Friday, 17 July 2015

ကျွန်တော်နဲ့ အီးဒ်နေ့ အမှတ်တရများ


အရှက်အကြောက်နည်းတဲ့ ခပ်ငယ်ငယ်တုန်းက
ရပ်ကွက်ထဲမှာ အီတီ လိုက်တောင်းခဲ့ဖူးတယ်။
x
တကယ်ပဲဗျာ။
လွတ်လပ်တယ်၊ ပေါ့ပါးတယ်၊ နှစ်လိုဖွယ်ဖြစ်ခဲ့တယ်။
အလုအယက်လည်း အီးဒီတောင်းခဲ့ဖူးတယ်။
ဝေစုမတည့်တာမျိုးတွေလည်း အများကြီး ကြုံခဲ့ဖူးတယ်။
x
ရလာတဲ့ အီတီတွေကို ရေတွက်ကြည့်ရတဲ့အရသာဟာ
ငယ်စဉ်ဘဝက ခံစားရခဲ့ဖူးတဲ့ ရသတွေထဲမှာတော့
ကျေနပ်ပျော်ရွှင်စရာ အကောင်းဆုံးလို့ ခံစားမိတယ်။
x
ဘယ်အိမ်ကတော့ဖြင့် ချမ်းသာတယ်၊ ဆင်းရဲတယ်၊
ဘယ်အိမ်က မာမူကြီးကတော့ ကပ်စေးနဲကော်တရာကြီး၊
ဘယ်လမ်းမှာနေတဲ့ အန်တီကြီးကတော့ ရက်ရောတယ်၊
အစရှိသဖြင့် ကျွန်တော်တို့မှာ တိကျတဲ့ သတင်းတွေရှိတယ်။
x
ရလာတဲ့ မုန့်ဖိုးတွေကို မပျောက်ပျက်အောင် ထိန်းရတဲ့ ဒုက္ခ၊
သိပ်ပြီးများလာပြီလို့ ထင်ရတဲ့အခါ အိမ်ပြန်ပြီးတော့
စိတ်ချရတဲ့ လူကြီးတစ်ယောက်ယောက်ဆီမှာ အပ်ရတဲ့ ဒုက္ခ၊
(စိတ်ချရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ စာဖတ်သူသိမှာပါ tongue emoticon )
အဲ့ဒီ့ ဒုက္ခတွေက ဘယ်လောက်ကြီးသလဲဆိုတာ သိကြမှာပါ။
x
ဒါတွေပဲလား ဆိုတော့.......မဟုတ်သေးပါဘူး။
အီတီရမယ်ဆိုတဲ့ အမှတ်နဲ့သွားလိုက်တဲ့အိမ်မှာ
အီတီကိုတော့ မပေးဘဲ မုန့်ကိုပဲ အဝကျွေးလိုက်လို့
ဗိုက်ကားအောင် စားခဲ့ရတဲ့ ဒုက္ခတွေလည်း ရှိသေးတယ်။
တစ်အိမ်မှာ စားပြီး ဗိုက်ကလည်း တင်းကားနေတုန်း
နောက်တစ်အိမ်သွားတဲ့အခါ
(ယားအလ္လာဟ် ဒီအိမ်ကတော့ မုန့်မကျွေးဘဲ မုန့်ဖိုးပဲ ပေးပါစေ) လို့
ဆုတောင်းခဲ့ရတဲ့ ဒုက္ခ၊ ဆုတောင်းမပြည့်ဘဲ အဲဒီ့အိမ်ရောက်တော့လည်း
မုန့်တွေနဲ့ ထပ်တွေ့ရတဲ့အခါ ရှုံ့မဲ့နေတဲ့ မျက်နှာတွေနဲ့
မုန့်တစ်ခုစီလောက်တော့ စတိသဘောမျိုး စားပေးလိုက်ရတဲ့ ဒုက္ခ။
(အဲ့ဒီ့ ဒုက္ခတွေအားလုံးကို ကျွန်တော်က ဒုက္ခချိုလို့ နာမည်ပေးထားတယ်)
x
