Saturday, 29 November 2014

နောက်ဆုံးတစ်ကြိမ် အကူအညီမပေးနိုင်သောအခါ


(၁)
ပထမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ဒုတိယအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

တတိယအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

စတုတ္ထအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ပဉ္စမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ဆဠမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

သတ္တမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

အဌမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

နဝမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ဒသမအကြိမ်
ခင်ဗျားက...အကူအညီမပေးလိုက်နိုင်။

(၂)
စာဖတ်သူ မည်သို့ မြင်ပါသနည်း ?
ဤသည်မှာ စာဖတ်သူတို့၏ ဘဝတစ်လျှောက်တွင် အနည်းဆုံးအားဖြင့်
တစ်ကြိမ်လောက်တော့ ကြုံဖူးကြမည့် အကြောင်းအရာတစ်ခု ဖြစ်ပါသည်။

ဥပမာ...။
စာဖတ်သူ၏ မိတ်ဆွေဖြစ်သူ ဦးကကြီးက စာဖတ်သူထံမှ လိုအပ်သည့်အခါတိုင်း
အကူအညီ တောင်းခံလေ့ရှိသည်။ စာဖတ်သူကလည်း တတ်အားသရွေ့  ကူညီ
ခဲ့သည်ချည်း ဖြစ်သည်။ စာဖတ်သူက ၄င်းပုဂ္ဂိုလ်ကြီး၏ ကြီးမားလေးလံသော
အခက်အခဲပေါင်း (၉) ခုတိတိကို ကူညီခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်
(ဆယ်ကြိမ်မြောက်) မှာတော့ မိမိကိုယ်တိုင်က အခက်အခဲ တစ်စုံတရာ
ကြုံတွေ့နေရသဖြင့် အကူအညီ ပေးနိုင်ခြင်းမရှိတော့။
သို့ဆိုလျှင်....
အကျိုးဆက်က မည်သို့ ဖြစ်မည်ထင်ပါနည်း?

(၃)
ရိုးရှင်းစွာ ဖြေရမည်ဆိုပါလျှင်
၎င်းပုဂ္ဂိုလ်ကြီးသည် စာဖတ်သူ ကူညီခဲ့သော အကူအညီ (၉) ခုကို
လုံးဝ ဥပက္ခောပြုပြီး နောက်ဆုံးတစ်ကြိမ်မှာ မကူညီရကောင်းလားဟု
ရွှေစိတ်တော် ညှိုးပေလိမ့်မည်။ လူသားသည် ကျေးဇူးတရားကို အသိတတ်ဆုံး
လူမှုသတ္တဝါများ ဖြစ်သလို ကျေးဇူးအကန်းတတ်ဆုံး သက်ရှိများ ဖြစ်သည်ဟုဆိုလျှင်
ကျွန်တော် လွန်မည်မထင်ပါ။ သေးငယ်ပလွှားသော အကြောင်းအရာလေးတစ်ခုကို
အကြောင်းပြုပြီး တစ်သက်ပြန်ဆက်၍ မကုန်နိုင်သော ကျေးဇူးတရားကြီးကြီးမားမား
တို့ကို မသိချင်ယောင်ဆောင်သွားတတ်ကြသည်။ ရှင်းရှင်းပြောရလျှင် တစ်ကြိမ်
မကူညီနိုင်ခြင်းကိုအကြောင်းပြုပြီး ကူညီခဲ့ဖူးသောကိုးကြိမ်ကို
ဖျက်စီးပစ်လိုက်ခြင်းဖြစ်သည်။

(၄)
စာဖတ်သူအနေနှင့်
တစ်စုံတယောက်ကို ကူညီမည်ဟု ဆုံးဖြတ်သည့်အခါ
"တစ်နေ့နေ့တွင် ငါ့ကို ပြန်ကူညီမှာပဲ" ၊ "တစ်ဦးစေတနာ တစ်ဦးမေတ္တာ"ဟု
မတွေးပါနှင့်။ ကူညီပြီဟုဆိုလျှင် ဘာကိုမျှ မျှော်လင့်ထားခြင်း မရှိသော
သန့်ရှင်းသည့် ကူညီမှုမျိုးဖြင့်သာ ကူညီစေလိုပါသည်။ တစ်စုံတရာကို မျှော်လင့်ပြီး ကူညီသော အကူအညီမျိုးသည် မိမိကို အေးမြစေခြင်းမရှိဘဲ ပူလောင်မှုများသာ
ပေးနိုင်စွမ်းသည်။ ယုတ်အဆွဆုံး နောင်တစ်ချိန်မှာ တစ်ဘက်က
မကူညီနိုင်သောအခါ (ခင်ဗျား အလှည့်တုန်းက ကျွန်တော် အကြိမ်ပေါင်းများစွာ ကူညီထားခဲ့ဖူးတယ်၊ ကျွန်တော် အကူအညီ လိုတော့ ခင်ဗျားက ဒီလိုပဲလား၊ စိတ်ဓာတ်လေးတွေ သိရတာပေါ့) စသည်ဖြင့် မလိုလားအပ်သည့် အမြင်မကြည်လင်မှုများစွာ ဖြစ်တတ်သည်။ ဤနေရာတွင် စာဖတ်သူ
အထူးဂရုပြုရမည့် အချက်တစ်ချက် ရှိသည်။ ၄င်းမှာ စာဖတ်သူက
တစ်စုံတယောက်ကို အကူအညီ ပေးခဲ့သည်မှာ ဆယ်ကြိမ်မက ဖြစ်သွားသော်လည်း ထို့သူ့ထံမှ အကူအညီ တောင်း၍ မရသောအခါ စာဖတ်သူက ထိုသူ့အား အပြစ်မတင်၍ မဖြစ်နိုင်ပေ။ အကူအညီကို (လက်ခံ၊ ငြင်းပယ်) ခြင်းမှာ
ထိုသူ၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သည်ဟု ယူဆပါသည်။

(၅)
နိဂုံးချုပ်ပါမည်။
အကူအညီဟူသည်မှာ (စိတ်) ထားတတ်လျှင် အေးမြတတ်သည်။
အကူအညီဟူသည်မှာ (စိတ်) မထားတတ်လျှင် ပူလောင်စေသည်။
အကူအညီဟုဆိုလျှင် အပြန်အလှန်ဟု တွဲ၍ မမှတ်လိုက်ပါနှင့်။
အပြန်အလှန်ဟူ၍ မှတ်ယူလျှင် အကူအညီမမည်တော့ဘဲ
တန်ရာတန်ကြေးသတ်မှတ်သော အပေးအယူ သဘောမျိုးသာ ဖြစ်သွားတော့သည်။
တစ်စုံတယောက်ထံမှ မိမိက လိုအပ်၍ အကူအညီတောင်းခံသောအခါ
တစ်ခါတုန်းက မိမိကူညီပေးဖူးသော ကျေးဇူးတရားဖြင့် ချည်နှောင်ပြီး
အကူအညီတောင်းခံခြင်း မပြုပါနှင့်။
(ထိုသူ့အား လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါစေ)
အကူအညီ မပေးနိုင်ဟု ထင်လျှင် လုံးဝ ပြတ်သားစွာ ငြင်းဆိုပါ။ (ဇာတ်လမ်းရှင်းသည်)
အားနာလွန်း၍ ကူညီခြင်းမျိုး မလုပ်ပါနှင့်။
အားနာလွန်း၍ ကူညီလိုက်သောအခါ နောက်ဆက်တွဲအဖြစ် ခံစားရမည်မှာ
ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်ချေလိမ့်မည်။

--------------------
အိမ်ဝေးသူ(KZ)
---------------------
မှတ်ချက်။
ကျွန်တော် ကူညီနိုင်တာရှိလျှင်
နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ စောင့်ရှောက်ခြင်းတို့ဖြင့် မျှော်လင့်ချက် တစ်စုံတရာမျှ
မပါသည့် သန့်ရှင်းသော ကူညီမှုမျိုးဖြင့် ကူညီပါမည်။
ကျွန်တော် အကူအညီ မပေးနိုင်ခဲ့ပါက လူကြီးမင်း ကျွန်တော့်ကို စိတ်မဆိုးစေချင်ပါ။
(အကယ်၍ စိတ်ဆိုးခဲ့ပါကလည်း ကျွန်တော် လုံးဝ ဖြေရှင်းလိမ့်မည်မဟုတ်)


Friday, 28 November 2014

360 မှ ကင်းလွတ်ရပါလို၏


ဖြစ်နိုင်မည်ဆိုလျှင်
360 နည်းပညာကို ပျောက်ကွယ်သွားစေချင်ပါသည်

ဖြစ်နိုင်မည်ဆိုလျှင်
360 ဖြင့်ပြင်ထားသော ဓာတ်ပုံကို ကြည့်ပြီး
ချစ်ခင်စွဲလန်းမိသွားခြင်းမှ ကင်းဝေးလိုပါသည်။

ဖြစ်နိုင်မည်ဆိုလျှင်
360 ကြောင့် အမြင်အာရုံ မှောက်မှားခြင်းမှ ကင်းဝေးလိုပါသည်။

ဖြစ်နိုင်မည်ဆိုလျှင်
360 ကြောင့် နှလုံးသား ယိမ်းယိုင်သွားခြင်းမှ ကင်းဝေးလိုပါသည်။

ဖြစ်နိုင်မည်ဆိုလျှင်
360 က တကယ့်အလှစစ်ကို ဖုံးကွယ်ပစ်လိုက်ခြင်းမျိုးမှ ကင်းဝေးလိုပါသည်။

ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင်
အပြင်လက်တွေ့မှာ ရှိသော တကယ့်ရုပ်ရည်အစစ်နှင့် ဓာတ်ပုံ
တစ်ထပ်တည်း ကျသော ကောင်မလေးတစ်ယောက်ယောက်နှင်
ဆုံဖူးချင်ပါသေးသည်။

( Just for fun )

------------------
အိမ်ဝေးသူ(KZ)


လက်တစ်ထွာပြကွက်


တစ်ချို့တွေများ
စံစားနေလိုက်ကြတာ
နတ်ဘုံနန်းအလား။

တစ်ချို့တွေကျ
ခံစားနေကြရရှာတာ
ငရဲခန်းတစ်ခုအလား။
--------------------
အိမ်ဝေးသူ(KZ)

Wednesday, 26 November 2014

မေးကြည့်စေချင်ပါသည်


မရယ်ဘူးလို့
စိတ်ပိုင်းဖြတ်ထားတဲ့ လူတစ်ယောက်ရှေ့ မှာ
ဟာသတစ်ပုဒ် ပြောပြတာမျိုး မလုပ်ပါနဲ့။
(ရယ်ချင်စိတ်ရှိတာ သေချာလားလို့ အရင်မေးကြည့်ပါ)

ပြောင်းလဲလိုစိတ်
လုံးဝမရှိတဲ့ လူတစ်ယောက်ရှေ့ မှာ
ပြုပြင်ပြောင်းလဲရေးတရား ဟောပြောတာမျိုး မလုပ်ပါနဲ့။
(တကယ်ပြုပြင်ပြောင်းလဲလိုစိတ် ရှိသလားလို့ အရင်မေးကြည့်ပါ)

အပေးအယူ


အချစ်ဆိုတာ
သူ့ကို (မိမိ)က
မြတ်နိုးတန်ဖိုးထားတဲ့အခါ
ကြည်နူးချိုသာခြင်းတွေကို
ဆုလာဒ်တစ်ခုအနေနဲ့
မိမိအတွက် သယ်ဆောင်ပေးတယ်။

အချစ်ဆိုတာ
သူ့ကို (မိမိ)က
လှောင်ပြောင်ပျက်ရယ်ပြုတဲ့အခါ
ပူဆွေးနာကြည်းခြင်းတွေကို
ပြစ်ဒဏ်တစ်ခုအနေနဲ့
မိမိထံက အစားပြန်ယူတတ်တယ်။

(အလျော်အစားကို သတိပြုသင့်ပါတယ်)

--------------------
အိမ်ဝေးသူ(KZ)


Tuesday, 25 November 2014

ခင်ဗျား-ပတ်ဝန်းကျင်


(၁)
ခင်ဗျားက
လူတစ်ဖက်သားကို
သိပ်ပြီး အားနာတတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  အားနာတတ်တဲ့ စိတ်ကိုအခြေခံပြီး
ချနင်းသွားကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၂)
ခင်ဗျားက
(ယုတ်အစွဆုံး)
ကြွက်ကြောက်တတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့ ကြောက်တတ်တဲ့ စိတ်ကိုအခြေခံပြီး
ခြောက်လှန့်ကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၃)
ခင်ဗျားက
ယုံကြည်လွယ်တတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  ယုံကြည်တတ်တဲ့ စိတ်ကို အခြေခံပြီး
အလွဲသုံးစားလုပ်ကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၄)
ခင်ဗျားက
သနားတတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းကို ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  သနားတတ်တဲ့ စိတ်ကိုအခြေခံပြီး
အမြတ်ထုတ်ကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၅)
ခင်ဗျားက
ရိုးသားအေးဆေးစွာ နေတတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  ရိုးသားတဲ့ စိတ်ကိုအခြေခံပြီး
လူနုံတစ်ယောက်လို စော်ကားကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

===========
အနှစ်ချုပ်အားဖြင့်
===========

ခင်ဗျား အားနာတတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲအားနာနေအောင် ပတ်ဝန်းကျင်က တွန်းအားပေးကြလိမ့်မယ်။

ခင်ဗျား ကြောက်တတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲကြောက်နေအောင် ပတ်ဝန်းကျင်က ဖြဲခြောက်ကြလိမ့်မယ်။

ခင်ဗျား ယုံကြည်လွယ်တတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲယုံကြည်နေအောင် ပတ်ဝန်းကျင်က ကောင်းပြကြလိမ့်မယ်။

ခင်ဗျား သနားတတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲသနားနေအောင် ပတ်ဝင်းကျင်က မျက်ရည်ခံထိုးပြကြလိမ့်မယ်

ခင်ဗျား ရိုးသားကြောင်းကို ဖော်ပြမိရင်
ခင်ဗျား အမြဲရိုးသားနေအောင် ပတ်ဝန်းကျင်က ဖြူစင်ပြကြလိမ့်မယ်။

မှတ်ချက်။
လူတစ်ဖက်သားရဲ့  အားနည်းချက်ကို အကြီးအကျယ် ချနင်းတတ်ကြတဲ့ မှန်ဘီလူးလိုလူစားမျိုးရှေ့မှောက်မှာ မိမိကိုယ်ကို ထိန်းသိမ်းနေခြင်းက
မိမိက မိမိကိုယ်ကို စောင့်ရှောက်ခြင်း တစ်မျိုးပါပဲ။
(ဖေးမကူညီ ထောက်ပြဝေဖန်ပေးတတ်တဲ့ လူတွေရှိပါတယ်။ သို့သော်
အလွန်ရှားပါးလွန်းပါတယ်)

--------------------
အိမ်ဝေးသူ(KZ)


Sunday, 23 November 2014

ALWAYS, EVER, NEVER နှင့် အတွေးအပိုင်းအစများ



(အဆို)



