Tuesday, 31 March 2015
သူ့သွေးကြောတွေနဲ့ မောင်းတဲ့ ယာဉ်ကလေး
သူ့သွေးကြောတွေရဲ့ လည်ပတ်နှုန်းက
ငါ့သွေးကြောတွေရဲ့ လည်ပတ်နှုန်းနဲ့
ဘာများ ကွာခြားနေတာလဲကွယ်။
x
ရှင်သန်ခံစားခွင့်တွေက
မျဉ်းဖြောင့်တစ်ကြောင်းလို တန်းမညီနိုင်ရင်တောင်
ငွေကြေးကိုတော့ ဘုရားသခင်လို နေရာမပေးနိုင်ဘူး။
x
ဘာပဲဖြစ်ဖြစ်
ပခုံးနှစ်ဘက်မှာ ခေါင်းပေါက်တာချင်းအတူတူ
ငါ့ကိုယ်ငါ...သယ်ဆောင်နိုင်သေးသရွေ့
သူ့ခြေသလုံးပေါ်မှာ ဖြတ်ပြေးနေတဲ့
ချွေးစက်ပေါက်တွေကို အပျင်းပြေရှုစားပြီး
အခန့်သားတော့ ငါ...ထိုင်မစီးချင်ဘူး။
ဖြစ်နိုင်မယ်ဆိုရင်
ငါ့လမ်းကို...ငါစိတ်သန့်သန့်နဲ့ လျှောက်ပါရစေ။
x
ငါ့ စေတနာတွေလည်း
သူ့ ပိုက်ဆံအိတ်ထဲကို
အရှုပ်အရှင်းကင်းမဲ့စွာနဲ့
ဒလဟော စီးဆင်းသွားကြပါစေ။
(သူ့ ယာဉ်ပေါ်မှာ အခန့်သား မစီးဘဲ)
x
ပြီးတော့
သူ့ ယာဉ်ကလေးပေါ်မှာ
မှီတင်းနေကြတဲ့ အနာဂတ်တွေကိုလည်း
ခရီးသည်တွေ ထင်းခနဲ မြင်နိုင်ကြစေကွယ်။
-------------------
အိမ်ဝေးသူ(KZ)
"ရှင်သန်ခြင်းရဲ့ အခြားတစ်ဖက်တွင်ရှိသော"
ဘဝဆိုတာ
အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်တာမျိုးဆိုရ င်
သေခြင်းတရားဆိုတာ
ကိုယ့်အိမ်ကို ပြန်တဲ့.....အပြန်လမ်းခရီးလိုပါပဲ...။။။
အိပ်မက်မပြီးဆုံးခင်
အကောင်းဆုံးလမ်းလျှောက်နည်း ကို
သင်ယူမယ်လို့ တွေးတောနေစဉ်မှာပဲ....
အိမ်ပြန်ခရီးအတွက်
(တကယ့်ကို အဆင်မသင့်သေးပေမယ့်)
ခြေလှမ်းပြင်ပြီးသားဖြစ်နေတ တ်တယ်... ။။။
အိမ်ဝေးသူ (KZ)
အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်တာမျိုးဆိုရ
သေခြင်းတရားဆိုတာ
ကိုယ့်အိမ်ကို ပြန်တဲ့.....အပြန်လမ်းခရီးလ
အိပ်မက်မပြီးဆုံးခင်
အကောင်းဆုံးလမ်းလျှောက်နည်း
သင်ယူမယ်လို့ တွေးတောနေစဉ်မှာပဲ....
အိမ်ပြန်ခရီးအတွက်
(တကယ့်ကို အဆင်မသင့်သေးပေမယ့်)
ခြေလှမ်းပြင်ပြီးသားဖြစ်နေတ
အိမ်ဝေးသူ (KZ)
ကိုယ့်ကိုယ်ကို
တစ်ချို့တွေက
ကိုယ့်ကိုယ်ကို မသိကြဘူး။
သူတစ်ပါးကိုတော့ သိအောင် ကြိုးစားချင်ကြတယ်။
တစ်ချို့တွေက
ကိုယ့်ကိုယ်ကို နားမလည်ကြဘူး။
တစ်ပါးသူကိုတော့ နားလည်ဖို့ အားထုတ်ချင်ကြတယ်။
တစ်ချို့တွေက
ကိုယ့်ကိုယ်ကို မလေးစားကြဘူး။
သူတစ်ပါးကိုတော့ လေးစားချင်ကြတယ်။
တစ်ချို့တွေက
ကိုယ့်ကိုယ်ကို ရိုးသားစွာ မဆက်ဆံကြဘူး။
တစ်ပါးသူကိုတော့ ရိုးသားစွာ ဆက်ဆံချင်ကြတယ်။
တစ်ချို့တွေက
ကိုယ့်ကိုယ်ကို………………….ကြဘူး။
တစ်ပါးသူကိုတော့……………..ချင်ကြတယ်။
မိတ်ဆွေ !
သူတစ်ပါးကို အသိအမှတ်ပြုရတာ လွယ်တယ်။
ကိုယ့်ကိုယ်ကို အသိအမှတ်ပြုရတာတော့ ခက်လွန်းတယ်။
ကျွန်တော်ပြောတဲ့ (ကိုယ့်ကိုယ်ကို) ဆိုတာဟာ
အတ္တညွှန်းပြ အကူဝေါဟာရ ဖြစ်ခဲ့မယ်ဆိုရင်
အတ္တကြီးသူတစ်ယောက်လို့ ကျွန်တော့်ကို ခေါင်းစဉ်တပ်ဖို့
ခင်ဗျား….(လုံးဝ) မမေ့ပါနဲ့။။။

Sunday, 29 March 2015
ကျွန်တော်သည် နေတစ်စင်းသာ ဖြစ်လိုသည်
ကျွန်တော်သည် ဒီရေ မဖြစ်လိုပါ။
အတက်အကျ မြန်သော ပုံစံခွက်ဖြင့် ခင်ဗျားတို့ဘဝထဲသို့
ကျွန်တော် ဘယ်တော့မှ ချဉ်းနင်းဝင်ရောက်လာမည်မဟုတ်ပါ။
(အတက်အကျ မြန်လွန်းသည်ဟု ကျွန်တော်ထင်သည်)
ကျွန်တော်သည် လှိုင်းလုံး မဖြစ်လိုပါ။
အလုံးအရင်းနှင့် ဝင်ရောက်တတ်သော အနေအထားဖြင့်
ခင်ဗျားတို့ဘဝထဲသို့ ကျွန်တော် ဝုန်းခနဲ ဝင်ရောက်လာမည်မဟုတ်ပါ။
(အဝင်အထွက် ကြမ်းလွန်းသည်ဟု ကျွန်တော်ထင်သည်)
ကျွန်တော်သည် နေတစ်စင်းသာ ဖြစ်လိုပါသည်။
နေတစ်စင်းသည် အဝင်အထွက် နူးညံ့သိမ်မွေ့သည်။
အဝင်လည်း ဘယ်တော့မှ ကြမ်းတမ်းခြင်းမရှိသလို၊
အထွက်လည်း ဘယ်တော့မှ ရိုင်းစိုင်းခြင်း မရှိပါ။
ကျွန်တော်လည်း ထိုကဲ့သို့ပင် ဖြစ်ချိမ့်မည်။
ကျွန်တော်သည် ဖြေးညင်းစွာ ထွက်ပေါ်လာမည်။
ခင်ဗျားတို့ ဘဝထဲကို ခြေသံဖွဖွလေးဖြင့် ဝင်ရောက်လာမည်။
ကျွန်တော်သည် အညင်သာဆုံး ခြေလှမ်းများဖြင့်သာ ထွက်ခွာသွားမည်။
ကျွန်တော်ကိုယ်တိုင်က လောင်ကျွမ်းရသည့်အတွက် ခင်ဗျားတို့လည်း
ပူလောင်မှုကို တစ်ခါတရံ ခံစားရပါလိမ့်မည်။ သို့သော် သိပ်တော့ စိုးရိမ်စရာ
မရှိလှပါ။ ခင်ဗျားတို့အတွက် အလွန်အမင်း ပူလောင်လာမည်ဆိုပါက ကျွန်တော့်ကိုယ်
ကျွန်တော် တိမ်တွေနှင့် ဖုံးပစ်လိုက်မည်။ ထိုအခါ ခင်ဗျားတို့ နေသာထိုင်သာ ရှိမည်။