အဝတ်အစားကို စတိုင်ကျကျ ဝတ်တတ်နေတဲ့ အရွယ်ရောက်တော့
အိမ်တွေပတ်ပြီး အီတီလိုက်တောင်းတဲ့ အလုပ်ကို မလုပ်ဖြစ်တော့ဘူး။
သာသာယာယာနဲ့ အိနြေ္ဒရရ အိမ်မှာပဲ ထိုင်စောင့်ရင်း အိမ်ကိုလာလည်တဲ့
ဆွေမျိုးသားချင်းတွေက အလိုက်တသိနဲ့ပေးတဲ့ အီတီကိုပဲ ယူခဲ့တယ်။
အိမ်ကို လာလည်ပြီး အီတီတောင်းတဲ့ ကလေးတွေကိုလည်း
ကိုယ်က လူကြီးလုပ်ပြီး အီတီဝေတဲ့အလုပ်ကို တာဝန်တစ်ခုလို ယူခဲ့တယ်။
x
ကိုယ့်အလှည့်တုန်းကသာ တစ်အိမ်ကို နှစ်ခါ မသွားခဲ့ဖူးတာ။
ကိုယ့်ဆီလာတဲ့ ကလေးတွေအလှည့်ကျတော့မှ ကိုယ်ပါ မျက်စိလည်တယ်။
ပထမ တစ်ခါလာတုန်းက နေကာမျက်မှန်တပ်ထားတဲ့ စတိုင်နဲ့ တောင်းတယ်။
နောက်တစ်ခါ လာတော့ မျက်မှန်ချွတ်ပြီး ဦးထုပ်တောင် ဆောင်းထားသေးတယ်။
"ချာတိတ် မင်း...ခုနတုန်းက လာသွားတယ်မလား... ဦးထုပ် ချွတ်ပြကြည့်"
လို့ ပြောတော့မှ "သားက သားသူငယ်ချင်းတွေနဲ့ အဖော်လိုက်လာတာ" ဆိုပြီး
စပ်ဖြဲဖြဲမျက်နှာပေးနဲ့ ပြောတယ်။ ကိုယ့်အလှည့်တုန်းကထက် ပိုဆိုးတာကတော့
မုန့်ကျွေးမယ်ပြောတဲ့အခါပဲ။ အုန်းနို့ခေါက်ဆွဲလည်း ရှိတယ်၊ စမိုင်လည်း ရှိတယ်၊
ကြိုက်တာ သောက်သွားလေ လို့ ပြောရင် သူတို့က စမိုင်မကြိုက်ဘူး၊
ဗိုက်တင်းနေတယ်၊ အီတီပဲ ပေးပါ ဆိုတာမျိုးတွေကို မကြောက်မရွံ့ပြောတာ။
နောက်ဆုံး ကိုယ်ကပဲ အလျှော့ပေးပြီး မောင်မင်းကြီးသားတွေအားလုံးကို
အီတီ ပေးလိုက်ရတယ်။ ဒါတောင် တစ်ယောက်က မှတ်မှတ်ရရ ပြောသွားသေးတယ်။
"အစ်ကိုကြီး ငယ်ငယ်တုန်းက သားတို့ထက် ဆိုးတယ်မလား" တဲ့။
x
ဟော...။
ခုတော့ ကျွန်တော့်အသက်က ၃၀ နားကို ကပ်ပြီ။
ကျွန်တော် သိပ်ချစ်ခဲ့တဲ့၊ ကျွန်တော် သိပ်ပျော်ခဲ့တဲ့ ကလေးဘဝကို
စွန့်လွှတ်ခဲ့တာလည်း နှစ်ပေါင်း ၂၀ လောက်ရှိတော့မယ်။ ကျွန်တော်
သိပ်ချစ်တဲ့ ရန်ကုန်ကို စွန့်လွှတ်ခဲ့တာလည်း (၇)နှစ် ဝန်းကျင်ရှိခဲ့ပြီ။
မိသားစုနဲ့ အတူတကွ အီးဒ်ကို မကျင်းပနိုင်ခဲ့တာလည်း အတန်အသင့်ကြာခဲ့ပြီ။