စိတ်ပညာအရ

Always,ever,never သုံးပြီးပြောတတ်သူတွေမှာ negative senses ရှိတယ်လို့ ဆိုပါတယ်။



(ကျွန်တော့် အတွေး)



လက်တွေ့ဘဝ ပညာအရတော့ ALWAYS, EVER, NEVER သုံးတတ်သူတွေမှာ

ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေ အထိုက်လျောက် ရှိနေပြီလို့ သွယ်ဝိုက်ပြီး ဆိုလိုတာပါပဲ။

အဲ့ဒီ့ ဘဝ အတွေ့အကြုံတွေကို အခြေခံပြီးတော့ အရာရာကို သတိထားနေတတ်တာမျိုးလို့

ကျွန်တော် ယူဆမိကြောင်းပါ။ (Auto Alert System)



ဥပမာပေးပါမယ်။



(က) ကိုယ်တိုင်သိ/ကြုံ = ALWAYS, EVER, NEVER

---------------------------------------------------------



မီးရဲ့ ပူလောင်မှုကို ခံစားခဲ့ဖူးတဲ့ လူကြီးတစ်ယောက်ဟာ ကလေးငယ်တစ်ယောက်ကို ဆုံးမတဲ့အခါ

“မီးဆိုတာ အမြဲတမ်းပူတယ်၊ အဲ့ဒီ့တော့ မီးကို ဘယ်တော့မှ လက်နဲ့ သွားမကိုင်ပါနဲ့”

လို့ ဆုံးမပါလိမ့်မယ်။ အဲ့ဒီလို ဆုံးမရခြင်းဟာ မီးဆိုတာ ပူလောင်မှန်း သူကိုယ်တိုင်ခံစား

နာကျင်ပြီး သိခဲ့လို့ ဖြစ်တယ်။ တစ်ဘက်သားကို ကိုယ်ခံစားနာကျင်ခဲ့သလို မဖြစ်စေချင်တဲ့

ဆန္ဒဖြစ်တဲ့အတွက် အဲ့ဒါကို အပျက်သဘောအမြင်လို့ ပြောရင်တောင် ရာခိုင်နှုန်းတစ်ခုလောက်သာ

ပြောနိုင်မယ်ထင်ပါတယ်။ ဆိုလိုချင်တာက (ALWAYS, EVER, NEVER ) ဆိုတဲ့ စကားလုံးတွေဟာ

အပျက်သဘောဆောင်ပေမယ့် အပြုသဘောကိုလည်း ဦးတည်နိုင်ပါသေးတယ်ဆိုတာပါပဲ။





(ခ) ပညာ/သညာ သိ= ALWAYS, EVER, NEVER မသုံးပါ

---------------------------------------------------------------



တစ်ခါမှာ မဟောသဓာနဲ့ အမရာက ခရီးတစ်ခုကို သွားရင်းနဲ့ ဆီးသီးပင်

တစ်ပင်တွေ့တယ်။ အမရာက ဆီးသီးတက်ခူးတဲ့အခါ မဟောသဓာက သူ့အတွက်လည်း

ဆီးသီးခူးပေးပါလို့ တောင်းဆိုတော့ အမရာက ပညာစမ်းပြီး မေးတယ်။



"အရှင်၊ ဆီးသီးအပူကို စားလိုသလော၊ ဆီးသီးအအေးကို စားလိုသလော"

အဲ့ဒါနဲ့ မဟောသဓာကလည်း ပညာပြန်စမ်းတာပေါ့။

"နှမ၊ ဆီးသီးပူကို စားလိုပါသည်" လို့ ဆိုတော့ အမရာလည်း ဆီးသီးကို ခူးပြီးတာနဲ့

သဲပူထဲကို ချပေးလိုက်တယ်။ မဟောသဓာက အဲ့ဒီ့ ဆီးသီးကို စားပြီးတာနဲ့

"နှမ၊ ဆီးသီးအေးကို စားလိုသည်" ဆိုပြီး တောင်းဆိုပြန်တယ်။

အဲ့ဒီ့တော့ အမရာကလည်း အားကျမခံ ဆီးသီးကို ခူးပြီးတာနဲ့  မြက်တောထဲကို

ချပေးလိုက်တယ်။ နောက်ဆုံးတော့ အမရာရဲ့ ဥာဏ်ပညာစွမ်းကို မဟောသဓာက

အသိအမှတ်ပြုခဲ့ရတယ်။



ဒီနေရာမှာ ပြောချင်တာက အမရာဟာ ဆီးသီးသည်သမီး မဟုတ်သလို မဟောသဓာကလည်း

ဆီးသီးသည်ရဲ့သား မဟုတ်ပါဘူး။ သူတို့တတွေရဲ့  ဥာဏ်ပညာအမြှော်အမြင်ဟာ

ကြီးမားလွန်းတဲ့အတွက် အခုလို ဖြေရှင်းနိုင်တာပါ။ တစ်နည်းအားဖြင့် စာသိ၊ ပညာသိလို့

ပြောလို့ ရပါတယ်။ ဆီးသီးကို ပူချင်ရင် သဲထဲကို ချရတာ၊ အေးချင်ရင် မြက်ပင်ပေါ်ကို

ချပေးရတာတွေဟာ အရင်ကြုံတွေ့ခဲ့တဲ့ ဘဝသင်ခန်းစာတွေထဲက မဟုတ်ပါဘူး။

အဲ့ဒီ့တော့ သူတို့တတွေဟာ ကျွန်တော် ဥပမာပေးခဲ့တဲ့ မီးအပူဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ဖူးတဲ့

လူကြီးတစ်ယောက်လိုတော့ ကိုယ်တိုင်သိ မဟုတ်တဲ့အတွက် သူနဲ့ထပ်တူ

ALWAYS, EVER, NEVER ဆိုပြီး သုံးစရာ အကြောင်းမရှိဘူးလို့ ယူဆမိပါတယ်။





ပုံစံတစ်မျိုးပြောင်းပြီးတွေးခြင်း

-------------------------------



English Grammar အရ

Ever  =  At any time

Never= At no time ဆိုပြီး သတ်မှတ်ကြပါတယ်။



Never= ဘယ်တုန်းကမျှ ၊ ဘယ်တော့မှ။

Never= ဘယ်တုန်းကမျှ (I have NEVER been to Paris)

Never= ဘယ်တော့မှ (I will never break your heart)



Ever ကျတော့ အမေးနဲ့ အငြင်းဝါကျတွေမှာ သုံးလေ့ရှိပါတယ်။

Have you ever been to Paris?

Don't ever play 'Someone Like you' again.





ဥပမာ (၁)

ကျွန်တော် ဘယ်တုန်းကမျှ ပဲရစ်(စ်) မြို့ကို မရောက်ခဲ့ဖူးဘူး။

I have NEVER been to Paris.

ဒီဝါကျအရ ပဲရစ်(စ်) မြို့ ကိုတောင် မရောက်ခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ

ဘယ်လိုလုပ်ပြီး Negative Sense ရှိနိုင်တာလဲ?



ဥပမာ (၂)

ခင်ဗျား ပဲရစ်(စ်) မြို့ ကို ရောက်ဖူးသလား ?

Have you EVER been to Paris?

ဒီဝါကျအရဆိုရင် ခင်ဗျား ပဲရစ်စ်မြို့ ကို တစ်ခါလောက်တောင် မရောက်ခဲ့ဖူးဘူးလား လို့

မေးတာပါ။ တစ်ဘက်လူရဲ့ အတွေ့အကြုံကို သိချင်လို့ မေးတဲ့သဘောပါ။



ဥပမာ (၃)

"Someone Like you"သီချင်းကို နောက်တစ်ကြိမ် ဘယ်တော့မှ မဖွင့်ပါနဲ့။

Don't ever play 'Someone Like you' again.

ဒီဝါကျအရတော့ နောင်ကို ဘယ်တော့မှ မလုပ်စေချင်တဲ့ သဘောက ဒီသီချင်းကို

သူကိုယ်တိုင် နားထောင်ပြီးသွားလို့ ထပ်ပြီး မဖွင့်စေချင်တာမျိုးပါ။



ပြီးတော့ စိတ်ပညာအရ ရှိပါသေးတယ်။

Don’t (မ) ဆိုပြီး သုံးစွဲလိုက်ခြင်းဟာ အဲ့ဒီ့ မလုပ်စေချင်တဲ့ ကိစ္စကို လုပ်ဖြစ်အောင်

တွန်းပို့တတ်ပါသေးတယ်။ ဥပမာ…



- စာမေးပွဲ (မ) ကျစေနဲ့။



အထူးသဖြင့် ကလေးသူငယ်တွေကို Negative Command အပျက်သဘောဆောင်တဲ့

အမိန့်ပေး ဝါကျမျိုးနဲ့ ခိုင်းတဲ့အခါ မသိစိတ်ထဲမှာ အပျက်သဘောမျိုးကို ဖြစ်အောင်လုပ်တတ်တဲ့

သဘောရှိပါတယ်။



နိဂုံး

----



"စိတ်ပညာအရ Always,ever,never သုံးပြီးပြောတတ်သူတွေမှာ

negative senses ရှိတယ်" ဆိုတဲ့ စာကြောင်းလေးကို အခြေခံပြီး ကျွန်တော်

ထပ်ဆင့်တွေးမိတာလေးတွေပါ။ မူရင်း စိတ်ပညာအရ ဒီအဆိုကို ချပြသူကိုတော့

ကျွန်တော်မသိပါဘူး။ ကျွန်တော် ရိုးရှင်းစွာ တွေးမိတာလေးတွေတာကတော့



(၁)

Always,ever,never သုံးတဲ့သူတွေမှာ Negative sense ရှိတယ်ဆိုတဲ့ အယူအဆကို

ရာနှုန်းပြည့် လက်မခံနိုင်ကြောင်း။



(၂)

Negative sense ရှိခဲ့ရင်တောင် အတိတ်မှာ ရခဲ့တဲ့ အတွေ့အကြုံကြောင့်

အနာဂတ်မှာ တစ်ဘက်သားကို ကူညီပေးနိုင်တဲ့ အပြုသဘောဆောင်နိုင်တဲ့

လက်နက်တစ်ခုလို ဖြစ်ကြောင်း။



(၃)

လူဟာ သူနေထိုင်ကျင်လည်ရာ ပတ်ဝန်းကျင်အနေအထားအရ တန်ပြန်တုံ့ပြန်တတ်ကြတယ်။

ဆိုးရွားတဲ့ ဘဝအနေ အထားမျိုးမှာ ရှင်သန်လာသူ အများစုက သူတို့ ကြုံခဲ့ကြသလို

ပတ်ဝန်းကျင်ကိုလည်း တန်ပြန်တုံ့ပြန်တတ်ကြတယ်။

ဥပမာ---

မိသားစုနဲ့ ကွဲကွာပြီး ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ သူကြီးပြင်းလာတဲ့အခါ

မိသားစု သိုက်သိုက်မြိုက်မြိုက်နဲ့ နေရတဲ့ သူငယ်ချင်းမိတ်ဆွေအပေါ် အကြီးအကျယ်

မနာလိုဝန်တိုတတ်ပြီး ပူလောင်မှုကို ခံစားရတတ်ပါတယ်။

ဒါပေမယ့် အဲ့ဒါဟာ အဲ့ဒီ့ကလေးငယ်ရဲ့  ရွေးချယ်မှုကြောင့် ဖြစ်လာရတာပါ။

တနည်းအားဖြင့် ( How to pick up things ) လို့ ဆိုရပါလိမ့်မယ်။

အဲ့လိုဆိုရင် အဖေတစ်ယောက်တည်းရဲ့ လက်ပေါ်မှာ ကြီးပြင်းလာတဲ့ ကလေးငယ်တစ်ယောက်

အတွက်ဆိုရင်တော့ အဲ့ဒီ့ကလေးက အပျက်သဘောမျိုး တွေးပြီး ကြီးပြင်းလာတယ်ဆိုရင်

အဖေမှာ တာဝန်ရှိသလို အမေ့လက်ပေါ်မှာပဲ ကြီးပြင်းလာတာမျိုးဆိုရင်တော့

ကလေးအမေမှာ တာဝန်ရှိပါတယ်။ မိဘမဲ့ဆိုရင်တော့ အဲ့ဒီကလေးရဲ့  ဆွေမျိုးသားချင်း၊

မိတ်ဆွေ၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးမှာ အဲ့ဒီကလေးအတွက် တာဝန်ရှိပါတယ်။



နောက်ဆုံးပြောချင်တာကတော့



သစ်သီးတစ်လုံးရဲ့ 

ကောင်းတဲ့အပိုင်းကို ရွေးချယ်ပြီး ကျေနပ်ရောင့်ရဲ မလား?

အဲ့ဒီ့ သစ်သီးရဲ့

ပုပ်သွားတဲ့အပိုင်းအတွက် စိတ်မကောင်းဖြစ်ပြီး ကြေကွဲနေမလား?

ဆိုတဲ့ အခြေအနေ နှစ်ခုမှာ မှန်ကန်တဲ့ အခြေအနေတစ်ခုကို ရွေးချယ်တတ်ဖို့

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချင်းချင်း လေ့လာသင်ယူပေးကြရလိမ့်မယ်လို့

ယူဆကြောင်းပါခင်ဗျာ။





စကားမစပ်ဗျာ။

Coffee အစား Ice Coffee သုံးတယ်ဆိုတာဟာ အစားထိုးကုန်စည် (Substitute) သာဖြစ်ပါတယ်။

တကယ်လို့ Ice ကို ရှာမရနိုင်တဲ့အခါ မူလဇစ်မြစ် Coffee ဆီကိုပဲ ပြန်ပြောင်းရပါလိမ့်မယ်။

အဲ့ဒီ့တော့ သောက်လက်စ၊ သောက်နေကျ Hot Coffee ကိုပဲ နှစ်ခြိုက်စွာ သောက်တတ်အောင်

လေ့ကျင့်ပျိုးထောင်ယူတဲ့အခါ အစားထိုးစရာ မလိုတော့ဘဲ ကော်ဖီပူပူလေးရဲ့ အရသာကို

စွဲမက်လာနိုင်ပါကြောင်းပါ ခင်ဗျာ။



--------------

အိမ်ဝေးသူ(KZ)

--------------



ဝန်ခံချက်။

(၁) ကျွန်တော် စိတ်ပညာအကြောင်း ထဲထဲဝင်ဝင် မသိပါ။

(၂) ပညာရှင်အဆင့်ဖြင့် ဆွေးနွေးခြင်း မဟုတ်ပါ။

(၃) ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်သည့်အတွက် အမြင်ဖလှယ်ခြင်းသာ ဖြစ်ပါသည်။

(၄) အမှား၊ မတူသော အမြင်များရှိပါက ဖြည့်စွက်ပေးစေချင်ပါသည်။

(၅) မတူသော အမြင်များကို ပေါင်းစပ်ခြင်းဖြင့် ဧရာမ အောင်မြင်မှု တစ်ခုလည်း ရနိုင်ပါသည်။


နေရာ၊ တန်ဖိုး၊ အဆင့်အတန်း


မိမိ (နေရာ )ကို
တိတိကျကျ သိသောသူသည်
မိမိကိုယ်ကို
(တန်ဖိုး) ထားတတ်သူ၏
အသိအမှတ်ပြုခြင်းကို ခံရပေလိမ့်မည်။