ကျွန်တော့် အဓိက ရည်ရွယ်ချက်က ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို မပူလောင်စေဖို့
ဖြစ်သည်။ သစ်ပင်ပန်းမန်တွေက နေရောင်ခြည်ကြောင့် ဖူးငုံပွင့်လန်းရသကဲ့သို့
သစ်ပင်ပန်းမာလာများနှင့်တူသော ညီငယ်၊ ညီမငယ်များကိုလည်း ကျွန်တော့်
မေတ္တာရောင်ခြည်ကြောင့် ပွင့်လန်းဝေဖြာ စေလိုသည်။ ထိုမျှမက နေဝင်တော့မည့်
အချိန်ကို သိသိသာသာ သိခွင့်ရသလို ခင်ဗျားတို့ဘဝထဲက ကျွန်တော်
ထွက်ခွာတော့မည်ကိုလည်း ခင်ဗျားတို့ ထင်ထင်ရှားရှား သိမြင်ခွင့်ရပါလိမ့်မည်။
ခင်ဗျားတို့ ဘဝထဲက ကျွန်တော်ထွက်ခွာမည့်အချိန်သည် ကျွန်တော့်အတွက်
နေဝင်ချိန်ဖြစ်သလို နေ့သစ်တစ်ခုလည်း ဖြစ်နိုင်ပါသေးသည်။ မတူညီသော
ခရီးစဉ်တစ်ခုကို အစပြုနေခြင်းဟုလည်း အမည်တပ်နိုင်ပါသည်။ သေချာပါသည်။
ကျွန်တော် ခင်ဗျားတို့ဘဝထဲက ထွက်ခွာသွားရခြင်းကြောင့် ခင်ဗျားတို့ ဘယ်တော့မှ
ဝရုန်းသုန်းကား ဖြစ်ပြီး ကျန်ခဲ့ရလိမ့်မည် မဟုတ်ပါ။ ကံကောင်းလွန်းလျှင်
ညနေဆည်းဆာ ပန်းချီကားတစ်ချပ်ကို ကြည့်ရှု ခံစားရသည့်အခါ ရရှိသည့်
အနွေးငွေ့ငွေ့လေးထက် ပိုသာသည် အမှတ်တရအချို့ ကို ခင်ဗျားတို့ ပိုင်ဆိုင်ခွင့်
ရှိပါလိမ့်မည်။
နေမုန်တိုင်း တိုက်ခတ်လျှင် ခင်ဗျားတို့အတွက် အန္တရာယ်ရှိနိုင်ပါသည်။
သို့သော် နေတစ်စင်းကဲ့သို့ ကျင့်ကြံချင်သော ကျွန်တော့်ဘဝမှာ မုန်တိုင်း
တိုက်ခတ်ရသည့် တိုင်အောင် ခင်ဗျားတို့ကို အဖျားမခတ်ရအောင် ကျွန်တော်
အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ဘဝနေထိုင်မှုသည်
ကျွန်တော် ချဉ်းနင်းဝင်ရောက်မှုကြောင့် ကမောက်ကမ ဖြစ်ခဲ့ရသည် ဖြစ်စေ၊ ကျွန်တော်
ထွက်ခွာသွားမှုကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရသည်ဖြစ်စေ၊ ထိုနေ့မှစ၍ (အိမ်ဝေးသူ)
ဟူသော ကျွန်တော့်အမည်နာမကို ကျွန်တော်ကိုယ်တိုင် မြေမြှုပ်ပစ်လိုက်မည် ဖြစ်သည်။
အသေချာဆုံး စကားတစ်ခွန်းကို ဆိုခဲ့ပါမည်။ ထိုသူသည် ဘယ်တော့မျှ (အိမ်ဝေးသူ)
မဟုတ်နိုင်တော့ပြီ။

မှတ်ချက်။
နေသည် တငွေ့ငွေ့လောင်ကျွမ်းနေသော မီးစာလုံးကြီးဖြစ်ခဲ့လျှင်
ကျွန်တော်လည်း သူ့လိုပင်ဖြစ်သည်။ တစ်ရက်ထက် တစ်ရက် လုံးပါး ပါးနေသော
ခန္ဓာကိုယ်ကြီးတစ်ခုသာ ဖြစ်သည်။ သို့သော် ထိုခန္ဓာကိုယ်ကြီး လုံးဝ မပျောက်ပြယ်
သွားခင်တော့ ခင်ဗျားတို့ကိုနေတစ်စင်းကဲ့သို့ နွေးထွေးမှုများကို ပေးခဲ့မည်ဖြစ်သည်။
ရေးသားသူ- အိမ်ဝေးသူ(KZ)

Saturday, 28 March 2015
ကြိုး
ကြိုးတွေနဲ့
တစ်ယောက်ကို တစ်ယောက် ချည်နှောင်ကြတယ်။
x
လူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်
ကြိုးကိုသုံးပြီး ချည်နှောင်လာပြီဆိုရင်တော့
ကြိုးအသုံးချနည်းကို အနည်းအကျဉ်း သိထားသင့်ပါတယ်။
x
ပြီးတော့
ကြိုးဆိုတာက
သုံးတတ်မယ်ဆိုရင် " ဆက် " ပေးနိုင်စွမ်း ရှိပေမယ့်
မသုံးတတ်ဘူးဆိုရင်တော့ " ဖြတ် " ပေးနိုင်စွမ်း ရှိတယ်။
x
အဲ့ဒီ့ကြိုးဟာ
နှစ်ယောက်စလုံးက ပြိုင်တူဆွဲလွန်းရင်လည်း ပြတ်တတ်တယ်။
x
အဲ့ဒီ့ကြိုးဟာ
တစ်ယောက်တည်းက ဆွဲလွန်းရင်လည်း ပြတ်တတ်တယ်။
x
အဲ့ဒီ့ကြိုးဟာ
နှစ်ယောက်စလုံးက လျှော့ပေးရင်လည်း လိုရင်းမရောက်ဘူး။
x
အဲ့ဒီ့ကြိုးဟာ
တစ်ယောက်က အားကုန်ဆွဲပြီး
နောက်တစ်ယောက်က လျှော့ပေးရင်လည်း မပြေလည်နိုင်ဘူး။
x
အဲ့ဒီ့ကြိုးဟာ
နှစ်ယောက်စလုံးက အချိန်အဆ ညီတူညီမျှ အလျှော့အတင်း လုပ်ပေးနိုင်မှ
လိုရာပန်းတိုင်ရောက်ပြီး အပြန်အလှန် ချည်နှောင်ရကျိုးနပ်တာမျိုးပါ။
x
တက်ညီ၊ ဘက်ညီတဲ့ ကြိုးတစ်ချောင်းနဲ့
တစ်ယောက်ကို တစ်ယောက် ချည်နှောင်ရစ်ပတ် နှောင်တွယ်နိုင်ကြပါစေဗျာ။
-------------------
အိမ်ဝေးသူ(KZ)
Friday, 27 March 2015
ပထမဆုံး ဈေးဦးပေါက်သူ
မိမိစွဲကိုင်တဲ့
အယူဝါဒရဲ့ 
ပူလောင်ခြင်း၊
အေးမြခြင်းတွေကို
ပထမဆုံး ခံစားရမှာက
မိမိ ကိုယ်တိုင်ပါပဲ...။
x
ကျန်တဲ့သူတွေက
အဖျားခတ်သွားရုံလောက်ပါ။
-------------------
အိမ်ဝေးသူ(KZ)
Thursday, 26 March 2015
ငါ...နေကောင်းပါတယ်
ခေါက်ရိုးကျိုးနေတဲ့ မျက်နှာပေး
ကျွမ်းကျင်အရောင်းသမ အပြုံး
ပျားရည်စမ်းထားတဲ့ အသံတွေနဲ့ 
"နေကောင်းရဲ့လားဟင်" လို့ 
ငါ့ကို...မမေးပါနဲ့ ကောင်မလေးရယ်။
x
ရော့...