အလေ့အထမတူ၊ အမူအကျင့်မတူ၊ ဘာသာစကားမတူတဲ့ တိုင်းပြည်တစ်ခုမှာ
အီးဒ်ကို တစ်ကိုယ်တည်း ကျင်းပခဲ့တာလည်း တော်တော်ခရီးပေါက်ခဲ့ပါပြီ။
x
မြန်မာပြည်က အီးဒ်ပွဲတော်ဟာ ကျွန်တော့်အတွက်တော့
အကြောင်းအရာ တစ်ခုတည်းနဲ့တင် သိပ်ချစ်စရာကောင်းလွန်းပါတယ်။
အဲ့ဒါကတော့ ကလေးတွေ တစ်အိမ်တက်တစ်အိမ်ဆင်း အီတီတောင်းတဲ့
အလေ့အထလေး ပါပဲ။ အခု ကျွန်တော့်အရွယ်က သူများအိမ်လိုက်ပြီး
အီတီ လိုက်တောင်းလို့ရတဲ့ အရွယ်လည်း မဟုတ်လေတော့ ကိုယ့်ဆီကို
လာပြီး အီတီတောင်းမယ့် ကလေးတွေကိုတော့ သိပ်ကို မျှော်လင့်မိတယ်။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အဲ့ဒီ့ အလေ့အထ မရှိတော့ ကလေးတွေကို
အီတီ ပေးချင်တဲ့ ဆန္ဒလေးတောင် မပြည့်ဝဘူး။ ကလေးတွေအများကြီးက
"အက်စလာမုအာလိုက်ကွမ် ဝရဟ်မသွလ္လာဟိ ဝဘရကသုဟ်" ဆိုပြီး
သံပြိုင် ဟစ်ကြွေးသံကို မကြားခဲ့ရတာလည်း တော်တော်လေး ကြာခဲ့ပါပြီ။
x
ကဲ...တော်လောက်ပါပြီဗျာ။
ပထမတော့ အက်ဆေးလို ပုံစံမျိုး ရေးမလို့ပဲ။
ဒါပေမယ့် စကားပြောဟန်လေးပဲ ခပ်ပေါ့ပေါ့ပါးပါး ရေးဖြစ်သွားတယ်။
ကျွန်တော် ရေးခဲ့တဲ့ ဒီအကြောင်းအရာလေးကို ဖတ်ရသူတိုင်းအနေနဲ့
တစ်ခါတုန်းက ကိုယ့်ဘဝလေးကို အမှတ်တရ ပြန်မြင်ယောင်မိရင်း
ပြုံးလိုက်မိမယ်ဆိုရင်ပဲ ကျွန်တော် ဒီစာကို ရေးရကျိုးနပ်ပါပြီဗျာ။
x
အီတီ တောင်းလို့ ရတဲ့အရွယ်မှာ ကျွန်တော်...အီတီ လိုက်တောင်းခဲ့တယ်။
အီတီ ပေးလို့ရတဲ့ အရွယ်ရောက်တော့ ကျွန်တော်... အီတီ ပေးခဲ့တယ်။
ုခုတော့....
အီတီ...လိုက်တောင်းချင်လည်း လိုက်တောင်းလို့ မရနိုင်တော့ဘူး။
အီတီ ပေးချင်တာတောင် လာတောင်းမယ့် ကလေးမရှိရှာဘူး။
ဒါပေမယ့်
ကလေးတစ်ယောက်ယောက်များ တံခါးလာခေါက်လေမလားလို့
စောင့်နေမိသေးတယ်ဆိုရင် ကျွန်တော် မလွန်လောက်ပါဘူးလေ လို့ ပြောရင်း။
----------------
အိမ်ဝေးသူ(KZ)
----------------

No comments:

Post a Comment