ဧကန်မုချ
ထိုသူ နှစ်ဦးစလုံးသည်
လူ့ (အဆင့်အတန်း) ပြည့်မှီသူများ ဖြစ်ကြကုန်၏။

--------------------
အိမ်ဝေးသူ(KZ)


Friday, 21 November 2014

ခုခံလိုစိတ်က ပိုပါသည်


လိုအပ်လာ၍
(ဓါး) နှင့် (ဒိုင်း) မှ
ကြိုက်ရာတစ်ခု
ရွေးချယ်ကြစတမ်းဆိုလျှင်

(ဒိုင်း) ကိုသာ
ရွေးချယ်ပါရစေ။

တိုက်ခိုက်လိုစိတ်ထက်
ခုခံလိုစိတ်က ပိုပါသည်။

--------------------
အိမ်ဝေးသူ(KZ)


ကြိုးစားရပေတော့မည်


ခုခံလိုစိတ်ဖြင့်
(ဒိုင်း) ကိုသာ ရွေးချယ်ခဲ့ဖူးပါသည်။

ငြိမ်းချမ်းလိုစိတ်ဖြင့်
မာန်တို့လည်း လျှော့ချခဲ့ဖူးပါသည်။

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိသည်ဟု
အချိန်နှင့် အခြေအနေက
ရှင်းလင်းစွာ မီးမောင်းထိုးပြနေပါသည်။

နယူတန်နှင့်ကျွန်တော်
တစ်သားတည်းဖြစ်သွားသည့်အခိုက်

ကျွန်တော့်လက်က (ဒိုင်း) ကိုလွှတ်၍
(ဓါး) ကိုသာ ဆွဲကိုင်မိချေပြီ။

ကျွန်တော့်အလွန်ဟု မည်သူဆိုအံ့နည်း။

--------------------
အိမ်ဝေးသူ(KZ)


ကွက်လပ်ဖြည့်ပါ



ငယ်ငယ်တုန်းက
ကျောင်းဖတ်စာအုပ်ကို ကြေညက်ခဲ့လို့
ကွက်လပ်ဖြည့်ပါ ဆိုတဲ့ စာမေးပွဲတွေ
အခက်အခဲမရှိဘဲ
ကျွန်တော်…ဖြေနိုင်ခဲ့ဖူးတယ်။

ဒီနေ့
ဘဝဖတ်စာအုပ်ကို
ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ပေမယ့်
လစ်လပ်သွားတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဖို့
အကြိမ်ကြိမ် ကြိုးစားခဲ့လည်း
ကျွန်တော်…ရှုံးနိမ့်နေစဲ။

--------------------
အိမ်ဝေးသူ(KZ)


Wednesday, 19 November 2014

သတိ။။။ စိတ်ကို သန့်ရှင်းစွာထားပြီးမှ နောက်ပြောင်ကျီစယ်ပါ


ဒီရက်ပိုင်း ခေတ်စားနေတဲ့ Status တွေ ရှယ်တဲ့ ဂိမ်းမ် လေးကို
Looping Status Sharing Game လေးလို့ ကျွန်တော် အမည်ပေးလိုက်ပါတယ်။
ကိုယ်တိုင်က Personal Life နဲ့ ပက်သက်တဲ့ ပျော်ရွှင်၊ ဝမ်းနည်းတာတွေကို အများနဲ့ မျှဝေခံစားတတ်တဲ့သူ မဟုတ်ပေမယ့် ကိုယ်နဲ့ ပက်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ အခိုက်အတန့်လေးမဆို ပျော်ရွှင်ပါစေတော့ဆိုတဲ့ (ကိုယ်တိုင် အရင်ဆေးထိုးခံခဲ့ရပြီး
သကာလ) စိတ်ဆန္ဒလေးတစ်ခုနဲ့ ကိုယ်တိုင်လည်း အဲ့ဒီ့ဂိမ်းကစားပွဲလေးမှာ
တစ်စိတ်တပိုင်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ (ကိုယ်တိုင်က အားလုံးကို ပျော်စေချင်သူကိုး)
တကယ်တော့လည်း စိတ်ကို သန့်သန့်ရှင်းရှင်း ထားနိုင်သူတွေအတွက် တကယ့်ကို
အတိုင်းအတာတစ်ခုအထိ ပျော်စရာကောင်းတဲ့ ကစားပွဲတစ်ခုဆိုလည်း မမှားပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ သန့်ရှင်းသော ကစားပွဲတစ်ခုအဖြစ်
အသုံးချ ကစားသူတွေ ဘယ်လောက်များသလဲဆိုတာတော့ အတိအကျ မပြောတတ်ပါဘူး။
တကယ်တမ်း သုံးသပ်ကြည့်တဲ့အခါ။
=======================
၁)
မသိတဲ့သူတွေက လိုက်ခ်လုပ်ပီးမှ ဆေးထိုးခံကြရလို့ ပျော်စရာကောင်းပေမယ့်
သိသိကြီးနဲ့ ကိုယ်တိုင်လည်း လိုက်ခ်လုပ်ပြီး အခြားလူပေါင်းများစွာရဲ့ 
စတေးတပ်စ်တွေမှာလည်း လိုက်ခ်လုပ်နေကြတော့ ဘယ်လိုနားလည်ရမှန်း
မသိအောင် ဖြစ်ရပါတယ်။ (ဘယ်လို ရည်ရွယ်ချက်မျိုးလဲ...?)
၂)
ဂိမ်းမ် စည်းမျဉ်းစည်းကမ်းအရ ကိုယ့်စတေးတပ်စ် ကို လိုက်ခ်၊ ကွန့်မန့်လာပေးတဲ့
မည်သူ့ကိုမဆို အချက် (၉) ချက်ပါတဲ့ Status တွေကို ချက်ဘောက်စ်ကနေ
သွားပေးမိတဲ့အခါ အခန့်မသင့်ရင် ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်မှုများနဲ့ ကြုံနိုင်ပါတယ်။
(အချက် ၉ချက်စလုံးကလည်း ကောင်းတာတစ်ခုမှ မပါဘူး)
၃)
အထူးသဖြင့် ဒီ Status ကို အကြောင်းပြုပြီး စကားမရှိ စကားရှာကာ
တစ်ဘက်သား မကြိုက်ဘဲ ရင်းနှီးအောင် အတင်း ဝင်လုံးတာမျိုးတွေ တွေ့ရနိုင်ပါတယ်။
၎)
အခန့်မသင့်ရင် ဖွန်ကြောင်ခြင်း ခံရနိုင်ပါတယ်။
အောင်သွယ်တော် စတေးတပ်စ်လေးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
(မိန်းကလေးများ အထူးသတိပြုပါ)
၅)
တကယ်ပျော်ချင်ရုံသက်သက် ကစားချင်သူထက်၊ အပျော်ဘက်ကနေ
အပျက်သဘောမျိုးကို ဦးတည်သွားကြတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
၆)
အထူးသတိပြုရမှာက ဒီ Status ကို ပြန်ရှယ်ရသူတွေဟာ ခင်မင်ရင်းနှီးမှုကို
အကြောင်းခံပြီး ပြန်ရှယ်တဲ့သူတွေ ရှိသလို တမင် ဝင်ရောပြီး ဇာတ်လမ်းစ
ချင်သူလို့ ရှယ်ကြသူတွေလည်း ရှိနိုင်တယ်ဆိုတာပါပဲ။
၇)
အပြုသဘောမျိုးနဲ့ ဆင်ခြင်သင့်တာတွေကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။
ကိုယ်တိုင်က သာမန်မိတ်ဆွေ တိုးချင်လို့ ဖြစ်စေ၊ သန့်ရှင်းစွာ ပျော်မြူးချင်လို့
ဖြစ်စေ၊ ( ရှယ်တာ၊ ကွန့်မန့်ပေးတာ) တွေဟာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။
အဲ့လို လူတွေအတွက် ကျွန်တော် တင်ပြသွားတဲ့ အချက်တွေ အကျုံးမဝင်ကြောင်း
အသိပေးပါတယ်။
၈)
အတွေ့အကြုံဆိုတာ ထိုက်တန်တဲ့ တန်ရာတန်ကြေး တစ်ခုခုကို ပေးရရိုးမှန်ရင်
ဒီနေ့တော့ ကျွန်တော် အတွေ့အကြုံတစ်ခုကို ဂိမ်းကစားပွဲလေးတစ်ခုကနေ ရခဲ့ပြီလို့
ဂုဏ်ယူစွာနဲ့ သတ်မှတ်နိုင်ပါတယ်။ (တန်ဖိုးကြီးကြီးတော့ မပေးလိုက်ရပါ)
မှတ်ချက်။
သန့်ရှင်းသော စိတ်ကို အခြေပြုပါက သန့်ရှင်းသော အရာတို့
ဖြစ်ထွန်းသော်လည်း ညစ်ထေးသော စိတ်ကို အခြေခံမည်ဆိုပါက သန့်ရှင်းသော အရာသည်ပင်လျှင် ညစ်ပေရပေလိမ့်မည်။ ထို့ကြောင့် သန့်ရှင်းစွာ ကစားတတ်ပါက
ဤဂိမ်းမ် သည် ပျော်စရာကောင်းသော ဂိမ်းမ် တစ်ခုဖြစ်ပြီး စိတ်ညစ်ထေးသူတို့အတွက်မူ
ဤဂိမ်းမ်သည် အပျက်သဘောကို ဦးတည်သော အခွင့်အရေးပင်တစ်ခု ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။
-------------------
အိမ်ဝေးသူ(KZ)
-------------------
{{{ မည်သူ ဖန်တီးထားမှန်းမသိသော မူရင်းStatusကိုလည်း အများသိအောင် ဖော်ပြပေးလိုက်ပါတယ်။ }}}
-----------------------------------------------------------------------------------------
မိဘီ လာခဲ့ ဟီး Status တင်ထားတာကို like or cmt ပေးမိတဲ့အတွက် ကျေးဇူးပြုပြီး ဒီစည်းကမ်းလေးလိုက်နာပေးပါ. 1 to 9 ကိုးခုထဲက တခုကို wall ပေါ်မှာ status ပြန်တင်ပေးရမှာ ဖြစ်ပါတယ်
________________________
၁ bus ပေါ်မှာ အီးပေါက်ပြီးထဲက အမြဲ နေရာရလာတယ်
၂ cuttie boy/girl လေးတေ လိုက်ငမ်း ရင်း မြောင်းထဲပြုတ်ကြဘူးတယ်
၃ ဗေလုဝကိုချစ်မိတာ အပြစ်လားလို့
၎ စကားမစပ် ၆တန်းတုန်းက ဖင်မှာငုတ် စူးဖူးတယ်
၅ ကျနော့်ရည်မှန်းချက်က OG ဖြစ်ဖို့ဗျ OG ဆိုတော့သိတယ်မလား အဟက် အဟက်
၆ ကျနော်ပါ/ကျမပါ အနော် ထမီသူခိုးပါ အဆင်လေးလှလို့ခိုးမိတာပါ
၇ ကားပေါ်မှာ ကောင်မလေးတွေပေါ် ခဏခဏ အသားယူဘူးတယ်
၈ သင်တန်းမှာ သန်းရင်းနဲ့ အီးခဏခဏထွက်ဘူးတယ်
၉ အောင်မြင်ပြီးနောက်ပိုင်း အတွင်းခံမ၀တ် ဖြစ်တော့ဘူး
_______________________
Fri ရဲ့status ကို like or cmt ပေးတဲ့သူကိုလည်း ဒီစာလေး ဖြန့်ဝေပေးပြီး friendship များမျရယူလို့ရပါတယ်....ပျော်ရွှင်ပါစေ စည်းကမ်းအရပါ ၉ချက်ထဲက တချက်ကို status တင်လိုက်ပါ ခုလုပ်ရမယ်နော်။
မလုပ်ရင်ချီးကားတိုက်သေပါစေ မြွေကိုက်ပါစေ ကျောင်းသားဆိုစာမေးပွဲတဖုန်းဖုန်းကျပါစေ အလုပ်လုပ်တဲ့သူဆိုအလုပ်ထွက်ရပါစေ ဟဲဟဲချုပ်လိုက်ပီ status တင်ရင် send တဲ့လူကို Tag ပီးတင်နော် အပျော်ပေါ့ status လေးမြင်ချင်တယ်နော်
တားက VIP တွေဖဲ ဆေးထိုးတာနော်
---------------------------------------------------------------------------------------------

Monday, 17 November 2014

“Log Out“ ခလုတ်တစ်ခုရဲ့  နိဂုံး


{ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က
ကျွန်တော့်မျက်လုံးတွေကို အနိုင်မတိုက်နိုင်ဘူး။
အဆိပ်တက်နေတဲ့ “စိတ်” တစ်ခုကတော့
ကျွန်တော့် တစ်ညတာကို ဆွဲဆန့်နိုင်စွမ်းတယ် }

အိမ်ဝေးသူ(KZ)

(၁)
ကျွန်တော့်နှလုံးသားတစ်နေရာမှာ သူမကို မြှုပ်နှံထားခဲ့သည်မှာ ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမကို မေ့မေ့ပျောက်ပျောက်ဆိုတာမျိုးမဟုတ်သလို အမြဲတမ်းတနေခြင်းမျိုးလည်း ကျွန်တော် မလုပ်ခဲ့။ သို့သော် ယနေ့တော့ မျော်လင့်မထားဘဲ သူမ၏ Wall ထဲသို့ ကျွန်တော် ရောက်သွားသည်။ ကျွန်တော့် သူငယ်ချင်းစာရင်းထဲတွင် သူမအမည် မရှိပါ။ တကယ်တော့လည်း သူမနှင့် ကျွန်တော် ဝေးကွာခဲ့သည်မှာ အတော်လေးကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

(၂)
ဤသို့ဖြင့် သူမ၏အငွေ့အသက်တို့ လွှမ်းခြုံထားသည့် (---------) အကောင့်ထဲသို့
ကျွန်တော့် နှလုံးသားအစုံကို ခြေစုံပစ်ဝင်လိုက်သည်။ ရေငတ်နေသည့် ခရီးသည်
တစ်ယောက်၏ ရေအိုးစင်တွေ့သည့် ခြေလှမ်းမျိုးဖြင့် ကျွန်တော် သူမ၏ Timeline တလျှောက် အငမ်းမရ ကြည့်ရှုခံစားမိသည်။ ကျွန်တော့်ရင်ဘတ်တွေ လှိုက်ခနဲ
ဖြစ်သွားတတ်သည်ကို ကျွန်တော်သတိပြုမိသည်။