ဟောဒီမှာ
မင်းအကြိုက်ဆုံး ဓားတစ်လက်
ငါ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီး
ငါ့နှလုံးသားဗဟိုကို
အဆုံးထိသာ ထိုးစိုက်ပစ်လိုက်ကွယ်။
x
ပြီးရင်တော့
မင်းကို သိပ်ချစ်ခဲ့တဲ့...ငါ
လက်ကျန်အသက်ငွေ့ငွေ့လေးနဲ့
ပြောလိုက်ပါရစေ
"ငါ...နေကောင်းသွားပါပြီ" လို့ ။
--------------------
အိမ်ဝေးသူ (KZ)
Wednesday, 25 March 2015
ထောင်ချောက်မိတဲ့ ကြောင်ကလေး
ကောင်မလေးရေ....
ကြောင်တစ်ကောင်လို ခြေဖွပြီး
နင့်နှလုံးသားထဲကို
ငါ...ရောက်သွားခဲ့တာပါ။
x
တကယ်ပါ
နင့်နှလုံးသား နံရံတွေကို
ကုတ်ခြစ်ဆွဲဖြဲပစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
x
ငါ...က
နင့်နှလုံးသား နံရံကို နမ်းရှုံ့ ချင်ခဲ့ရုံပါ
နင့်နှလုံးသားအရိပ်မှာ ကွန်းခိုချင်ခဲ့ရုံပါ
နင့်နှလုံးသား သွေးကြောလေးတွေနဲ့
အချစ်သီချင်းတစ်ပုဒ် စပ်ချင်ခဲ့ရုံပါ။
x
ခုတော့လည်း
နင်ထောင်ထားခဲ့တဲ့
နှလုံးသားထောင်ချောက်အောက်မှာ
အချစ်ငတ်နေတဲ့ ကြောင်ကလေး
သွေးအလိမ်းလိမ်းပေါ့ ကောင်မလေးရယ်။
x
ဘာပဲဖြစ်ဖြစ်
ငါ့ဆီက ဖြစ်ထွန်းတဲ့သွေးကြောင့်
နင့်နှလုံးသားမှာ အားအသစ်ဖြစ်ရင်
ထောင်ချောက်ထဲတိုးဝင်ရကျိုး နပ်ပါပြီ
ချစ်လှစွာသော ငါ့ရဲ့  ကောင်မလေးရယ်။
--------------------
အိမ်ဝေးသူ(KZ)
Tuesday, 24 March 2015
အဆင်သင့်ဖြစ်နေသင့်တာပေါ့
အလုပ်သွားရင်
နောက်ကျမှာစိုးလို့
ကျွန်တော်...စောစောထရတယ်။
x
ဘတ်စ်ကားက
၁၀း၁၀ မိနစ်လာမယ်ဆိုရင်
ကျွန်တော် ၁၀း၀၀ လောက်ကတည်းက
ကြိုတင်စောင့်နေရတယ်။
(ဘတ်စ်လွတ်သွားမှာ စိုးလို့)
x
အလုပ်ကိုလည်း
အတတ်နိုင်ဆုံး စောစောရောက်အောင်သွားတယ်။
(နောက်ကျရင် အလုပ်ရှင် ငြိုငြင်မှာစိုးလို့)
x
ဒါပေမယ့်
အချိန်မရွေး ရောက်လာနိုင်တဲ့
သေခြင်းတရားအတွက်ကျတော့
ကျွန်တော် မစိုးရိမ်မိဘူးလား ?
သေပြီးရင်
ရင်ဆိုင်ရမယ့် ဖန်ဆင်းရှင်ကိုကျတော့
လူ့ဘဝက အလုပ်ရှင်လောက်တောင်
ကျွန်တော်
ကြောက်ရွံ့ စိုးရိမ်စိတ် မရှိတော့ဘူးလား ?
x
အနည်းဆုံးတော့
သေမင်းဆိုက်ရောက်လာတဲ့အခါ
ငါ...အသင့်ဖြစ်ပြီလို့ ပြောနိုင်အောင်
ကြိုတင် ပြင်ဆင်သင့်တာပေါ့ဗျာ...။
x
ခုတော့
ကျွန်တော့် အဖြစ်က...........။။။
တကယ်တော့လည်း
ကျွနတော်ဟာ
တလွဲဆံပင်ကောင်းသူ တစ်ယောက်ပါပဲဗျာ။
--------------------
အိမ်ဝေးသူ(KZ)
Sunday, 22 March 2015
အချစ်+
(က)
အချစ် + စိတ်လှုပ်ရှားမှု-------------------> ရည်းစားဘဝ။
(ခ)
အချစ် + ကြည်နူးဆွတ်ပျံ့မှု----------------> ချစ်သူဘဝ။
(ဂ)
အချစ် + အသွေးအသားနှီးနှောမှု--------> အိမ်ထောင်သည်ဘဝ။
x
x
(က)
အချစ် + စိတ်လှုပ်ရှားမှု--------------------> ရည်းစားဘဝ။
စိတ်လှုပ်ရှားမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်သွားနိုင်တယ်။
တစ်ယောက်စိတ်မှာ တစ်ယောက်မျောပါသွားနိုင်တယ်။
တစ်ယောက်နဲ့ တစ်ယောက် ချစ်တာမဟုတ်တဲ့ အခိုက်အတန့်
သာယာခြင်းတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီအမျိုးအစားမှာ
ချစ်သူဘဝမျိုးထိ ရောက်ဖို့ဆိုရင် အချိန်ပေးရပါတယ်။ အလွယ်တကူ
ချစ်သူဘဝမျိုးကို ကူးပြောင်းနိုင်စွမ်း မရှိကြပါဘူး။
x
x
(ခ)
အချစ် + ကြည်နူးဆွတ်ပျံ့မှု----------------> ချစ်သူဘဝ။
စိတ်လှုပ်ရှားမှုကို အခြေခံခဲ့ပြီးတော့ တည်ငြိမ်တဲ့ ချစ်သူဘဝကို
ရောက်လာတတ်တယ်။ အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုတွေ၊
အပြန်အလှန် ညှိနှိုင်းမှုတွေ ပါဝင်လာတတ်တယ်။ ချစ်သူနှစ်ဦး
ပြောဆိုဆက်ဆံကြတာတွေဟာ သမီးရည်းစားဘဝတွေလို
သိပ်ပြီး လွတ်လပ်ပေါ့ပါးနေမှာမျိုးတော့ မဟုတ်ဘူး။ လေးနက်မှုတွေ
အတိုင်းအတာ တစ်ခုအထိ ရှိနေကြပါလိမ့်မယ်။ တစ်ယောက်ကို
တစ်ယောက်က လေးလေးနက်နက် ချစ်တာမျိုးတွေ ဖြစ်လာတယ်။
မိသားစုအရေးတွေ ထဲထဲဝင်ဝင်လေ့လာတတ်တယ်။ ဒီနေရာမှာ
သိပ်ကို သတိထားရမယ့် အချက်တစ်ချက် ရှိလာပါတယ်။ အဲ့ဒါကတော့
