိုင်ဘဲ သူ့ကို ပါးရိုက်ခဲ့မိသည်။ ရိုက်ချက်က အဘယ်မျှ ပြင်းသည်ကို
ကျွန်တော်မသိခဲ့။ ကျွန်တော့် နားထဲမှာတော့ (ဖြောင်းကနဲ) ဆိုသော အသံကို
ယနေ့အထိ ကြားယောင်နေသေးသည်။
x
တကယ်တမ်းဆိုလျှင်တော့
သူက ဒေါသကြီးတတ်သည်၊ ကမူးကထိုး လုပ်တတ်သည်၊ လက်မြန်တတ်သည်။
လူပျိုပေါက်အရွယ်လည်း ဖြစ်နေရုံမျှမကဘဲ စိတ်ဆတ်တတ်သော ညီလတ်
ကျွန်တော့်ကို မည်သို့ တုန့်ပြန်ခဲ့သည်ဟု ထင်ပါသလဲ...?
ကျွန်တော့် ရိုက်ချက်ကြောင့် သူ့မျက်နှာ နီရဲသွားသည်။ ဒေါသကြောင့် သူ့မျက်လုံးတွေ
အရောင်လက်နေရုံမျှမက မျက်ရည်များ တပေါက်ပေါက်ကျနေသည်။
တကယ်ဆိုလျှင် သူနှင့်ကျွန်တော်ယှဉ်လျှင် သူ့အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ထည်က
ကျွန်တော့်ထက် ကြီးသည်။ သို့သော် စိတ်ဆတ်သော ညီလတ်က ကျွန်တော့်ကို
လက်တုန့်ပြန်ခြင်း လုံးဝမပြုခဲ့။
x
သူ့ဒေါသကို သူမထိန်းနိုင်ခဲ့ဟန်တူသည်။ အိမ်နောက်ဖေးကို သွားပြီး
သူ့လက်သီးများဖြင့် နံရံကို တဝုန်းဝုန်းထိုးသည်။ သူ့လက်မှာ သွေးများ
ကျဆင်းသည်အထိ သူစိတ်တိုင်းကျ ထိုးခဲ့သည်။ နောက်ဆုံး မေမေက
ဝင်ဆွဲမှသာ ရပ်သွားသည်။ ကျွန်တော်ကတော့ ဝင်မဆွဲခဲ့။
(ကျွန်တော့်ကို ပြန်ထိုးမှာကို ကြောက်ခဲ့သည်)
x
ဤသည်မှာ
ကျွန်တော့်ဘဝတွင် တကယ်ကြုံခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။
တကယ်ဆိုလျှင် ကျွန်တော် သူ့ကို ထိုသို့ ကိုယ်ထိလက်ရောက် ပါးမရိုက်သင့်ခဲ့။
ပြီးတော့ ကျွန်တော် သူ့ကို တောင်းပန်သင့်ခဲ့သည်မဟုတ်ပါလား...?
ကျွန်တော် သူ့ကို မတောင်းပန်ခဲ့သည့်အပြင် သူရဲဘောကြောင်ခဲ့သည်။
တကယ်တမ်းဆိုလျှင် အများအမြင်မှာ လိမ္မာလွန်းသည့် ကျွန်တော်က ပို၍
အသိတရားနည်းပါးခဲ့သည် မဟုတ်ပါလား။
အကယ်၍ သူသာ ဒေါသအလျောက် ကျွန်တော့်ကို လက်ဖြင့်တုန့်ပြန်ခဲ့လျှင်
ကျွန်တော်တို့ ညီအစ်ကို သမိုင်းတစ်လျှောက်တွင် ညီဖြစ်သူက အစ်ကိုဖြစ်သူကို
ပြန်၍ လက်တုန့်ပြန်သည်ဟူသော အရိပ်မည်းကြီး ကပ်ပါခဲ့ချေမည် မဟုတ်ပါလား။
x
အများအမြင်တွင် ဆိုးသွမ်းသည်ဟု မြင်ရသော ညီလတ်တွင် ကောင်းမွန်သော
အကျင့်များစွာ ရှိသည်ကို ကျွန်တော် ပြန်တွေးမိသည်။ မေမေက
စိုးရိမ်ပူပန်လွန်းရသည်မှာလည်း သူ့အတွက်ပင်ဖြစ်သည်။ သူက အပြစ်တစ်ခုခု
လုပ်ပြီးလျှင် သူ့လက်တံရှည်ရှည်ကြီးဖြင့် မေမေ့ကို တပွေ့တပိုက်ဖက်ပြီး
မျက်နှာပြင်အပြည့် (အာဗွား)များ တရွှတ်ရွှတ် ပေးတတ်သည်။ နောက်ဆုံးတော့