(၃)
သူမ၏ နာမတော်လေးကို မြင်ခွင့်ရနေခြင်းသည်ပင်လျှင် ကျွန်တော့်အတွက်
ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။ သူမ၏ လက်ချောင်းကလေးများဖြင့်
ရိုက်ထားသော စတေးတပ်စ်အချို့ ကို မြင်ရခြင်းသည်ပင် ရေတစ်ခွက်
သောက်ရသကဲ့သို့ အေးမြစေသည်။ ကျွန်တော်နှင့် ပြတ်စဲရသည့်အတွက်
နောင်တမရကြောင်း သွယ်ဝိုက်စွာဖော်ကျူးထားသည့် သီချင်းတစ်ပုဒ်ကိုလည်း
သူမ ခင်းကျင်းပြသထား သည်။ ပထမချစ်သူ မရှိတော့လျှင် ဒုတိယချစ်သူက
ကောင်းခြင်းများစွာဖြင့် သူမဘဝထဲသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း
အသိပေးထားသည်။ သူမ၏ ဝေါလ်ထဲသို့ ကျွန်တော် လမ်းမှားပြီး ရောက်လာ
လိမ့်မည်ဟု လုံးဝမျှော်လင့်ထားဟန်မတူ။ လက်ဖမိုး၊ လက်ဖဝါး အယူအဆကဲ့သို့ သူမဘက်က အမှန်တရားဟု ယူဆ၍ ကောင်းရာကောင်းကြောင်း ခရီးဆက်နေပြီ
ဆိုလျှင်ပင် ကျွန်တော်က ကျေနပ်နေပြီဖြစ်သည်။

(၄)
သူမ ခင်းကျင်းထားသော ပြခန်းထဲမှာ စိတ်လိုလက်ရ လှည့်ပတ်ကြည့်ရှူ့ နေသော ကျွန်တော့်ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားသည်။ ကျွန်တော့် မျက်လုံးအစုံတို့
ပြူးကျယ်သွားစေသည့် အခင်အကျင်းတစ်ခုက ကျွန်တော့်ကို ကြိုဆိုနေသည်။
“(----------) is in a relationship” တဲ့။
ထို ပက်သက်မှု ပြ ဝါကျတစ်ကြောင်းကို အကြိမ်ပေါင်းများစွာ ကျွန်တော်ဖတ်မိသည်။
သူမထားရစ်ခဲ့သည့် အငွေ့အသက်တစ်ချို့ ကို ပွေ့ပိုက်ပြီး အတိတ်ကာလတစ်ခုကို
အလည်အပတ်သွားချင်မိသောကျွန်တော့် ဆန္ဒအပိုင်းအစတို့ ကြွေလွင့်ခဲ့ရပြီ။
“အိုး..သူမက သိပ်ကိုပါးနပ်သည့် မိန်းကလေးတစ်ယောက်ပဲ၊ သူမ ရွေးချယ်တာ မမှားလောက်ပါဘူး” ဟု ကျွန်တော့်ဦးနှောက်က ကျွန်တော့်နှလုံးသားကို
ဖြေသိမ့်ရှာသည်။ တကယ်တော့ ထိုနှလုံးသားနှင့် ဦးနှောက်ဆိုသော အရာနှစ်ခုက ကျွန်တော်ဖြတ်သန်းရာ ဘဝတစ်လျှောက် အမြဲဆန့်ကျင်ဘက်အမြင် များဖြင့်
ငြင်းခုံတိုက်ခိုက်နေခဲ့သည်ချည်း ဖြစ်သည်။ ဒီနေ့တော့ သူတို့တတွေ
လေသံတစ်မျိုးတည်းဖြင့် အဖြေတိတိကျကျ ထုတ်ပေးလိုက်ပြီဖြစ်သည်။

(၅)
ကွန်ပျူ တာရှေ့တွင် ထိုင်နေသော ကျွန်တော့်နှလုံးသားက “Good Bye” သီချင်းကို အစပျိုးနေပြီဖြစ်သည်။ မာရီယာနာချောက်၏ နက်ရှိုင်းမှုမျိုး၊ အိန်ဂျယ်လ် ရေတံခွန်၏ တရစပ်စီးဆင်းမှုမျိုးဖြင့် တည်ဆောက်ခဲ့သော ကျွန်တော့်ခံစားမှုတို့ ပျက်သုဉ်းတော့မည်။ လွန်ဆွဲခြင်းများစွာ ရှိသည့်အနက် ခံစားမှုကို လွန်ဆွဲယူရခြင်းက ခက်ခဲလွန်းသည်ကို ကိုယ်တိုင်ကြုံမှ ကျွန်တော်ယုံမိပြီဖြစ်သည်။ ပိုင်ရှင်ရောက်လာပြီဖြစ်သော
သိုးကျောင်းသားတစ်ယောက်က သူ့သိုးအုပ်ကို တမ်းတမ်းတတ လှည့်ကြည့်သလို
သူမ၏ ခင်းကျင်းပြသမှုများကို ကျွန်တော် မှတ်မှတ်ရရ ကြည့်ပြီးသည့်အဆုံး ကျွန်တော့် ညာလက်၏ အကူအညီဖြင့် “Log Out” ဆိုသော ခလုတ်ကလေးကို နှိပ်ပစ်လိုက်သည်။ တကယ်တော့လည်း ထိုခလုတ်နှင့်တွဲလျက် ရှိသော ကျွန်တော့်နှလုံးသားထဲက “Log Out” ခလုတ်ကိုပါ ပိုင်နိုင်စွာ နှိပ်လိုက်နိုင်ခဲ့ခြင်းကိုမူ သူမသိဖို့ လိုလိမ့်မည်မဟုတ်ပါ။

(၆)
ကျွန်တော့်နှလုံးသားအတွင်းရှိ “Log Out” ခလုတ်ကလေးကို နှိပ်ရန်
(၇)နှစ်တာမျှ တုံ့ဆိုင်းနေခဲ့သော်လည်း “(----------) is in a relationship”
ဆိုသော စကားစုလေး၏ ကျေးဇူးတော်ဖြင့် အတားအဆီးမရှိဘဲ
တစ်ညတာအတွင်း တခမ်းတနား အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်
မည်သို့ပင်ဆိုစေကာမူ
“သူမဘဝ သာယာဖြောင့်ဖြူးပါစေ” ဟူသော ကျွန်တော့်ဆုတောင်းကိုမူ
သူမ၏ ဘဝတစ်လျှောက် နေ့စဉ်ရက်ဆက် ပိုင်ဆိုင်နေဦးမည်ဖြစ်သည်။

-------------------
အိမ်ဝေးသူ(KZ)


Sunday, 16 November 2014

ဝင်စို့၊ ထွက်စို့


နှလုံးသားဆိုတာ ရုပ်ရှင်ရုံမဟုတ်ဘူး။
ပြကွက်ဆန်းတွေ အမြဲတမ်းကြည့်နေရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

နှလုံးသားဆိုတာ အများသုံး အိမ်သာမဟုတ်ဘူး။
ဝင်ထွက်အဆင်ပြေတိုင်း ကိစ္စပြီးလိမ့်မယ်လို့ တောင့်တမနေပါနဲ့။

လူတစ်ချို့ က
"ငါ...ဒီလူတွေနဲ့ ခင်တယ်"
"ငါ...နာမည်ကြီး ဘယ်နှစ်ယောက်နဲ့ သိတယ်" ဆိုပြီး ဂုဏ်ယူချင်ကြတယ်။

တစ်ချို့ လူတွေကတော့
မသေချာမရေရာတဲ့ လူတစ်ယောက်ကို
အကြောင်းပြချက်သေးသေးလေးတစ်ခုခုကြောင့်
မိမိရဲ့ ရိုးရှင်းအေးချမ်းတဲ့ဘဝထဲကို အလွယ်တကူအဝင်ခံလိုက်ကြတယ်။

ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့အခ
ကိုယ့်နှလုံးသားက ရုပ်ရှင်ရုံတစ်ရုံလို အသုံးတော်ခံရသလို
အမှိုက်ပေါင်းစုံဖွသွားတာမျိုးကိုလည်း ကြုံရတတ်တယ်။
အဆုံးသတ်တစ်နေ့ကျရင် အမှိုက်ပေါင်းစုံကို ရှင်းလင်းရင်း
စိမ်မချမ်းမသာနဲ့ ကျန်ရစ်ခဲ့ရမှာ မိမိကိုယ်တိုင်ပဲ။
အခန့်မသင့်ရင်တော့
အိမ်သာလို အနံ့အသက်ဆိုးတွေနဲ့ ညစ်ပေစုတ်ထေးပြီး ကျန်ရစ်ခဲ့ရတတ်တယ်။

မှတ်ချက်။
ဘယ်လိုလူမျိုးကို ဝင်ခွင့်ပေးမလဲ?
ဘယ်လိုလူမျိုးကို အမှိုက်မဖွခင် အမြန်ဆုံးထွက်သွားဖို့တွန်းအားပေးမလဲ?
ဆိုတာတွေကိုတော့ မိမိဘာသာ ရွေးချယ်ရပါလိမ့်မယ်။
အဝင်အထွက် ကြပ်မတ်နိုင်လေ မိမိအတွက် အကျိုးရှိလေပဲ။

--------------------
အိမ်ဝေးသူ(KZ)


Saturday, 15 November 2014

ကျွန်တော့်အတွက် သွန်းဖြိုးခဲ့သော မေမေ့မျက်ရည်များ


မေမေနှင့် မျက်ရည်။
မေမေနှင့် မျက်ရည်ကိုတွဲ၍ အကြိမ်ပေါင်းများစွာ ကျွန်တော် မြင်ခဲ့ဖူး၏။

မေမေ့မျက်ရည် (၁)
============

ကျွန်တော့်မျက်နှာကို ပထမဆုံးအကြိမ်မြင်ခဲ့ရစဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် ကျောင်းမှာ ဆုရစဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် ၁၀ တန်းအောင်ခဲ့စဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် သိပ်ချစ်ရသော ချစ်သူရပြီဟုသိခဲ့စဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် သေကံမပျောက်ဘဲ အိမ်ပြန်ရောက်ခဲ့စဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ဤမျက်ရည်အမျိုးအစားကို
မိခင်တစ်ဦး၏ (ပျော်ရွှင်ကြည်နူးခြင်းမျက်ရည်) ဟု အမည်ပေးလိုပါသည်။

မေမေ့မျက်ရည် (၂)
============

ကျွန်တော် (၅) နှစ်သားအရွယ်၌ ကျန်းမာရေးကြောင့် ဆေးရုံတင်ခဲ့စဉ်က
ကျွန်တော့် ကိုယ်လုံးသေးသေးကွေးကွေးလေးကိုဖက်ပြီး ကျခဲ့သော မေမေ့မျက်ရည်။

ဘာသာရေးစာသင်ကျောင်းမှာ အရိုက်ကြမ်းသော ဆရာတစ်ယောက်၏
ဆုံးမခြင်း အနည်းငယ်လက်လွန်သွားစဉ်က ကျွန်တော့် ခြေသလုံးပေါ်က
ကြိမ်လုံးအရာတွေကို ဆေးလူးပေးရင်း ကျခဲ့သော မေမေ့မျက်ရည်။
(သားရဲ့ အခုအရိုက်ခံရတဲ့ နေရာတွေမှာ ငရဲမီးမလောင်ဘူး၊ ဆရာ့ကို စိတ်မဆိုးရဘူး ဟု
မေမေ ဆုံးမခဲ့ဖူးသည်)

သိပ်ချစ်ခဲ့ရသော ချစ်သူနှင့်လမ်းခွဲစဉ်အခါက အသည်းကွဲဝေဒနာသည်
ကျွန်တော့်နှလုံးသား နာကျင်မှုအတွက် ကျွန်တော်နှင့်အတူကျခဲ့သော မေမေ့မျက်ရည်။

ကျွန်တော် နိုင်ငံခြားခရီးစဉ်ထွက်မည့်ညမှာ ကျွန်တော့်ကျောကို ဖွဖွလေးသပ်ပေးရင်း၊
အားပေးစကားများ တရစပ်ပြောပြီး ကျခဲ့သော မေမေ့မျက်ရည်။
ကျန်းမာရေးအခြေအနေကြောင့် လေယဉ်ကွင်း လိုက်မပို့နိုင်သော
မေမေက ဝရံတာကနေကြည့်ပြီး ကျခဲ့သော မေမေ့မျက်ရည်။

ကျွန်တော် အဆင်မပြေတိုင်း၊ ကျွန်တော် ကျရှုံးတိုင်း၊ ကျွန်တော် မကျန်းမမာ ဖြစ်တိုင်း
ကျွန်တော့်အတွက် ကျခဲ့သော မေမေ့မျက်ရည်။

ဤမျက်ရည်များကိုတော့
မိခင်တစ်ဦး၏ (ဝမ်းနည်းကြေကွဲခြင်းမျက်ရည်) ဟု အမည်ပေးရမည်ဖြစ်သည်။

မေမေ့မျက်ရည် (၃)
============

ကျောင်းသားဘဝမှာ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်၍ ရုံးခန်းသို့လိုက်လာရန် ကျောင်းမှ
တိုင်ကြားစာ ရစဉ်တုန်းက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်ပြီး ငိုခဲ့ဖူးသည်။

မေမေ မသိအောင် မေမေ့ပိုက်ဆံအိတ်ထဲမှ မုန့်ဝယ်စားရန် ကျွန်တော် ပိုက်ဆံ (၅) ကျပ်
ခိုးခဲ့ဖူးသည်။ မေမေက ကျွန်တော့်လက်ကို မှတ်လောက်သားလောက်အောင် ဆုံးမပြီး
ဆေးလိမ်းပေးသည်။ ပြီးတော့ ကျွန်တော့်ကြောင့် သူမ ငိုခဲ့သည်။ ( မှတ်မှတ်ရရ-သူခိုးလေး
ဖြစ်ချင်တာလား ဟု မေးခဲ့သည်။ မေမေ့ကျေးဇူးကြောင့် ထိုနေ့မှစ၍ ကျွန်တော် သူတစ်ပါး၏ အပ်တိုတစ်ချောင်းမျှပင် ခွင့်ပြုချက်မရဘဲ မကိုင်ခဲ့)

ရိုးရိုးသားသား ဝန်ခံရလျှင် တတိယမျက်ရည်အမျိုးအစားမျိုးကို ကျွန်တော့်ဘဝမှာ
သိပ်မကြုံခဲ့ရ။ ဤမျက်ရည်အမျိုးအစားကိုတော့ (ရှက်ကြောက်စိုးရိမ်ခြင်းမျက်ရည်) ဟု
ခေါ်တွင်ရပေမည်။

ကျွန်တော့်အကြောင်းကို ဥပမာအဖြစ် မြင်သာအောင် တင်ပြထားခြင်းသာ ဖြစ်သည်။ စာဖတ်သူတို့ထံတွင်လည်း မရိုးနိုင်သော၊ မမေ့နိုင်သော မေမေ့မျက်ရည်များစွာ ရှိမည်ဟု ယုံကြည်ပါသည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သို့ဆိုလျှင် ကျွန်တော်တို့ကြောင့် ကျွန်တော်တို့၏ မိခင်များသည် အကြိမ်ပေါင်းများစွာ မျက်ရည်ကျခဲ့ကြပါသည်။

ကျွန်တော်တို့အတွက်
ဝမ်းသာလွန်း၍ ကျသော...ပျော်ရွှင်ကြည်နူးခြင်းမျက်ရည်။
ကျွန်တော်တို့အတွက်
ဝမ်းနည်းလွန်း၍ ကျသော...ဝမ်းနည်းကြေကွဲခြင်းမျက်ရည်။
ကျွန်တော်တို့ကြောင့်
အရှက်ရလွန်း၍ ကျသော...ရှက်ကြောက်စိုးရိမ်ခြင်းမျက်ရည်။

