Thursday, 30 July 2015

လိုင်လာခန်း(န်) Vs အဖွဲ့ကြီး (၅) ဖွဲ့


အခြေအနေ-၁
မောင်ဖြူသည် တော်သည်။
မောင်ညိုသည် တော်သည်။
x
အခြေအနေ-၂
မောင်ညိုသည် မောင်ဖြူထက် ပိုညံ့သည်။
မောင်ဖြူသည် မောင်ညိုထက် ပိုတော်သည်။
x
မောင်ဖြူ တော်သည့်ကိစ္စတွင်
မောင်ဖြူတစ်ယောက်တည်းကို တော်ပါသည်ဟု ပြောလျှင် သင့်တော်ပါသည်။
သို့သော်...မောင်ဖြူ တော်သည့်အကြောင်းအရာကို ပြောချင်ဇောဖြင့်
မောင်ညိုနှင့် နှိုင်းယှဉ်ပြီး ပြောခြင်းကိုတော့ ကျွန်တော် သိပ်ပြီးဘဝင်မကျလှပါ။
x
အများစုနှင့် အမြင်မတူနိုင်သည့် ကိစ္စတစ်ခုကို ကျွန်တော်ပြောချင်ပါသည်။
ထိုကိစ္စမှာ ယခု ရက်ပိုင်းအတွင်း နာမည်ကြီးနေသော ဘောလီးဝုဒ်မင်းသမီး
လိုင်လာခန်း(န်) နှင့် ပက်သက်၍ ဖြစ်သည်။
x
ကျွန်တော် အထက်မှာ တင်ပြခဲ့သော အခြေအနေ ၂မျိုးကဲ့သို့ပင်ဖြစ်သည်။
လိုင်လာခန်း(န်) တော်သည်၊ ထက်မြက်သည်၊ သတ္တိရှိသည်၊ ပြောဆိုရဲသည်။
ထိုအရာအားလုံးကို ကျွန်တော် ခြွင်းချက်မရှိ လက်ခံပါသည်။ သို့သော်
လိုင်လာခန်း(န်) ပြောရဲဆိုရဲသည်ကို အခြေအနေ ၁ တွင် တင်ပြခဲ့သလို
သူမ၏ အမည်နာမတစ်ခုတည်းကို သုံးပြီး အဘယ်ကြောင့် ရေးသားခြင်း
မပြုကြပါသနည်း။ အဘယ်ကြောင့် အဖွဲ့ကြီး ၅ ဖွဲ့ နှင့် နှိုင်းယှဉ်ပြီး ရေးသား
ကြသနည်း ဆိုသည်ကိုလည်း အံ့သြမိပါသည်။ ကျွန်တော် ဆိုလိုချင်သည်ကို
နားလည်ကြမည်ဟု ယူဆပါသည်။
x
အခြေအနေ။
၁- အဖွဲ့ကြီး(၅)ဖွဲ့ ညံ့သည်။
၂- လိုင်လာခန်း(န်) တော်သည်။
ထိုသို့ ဖြစ်စေချင်သလား?
တသီးပုဂ္ဂလ အနေအထားဖြင့် ချီးကျူးခြင်း၊ ဝေဖန်ခြင်းကို လက်ခံပါသည်။
သို့သော် အဖွဲ့ကြီး၅ဖွဲ့သည် လိုင်လာခန်း(န်) လောက် သတ္တိမရှိဟူသော
အရေးအသားများကိုမူ ကျွန်တော် သဘောမကျမိပါ။ ထိုမျှမက သေးပါ။
နှိုင်းယှဉ်ရေးသားရလောက်အောင်လည်း တစ်ဖက်က သရုပ်ဆောင်မင်းသမီး
ဖြစ်ပြီး အခြားတစ်ဘက်မှာ (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ)
မြန်မာမွတ်စလင်လူထုကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနေသည့်
သာသနာ့ပညာရှင်များပါဝင်သော အဖွဲ့အစည်းများ ဖြစ်နေသည်။ ဂုဏ်ရည်လည်း
မတူ။ အနေအထားချင်းလည်း မတူကြပါ။
x
ကျွန်တော်သည် သာသနာ့ပညာရှင် မဟုတ်ပါ။ ထို့အတူ ရုပ်ရှင်သရုပ်ဆောင်
တစ်ဦးလည်း မဟုတ်ပါ။ သာမန် လူပြိန်းတစ်ယောက်မျှသာ ဖြစ်ပါသည်။
လိုင်လာခန်း(န်) ပြောဆိုသွားသည့် ကိစ္စများကို ကျွန်တော် သဘောကျပါသည်။
သတ္တိရှိသည်။ ပြောရဲဆိုရဲသည်။ သူမ ယုံကြည်ရာကို သူမ တင်ပြသွားသည်။