အချစ် + အသွေးအသားနှီးနှောမှု--------> အိမ်ထောင်သည်ဘဝ ကို
မရောက်သေးဘဲ အချစ်ကို အကြောင်းပြပြီး သွေးသားနှီးနှော်ဖလှယ်မှုကို
နှစ်ဦးအလိုကျ ပြုမူဆောင်ရွက်ကြတာပါပဲ။ (သတိထားသင့်ပါတယ်)
x
x
(ဂ)
အချစ် + အသွေးအသားနှီးနှောမှု--------> အိမ်ထောင်သည်ဘဝ။
ယုံကြည်ကိုးစားမှုတွေ ပါလာပါပြီ။
အပြန်အလှန် လေးစားချစ်ခင်မှုတွေ အခြေခံလာပါပြီ။
အထူးသဖြင့် လုပ်ရဲကြသူများစာရင်းထဲကို ထည့်လို့ရပြီလို့ ဆိုလို့ရပါတယ်။
မိန်းကလေးတစ်ယောက်အနေနဲ့လည်း မိသားစုတစ်စုလုံးကို စွန့်ခွာပြီး
အဲ့ဒီ့ မိသားစုထက်သာတယ်လို့ ယူဆပြီး အပြင်ဘဝက အခြားမိသားစုဝင်
ယောကျာ်းတစ်ယောက်ရဲ့ ဘဝထဲကို ခုန်ဝင်လိုက်ရတာဟာ သိပ်ကိုကြီးမားတဲ့
စွန့်စားမှု တစ်ခုပါပဲ။ ယောက်ျားလေးဘက်ကကြည့်မယ်ဆိုရင်လည်း ကိုယ်ယူလိုက်မယ့်
မိန်းမအပါအဝင်၊ နောင်ဖြစ်လာမယ့် ရင်သွေးလေးတွေအတွက်ပါ အလုပ်အကိုင်ကို
ကြိုးစားရှာဖွေရတာမျိုးတွေ ဖြစ်လာတယ်။ တာဝန်ယူရဲတဲ့ ယောက်ျားတစ်ယောက်
အဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်လို့ ရနေပါပြီ။ အိမ်ထောင်ပြုတယ်ဆိုတဲ့ သဘောက
အပြန်အလှန်မှီခိုကြဖို့ဖြစ်ပါတယ်။ ဒါ့အပြင် တဏှာရာဂနဲ့ မကင်းနိုင်တဲ့ ကျား၊ မ
လူသားတွေကို သက်ဆိုင်ရာ အဖြည့်ဆည်းခံအဖြစ် တရားဝင် သတ်သတ်မှတ်မှတ်
ပြဌာန်းပေးလိုက်တဲ့ သဘောပါပဲ။ အဲ့ဒီ့တော့ အိမ်ထောင်သည်ဘဝမှာ မိမိရဲ့ 
တဏှာရာဂကို အခြားသူစိမ်းတရံစာနဲ့ ဘယ်တော့မှ မချိုးဖောက်ရပါဘူး။
ကိုယ့်အိမ်ထောင်ဘက်နဲ့ပဲ ညှိနှိုင်းဆောင်ရွက်ကြရပါလိမ့်မယ်။
(အိမ်ထောင်သည်မဟုတ်သူများ အခြားသူစိမ်းတရံစာနဲ့ ချိုးဖောက်ခိုင်းခြင်းမဟုတ်ပါ-
မိမိ တဏှာရာဂကို မထိန်းသိမ်းနိုင်လျှင် အမြန်ဆုံး အိမ်ထောင်ပြုနိုင်အောင် ကြိုးစားရမည်)
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
အဆင့်မကျော်စေချင်ပါ။ အပြန်အလှန်လေးစားပါ။ ဘောင်အတွင်းမှ ချစ်မြတ်နိုးပါ။
စာရေးသူ၏ အမြင်သာဖြစ်သည့်အတွက် သင့်တော်လျှင် ယူသုံးပါ။
မသင့်တော်လျှင် ဖယ်ရှားပစ်လိုက်ပါ။ အလုံးစုံ မှန်မည်ဟု အာမခံထားခြင်းမရှိပါ။

Saturday, 21 March 2015
အဆိပ်သင့်သူ
ဖူးပွင့်လိုစိတ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ်
တယုတယနမ်းရှိုက်မိတယ်။
ဒါပေမယ့်လည်း
ပွင့်ပြီးသား အဆိပ်ပန်းကြောင့်
ငါ့မှာ...အခါခါ သေရတယ်။
-------------------
အိမ်ဝေးသူ(KZ)
Friday, 20 March 2015
အန်ဖတ်
တစ်ချို့ အန်ဖတ်တွေက
(အန်ဖတ်ဆိုပေမယ့်)
သက်ရှိတွေကို အကျိုးပြုတယ်။
x
တစ်ချို့ အန်ဖတ်တွေက
(အန်ဖတ်ဆိုတဲ့အတိုင်း)
ညစ်ပတ်လို့ ဆေးကြောပစ်ရတယ်။
x
အကယ်၍
ကျွန်တော်သာ
အန်ဖတ်ဖြစ်ခဲ့မယ်ဆိုရင်....။။။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
လူတစ်ချို့ က သက်ရှိတွေကို အကျိုးပြုတဲ့ အန်ဖတ်တွေနဲ့ တူကြတယ်။
လူတစ်ချို့ ကတော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အန်ဖတ်နဲ့တူကြတယ်။
Wednesday, 18 March 2015
တန်ဖိုး၊ တန်ဖိုးထားတတ်မှု နဲ့ ချိုမြိန်မှု
ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ
တန်ဖိုးဆိုတဲ့ စကားကို အပြောများကြတယ်။
တန်ဖိုးဆိုတာကို နားလည်ဖို့
အများကြီး ရှင်းပြဖို့တောင် လိုမယ်မထင်ပါဘူး။
x
ဥပမာဆိုကြပါစို့။
Weekends (စနေ၊ တနင်္ဂနွေ) ရဲ့ တန်ဖိုးကို
ဘယ်လို လူစားမျိုးတွေက ပိုပြီးသိနိုင်မလဲ?
အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
အားလပ်ရက်ပိတ်ရက်တွေရဲ့ တန်ဖိုးကို
နားလည်နိုင်ဆုံးသူတွေကတော့
Weekdays (တနင်္လာ-သောကြာ)
ငါးရက်စလုံး ပင်ပင်ပန်းပန်းအလုပ်နေကြသူတွေပဲပေါ့။
x
တစ်ပတ်မှာ ခုနှစ်ရက်စလုံး
လုပ်စရာကိုင်စရာမရှိ၊ နည်းနည်းလေးမှ အပင်ပန်းမခံဘဲ
Weekends ( စနေ၊ တနင်္ဂနွေ ) အားလပ်ရက်တွေရဲ့ 
ချို မြိန်ခြင်းတွေကို ခံစားပျော်ရွှင်ချင်ပါတယ်ဆိုရင်တော့
ဘယ်လို ဖြစ်နိုင်မှာလဲ...?