နောင်တွင်လည်း ကျွန်တော်တို့ကြောင့် ကျွန်တော်တို့၏မိခင်များ
အကြိမ်ပေါင်းများစွာ မျက်ရည်ကျပါလိမ့်မည်။
ရှက်ကြောက်စိုးရိမ်ခြင်းမျက်ရည်များ လျော့နည်းသထက် လျော့နည်းအောင်
ကျွန်တော်တို့ ကြိုးပမ်းရပါလိမ့်မည်။
ကံကြမ္မာအလှည့်အပြောင်းအရ ကြေကွဲဝမ်းနည်းခြင်း မျက်ရည်တိုင်းကိုလည်း
ကျွန်တော်တို့ ရပ်တန့်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်။
ပျော်ရွှင်ကြည်နူးခြင်းမျက်ရည်အတွက်မူ
အထွေအထူး ပြောစရာမလိုတော့ပြီဟု ကျွန်တော်ယူဆပါသည်။

--------------------
အိမ်ဝေးသူ(KZ)


Thursday, 13 November 2014

လမ်းခွဲတေး


ခွဲခွာခြင်းအခမ်းအနား
အလင်္ကာမြောက်ဖို့
ငါတို့မျက်ဝန်းတွေကို
အားသွန်ခွန်စိုက်
စိုစွတ်ပြစရာ လိုပါသလား။

ကောင်မလေးရေ...
တကယ်တော့
မျက်ရည်သုတ်ပဝါတစ်စရဲ့ 
ဖေးမကူညီမှု မပါလည်း
ငါ့မျက်ဝန်းတွေထဲက
လမ်းခွဲဂီတစစ်စစ်ကို
မင်း....ခံစားနားဆင်နိုင်မှာပါကွယ်။
--------------------
အိမ်ဝေးသူ(KZ)

ပြိုင်ဘက်



ပြိုင်ဘက်လို့ ပြောရင်
ကျွန်တော်တို့အများစု အနည်းဆုံးတော့ ပခုံးတွန့်သွားတတ်ကြတယ်။

ကျွန်တော်တို့က
ပြိုင်ဘက်ကို ရန်သူတစ်ယောက်လို သတ်မှတ်ထားကြတာကိုး။

၁)
ဂုဏ်သိက္ခာရှိပြီး မိမိကိုယ်တိုင်က လေးစားရတဲ့ ပြိုင်ဘက်ကောင်း
၂)
အနိုင်ယူဖို့တစ်ခုတည်းသာ အာရုံစိုက်တတ်တဲ့ ပြိုင်ဘက်ဆိုး

ဆိုပြီး ပြိုင်ဘက်နှစ်မျိုးရှိပါတယ်။ ပြိုင်ဘက်ဆိုး၊ ပြိုင်ဘက်ကောင်းတို့ရဲ့ 
ခြားနားချက်ကို ကျွန်တော်တို့ သတိထားပြီး စောင့်ကြည့်ရပါလိမ့်မယ်။

ပြိုင်ဘက်ဆိုးအတွက်တော့ ခင်ဗျား အဆင်ပြေသလို ဆုံးဖြတ်နိုင်တယ်။
ဒါပေမယ့်
ပြိုင်ဘက်ကောင်းအတွက်တော့...
သူ....(ပျက်စီးရာ ပျက်စီးကြောင်း) အတွက် ခင်ဗျား မကျိန်ဆိုပါနဲ့။
ဖြစ်နိုင်မယ်ဆိုရင်...
သူ....(အသက်ရှည်ရာ အနာမဲ့ကြောင်း) အတွက် ဆုတောင်းပေးပါ။

သူက ခင်ဗျားကို မေတ္တာပို့သနေချိန်မှာ
ခင်ဗျားက သူ့အတွက် ကျိန်စာတိုက်နေတာမျိုးလည်း ဖြစ်နိုင်တယ်။
သူ့ ဆုတောင်းမေတ္တာကြောင့်
ခင်ဗျား သက်ဆိုးရှည်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ခင်ဗျား ဒီနေ့ ရောက်ရှိနေတဲ့ အနေအထားတစ်ခု
ခင်ဗျား ပိုင်ဆိုင်နေရတဲ့ အောင်မြင်မှု ထဲက တစ်စိတ်တပိုင်းဟာ
သူနဲ့လည်း ပက်သက်နေတယ်ဆိုတာကို မမေ့ပါနဲ့။
သူ့ရဲ့ တွန်းအားပေးမှုတွေကြောင့်သ
ခင်ဗျားအစဉ်မပြတ် ဖျတ်လတ်တက်ကြွနေနိုင်တာပါ။

ကျွန်တော့်အတွက်တော့
ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့
ရေကုန်ရေခန်း တိုက်ခိုက်ရတာဟာ အရာသာရှိလွန်းတဲ့ ကစားပွဲတစ်ပွဲလိုပါပဲ။

သူက...ကျွန်တော့်ခြေလှမ်းတွေကို ပိုသွက်စေတယ်။
သူက...ကျွန်တော့်ရဲ့  စိတ်ကျန်းမာရေးကို ပိုကြံ့ခိုင်စေတယ်။
အနိမ့်ဆုံးအဆင့် အနေနဲ့
သူက...ကျွန်တော့်ကို အပျင်းပြေစေတယ်။

ကျွန်တော့် ပြိုင်ဘက်
ကျန်းမာချမ်းသာပြီး ကျွန်တော်နဲ့ ဖြောင့်မတ်စွာ ယှဉ်ပြိုင်နိုင်ပါစေ။

မှတ်ချက်။
ပြိုင်ဘက်ဆိုးလည်း ဖြစ်ပြီး ခင်ဗျားနဲ့လည်း လက်ရည်တူ ဖြစ်နေတဲ့သူမျိုးဆိုရင်တော့
သူဆိုးပေမယ့်လည်း...ခင်ဗျား သူ့အပေါ်ကောင်းမွန်စွာဆက်ဆံခြင်း
(တန်ပြန်မယုတ်မာခြင်း) တွေနဲ့ အနိုင်ယူကြည့်ပါ။
ခင်ဗျားသူ့ကို မနိုင်ခဲ့ဘူးဆိုရင်တောင် မရှုံးသွားပါဘူး။။။

-------------------
အိမ်ဝေးသူ(KZ)


Wednesday, 12 November 2014

ငါတို့ဘဝ


အကြမ်းဖက်သမား
............................ငါတို့မဟုတ်ဘူး။
အသေခံဗုံးခွဲသမား
............................ငါတို့မဟုတ်ဘူး။
အစွန်းရောက်သမား
............................ငါတို့မဟုတ်ဘူး။
ခိုးဝင်ဘင်္ဂါလီဆိုတာ
............................ငါတို့မဟုတ်ဘူး။
တဏှာဘီလူးမုဒိန်းသမား
.............................ငါတို့မဟုတ်ဘူး။
တိရိစ္ဆာန်ညှင်းပန်းတာ
.............................ငါတို့မဟုတ်ဘူး။
ဘာသာခြားကိုဝါးမြိုတာ
.............................ငါတို့မဟုတ်ဘူး။
မင်းတို့ပြောတဲ့သူတွေ
.............................ငါတို့မဟုတ်ဘူး။
မင်းတို့စွပ်စွဲကြသလို
.............................ငါတို့မလုပ်ဘူး။
တစ်ခုခုဖြစ်တိုင်း
ငါတို့မဟုတ်ကြောင်း ငြင်းနေရတာ
ကြာတော့ ငါတို့မောလာပြီ။
ကဲ...ငါတို့က.......................ဘာတွေလဲ.?
--------------------
အိမ်ဝေးသူ(KZ)

Tuesday, 11 November 2014

ခင်ဗျား...တကယ်ပြုံးလိုက်တာ သေချာပါသလား...?


အပြုံးဆိုတာ
ဟန်ဆောင်လှည့်ဖျားမှု  မပါသရွေ့ 
လူမှုဆက်ဆံရေးနယ်ပယ်ထဲက...ဇာတ်လိုက်ကျော်ပါပဲ။


(၁)
ခင်ဗျားနဲ့ ကျွန်တော် အွန်လိုင်းမှာ ချက်(Chat) ကြတယ်။
ဒါပေမယ့်...ခင်ဗျားကို ကျွန်တော် မပြုံးပြမိဘူး။
ကျွန်တော် အပြင်မှာ မပြုံးမိတဲ့အတွက် ခင်ဗျားကိုမပြုံးပြဖြစ်ဘူး။
(ခင်ဗျား ကျွန်တော်နဲ့ ချက်ရတာ ပျော်ချင်မှ ပျော်လိမ့်မယ်)

(၂)
ခင်ဗျားနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် စကားပြောကြတယ်။
ဒါပေမယ့်...ခင်ဗျားကို ကျွန်တော် မပြုံးပြမိဘူး။
ခင်ဗျားရဲ့  ကျက်သရေရှိတဲ့ မျက်နှာကြီးကို ကြည့်ပြီးတော့တောင်
တကယ်ပြုံးချင်စိတ်မရှိလို့ ကျွန်တော် ခင်ဗျားကို မပြုံးပြဖြစ်လိုက်ဘူး။
(ခင်ဗျား နောက်တစ်ကြိမ် ကျွန်တော့်ကို မျက်နှာချင်းဆိုင်ချင်မှ ဆိုင်လိမ့်မယ်)

(၃)
ကျွန်တော့်ဆိုင်မှာ ခင်ဗျား ဈေးလာဝယ်တယ်။
ဒါပေမယ့်...ခင်ဗျားကို ကျွန်တော် မပြုံးပြမိဘူး။
ဝယ်သူအမြဲတမ်းမှန်တဲ့ သီအိုရီကို သိလျက်နဲ့
တကယ်ပြုံးချင်စိတ်မရှိလို့ ကျွန်တော် ခင်ဗျားကို မပြုံးပြဖြစ်လိုက်ဘူး။
(ခင်ဗျား ဆိုင်ပြောင်းပြီး ဈေးဝယ်ဖို့ စိတ်ကူးကောင်း စိတ်ကူးမယ်)

(၄)
ခင်ဗျားကို ကျွန်တော် ရည်စားစကားပြောတယ်။
ဒါပေမယ့်...ခင်ဗျားကို ကျွန်တော် မပြုံးပြမိဘူး။
ချစ်သူဖြစ်လာမယ့် သူကို စိတ်ချမ်းသာအောင် အပြုံးချိုချိုလေးနဲ့ စွဲဆောင်ရမှာသိလျက်နဲ့
တကယ်ပြုံးချင်စိတ်မရှိလို့ ကျွန်တော် ခင်ဗျားကို မပြုံးပြဖြစ်လိုက်ဘူး။
(လုံးဝ မချစ်နိုင်ဘူးလို့ ပြောပစ်လိုက်ဖို့ ခင်ဗျား တွေးကောင်းတွေးနေလောက်ပြီ)

{ခင်ဗျား---------------------------------တယ်။
ဒါပေမယ့်...ခင်ဗျားကို ကျွန်တော် မပြုံးပြမိဘူး။
--------------------------------------------------------သိလျက်နဲ့
တကယ်ပြုံးချင်စိတ်မရှိလို့ ကျွန်တော် ခင်ဗျားကို မပြုံးပြဖြစ်လိုက်ဘူး}


အပြုံးဆိုတာ လူသားတွေအတွက် အရေးပါလွန်းလို့
စကားပြောလည်း ပြုံးပါ၊ ဈေးရောင်းရင် ပြုံးပါ၊ ရည်စားစကားပြောရင်လည်း
ပြုံးပါ။ ရနိုင်သမျှ ပြုံးပါဆို တဲ့ ခေတ်မှာ မပြုံးချင်လို့ မပြုံးဘူးဆိုတာ
နည်းနည်းတော့ လွန်တယ်လို့ ဆိုကြမှာပေါ့။

ကျွန်တော့် အားနည်းချက်က ပြုံးပြရတာ မဟုတ်ဘူး။
ဟန်ဆောင်ပြီး ပြုံးပြရတာသာ ကျွန်တော့်ရဲ့ အားနည်းချက်ပါ။

(၁)
ကျွန်တော်နဲ့ ချက်(Chat)တဲ့အခါ အကြိမ်ပေါင်းများစွာ သုံးဖြစ်တဲ့
အပြုံးသင်္ကေတလေးတွေနဲ့အတူ ခင်ဗျားမျက်နှာမှာ တကယ်အပြုံးရိပ်တွေ့ရပါသလား?

(၂)
ကျွန်တော်နဲ့ စကားပြောတဲ့အခါ စကားလုံးအကောင်းစားတွေကို လိုသလိုသုံးရင်း
ခဏခဏ ပြုံးပြတတ်တဲ့ ခင်ဗျားရဲ့ အပြုံးတွေက ခင်ဗျားစိတ်နဲ့ တစ်ထပ်တည်းဟုတ်ပါသလား?

(၃)
"ဘာလိုချင်ပါသေးသလဲ"လို့ မေးရင်း
(သွား၃၂ချောင်းအကုန်ပေါ်အောင်) ပြုံးဖြီးထားတဲ့ ခင်ဗျားမျက်နှာပေါ်က အပြုံးမှာ
ပိုရောင်းရအောင် ဟန်ဆောင်ပြုံးတာ မဟုတ်ဘူးလို့ အာမခံနိုင်ပါသလား?

(၄)
ရည်စားစကားကို ရုပ်တည်ကြီးနဲ့ ပြောတတ်တဲ့ ကျွန်တော့်ရှေ့မှာ
ပျားရည်လောင်းထားတဲ့ မျက်နှာပေးနဲ့ အိုင်တင်ပေးနေတဲ့
ခင်ဗျားမျက်နှာပေါ်က အပြုံးတစ်ပွင့်ဟာ အတုအပ မဟုတ်ဘူးဆိုတာ သေချာပါသလား?