သို့သော် သူမကိုယ်တိုင်လည်း သူမလောက်တောင် အဖွဲ့ကြီး၅ဖွဲ့က သတ္တိမရှိဟု
တွေးခဲ့မိလိမ့်မည်ဟု မထင်။ ယခုတော့ သူမအကြောင်းကို ချီးကျူးပြောဆိုနေကြသူများ
ရေးထားသော အရေးအသားများကို ကြည့်ပြီး သူမကိုယ်တိုင်လည်း စိတ်မကောင်း
ဖြစ်နေနိုင်သည်။ ကျွန်တော်တို့ သတိထားရမည့် အချက်မှာ လိုင်လာခန်း(န်) သည်
ပွင့်လင်းစွာ ပြောဆိုခွင့် ရှိသော နိုင်ငံတစ်ခုမှာ အချိန်ကာလတစ်ခုအထိ ဖြတ်သန်းခဲ့
ဖူးခြင်း ဖြစ်သည်။ လွတ်လပ်စွာ ပြောရဲဆိုရဲသော ကိစ္စမှာ သူမအတွက် အထူးအဆန်း
အကြောင်းအရာ တစ်ခုမဟုတ်ဟု ကျွန်တော်ယူဆပါသည်။
x
ကျွန်တော့်အနေဖြင့် အများနှင့်မတူသော အယူအဆတစ်ခုကို တင်ပြပြီး
စာဖတ်သူများအား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခြင်းမဟုတ်ပါ။
သို့သော် မနှိုင်းယှဉ်သင့်သည်ကို နှိုင်းယှဉ်သည့် အရေးအသားများကို
ထောက်ပြမိခြင်း ဖြစ်ပါသည်။ အဖွဲ့ကြီး ၅ဖွဲ့ထဲမှာ ကျွန်တော့်လို လူပြိန်း
တစ်ယောက်ထက် အဆပေါင်းများစွာ သာသနာ့အရေးကို လုပ်ဆောင်နေကြသော
သာသနာ့ပညာရှင်များ ပါဝင်နေမည်ဟု ယူဆသည့်အတွက် ရေးသားခြင်းဖြစ်ပါသည်။
သူတို့ သာသနာအတွက် အလုပ်လုပ်သည်၊ အလုပ်မလုပ်ပါ ဆိုသည့်အကြောင်းအရာကို
လူကြီးမင်းတို့ စိတ်ကြိုက် ဝေဖန်နိုင်ပါသည်။ (ကျွန်တော် ဘာမှ မပြောလိုပါ)
x
နိဂုံးချုပ်ပါမည်။
ကျွန်တော်သည် မည်သူ့ဘက်တော်သားမျှ မဟုတ်ပါ။
မနှိုင်းယှဉ်သင့်သည်ကို နှိုင်းယှဉ်ပြီး မိမိမွတ်စလင်မ် ညီနောင်သားချင်းအချင်းချင်း
သိက္ခာကျစေနိုင်သည့် ကိစ္စတစ်ခုအဖြစ် ယူဆမိသောကြောင့်သာ ရေးသားမိပါသည်။
အဖွဲ့ကြီး (၅) ဖွဲ့ တော်သလား ညံ့သလား၊ လိုင်လာခန်း(န်) တော်သလား ညံ့သလား?
ကျွန်တော့် အလုပ်မဟုတ်ပါ။ သို့သော်...တစ်ယောက်တော်သည့်အတွက် အခြား
တစ်ယောက်(တစ်ဖွဲ့) ကို ဆွဲသွင်းဖော်ပြသည်ကိုတော့ သဘောမကျလှပါ။
တော်လောက်ပြီဟု ယူဆပါသည်။ ဆက်ပြောလျှင်လည်း ဂျာအေးကို သူ့အမေရိုက်၊
မုန့်လုံးစက္ကူကပ်သလိုသာ ဖြစ်ချေတော့မည်။
----------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
မည်သူနှင့်မျှ အငြင်းအခုံ မဖြစ်လိုပါ။ ငြင်းခုံနိုင်စွမ်းလည်း မရှိပါ။ အချိန်လည်း မပေးနိုင်ပါ။
မိမိ အမြင်ကို မိမိ အရိုးသားဆုံး တင်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ တော်သည်၊ ညံ့သည်ဟု
နှိုင်းယှဉ်ပြောဆိုခံရသည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုက်လိမ့်မည် မဟုတ်ပါ။

No comments:

Post a Comment