x
အကယ်၍
အဲ့ဒီ့လူဟာ Weekends ( စနေ၊ တနင်္ဂနွေ ) ရဲ့ 
ချို မြိန်ခြင်းကို ခံစားရမယ်ဆိုခဲ့ရင်တောင်
Weekdays (တနင်္လာ-သောကြာ)
ငါးရက်စလုံး ပင်ပင်ပန်းပန်းအလုပ်နေသူတွေ ရရှိကြတဲ့
အားလပ်ရက်ရဲ့ ချို မြိန်ခြင်းကိုတော့
ဘယ်လိုမှ နှိုင်းယှဉ်တုပလို့ ရမှာမဟုတ်ပါဘူး။
x
တစ်ခါတလေကျတော့လည်း
ကျွန်တော်တို့ ပြောနေကျ တန်ဖိုးထားတတ်မှု ဆိုတာ
ကျွန်တော်တို့ကိုယ်တိုင် ဘယ်လိုကြုံတွေ့ဖြတ်သန်းရသလဲဆိုတာနဲ့
တိုက်ရိုက်ကြီး အချိုးကျတတ်ပါသေးတယ်။
x
ကျွန်တော်ပြောချင်တဲ့
တန်ဖိုး၊ တန်ဖိုးထားတတ်မှု နဲ့
အဲ့ဒီ့ တန်ဖိုးထားအပ်တဲ့အရာရဲ့ 
ချိုမြိန်မှု ဆိုတာတွေကတော့ ဒီလောက်ပါပဲ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
Monday, 16 March 2015
ဒေါင်းလိုအချစ်မျိုး
ရူပါက စူပါဖြစ်သူ
တစ်ယောက်ကပြောတယ်။
"ငါက ဒေါင်းမျိုးကွ" တဲ့။
(သူ...ဂုဏ်ယူပြီး ပြောတယ်)
x
ရူပါက ချူ ချာလွန်းသူ
ကျွန်တော်ပြန်ပြောမိတယ်။
ကျွန်တော်ကတော့
ကျီးကန်းတစ်ကောင်ပါ။
x
ဒါပေမယ့်
ကျွန်တော့်အချစ်ကတော့
တစ်နေ့တခြား ပိုလှလာတတ်တဲ့
ဒေါင်း တစ်ကောင်လိုပါပဲ။
(သူ...စိတ်ဆိုးပြီး ထွက်သွားတယ်)
------------------
အိမ်ဝေးသူ(KZ)
Sunday, 15 March 2015
နင့်အစား
ချစ်သူ
ငါ့ကို ချစ်ရလို့ ပင်ပန်းမယ်ဆိုရင်
နင်....င့ါကို မချစ်ပါနဲ့ကွယ်။
နင့်အစား
ငါ....နင့်ကို ပိုချစ်လိုက်ပါ့မယ်။
x
ချစ်သူ
ငါ့ကို လွမ်းရလို့ မရွှင်လန်းဘူးဆိုရင်
နင်...ငါ့ကို မလွမ်းပါနဲ့ကွယ်။
နင့်အစား
ငါ....နင့်ကို ပိုလွမ်းလိုက်ပါ့မယ်။
x
ချစ်သူ
ငါ့ကို သတိရမိလို့ နာကျင်မယ်ဆိုရင်
နင်...ငါ့ကို သတိမရပါနဲ့ကွယ်။
နင့်အစား
ငါ...နင့်ကို ပိုသတိရလိုက်ပါ့မယ်။
x
ချစ်သူ
ငါ့ကို တမ်းတလို့ အိပ်ပျက်မယ်ဆိုရင်
နင်...ငါ့ကို မတမ်းတပါနဲ့ကွယ်။
နင့်အစား
ငါ...နင့်ကို ပိုတမ်းတလိုက်ပါ့မယ်။
x
ချစ်သူ
ငါ့ကို တ,သလို့ အစားပျက်မယ်ဆိုရင်
နင်...ငါ့ကို မတ,သ ပါနဲ့ကွယ်။
နင့်အစား
ငါ...နင့်ကို ပို တ,သ လိုက်ပါ့မယ်။
x
ချစ်သူ
အပိုစာသားတွေနဲ့
ငါ....ကဗျာဆန်မနေတော့ပါဘူး။
နင့်ရဲ့ ပျော်ရွှင်မှုကို မြင်ရဖို့
ငါ့မျက်ရည်နဲ့လဲရလည်း ငါကျေနပ်မယ်။
x
ဘာဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ်
ငါ...နင့်ကို သိပ်သိပ်ချစ်တယ်ကွယ်။
-------------------
အိမ်ဝေးသူ(KZ)
Friday, 13 March 2015
စွန့်လွှတ်ပြီးသား အရာ / လူပုဂ္ဂိုလ်
တစ်ချို့ က
ကိုယ်စွန့်လွှတ်ပြီးသား အရာ(သို့)လူပုဂ္ဂိုလ်ကို
(ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ....)
အလွယ်တကူ ပြန်ပြီးလက်ခံပေးတတ်ကြတယ်။
x
တစ်ချို့ ကျတော့လည်း
ကိုယ်စွန့်လွှတ်ပြီးသား အရာ(သို့)လူပုဂ္ဂိုလ်ကို
(ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ....)
အလွယ်တကူ ပြန်ပြီးလက်မခံပေးတတ်ကြဘူး။
x
ကိုယ်စွန်လွှတ်ခဲ့တာကို
အလွယ်တကူ လက်ခံပေးတတ်တယ်
လက်မခံပေးတတ်ဘူး ဆိုတာကတော့
လူပုဂ္ဂိုလ်နဲ့ ခံယူချက်အလိုက် ပြောင်းလဲနိုင်တယ်။
x
ကျွန်တော်ကတော့
ကျွန်တော် စွန့်လွှတ်ပြီးသားလူ/အရာတစ်ခုဟာ
ဘယ်လောက်တန်ဖိုးကြီးမားသည်ဖြစ်စေ
ဘယ်လောက်မြတ်နိုးတဲ့အရာတစ်ခု ဖြစ်စေ
အဲ့ဒီ့ လူ/ အရာဝထ္ထုပေါ်မှာထားရှိတဲ့
(တန်ဖိုး) + (လေးစားမှု) ပျောက်ဆုံးသွားခဲ့ရင်
ဘယ်တော့မှ ပြန်ပြီးလက်ခံပေးလေ့ မရှိဘူး။
x
လိုက်လျောညီထွေအောင် နေရတဲ့
လူမှုအသိုင်းအဝိုင်းအရ ခြွင်းချက်တော့ရှိတယ်။
အဲ့ဒါကတော့
ကျွန်တော်သိပ်ချစ်ရတဲ့ မိန်းကလေးကို
ချစ်သူအနေနဲ့ ပြန်ပြီးလက်ခံနိုင်စွမ်းမရှိခဲ့ရင်တောင်
ကျွန်တော့်ရဲ့
ခင်မင်ရတဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့တော့
အရိုးသားဆုံး ပြန်ပြီးလက်ခံပေးနိုင်တာမျိုးပေါ့ဗျာ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ခင်မင်ရင်းနှီးကျွမ်းဝင်မှု ၊ တွယ်တာနက်ရှိုင်းမှုတွေထဲမှာ တန်ဖိုးဆိုတဲ့အရာနဲ့
လေးစားမှုဆိုတဲ့အရာတွေက အရေးပါတဲ့ နေရာတွေကို ယူထားကြပါတယ်။
Wednesday, 11 March 2015
Tuesday, 10 March 2015
ဆန္ဒနဲ့ဘဝကြားက(အလှ)
ဖြစ်ချင်တာ(ဆန္ဒ)
ဖြစ်လာတာ(ဘ၀)။
x
ဆန္ဒနဲ့ဘဝကြားက
ခံရခက်တဲ့ အဲ့ဒီ့ဘဝမှာ
ဟန်မပျက် ခရီးဆက်ကြတာ
မာန်မလျှော့တတ်တဲ့ မနုဿအလှ။
-------------------
အိမ်ဝေးသူ(KZ)
Monday, 9 March 2015
တွေးပါ...သို့သော်
တွေးပါ
သို့သော်
သင့်ကိုယ်သင်
အတွေးများနှင့်အတူ
မပိတ်လှောင်လိုက်ပါနှင့်။
-------------------
အိမ်ဝေးသူ(KZ)
Saturday, 7 March 2015
စောင်းမြောင်းရေးသား အကျင့်ဆိုးများ
တစ်ချို့ သူတွေ
စာရေးတာ သိပ်ကောင်းတယ်။
အကြောင်းအရာတွေကို ချပြရာမှာ
ပိုင်နိုင်ကျွမ်းကျင်မှုလည်း ရှိကြတယ်။
x
ဒါပေမယ့်
ပြသနာကတော့ အဲ့ဒီ့လူတစ်ချို့ က
စောင်းမြောင်းရေးသားခြင်းတွေမှာ
ပျော်မွေ့သာယာနေကြတာပါပဲ။
x
အဲ့ဒီ့လိုလူတွေ
ဘာမှ အထွေအထူးမဖြစ်ထွန်းကြဘူး။
တစ်ခုတော့ ရှိတယ်။
သူတို့ စောင်းမြောင်း ရေးသားခြင်းခံရသူတွေတော့
တစ်ရက်ထက် တစ်ရက် ပိုပြီးအောင်မြင်သွားကြတယ်။
(ကိုယ့်အလုပ် ကိုယ်စွဲစွဲမြဲမြဲ လုပ်ကြတာကိုး)
x
အဲ့ဒီ့လို လူမျိုးတွေအနေနဲ့လည်း
စောင်းမြောင်းရေးသားထားတဲ့စာတွေကို
ကိုယ့်မျိုးဆက်သစ်တွေကို ချပြရမယ်ဆိုရင်