ခင်ဗျားမျက်နှာပေါ်က အပြုံးက
တစ်စုံတရာကို မျှော်ကိုးပြီး မပြုံးမိဖို့အရေးကြီးတယ်။

မျက်နှာပေါ်က အပြုံးနဲ့ နှလုံးသားထဲက အပြုံး
တစ်ထပ်တည်းကျသွားတဲ့နေ့ကျရင်...
အင်အားကြီးရန်သူတွေတောင် ခင်ဗျားရှေ့မှာ ဒူးထောက်လာလိမ့်မယ်။

အဲ့လိုမှ မဟုတ်ရင်တော့...
ဟန်ဆောင်တဲ့ ပညာတစ်ခုကို ခင်ဗျားသင်ယူနေရုံ အဆင့်ပဲ ရှိလိမ့်တယ်။

အပြုံး.....။
သိပ်အရေးကြီးပါတယ်။
ဒါပေမယ့်....
ဟန်ဆောင်ပြီး မပြုံးမိဖို့ ကျွန်တော့်အတွက် ပိုအရေးကြီးပါတယ်။
ခင်ဗျား...ပြုံးတာ ကြိုက်ရင် ပြုံးပါ။
ကျွန်တော်နဲ့ ဆက်ဆံတဲ့အခါ ပြုံးပြပါလို့ ကျွန်တော် မတောင်းဆိုပါဘူး။
ခင်ဗျားလည်း ကျွန်တော် မပြုံးချင်လို့ မပြုံးပြမိရင် စိတ်မကောက်ပါနဲ့။

မှတ်ချက်(၁)
တစ်စုံတစ်ယောက်ကို စိတ်ချမ်းသာအောင် ပြုံးပြရခြင်းဟာ အင်မတန်ကောင်းမွန်ပါတယ်။
ဒါပေမယ့်...တစ်ဘက်သား စိတ်ချမ်းသာအောင် တမင်ဟန်ဆောင်ပြီး ပြုံးပြရတာ
ကျွန်တော့်အတွက် သိပ်ပင်ပန်းလွန်းတယ်။ (ခင်ဗျားအတွက်တော့ ဘယ်လိုနေမယ်မသိ)

မှတ်ချက်(၂)
မိဘနှစ်ပါးအတွက်ဆိုရင်တော့
ကျွန်တော့်အတွက် အရာရာ ခြွင်းချက်ပါပဲ။
ဇာတ်မင်းသားတစ်ယောက်လို အသုံးတော်ခံနိုင်သလို
အခိုင်းအစေတစ်ယောက်လိုလည်း ပျော့ပျောင်းနိုင်ပါတယ်။
သူတို့အတွက်ဆိုရင်...ကျွန်တော် ငိုရင်းနဲ့ရယ်ပြီး၊ ရယ်ရင်းနဲ့လည်းငိုပြတတ်ပါသေးတယ်။

----------------
အိမ်ဝေးသူ(KZ)
----------------

လမိုက်ည


ငါ့ကောင်းကင်က
မှောင်မိုက်လွန်းလို့
လနတ်သမီးလေးကို တမ်းတမိတယ်။

ကိုယ်ရောင်ဖျောက်သွားတဲ့
သူမကို အပြစ်မတင်ရက်ပေမယ့်
ပိုးစုန်းကြူးမလေးတစ်ကောင်ရဲ့ 
စေတနာဗရပွ အလင်းတစ်ငွေ့ကို
ဥပေက္ခာပြုခဲ့ရပြီ။

သန်းခေါင်ထက် ညဥ့်မနက်နိုင်မှတော့
ငါ့တစ်ညတာလည်း
မှောင်လက်စနဲ့ မှောင်စေတော့ကွယ်။

မိုးသောက်တာနဲ့
နေမင်းသားကို သက်သေထားပြီး
ငါတို့ စာရင်းရှင်းကြမယ်။

--------------------
အိမ်ဝေးသူ(KZ)




Monday, 10 November 2014

ကျွန်တော် (လုံးဝ) ဦးမညွတ်ခဲ့ပါဘူး...မေမေ


(၁)
မေမေ
ကံကြမ္မာကိုသာ ကြိုသိခွင့်ရကြေးဆိုရင်
ဒီနေ့ဆိုတာကြီးကို ကျွန်တော် မကြုံချင်ဘူး။
ဒါပေမယ့်
“လူကိုခွေးသတ်လေခြင်း” ဆိုတဲ့
ကရုဏာသံတွေနဲ့အတူ
မြင့်မြတ်စွာ သေဆုံးခွင့်ရခဲ့တဲ့အတွက်
ကျွန်တော် ကျေနပ်နေတတ်ပါပြီ မေမေ။

(၂)
ကျွန်တော့်ကို
ဝန်ထုပ်ဝန်ပိုးတစ်ခုလို မသတ်မှတ်ခဲ့တဲ့ မေမေဟာ
“သာသနာ့ပညာရှင်ကြီးဖြစ်စေချင်စမ်းပါဘိ” ဆိုတဲ့
အိပ်မက်တစ်ပွေ့တပိုက်နဲ့အတူ
မေမေ့ရင်ခွင်က အတင်းရုန်းထွက်စေခဲ့တယ်။
(ကျွန်တော် မေမေ့ကို အပြစ်မတင်ရက်ခဲ့ပါဘူး)

(၃)
မေမေ
ခြင်ကောင်တွေနဲ့ နပန်းလုံးရတာ
ကျွန်တော့် သွေးတွေ ခမ်းခြောက်မတတ်ပဲ။
ပဲဟင်းစားပြီး ပညာသင်ရတဲ့ အရသာဟာ
မေမေ့အိမ်က ထမင်းဆီဆမ်းထက်
အမြင်အားဖြင့်တော့ သာတယ်ဆိုရမှာပေါ့။
(တော်ရာမှာပဲ ပျော်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်)

(၄)
ဆရာတွေရဲ့  ကြိမ်လုံးအရသာ
မနက်စောစော ဝတ်ပြု ပြီးစာအံရတဲ့ အရသာတွေဟာ
ကျွန်တော့်အကြိုက်တွေတော့ မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့်…
ဘွဲ့ယူမယ့်နေ့မှာ ပြုံးပျော်နေမယ့်
မေမေ့မျက်နှာကိုမြင်ယောင်တိုင်း
အသားအနာခံရတာကို ကျေနပ်သလို၊
စာတွေကိုလည်း ကျွန်တော် ကြိုးစားသင်ယူမိပြန်တယ်။
(သားလိမ္မာလေးပါလားလို့ ကိုယ့်ကိုယ်ကို အားပေးခဲ့ပါသေးတယ်)

(၅)
၂၁•၃•၂၀၁၃
လူ့တိရိစ္ဆာန်တစ်စုက
သက်မဲ့ပစ္စည်းရှေ့မှာ ကျွန်တော့်ကို
အတင်းအကြပ် ဦးညွတ်ခိုင်းတယ် မေမေ။
“တစ်ခါသာသေရတဲ့ လူ့ဘဝမှာ
အကြောက်တရားတွေနဲ့ နှလုံးသား မဖောက်ပြားလေနဲ့” ဆိုတဲ့
မေမေ့ဆုံးမစကားလေး ရယ်ဝယ်ပိုက်ခဲ့တဲ့ ကျွန်တော့်အတွက်
ရလာဒ်ကတော့ မေမေနဲ့ ကျွန်တော် သေကွဲခဲ့ရတာပဲပေါ့။
(မေမေ...မျက်ရည်မိုးသည်းပေမယ့် ကျွန်တော့်အတွက်တော့ ဂုဏ်ယူပေးပါ)

(၆)
“လူနဲ့တူအောင်
မကျင့်ကြံတဲ့လူတစ်ယောက်ဟာ
တိရိစ္ဆာန်တစ်ကောင်လို ရက်စက်ကြမ်းကြုတ်တတ်”မှန်း
သိခွင့်ရတဲ့နေ့က ကျွန်တော် ခရီးသစ်တစ်ခုကို ဦးတည်နေရပြီ။
ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို အဆတ်မပြတ်ကျလာတဲ့
အင်အားပြင်းအမုန်းတရားတွေအတွက် မနာကျင်မိပေမယ့်
ကျွန်တော့်ညီနောင်တွေအတွက်တော့ စိတ်ပူမိတယ်မေမေ။
(သူတို့တတွေ ဘေးမသီရန်မခ,ကြပါစေနဲ့)

(၇)
“အလှည့်ကျရင် မနွဲ့စတမ်း”လို့
ကျွန်တော့်အရိုးတွေက တွန်ချင်ကြပေမယ့်
“ချစ်စကိုရှည်စေ၊ မုန်းစကိုတော့တိုစေ”ဆိုပြီး
ကျွန်တော့်နှလုံးသားက တောင်းဆိုနေမှတော့
မေမေရေ…
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဆိုတဲ့
အတုံ့အလှည့်ဥပဒေကိုသာ ပြန်ရုပ်သိမ်းလိုက်ပါတော့…။
(မေတ္တာဟာ အရာရာကိုအောင်မြင်စေနိုင်တယ်ဆိုရင် ကျွန်တော် အောင်မြင်ခဲ့ပြီ)

--------------------
အိမ်ဝေးသူ(KZ)
--------------------

မေမေ။
ကဗျာရေးသူရဲ့ ရင်ထဲကို ကျွန်တော် ခဏလေး အလည်သွားမိတာပါ။
ဒါပေမယ့်
သူ့နှလုံးသားက ပူလောင်လွန်းလို့ ကျွန်တော် အရှုံးပေးပြီး ပြန်ထွက်ခဲ့ရတယ်။


Sunday, 9 November 2014

အစဉ်အလာမတူငြားလည်း ရန်သူများမဟုတ်ကြပါ


(A) မှာ
ကိုယ်ပိုင် အစဉ်အလာ ရှိတယ်။ ကိုယ်ပိုင် လုပ်ဆောင်နည်း ရှိတယ်။
(B) မှာလည်း
ကိုယ်ပိုင် အစဉ်အလာ ရှိတယ်။ ကိုယ်ပိုင် လုပ်ဆောင်နည်း ရှိတယ်။

(A) ရဲ့ အယူအဆက
ဖရဇ်နမားဇ်ကို တိတိကျကျ ဖတ်ရင်တာဝန်ကျေတယ်။

(B) ရဲ့ အယူအဆကျတော့
ဖရဇ်နမားဇ်တွေအပြင် စွန္နသ်တွေပါ ဖတ်ရမယ်။

အယူအဆမတူတဲ့ လူနှစ်ယောက်၊ အုပ်စုနှစ်စုအနေနဲ့
ကိုယ်လွတ်လပ်ပိုင်ခွင့်နဲ့ ကိုယ်ရပ်တည်ပိုင်ခွင့် ရှိပါတယ်။

တကယ်တမ်း မှန်ကန်တဲ့နည်းလမ်းအရ ပြောရရင်
မှားနေတဲ့သူကို မှန်တဲ့သူက မှားကြောင်းအသိပေးရမယ်။
လက်မခံဘူးဆိုရင် သူတို့ကို အတင်းအကျပ်တွန်းအားပေးလို့ မရပါဘူး။
(ဒီနေရမှာ ဘယ်သူမှန်၊ ဘယ်သူမှား ညီမျှခြင်း ချပြနေမှာ မဟုတ်ပါဘူး)

ဒါပေမယ့်
ကျွန်တော်တို့ အသိုင်းအဝိုင်းကြားမှာ ဖြစ်ပျက်နေတာက
အပြန်အလှန် ဖေးမထောက်ကူတာထက်စာရင်
အပြန်အလှန် အပြစ်တင်ဝေဖန် တိုက်ခိုက်ကြတာပါပဲ။

ဥပမာ...။
(A) ကဖရဇ်နမားဇ်ကို တိတိကျကျ ဖတ်ရင်တာဝန်ကျေတယ်လို့
ပြောနေချိန်မှာ (B) အလုပ်သင့်ဆုံးက မှန်ရင်မှန်ကြောင်း၊ မှားရင်မှားကြောင်း (A) ကို
အသိပေးရမှာပါ။ မှားတာကို အသိပေးပြီးလို့ မလိုက်နာရင်လည်း ကိုယ့်အနေနဲ့
ငါနဲ့မတူ ငါ့ရန်သူဆိုပြီး သတ်မှတ်လို့ မရနိုင်ပါဘူး။ သာသနာနဲ့ ပက်သက်တဲ့
အရေးကိစ္စ ပေါ်ပေါက်လာခဲ့ရင် မတူတဲ့ အယူအဆတွေကို ဘေးဖယ်ပြီး
ပူးပေါင်းဆောင်ရွက်ကြရမှာပါ

အံ့သြစရာ အကောင်းဆုံးနဲ့ မဖြစ်မနေ သတိထားရမယ့် ကိစ္စကတော့
"ဖရဇ်နမားဇ်ကို တိတိကျကျ ဖတ်ရင်တာဝန်ကျေတယ်" လို့ ပြောနေသူများနဲ့
"ဖရဇ်နမားဇ်တွေအပြင် စွန္နသ်တွေပါ ဖတ်ရမယ် "လို့ ပြောသူတွေရော
အဓိက ပြသနာအရင်းအမြစ် (မတူတဲ့ အစဉ်အလာ) စွန္နသ်နမားဇ်အတွက်
ငြင်းခုံတိုက်ခိုက်နေကြပေမယ့် တကယ်အရေးပါတဲ့ ဖရဇ် နမားဇ်ကို
တာဝန်ကျေအောင် ဘယ်လောက် ထမ်းရွက်ပြီးပြီလဲဆိုတာပါပဲ

အဲ့ဒီ့တော့
ပိုင်၊ မပိုင်၊ မှား၊မှန်တွေကို ငြင်းခုံ၊ တိုက်ခိုက်နေကြတာထက်စာရင်
အရင်ဆုံး ဦးစားပေးရမှာက ကိုယ်ပြောနေတဲ့ အလုပ်ကို
ကိုယ်ကိုယ်တိုင် စတင်လုပ်ဆောင် ကျင့်သုံးဖို့ပါပဲ။

မှတ်ချက်။
အပြုသဘောမျိုး ရေးသားကြောင်း ဝန်ခံပါသည်။
နမားဇ် ကိစ္စကိုလည်း ဥပမာတစ်ခုဟုသာ ယူဆစေလိုပါသည်။
အလားတူ ကွဲပြားမှုများစွာ ရှိနေသေးသည်ကိုလည်း ဂရုပြုစေလိုပါသည်။
ဘာသာရေးဆရာ မဟုတ်သည့်အတွက် (မှား၊မှန်၊ ပိုင်၊မပိုင်) ကိစ္စကို
ထည့်သွင်းရေးသားခြင်း မရှိပါ။
ကျွန်တော်တို့ ထားသင့်သည့် သဘောထားတစ်ခုကိုသာ ရိုးသားစွာ တင်ပြခဲ့ခြင်းဖြစ်ပါသည်။

--------------------
အိမ်ဝေးသူ(KZ)




Saturday, 8 November 2014

ခွင့်ပြုပါ


ဆရာဖေ
ခိုက်ခိုက်တုန်ခဲ့ဖူးတဲ့ ဆောင်း
ငါ့…ရင်ထဲမှာတော့
နွေတစ်ရာအတိ။
မိုးကို အားကိုးတကြီး မျှော်ခဲ့ပေမယ့်
ပေါ်မလာခဲ့တဲ့အဆုံး။

အိုအေစစ်မလေးရေ
ကျေးဇူးပြုပြီး
ငါ့ကို
မင်းရဲ့ အေးရိပ်မြုံလေးမှာ
တခဏတာ ခိုလှုံခွင့်ပေးပါလားကွယ်။

--------------------
အိမ်ဝေးသူ(KZ)


Friday, 7 November 2014

ငါ ၊ ငါ့အတ္တ ၊ “ငါ



ဖြူစင်မှုက
နှလုံးသားမှာ ပန်းလိုပွင့်တယ်။

ရွာတည်နိုင်စွမ်းမရှိလည်း
ရွာဖျက်သူတော့ မဖြစ်လိုပါ။

လူဖြစ်နေမှတော့
လိုအပ်ချက်တွေ ရှိနေဦးမှာပဲ
လိုအပ်ချက်တွေနဲ့အတူ
ရောင့်ရဲတတ်အောင် ကြိုးစားနိုင်သမျှ
ငါ...လူဖြစ်ရကျိုးနပ်ပြီပေါ့။