မေမေက (မေမေ...အသက်ရှူ ကြပ်လာပြီ...သားငယ်) ဟုပြောပြီး လွှတ်ပေးရန်
တောင်းဆိုရသည်။ ထိုမျှမကသေး (အဲ့ဒါဆိုရင် သားကိုခွင့်လွှတ်တယ်လို့ ပြောမှ
လွှတ်ပေးမယ်) ဟု ပြောမှသာ မေမေ့ကို ဖက်ထားခြင်းမှ လွှတ်ပေးတတ်သည်။
မေမေက (မင်းကို မေမေ ခွင့်လွှတ်ပါတယ်...မေမေ့ကို မြန်မြန်လွှတ်ပါတော့) ဟု
ပြောယူရသည်။
x
ညီလတ်ထံတွင် ရှိသော ချစ်စရာအကောင်းဆုံး အမူအကျင့်တစ်ခုမှာ
သူ့ကို အကြီးတစ်ယောက်ယောက်က ရိုက်နှက်ဆုံးမလျှင် ခွန်းတုန့်မပြန်ခြင်းဖြစ်သည်။
မေမေက ဆူလျှင်လည်း သူဘယ်တုန်းကမျှ ခွန်းတုန့်မပြန်ခဲ့။ ဖေဖေက ဆူပူကြိမ်းမောင်း
လျှင်လည်း သူကြည်သာစွာ နားထောင်ခဲ့သည်ချည်း ဖြစ်သည်။ အသက်အရွယ်အားဖြင့်
ကြီးသူများ၊ ဝါကြီးသူများကို မိုက်ရိုင်းကြမ်းတမ်းစွာ ဘယ်တော့မှ မတုန့်ပြန်ခဲ့။
x
လွန်ခဲ့သော (၈)နှစ်ခန့်က ကျွန်တော် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သော
ထိုအပြစ်ကို အဘယ့်ကြောင့် ဝန်ချတောင်းပန်ခဲ့ခြင်းမရှိသည်ကို ကျွန်တော် အံသြ
မိပါသည်။ တကယ်ဆိုလျှင် ကျွန်တော် ရှက်မိသည်။ ကျွန်တော် သူရဲဘော
ကြောင်ခဲ့သည် မဟုတ်ပါလား။ ကျွန်တော့်ထက် အသက်ငယ်သည့်အတွက်
ကျွန်တော် သူ့ကိုမတောင်းပန်ခဲ့ခြင်းဖြစ်နိုင်သည်။ ကျွန်တော်တို့ မြန်မာလူမျိုး
အများစုမှာ အကြီးက အငယ်ကို မိမိမှားယွင်းမှု တစ်စုံတစ်ရာအတွက်
တောင်းပန်သည့် အလေ့အထ ပျောက်ဆုံးမတတ် ဖြစ်နေသည်မဟုတ်ပါလား။
x
(၈) နှစ်ကျော်ပြီးမှ အသိတရားတစ်ခုကို ကျွန်တော် ရရှိခဲ့သည်ကို ကျေးဇူးတင်မိသည်။
နောက်ကျသည်မှာ လုံးဝမဖြစ်သည်ထက်စာလျှင် အပုံကြီး သာသည်မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ်...ညီလတ်ကို ကျွန်တော် ပါးရိုက်ခဲ့သည့်အတွက် တောင်းပန်စကားကို
ကျွန်တော် ဆိုမည်။ ထိုမျှမက ထိုစဉ်အခါက ကျွန်တော့်ကို ဒေါသအလျောက်
လက်တုန့်မပြန်ခဲ့သည့်အတွက် (ကျွန်တော့်သိက္ခာအဖတ်ဆယ်နိုင်ခဲ့သည်) လည်း
ကျေးဇူးတင်သည့်အကြောင်းကို ကျွန်တော် ပြောရပေဦးမည်....။ မည်သို့ပင်ဖြစ်စေ
သူ့ကို တောင်းပန်စကားဆိုရတော့မည်ဟူသော အတွေးဖြင့် ကျွန်တော့်စိတ်သည်
လန်းဆန်းတက်ကြွနေသည်မှာ အသေအချာပင် ဖြစ်တော့သည်။
------------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
ဤပို့စ်နှင့် စပ်ဆက်သော အကြောင်းအရာများကို ရေးရန်ကျန်ပါသေးသည်။
အလျဉ်းသင့်သည့်အခါ ထပ်ရေးပါဦးမည်။