ဘယ်လိုမှ မျက်နှာပန်းလှနိုင်မှာမဟုတ်ပါဘူး။
အဲ့ဒီ့လို စောင်းမြောင်း၊ တိုက်ခိုက်တဲ့အရေးအသားတွေ
ရေးနေရမယ့်အစား အိမ်နောက်ဖေးမှာ အပင်လေးတွေစိုက်ရင်
ပိုပြီးအကျိုးရှိလေမလားလို့ ကျွန်တော်တွေးမိတယ်။
x
တကယ်တော့
ဒုံရင်းကဒုံရင်းကျန်ခဲ့သူက စောင်းမြောင်းရေးသားသူလား
စောင်းမြောင်းရေးသားခြင်း ခံရသူတွေလားဆိုတာကို
ကြိုတင်သုံးသပ်မိကြရင်တော့ တော်တော်အဆင်ပြေနိုင်ပါတယ်။
ပိုဆိုးတာတစ်ခုကတော့ စောင်းမြောင်းရေးသားသူဟာ
ကိုယ့်ရဲ့ တန်ဖိုးကြီးမားတဲ့ အချိန်နဲ့ခွန်အားတွေကို
အကျိုးမရှိတဲ့လုပ်ရပ်တစ်ခုအတွက် အသုံးပြုရင်း
အချိန်ကိုဖြုန်းတီးတတ်တဲ့ အကျင့်ဆိုးတစ်ခုကို
တဖြည်းဖြည်း မွေးယူပျိုးထောင်နေမိတယ်ဆိုတာပါပဲ။
(အဲ့ဒီ့လို အကျင့်ရှိနေပြီဆိုရင် အမြန်ဆုံး ရပ်တန့်သင့်ပါပြီ)
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ
စောင်းမြောင်းပြီး ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။
အပြုသဘောမျိုးဖြင့်သာ တင်ပြခဲ့ခြင်းဖြစ်ပါသည်။
နားလည်မှု
နားလည်မှုဆိုတဲ့ ဝေါဟာရမှာ
အပြန်အလှန်ဆိုတာ မပါသရွေ့
အဲ့ဒီ့ နားလည်မှုဆိုတာကြီးနဲ့
ခပ်ဝေးဝေးတစ်နေရာမှာပဲ
ကျွန်တော်...နေဖြစ်ဦးမယ်ထင်ပါရဲ့ ...။
-------------------
အိမ်ဝေးသူ(KZ)
အပြန်အလှန်ဆိုတာ မပါသရွေ့
အဲ့ဒီ့ နားလည်မှုဆိုတာကြီးနဲ့
ခပ်ဝေးဝေးတစ်နေရာမှာပဲ
ကျွန်တော်...နေဖြစ်ဦးမယ်ထင်ပါရဲ့ ...။
-------------------
အိမ်ဝေးသူ(KZ)
Friday, 6 March 2015
သတိရှိကြပါစေ သားချင်းတို့ရေ
ကျောင်းသားထု တောင်းဆိုတဲ့ အချက်တွေက
အစိုးရအတွက် ပြောပလောက်တာတွေ မဟုတ်ပါဘူး။
ဒါပေမယ့်
အစိုးရက လျစ်လျူ ရှုခဲ့တာကို အများသိကြပါတယ်။
နောက်ဆက်တွဲ ဖြစ်လာမှာတွေကိုလည်း အစိုးရသိပါတယ်။
ဖြစ်လာရင်လည်း ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့
နည်းဗျူ ဟာတွေ အစိုးရဆီမှာ အပြည့်အစုံ ရှိနေပုံပဲ။
နောက်ဆုံး အကြံကတော့ စစ်အုပ်ချုပ်ရေးကို
အလွယ်တကူ အသက်သွင်း အသုံးချလိုက်ရုံပါပဲ။
x
အခုအချိန်မှာ
ဒေါသထွက်နေတဲ့ ပြည်သူဆိုတာကလည်း
ကျောင်းသားဘက်မှာ
မားမားမတ်မတ် ရပ်တည်နေကြတယ်။
ဒါပေမယ့်
မွတ်စလင်မ်သားချင်းများအနေနဲ့ သာမန်ထက်ပိုပြီး
အဆပေါင်းများစွာ သတိထားမှ တော်ကာကျပါမယ်။
အစိုးရကတော့ သူထိုင်နေတဲ့ ခုံမပျောက်အောင်
နည်းပေါင်းစုံသုံးပြီးတော့ ကာကွယ်မှာပါပဲ။
x
အဲ့ဒီ့နည်းတွေထဲက
ဘယ်တော့မှ မရိုးနိုင်တဲ့နည်းလမ်းကတော့
ကျောင်းသားထုအတွက် ဒေါသထွက်နေတဲ့
ပြည်သူလူထုကို ကုလားဘက်ကို အာရုံပြောင်းပေးလိုက်ပြီး ပြသနာကို ရှုပ်ထွေးအောင်
ပုံစံပြောင်းပေးလိုက်နိုင်တဲ့ နည်းလမ်းပါပဲ။
သိပ်ရိုးလွန်းတယ်ဆိုပေမယ့် (ကုလားဆိုရင် အလိုလိုမုန်းချင်တဲ့)
မြန်မာလူမျိုးတစ်ချို့ အတွက်တော့ သည်းခြေကြိုက်အကွက်ပါပဲ။
x
အဲ့ဒီ့တော့
သာမန်ထက် ပိုပြီးသတိထားကြပါ။
x
(၁)
ဒီလိုအချိန်မျိုးမှာ သမားရိုးကျမဟုတ်တဲ့ ကူညီမှုမျိုးကို ရှောင်ပါ။
(အထူးသဖြင့် ဘာသာခြား မိန်းကလေးတွေကို ကူညီရာမှာ သတိထားပါ)
x
(၂)
အထူးသဖြင့်
ယောက်ျားလေးများအနေနဲ့
ည(၁၀) နာရီနောက်ပိုင်း အပြင်ထွက်ခြင်းများကို ရှောင်ကြဉ်ပါ။
x
(၃)
ဘာသာခြားမိန်းကလေးများနဲ့ ချစ်ကြိုက်နေသူများ
ကိုယ်တိုင်တွေ့ဆုံခြင်းအမှုကိစ္စများကို အတတ်နိုင်ဆုံးရှောင်ရှားပါ။
x
(၄)
ပုံစံမျိုးစုံနှင့် ကုလားအပြစ်ဖို့ရန် ကြံစည်နေသူများ
အခွင့်အရေး မရရှိစေရန်အတွက် ကျောင်းသားသပိတ်များမှာ
မပါဝင်စေလိုပါ။ (တစ်ကိုယ်ကောင်းဆန်စေခြင်းမဟုတ်ဘဲ
အန္တရာယ်ကို ရှောင်ရှားစေခြင်းသာ ဖြစ်ကြောင်း သိပါ)
လိုအပ်ပါက ကျောင်းသားများကို ရေလှူ ခြင်း၊ အစားအစာလှူ ခြင်း၊
ငွေကြေးလှူ ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါတယ်။
x
(၅)
မြန်မာလူမျိုးများအနေနှင့်လည်း
အစိုးရ၏ ရိုးအီဟောင်းနွမ်းနေသော လုပ်ကြံကွက်များမှ
အလွယ်တကူ ရုန်းထွက်နိုင်ရန် သတိပြုသင့်ပါတယ်။
ဘာသာခြားများနှင့် ဆက်ဆံရာတွင် ဒေါသအလျောက်ပြုမူခြင်းတို့ကို
သာမန်အချိန်ထက်ပိုပြီး သတိထားစေချင်ပါတယ်။
သိသိကြီးနှင့် အစိုးရ၏ လှည့်ကွက်အောက်ကို ရောက်သွားပါက
အများပြည်သူတောင့်တနေသော ဒီမိုကရေစီဆိုတာ
မျှော်လေဝေးလေ ဖြစ်နေဦးမယ်ဆိုတာ အသေအချာပါပဲဗျာ။
-------------------
အိမ်ဝေးသူ(KZ)
Thursday, 5 March 2015
ဆင်ခြင်ပါ ညီမလေးရေ
ညီမလေးရေ။
မင်းဆီမှာ ချစ်သူရှိတယ်ဆိုပါစို့။
ညီမလေး ချစ်သူက
ညီမလေးနဲ့ သာယာကြည်နူးနေတဲ့အချိန်မျိုးမှာ
(အသဲလေး၊ အချစ်ဆုံးလေး၊ ...........) စသဖြင့်
ချစ်ဖွယ်စကားလုံးတွေနဲ့ ဆက်ဆံတတ်တယ်။
x
ဒါပေမယ့်
အဲ့ဒီ့ချစ်သူက ဒေါသထွက်လာတဲ့အခါ
ညီမလေးက သူ့ကိုဒေါသထွက်အောင်လုပ်မိတဲ့အခါ
အဲ့ဒီ့ ချစ်သူရဲ့ တုံ့ပြန်ပြောဆိုမှုက
(ကောင်မ၊ မသာမ၊ သေချင်းဆိုးမ.....) စသဖြင့်
ချက်ချင်းပြောင်းလဲသွားတတ်တယ်ဆိုရင်။
x
ကျေးဇူးပြုပြီး
အဲ့ဒီ့လို ချစ်သူရဲ့ လက်ထဲကနေ
အမြန်ဆုံး ရုန်းထွက်နိုင်အောင် ကြိုးစားပါ။
လူဆိုတာ ဒေါသထွက်ခွင့် ရှိပါတယ်။
ဒေါသထွက်ရင်လည်း ဆင်ခြင်တုံတရား နည်းပါးပြီး
အလျင်စလို တုံ့ပြန်ပြောဆို ပြုမူတတ်ကြပါတယ်။
ဒါဟာ လူ့သဘာဝဖြစ်လို့ မငြင်းသာပါဘူး။
x
ဒါပေမယ့်
မိန်းကလေးတစ်ယောက်အနေနဲ့