(ငါ) ရယ် ၊ (ငါ့) အတ္တရယ်
အတူတကွ နေထိုင်ခဲ့ရာက
(ငါ့) အတ္တကို (ငါ) ကိုယ်တိုင်သတ်
ကမ္ဘာမြေအတွက် ထာဝရ လှူ ခဲ့တယ်။

(ငါ့) ရဲ့  သူရဲကောင်း “ ငါ “ ကိုတော့
ရှေ့ ဆက်ရမယ့် ခရီးကြမ်းအတွက်
လိပ်ပြာသန့်သန့် မောင်းတင်ခဲ့တယ်။

ကျေးဇူးပြုပြီး
(ငါ) နဲ့ အတူ ရှိနေပေးပါ
(ငါ့) ရဲ့ ….” ငါ “ ရယ်။

--------------------
အိမ်ဝေးသူ(KZ)


Thursday, 6 November 2014

ယောက်ျားမျက်ရည်


(၁) မျက်ရည်
----------------
မျက်ရည်ဟူသည် လူတစ်ယောက်၏ (စိတ်+ကိုယ်) ခံစားမှု မည်မျှနက်နဲကြောင်းကို
အမြင်သာဆုံး သက်သေပြနိုင်သည့်အရာ ဖြစ်သည်။

(၂) မိန်းမမျက်ရည်
-----------------------
မျက်ရည်ဟုဆိုလျှင် ကလေးသူငယ်များနှင့် မိန်းမသားများကို ပြေးမြင်တတ်သည်က
များသည်ဟု ထင်ပါသည်။အထူးသဖြင့် အမျိုးသမီးများနှင့်မျက်ရည်ကို တွဲ၍မြင်တတ်
ကြသည်။ မိန်းမများ (ငိုကြွေး) ကြပါသည်။ လောကသဘာဝအရလည်း
မိန်းမများသည် လွတ်လပ်စွာ ငိုကြွေးပိုင်ခွင့် ရှိပါသည်။ ထိုအတွက်လည်း
အများက အပြစ်တင်လေ့ မရှိကြ။ စိတ်ခံစားမှုကို ဦးစားပေးတတ်သော မိန်းမသားအများစုသည် မျက်ရည်ကို အဖော်ပြုကြလေ့ ရှိသည်ဟု ဆိုလျှင်
မှားမည်မထင်ပါ။ အမျိုးသမီးများအနေဖြင့် အဘယ်အရာကိုမျှ ဂရုစိုက်စရာ မလိုဘဲ လွတ်လပ်စွာ ငိုကြွေးခွင့်ကို တစ်လောကလုံးက အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုထားပေသည်။ သို့ဆိုလျှင်...ယောကျာ်းသားတို့၏ မျက်ရည်အား မည်သို့ ယူဆကြမည်နည်း?

(၃) ယောက်ျားမျက်ရည်
-----------------------------
ကျွန်တော်တို့ ယောက်ျားသားများသည် အများစုမှာ စိတ်ဓာတ်ကြံ့ခိုင်သူများ
ဖြစ်ကြသည်။ ကလေးသူငယ်များ၊ မိန်းမသားများနှင့် မိသားစုအပါအဝင်
စည်းစိမ်ဥစ္စာများကို စောင့်ရှောက်ထိန်းသိမ်းကြရန်အတွက် ယောကျာ်းသားများအား
(ကိုယ်၊စိတ်) နှစ်ပါးစလုံးကို ကြံ့ခိုင်သော ခွန်အားများဖြင့် ဖွဲ့စည်းထားသည်။
ယောက်ျားတစ်ယောက်သည် မျက်ရည်ကို အလွယ်တကူ အကျခံလေ့မရှိ။ ဦးစီးဦးဆောင်သူများ ဖြစ်သည့်အတွက် မျက်ရည်ကျပါက ပျော့ညံ့သူဖြစ်သည်ဟု ထင်အမြင်ခံရခြင်းကြောင့်လည်း ယောက်ျားအများစု မျက်ရည်သိပ်မကျတတ်။
(ယောကျာ်းနှင့် မျက်ရည်သည် လုံးဝမသက်ဆိုင်) ဟူသော အဆိုလည်း မရှိ။

ကျွန်တော့်ဘဝမှာ အဆုံးအရှုံးများစွာ ကြုံခဲ့ဖူးပါသည်။
မျက်ရည်သုတ်ပေးမည့် မိခင်ရှိစဉ်ကတော့ မိခင်ကြီးရင်ခွင်ထဲမှာ ငိုကြွေးခဲ့ဖူးသည်။
ယခုအခါတွင်တော့ (ခံနိုင်ရည်မဲ့စွာ ငိုရှိုက်မိပါက) ကိုယ့်မျက်ရည်ကို
ကိုယ်သာသုတ်ရသည်။ သိပ်တော့လည်း ကိစ္စမရှိ။ ကျွန်တော် ကျင့်သားရနေပြီဖြစ်သည်။ မိမိချစ်မြတ်နိုးဆုံးသူတို့နှင့် သေကွဲ၊ ရှင်ကွဲ ခံစားမှုများစွာတို့ကြောင့်လည်း မျက်ရည်များစွာ ကျခဲ့ဖူးပါသည်။ သို့သော် မိန်းမတစ်ယောက်၏ ငိုကြွေးနိုင်စွမ်းနှင့် ယှဉ်လျှင် ကျွန်တော့်မျက်ရည်မှာ မပြောပလောက်တော့ပြီ။

(က)
ငိုကြွေးလိုက်ခြင်းသည် ခံစားမှုများကို ဖောက်ခွဲပစ်လိုက်ခြင်း မည်၏။
(ခ)
ငိုကြွေးလိုက်ခြင်းသည် မိမိကို အားအင်ချိနဲ့စေခြင်းလည်း ဖြစ်တတ်၏။
(ဂ)
ငိုကြွေးလိုက်ခြင်းသည် မိမိကို တစ်ခန်းရပ် ခွန်အားသစ်တစ်ခုလည်း တိုးစေ၏။

(၄) မျက်ရည်သုတ်ပေးသော လက်များဖြစ်ကြစေ
-------------------------------------------------------------

ယောကျာ်းသားများ၏ မျက်ဝန်းအစုံမှ မျက်ရည်အား ဂရုတစိုက်ရှိတတ်ပါစေ။
မိန်းမတစ်ယောက်သည် အကြောင်းအရာမျိုးစုံအတွက် မျက်ရည်ကျတတ်သော်လည်း
ယောကျာ်းသားများမှာမူ (ပျော်ရွှင်ကျေနပ်မှုမှလွဲပြီး) အလွန်အမင်း
ခံနိုင်ရည်မရှိမှသာ ငိုကြွေးလေ့ရှိသည်။ တနည်းအားဖြင့် ထိုယောက်ျားသည်
သူ့စိတ်ကို ငိုကြွေးလိုက်ခြင်းဖြင့် ခွန်အားတစ်ခု ပြန်လည်မွေးဖွားခြင်းလည်း မည်၏။ မတတ်သာလွန်းသောကြောင့်သာ ငိုကြွေးခြင်းဖြစ်သည်ကို
(သားသမီးများနှင့် ဇနီးသည်) က သိရှိထားရမည် ဖြစ်သည်။

# မိန်းကလေးငယ် #
သင်သည် အသိတရားဖြင့် ပြည့်စုံနေပြီဖြစ်သည့် အပျို မိန်းမငယ်တစ်ဦးဖြစ်ပါက
(အထူးဖြင့် သင့်ဖခင်) ၏ မျက်ရည်အား အလေးအမြတ်ထားစေချင်ပါသည်။
အနည်းဆုံးတော့ မျက်ရည်သုတ်ပေးသူ မဖြစ်နိုင်လျှင် မျက်ရည်ကျစေသည့်
အကြောင်းခံ မဖြစ်ပါစေနှင့်။

# အိမ်ထောင်ရှင်အမျိုးသမီး #
သင်သည် ဒိုးတူပေါင်းဖက် အကြင်လင်မယားဘဝကို ထူထောင်ထားသော
ဇနီးမယားတစ်ယောက်ဖြစ်ပါက (အထူးသဖြင့် သင့်ခင်ပွန်း) ဖြစ်သူ မျက်ရည်အား
ရပ်တန့်စေနိုင်သူ တစ်ဦးဖြစ်စေချင်ပါသည်။ သင့်ခင်ပွန်းသည် ဖြစ်သူသည် ခံနိုင်ရည်မဲ့
ခြင်း၏ အခြားတစ်ဘက်အဖြစ် ငိုကြွေးလိုက်ရသည်ကို နားလည်ပေးစေချင်ပါသည်။
တစ်ပြိုင်နက်တည်းမှာပင် အခြေအနေအမျိုးမျိုး၌ အကြိမ်ပေါင်းများစွာ (ပျော်ရွင်၊နာကျင်၊ကြည်နူး....) သင်...ငိုကြွေးခဲ့စဉ်က သင့်မျက်ဝန်းမှ ကျဆင်းခဲ့သော
မျက်ရည်များအား ကြင်နာယုယစွာ သုတ်ပေးခဲ့သူမှာ သင့်ခင်ပွန်းဖြစ်သည်ကို
မှတ်မှတ်ရရ ရှိနေစေချင်ပါသည်။ သင့်ခင်ပွန်းအား ကလေးငယ်တစ်ယောက်လို (သင့်ရင်ခွင်ထဲမှာ) ရှိုက်ကြီးတငင် ငိုကြွေးပါစေ။

# ကျွန်တော်တို့ ယောက်ျားသားများ #
ကျွန်တော်တို့ ယောက်ျားသားများသည် တာဝန်ဝတ္တရားများစွာဖြင့် ဘဝကို
ရုန်းကန်ဦးဆောင် နေရသူများ ဖြစ်သည့်အလျောက် ငိုကြွေးဖို့ မေ့နေတတ်ကြသည်။
သို့သော် ခံစားမှု ၊ နာကျင်မှုများ ပြင်းထန်လွန်းလာသည့်အခါ
ကလေးငယ်တစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးလိုက်ဖို့ မရှက်ပါနှင့်။ ချစ်ဇနီး၊ ချစ်သမီးတို့၏ မျက်ရည်ကို တယုတယ သုတ်ပေးခဲ့ဖူးသူတစ်ယောက်၏ မျက်ဝန်းမှ စီးကျလာသော ခံစားမှုမျက်ရည်များအား ဂရုတစိုက် သုတ်ပေးခွင့်အား
အမျိုးသမီးများအား ချီးမြှင့်ပါလေ။

--------------------
အိမ်ဝေးသူ(KZ)


Tuesday, 4 November 2014

အမေ့မေတ္တာ မှားမည်လား ?






သာမန် ကာတွန်းပြကွက်လေးတစ်ခုပါပဲ။

ဒါပေမယ့်...
ဒီ ရုပ်ပြကာတွန်းလေးထဲ မှာ

၁)
သားဖြစ်သူရဲ့  လုပ်ငန်းနဲ့ ပက်သက်တာ (အရေးကြီးမှု ) ကို
မိခင်ကြီးခမျာ သေသေချာချာ မသိရှာဘူး။
(ပညာရေးချို့ တဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်)
သို့သော် သူ့ခမျာ သူ့သားနဲ့ ပက်သက်တဲ့ တာဝန်ကိုတော့
ကြိုးစားပြီး ကျေပွန်ရှာတယ်။

၂)
မိဘမေတ္တာကြီးမားမှု
အထူးသဖြင့် မိခင်ရဲ့  မေတ္တာတရားကြီးမားမှုနဲ့
သားသမီးအပေါ်မှာ တာဝန်ကျေတတ်မှုကို ဖော်ကျူးထားတယ်။

၃)
လေထဲမှာ သေရေးတမျှ ဖြစ်ပျက်နေတဲ့ အချိန်ရောက်တော့မှ
လေထီးအရွက် ပါမလာမှန်း သိတယ်။
ဒါပေမယ့်
သားဖြစ်သူဟာ (သူ့မိခင်) လက်ချက်မှန်း တန်းသိတယ်။
(ငါ့အမေကတော့ လုပ်ချလိုက်ပြန်ပြီလို့တွေးပြီး ပြုံးမိကောင်း ပြုံးမိမယ်၊
တစ်ခဏတာ စိတ်အလိုမကျတာ ဖြစ်ကောင်းဖြစ်မယ်)
ဒါပေမယ့်...
မိခင်ဖြစ်သူရဲ့ 
အသိပညာနည်းပါးတာကြောင့်ပဲ ဖြစ်စေ၊
ဂရုစိုက်အား နည်းလို့ပဲ ဖြစ်စေ၊
မေ့လျော့ပေါ့ဆမှုကြောင့်ပဲ ဖြစ်စေ၊
အဲ့ဒီ့ သားခမျာ မြေပြင်နဲ့သူ့ ခန္ဓာကိုယ် ရိုက်မိပြီး
အသက်ထွက်ခဲ့ရင်တောင်
သူ့ကို သိပ်ချစ်ရှာလွန်းတဲ့ သူ့မိခင်ကြီးကို
ဘယ်တော့မှ အပြစ်တင်ရက်မှာ မဟုတ်ပါဘူး။

(၄)
အမေများ ခင်ဗျာ။
အမေတို့ ပေါ့ဆကောင်း ပေါ့ဆမိကြလိမ့်မယ်။
အမေတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မယ်။
အမေတို့ အသိပညာနည်းပါးကောင်း နည်းပါးကြပါလိမ့်မယ်။
သို့သော်
အမေတို့ရဲ့  လုပ်ရပ်တွေ ဘယ်လောက်မှားမှား
အမေတို့ရဲ့ စေတနာမမှားခြင်း၊
အမေတို့ရဲ့ မေတ္တာတရားဟာ
နွေမိုးဆောင်း သုံးရာသီစလုံး မလစ်ဟင်းခြင်းတို့အတွက်
ကျွန်တော်တို့ သား/သမီးများဟာ
အမေတို့ ပယောဂတစ်ခုခုကြောင့်
(အသက်စွန့်ခဲ့ရရင်တောင် ကျေနပ်စွာ စွန့်ကြမှာပါ ခင်ဗျာ)

အမေအားလုံးသို့ ရည်ညွှန်းလျက်
--------------------
အိမ်ဝေးသူ(KZ)

ငြင်းပယ်ခံရသော်လည်း ရှက်ဖွယ်ကိစ္စမဟုတ်ပါ


ဥပမာတစ်ခု ပြဆိုပါမည်။
ဆင်းရဲနွမ်းပါးသူတစ်ဦး သင့်အိမ်ရှေ့ သို့ ရောက်လာသည်။
တတ်အားသရွေ့ ကူညီစေလိုကြောင်း တိုးလျှိုးတောင်းပန်ရှာသည်။
သင်ကလည်း ပေးကမ်းလိုစိတ်ရှိသည်။
ဘဲလ်တီးသံကြောင့် ကမျောကသော ဆင်းလာခဲ့ရသည့်အတွက်
သင်နှင့်အတူ လက်ထဲမှာ ငွေမပါလာ။ အပေါ်ပြန်တက်ပြီး ငွေပြန်ယူရမည်ဖြစ်သည်။
သို့သော်…
သူဖုန်းစားတစ်ယောက်အတွက် တကူးတက အပေါ်ထပ်သို့ပြန်တက်ပြီး
ငွေယူစရာမလိုဟု ယူဆ၍ဖြစ်စေ၊ အပေါ်ထပ်သို့ ပြန်တက်ရန်မှာလည်း
ပျင်းစရာကောင်းသည်ဟု ထင်၍ ဖြစ်စေ၊ အယူအဆတစ်ခုခုကြောင့် ထိုသူ့လက်ထဲသို့ ငွေစအနည်းငယ်မျှ သင် ထည့်ပေးလိုက်နိုင်ခြင်းမရှိဟု ဆိုပါကြပါစို့။