မိမိချစ်သူနဲ့ အိမ်ထောင်ပြုပြီးသွားရင်
ယောက်ျားတစ်ယောက်အပေါ်မှာ
လုံးလုံးလျားလျား မှီခိုနေထိုင်ကြရတာဖြစ်တတ်တော့
ဒေါသထွက်တဲ့အခါ နှုတ်ကြမ်းတတ်တဲ့ ယောက်ျားမျိုး
ဒေါသထွက်တဲ့အခါ လက်ကိုအသုံးပြုတတ်တဲ့ ယောက်ျားမျိုးကို
အတတ်နိုင်ဆုံး ကြိုတင်ရှောင်ရှားကြပေါ့ကွယ်။
x
ညီမလေးရေ
ချစ်ခါစကတော့ မင်းသည်းခံနိုင်ပါလိမ့်မယ်။
ကြာလာရင်တော့ အချစ်ဆိုတာက
မင်းကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။
ဒီနေ့
စိတ်ဆိုးဒေါသထွက်လို့ ဆဲဆိုမယ်။
နက်ဖြန်ကျရင်
ဒေါသအလျောက် လက်ပါခြေပါ ဖြစ်မယ်။
ရိုက်နှက်ပြီးမှ မှားသွားပါတယ်လို့
တောင်းပန်လာတဲ့အခါတိုင်းက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
x
ညီမလေးရေ
ဒေါသအလျောက် ဆဲဆိုတတ်၊ လက်ပါတတ်တဲ့
ချစ်သူခင်ပွန်းတစ်ယောက်က
အရက်သေစာ သောက်စားတတ်မယ်ဆိုရင်
ဘာတွေ ဆက်ဖြစ်နိုင်သလဲဆိုတာကို
မင်း...ကြိုတင်တွေးတောမိမယ်ဆိုရင်.....။။။
(အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်
ချစ်တယ်ဆိုတာ......?.........?.........?)
-------------------
အိမ်ဝေးသူ(KZ)
Wednesday, 4 March 2015
အန္တရာယ်အကြီးဆုံးသော လိမ်လည်မှု
တစ်လောကလုံးက လူတွေကို
ကျွန်တော်တို့ လိမ်လို့ရနိုင်တယ်။
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုတော့
ကျွန်တော်တို့ မလိမ်နိုင်ကြပါဘူး။
တကယ်လို့ လိမ်မိပြီဆိုရင်လည်း
ရလာဒ်က နာကျင်ကြေကွဲမှုတွေပါပဲ။
x
ကျွန်တော်တို့က
မိမိကိုယ်ကိုယ် လိမ်ဖို့ကြိုးစားမိတဲ့အခါ
အစပိုင်းမှာတော့ မိမိစိတ်ကိုဖြေသိမ့်တဲ့ပုံစံမျိုးနဲ့
အဆင်ပြေ ချောမွေ့သယောင် ခံစားနေရတတ်တယ်။
x
ဒါပေမယ့်
သိပ်မကြာခင်မှာပဲ
အဖြစ်မှန်ကို သေသေချာချာ သိလာရပြီး
နာကျင်ကြေကွဲမှုတွေနဲ့ ကြုံရတတ်တယ်။
x
ဥပမာ။
ကိုယ်မစွမ်းဆောင်နိုင်တဲ့ ကိစ္စမျိုးကို
ကျေကျေနပ်နပ် လက်ခံနိုင်စွမ်းမရှိဘဲ
ကိုယ်လုပ်နိုင်စွမ်းသယောင် ပုံစံမျိုးနဲ့
မိမိကိုယ်ကို လိမ်လည်လှည့်ဖျားလိုက်တာမျိုးပေါ့။
(မိမိကိုယ်တိုင်တောင် မသိလိုက်ဘူး)
x
အချိန်ကာလတစ်ခု လွန်မြောက်တဲ့အခါ
မိမိစိတ်ကို မိမိကိုယ်တိုင်
လိမ်လည်လှည့်ဖြားခဲ့တယ်ဆိုတာ
တိတိကျကျ သိခွင့်ရလာတတ်တယ်။
အဲဒီ့အခါမျိုးကျရင်
ဆောင်တွင်းအိပ်မက်က နိုးထသလိုမျိုး
ဂယောင်ခြောက်ခြားနဲ့ သွေးပျက်ရတတ်တယ်။
(နောင်တ,တရားနဲ့ ကြုံလာရတတ်တယ်)
x
အဲ့ဒီ့တော့
လိမ်လည်လှည့်ဖြားမှုတွေထဲမှာ
မိမိကိုယ်ကို လိမ်လည်လှည့်ဖြားခြင်းက
အဆိုးရွားဆုံး၊ အန္တရာယ်အကြီးဆုံးနဲ့
အထိခိုက်နိုင်ဆုံး ဆိုတာ မမေ့ပါနဲ့။
(မိမိကိုယ်ကို မိမိ မြင်နိုင်စွမ်း မရှိတတ်ကြလို့ပါ)
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကိုယ်က လူတစ်ယောက်ကို လိမ်နေတယ်ဆိုရင် အဲ့ဒီ့လူက မသိခဲ့ရင်တောင်
ဘေးလူ တစ်ယောက်ယောက်က ကိုယ့်ရဲ့လိမ်လည်မှုကို သိနေနိုင်တယ်။
ဘေးလူတစ်ယောက်ယောက်က မသိခဲ့ဘူးဆိုရင်တောင်
ကိုယ်က သူ့ကို လိမ်လည်နေတဲ့အကြောင်း ကိုယ်ကိုယ်တိုင်တော့ သိနေတယ်။
ကိုယ်က ကိုယ့်ကိုယ်ကို လိမ်လည်တဲ့အခါမှာတော့ ဘေးလူကလည်း မသိ၊
ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို လိမ်နေတဲ့အကြောင်း မသိနိုင်လို့
အဆိုးရွားဆုံး၊ အန္တရာယ်အကြီးဆုံးနဲ့ အထိခိုက်နိုင်ဆုံး လို့ ပြောခဲ့ရခြင်းပါ။
Tuesday, 3 March 2015
လမ်း
အဲ့ဒီ့လမ်းမှာ
ကမ်းပေးမယ့် လက်တွေလည်း အသင့်။
ထိုးခံမယ့် ခြေထောက်တွေလည်း အသင့်။
x
အဲ့ဒီ့လမ်းမှာ
စတေးမယ့် နှလုံးသားတွေလည်း အသင့်။
ပူးသတ်မယ့် ဦးနှောက်တွေလည်း အသင့်။
x
အဲ့ဒီ့လမ်းမှာ
သေရဲတဲ့ ဒေါင်းလေးတွေလည်း အသင့်။
သတ်ရဲတဲ့ ဠင်းတကြီးတွေလည်း အသင့်။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
အဲ့ဒီ့လမ်းဟာ အန္တရာယ်လမ်းဆိုပေမယ့် အောင်ပွဲခံမယ့်လမ်းဆိုတာ
သေချာဖို့ ပြည်သူ့ခွန်အားနဲ့ ကျောင်းသားထုဗျူ ဟာ တို့ သပ်ရပ်ကျစ်လျစ်စွာ
ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ (အောင်ပွဲဆိုတာ တိုက်ရဲသူတို့အတွက်)
Monday, 2 March 2015
အကြီးဆုံး / အသေးဆုံး (သို့) နှလုံးအိမ်
ကမ္ဘာမှာ
အကြီးကျယ်ဆုံးသောအရာက
နှလုံးသား ဖြစ်သလို၊
x
ကမ္ဘာမှာ
အသေးမွှားဆုံးသောအရာကလည်း
နှလုံးသားသာလျှင် ဖြစ်ပါတယ်။
x
သဘောထားကြီးမြတ်သူရဲ့
နှလုံးအိမ်က
ကမ္ဘာဆယ်ခုမက ကြီးမားပေမယ့်
x
သဘောထားသေးသိမ်သူရဲ့
နှလုံးအိမ်ကတော့
ပုရွက်ဆိတ်တွင်းတစ်ခုထက်
ပိုပြီး သေးငယ်တတ်တယ်။
x
တစ်ချို့ သူတွေ နေတဲ့အိမ်က
ခမ်းနားကြီးကျယ်သလောက်
သူတို့ နှလုံးသားက သေးသိမ်လွန်းတယ်။
တစ်ချို့ သူတွေ နေတဲ့အိမ်က
စုတ်ပြတ်သေးငယ်သလောက်
သူတို့ နှလုံးသားက ကြီးကျယ်လွန်းတယ်။
x
အဲ့ဒီ့တော့
မိမိနေတဲ့ နေအိမ်က
သေးငယ်နုံချာနေပါစေ။
(လုံးဝ ရှက်စရာ မလိုပါဘူး)
ဒါပေမယ့်
မိမိအသွေးအသားထဲမှာ
ပိုင်ဆိုင်ထားတဲ့ နှလုံးအိမ်ကိုတော့
ကြီးကျယ်ခမ်းနား နေပါစေ။
------------------
အိမ်ဝေးသူ(KZ)
Sunday, 1 March 2015
မျက်ကန်းလက်ထဲက အမှန်တရားဆိုတာလည်း မှားယွင်းခြင်းတစ်မျိုးပါပဲ
စစ်သွေးကြွ၊ အစွန်းရောက်
အကြမ်းဖက်လို့ ဆိုကြတိုင်း
နောက်ကလိုက်တဲ့ဝေါဟာရမှာ
(အစ္စလာမစ်) ဆိုတာမပါရင်
ခင်ဗျားတို့ 
ဘာကြောင့်ထမင်းစား မမြိန်ကြတာလဲ?
x
မျက်လုံးတစ်ဖက်တည်းနဲ့
အမှန်တရားကို ရှာဖွေကြမယ်ဆိုရင်တော့
တစ်ဖက်စောင်းနင်း အမှန်တရားကိုပဲ
ခင်ဗျားတို့တတွေ ရကြမှာပေါ့။
x
ဖြစ်နိုင်မယ်ဆိုရင်
အမှန်တရားကို ရှာဖွေတဲ့နေရာတွေမှာ
တရားမျှတမှုကို ရှာဖွေတဲ့နေရာတွေမှာ
ငြိမ်းချမ်းပိပြားရေးကို ရှာဖွေတဲ့နေရာတွေမှာ
မျက်လုံးနှစ်လုံးစလုံးနဲ့ တည့်မတ်စွာကြည့်ပြီး ရှာဖွေပါ။
x
အဲ့ဒီ့လိုမှ မဟုတ်ရင်တော့
ရွှေပြည်တော် မျှော်တိုင်းဝေးဆိုပြီး
ခင်ဗျားတို့တတွေ ငိုချင်းချကြရလိမ့်မယ်။
အရာရာကို မျှမျှတတမြင်စေချင်လို့
ဘုရားသခင်က
ခင်ဗျားတို့ (ကျွန်တော်တို့) ကို
မျက်လုံးနှစ်လုံးပေးထားခြင်း မဟုတ်လားဗျာ။
x
အမုန်းတရားနဲ့ အနီးကပ်ဆုံးမှာ ရှိတာက
ချစ်ခြင်းမေတ္တာတရားပဲဆိုတာ ခင်ဗျားတို့သိရင်...။
မတရားသဖြင့် အနိုင်ကျင့် မုန်းတီးခံရသူကို
အများစုက သနားချစ်ခင်တတ်ကြတယ်ဆိုတာ
ခင်ဗျားတို့ သဘောပေါက်ဆင်ခြင်မိကြမယ်ဆိုရင်...။
ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့အတူ
ငှက်ကလေးတွေရဲ့ ငြိမ်းချမ်းရေးတွန်ကျူးသံချိုကို
ကျွန်တော်တို့ (ခင်ဗျားတို့) ကြားနိုင်စွမ်းမှာပါဗျာ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
အချစ်ဆိုတာ သိပ်ကိုကောင်းမွန်ပြီး လူတိုင်းနဲ့ တည့်ပေမယ့်
အမုန်းဆိုတာကတော့ ဘယ်လိုအမုန်းမျိုးဖြစ်ဖြစ် တားဆီးသင့်တဲ့အရာပါပဲ။
အထူးသဖြင့်
သူတစ်ပါးကိုးကွယ်ရာ ဘာသာတရားကို မုန်းတီးခြင်းက ပိုပြီးဆိုးရွားတဲ့အတွက်
အစ္စလာမ်ဆိုတာ ကြောက်စရာ၊မုန်းတီးစရာလို့ ခင်ဗျားတို့မျိုးဆက်တွေကို
သင်ပေးမယ့်အစား၊ အစ္စလာမ်ဆိုတာ ချစ်စရာ၊လေ့လာစရာလို့
ခင်ဗျားတို့မျိုးဆက်တွေကို လမ်းညွှန်ကြည့်စေချင်ပါတယ်။
ချစ်သူ့မျက်ရည်
(၁)
သူမ
မျက်ရည်ကျတော့မယ်ဆိုတာကို
ကျွန်တော်သိတာနဲ့ တစ်ပြိုင်နက်
ကိစ္စအတိမ်အနက်ကို ကြည့်ပြီး
သူမ မျက်ရည်မကျစေဖို့အတွက်
ကျွန်တော် အစွမ်းကုန်ကြိုးစားတယ်။
ကိုယ်တိုင်က ဟာသတွေ
သိပ်မလုပ်တတ်ပေမယ့်
ဟာသတွေပြောပြ၊ မျက်နှာပြောင်ပြရင်း
ရတဲ့နည်းနဲ့ သူမအငိုရပ်သွားအောင်
ကျွန်တော် ကြိုးစားခဲ့ဖူးတယ်။
(အဲ့ဒီလိုအချိန်မျိုးမှာ ကျွန်တော်က သူရဲကောင်းပါ)
(၂)
သူမ
မျက်ရည်ကျနေပြီဆိုရင်
သူမ အနေအထားကို သုံးသပ်တယ်။
သူမ ငိုတဲ့အခါ အထောက်အကူဖြစ်အောင်
တစ်သျှူး၊ သောက်ရေတစ်ဗူးလောက်တော့
အဆင်သင့် လုပ်ပေးထားပြီး
သူမ ငိုတာကို ကျွန်တော်သေချာ ထိုင်ကြည့်တယ်။
သူမ ငိုလို့ ဝပြီဆိုရင်တော့
သူမကို ကျွန်တော်ကိုယ်တိုင် မျက်ရည်သုတ်ပေးတယ်။
(ငိုပြီးခါစ မိန်းကလေးတစ်ယောက်ရဲ့ အလှက တစ်မျိုးထူးတယ်ဗျ)
(၃)
သူမ
မျက်ရည်ကျတော့မယ်ဆိုရင်
ကျွန်တော်
တစ်ခါတလေ လျစ်လျူ ရှု ထားတတ်တယ်။
ကျွန်တော်
တစ်ခါတလေ သူမ,မငိုအောင် ဝိုင်းထိန်းပေးတယ်။
ကျွန်တော်
တစ်ခါတလေ သူမကို စိတ်ကြိုက်ငိုစေခဲ့တယ်။
ဒါပေမယ့်
တစ်ခါမှ သူမနဲ့အတူ ကျွန်တော်အတူမငိုခဲ့ဖူးဘူး။
(ကျွန်တော် ငိုရင် မလှမှန်း ကျွန်တော်သိနေခဲ့တာကိုး)
-------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Posts (Atom)