ဤအချင်းအရာ၌ ငွေအသပြာ လာရောက်တောင်းခံသူက ( တောင်းယူသူ ) ဖြစ်ပြီး ၊
သင်ကမူ ( ငြင်းဆိုသူ) ဖြစ်သည်။ အများစုက မိမိတောင်းဆိုသည့် အရာတစ်ခုခု အငြင်းခံရသည့်အခါ ရှက်ကြောက်သိမ်ငယ် စရာတစ်ခုအဖြစ် ယူဆထားကြသော်လည်း ယခုကိစ္စတွင် တကယ်တမ်း ရှက်သင့်သည့်သူမှာ ငွေတောင်းခံသူ မဟုတ်ဘဲ သင်ကိုယ်တိုင် ဖြစ်သည်။

ကျွန်တော်တို့ လူဘောင်လောကတွင်
လူအများစု ကြောက်ရွံစိုးရိမ်ကြသည်မှာ "ငြင်းပယ်ခံရခြင်း" ပင်ဖြစ်သည်။
တစ်ခါတရံတွင် ကျွန်တော်တို့သည် တစ်စုံတယောက်၏ ပစ်စလက်ခတ်
ငြင်းပယ်ခြင်းကို ခံကြရတတ်ပြီး တစ်ခါတရံမူ ကျွန်တော်တို့ကိုယ်တိုင်က
သေသေချာချာ မသုံးသပ်မဆင်ခြင်ဘဲ ငြင်းပယ်ပစ်လိုက်တတ်ကြသည်။
ထိုငြင်းပယ်ခံရခြင်းသည် အထူးသဖြင့် "လူသားမာန" ကို တိုက်ရိုက်
သက်ရောက်မှု ရှိသည်ဟု ကျွန်တော်ယူဆပါသည်။

ချစ်ခြင်းမေတ္တာနှင့် ပက်သက်၍လည်း
ကျွန်တော်တို့ ရောက်ရှိနေသည့် အသက်အရွယ်အလိုက် ကျွန်တော်တို့ (ကိုယ်တိုင်)
တစ်စုံတယောက်၏ ငြင်းပယ်ခြင်း ခံရမည်ဖြစ်ပြီး မိမိနှင့်အဆင်မပြေပါက ကျွန်တော်တို့ (ကိုယ်တိုင်)လည်း တစ်စုံတစ်ယောက်ကို ငြင်းပယ်ကောင်း ငြင်းပယ်ရပါလိမ့်မည်။
ချစ်ခြင်းမေတ္တာတရားနှင့် ပက်သက်၍ (မိမိတတ်အားသရွေ့  ရိုးသားစွာ စွမ်းဆောင်ပါ) အငြင်းခံရပါကလည်း စိတ်ပျက်အားငယ်စရာ မလိုပါဟု မှတ်ယူစေချင်သည်။
ဤကမ္ဘာမြေပြင်ဝယ် သင်နှင့် အထိုက်တန်ဆုံးသော ချစ်သူတစ်ဦး ရှိနေပါသေးသည်ဟု
သင်သိထားရမည်ဖြစ်သည်။

တစ်စုံတယောက်က သင့်ဆီက တစ်စုံတရာ တောင်းဆိုပါက သေသေချာချာ စဉ်းစား
စိစစ်ပြီးမှ ငြင်းပယ်ပါ။ သင်က အရိုးခံ ငြင်းပယ်လိုက်သည့်တိုင် တစ်ဘက်သား၏
မာနကို ထိပါးစေသည့် ပုံစံမျိုးဖြင့် ငြင်းပယ်ခြင်းမျိုး မဖြစ်ပါစေနှင့်။

နိဂုံးချုပ်လိုပါသည်။

၁)
အငြင်းခံရတိုင်း ရှက်စရာမလိုပါ။

၂)
ငြင်းသူကိုယ်တိုင်လည်း ရှက်ရသည့်အခါ ရှိပါသည်။

၃)
အလွယ်တကူကြီး ငြင်းပယ်လိုက်ခြင်းမျိုး မလုပ်ပါနှင့်။

၎)
အငြင်းခံရခြင်းသည် ပိုမိုကောင်းမွန်သည့် အခွင့်အရေးတစ်ခုလည်း ဖြစ်တတ်ပါသည်။

၅)
ဖြစ်နိုင်လျှင် ကိစ္စကြီးသေးကိုလိုက်၍ ငြင်းပယ်ရသည့် အကြောင်းအရင်းကို
တစ်ဘက်သား နားလည်အောင် ယဉ်ကျေးသိမ်မွေ့စွာ ရှင်းပြပါ။

၆)
အငြင်းခံရသည့်တိုင် တစ်ဘက်လူနှင့် ဆက်ဆံရေး မပျက်ပြားပါစေနှင့်။
ငြင်းပယ်ခြင်းသည် ထိုသူ၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။

၇)
အငြင်းခံရခြင်းမှာလည်း အလှတရား ရှိသေးကြောင်း သတိပြုစေချင်ပါသည်။

မှတ်ချက်။
ဆရာကြီး တင်မိုးက ပြောခဲ့ဖူးပါတယ်။
"အနင်းခံရတဲ့ မြက်...ပိုသန်တယ်" တဲ့
ကျွန်တော်လည်း ပြောပါရစေ။
"အငြင်းခံရတဲ့ လူ...မာန်ပိုတယ်" ။
--------------------
အိမ်ဝေးသူ(KZ)


Monday, 3 November 2014

အထင်အမြင်သေးတတ်တဲ့သူရှေ့ မှာ ခင်ဗျား(ပိုပြီး) ဆင်ခြင်ပါ


(၁)
တစ်ဘက်သားကို
အထင်အမြင် သေးတတ်သူတစ်ယောက်အရှေ့ မှာ
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လောက်ယုံကြည်မှု ရှိပါစေ။
ခင်ဗျားအကြောင်း(သို့)ခင်ဗျားရဲ့ စွမ်းဆောင်နိုင်မှုအကြောင်းတွေကို
တစ်ထိုင်တည်း ပြောပြဖို့ မကြိုးစားလိုက်ပါနဲ့။

(၂)
အထင်အမြင် သေးတတ်သူက
သူ့စိတ်နဲ့ နှိုင်းလိုက်တဲ့အခါ
ခင်ဗျားကို အခြောက်တိုက်ဘဝင်မြင့်နေသူတစ်ယောက်(သို့)
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသူတစ်ဦးလို့ ထင်မြင်ယူဆလိမ့်မယ်။
(၃)
ဘယ်သူတွေ ဘယ်လိုထင်ထင်
ဂရုမစိုက်တတ်ပါဘူးလို့ဆိုရင်တောင်
ခင်ဗျားအချိန်တွေ အချည်းအနှီး ဖြုန်းတီးပစ်လိုက်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ။
---------------------
အိမ်ဝေးသူ(KZ)

Sunday, 2 November 2014

ကျွန်တော်(ခင်ဗျား) ဘယ်လိုလူစားလဲ?


တစ်စုံတယောက်၏ (လက်ခံခြင်း) ကြောင့် လူ့လောကမြေပြင်မှာ
ကျွန်တော် ခြေချခွင့် ရခဲ့သည်။ အကယ်၍ (အငြင်းခံ) ခဲ့ရမည်ဆိုပါကလည်း ကျွန်တော့်မှာ စောဒက တက်ပိုင်ခွင့် ရှိမည်မဟုတ်။ မူကြိုကျောင်းစတက်ခဲ့သည့်အရွယ်မှ
ယနေ့ ဤစာကို ရေးသားနေသည့်အချိန်အထိ (လက်ခံခြင်း၊ငြင်းပယ်ခြင်း)
အမှုကိစ္စများစွာ ကျွန်တော် ကြုံခဲ့ဖူးပါသည်။

အချို့ ကိစ္စများတွင် ကျွန်တော်က ငြင်းပယ်သူ ဖြစ်ပြီး ၊
အချို့ ကိစ္စများတွင်မူ ကျွန်တော်ကိုယ်တိုင်က အငြင်းပယ်ခံရသူ ဖြစ်သည်။
ကျွန်တော်ကမူ
ထိုအချင်းအရာများသည် အမြဲတမ်း မျှတစွာဖြစ်ပျက်နေသည်ဟု ယူဆသည်။

ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းတွင်

၁)
ငြင်းပယ်ခံရမည်ကို စိုးရိမ်သူ။

၂)
ငြင်းပယ်ခံရမည်ကို စိုးရိမ်ပြီး မိမိရသင့်သည့်အခွင့်အရေးကို လျစ်လျူရှုတတ်သူ။

၃)
ငြင်းပယ်ခံရသည့်အခါတွင်လည်း ဆက်ဆံရေးပုံမှန် ရှိအောင်ထိန်းသိမ်းတတ်သူ။

၎)
ငြင်းပယ်ခြင်းခံရသည့်အခါ ရှက်စိတ်၊ ဒေါသစိတ်တို့ဖြင့် ငြင်းပယ်သူကို တုံ့ပြန်တတ်သူ။

၅)
ငြင်းပယ်ခံရသည့်အတွက် နောင်တစ်ကြိမ်တွင် ထိုသူတောင်းဆိုလာမည့်
အချင်းအရာများကိုလည်း ပြတ်ပြတ်သားသား ငြင်းပယ်ပစ်လိုက်ဦးမည်ဟု ကြိုတင်အမှတ်အတေးထားသူ ဟူ၍ အမျိုးမျိုးရှိပါသည်။

ကျွန်တော်သည်
“ခင်ဗျားတို့ တောင်းဆို(မေး)သမျှကို လိုက်လျောပါမည်” ဟူသော
စာချုပ်စာတမ်းတစ်ခုကို ကိုင်ပြီး လူဖြစ်လာသူ တစ်ဦးမဟုတ်ပါ။ တောင်းဆိုစရာရှိသည်ကို ခင်ဗျားမှာ တောင်းဆိုပိုင်ခွင့် ရှိပါသည်။ ငြင်းဆိုခြင်း၊ လက်ခံခြင်းမှာလည်း
ကျွန်တော့်အပိုင်းဖြစ်ပါသည်။ အငြင်းခရံသူတိုင်း သိက္ခာကျသည်ဟူသော ခံယူချက်မျိုးကို
ကျွန်တော်လက်ခံနိုင်စွမ်းမရှိ။ ကျွန်တော့်ဘဝတွင် အကြိမ်ပေါင်းများစွာ အငြင်းခံခဲ့ရဖူးသည်။ သို့သော် ကျွန်တော့်အား ငြင်းဆိုသွားသူများအပေါ် စိုးစဉ်းမျှ စိတ်ကွက်ခြင်း မရှိခဲ့။ အခြေခံလူ့အခွင့်အရေးတွင် (လွတ်လပ်စွာ လက်ခံခွင့်၊ လွတ်လပ်စွာ ငြင်းပယ်ခွင့်) လူသားတိုင်းမှာ ရှိမည်ဟု ကျွန်တော်ယူဆပါသည်။

သို့သော် ယနေ့အချိန်ထိ အံ့အားသင့်စရာ အချင်းအရာများစွာ ကျွန်တော်ကြုံခဲ့ပြီး ဖြစ်ပါသည်။
အချို့သူများက ကျွန်တော့်ကိုယ်ရေးကိုယ်တာဆိုင်ရာ မေးခွန်းများကို မေးသည့်အခါ ကျွန်တော်
ဖြေနိုင်သည်များကို မခြွင်းမချန်ဖြေလေ့ရှိပြီး မဖြေနိုင်ပါကလည်း မဖြေနိုင်ကြောင်း၊ (မဖြေချင်ကြောင်း) အတိအလင်းဝန်ခံပြီး စိတ်မဆိုးစေချင်ကြောင်း ကျွန်တော်ကြိုတင် ပြောပြလေ့ရှိသည်။ သို့သော် တစ်ဘက်လူက
(ကျွန်တော်ဘာမျှ အပြစ်ကျူးလွန်ခြင်း မရှိဘဲ) စိတ်ဆိုးသွားသည်။ (စိတ်ကောက်သွားသည်ဟု ဆိုလျှင် ပိုမှန်မည်) သူမေးသည်ကို ကျွန်တော် မဖြေနိုင်ခြင်းမှလွဲ၍ ကျန်တာ ကျွန်တော် အကောင်းဆုံး ဆက်ဆံခဲ့ပြီးဖြစ်သည်။
အချို့ သူများကမူ စတင်ရင်းနှီးရုံဖြင့် မိမိအပါအဝင်မိမိဆွေစဉ်မျိုးဆက်ပြဇယားအထိ စပ်စုမေးမြန်းတတ်ကြသည်။

ကျွန်တော်သည် ယနေ့အထိ မည်သူတစ်ဦးတယောက်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ခြင်း မရှိခဲ့ကြောင်း ဆိုချင်ပါသည်။ ကျွန်တော့်ကို ခင်ဗျားအမည်နာမ ပြောချင်လည်း ဖြစ်သည်။ မပြောချင်လည်း
(ခင်ဗျားသုံးသည့် အကောင့်အမည်ကို ကျွန်တော်သုံးစွဲပြီး ပြောဆိုဆက်ဆံမည်ဖြစ်သည်)
ကိစ္စမရှိ။ ကျွန်တော် (ဘယ်လိုလူစားမျိုးပါ) ဟုဆိုပြီး ခင်ဗျား မိတ်ဆက်စရာ မလိုပါ။
အချိန်တန်လျှင် ခင်ဗျား ဘယ်လိုလူစားမျိုး ဖြစ်သည်ကို ကျွန်တော် ကွက်ကွက်ကွင်းကွင်း သိလာရမည်ဖြစ်သည်။ ထိုနည်းတူစွာ ကျွန်တော် (ဘယ်လိုလူစားမျိုး)
ဖြစ်ကြောင်းကို ခင်ဗျားကို တခုတ်တရ ဖွဲ့နွဲ့ပြောဆိုနေမည်မဟုတ်ပါ။ ခင်မင်ရင်းနှီးခြင်း ကာလတစ်ခုကြာမြင့်ပြီဆိုလျှင် ကျွန်တော့်အကြောင်းကို ခင်ဗျားသိလာမည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ကျွန်တော်သည် စာတိုပေစများ ရေးသားနေသော်လည်း “ကျွန်တော့်အကြောင်း”
ဟူသော စာစီစာကုံးတစ်ပုဒ်ကို တစ်ဘက်သားသိအောင် စိတ်ဝင်တစား(ကြိုတင်)
ဖွဲ့နွဲ့ပြရသည်ကို သိပ်မကြိုက်လှပါ။ အခါအခွင့်သင့်သည့်အခါတိုင်း၊ တိုက်ဆိုင်လာသည့်
အခါတိုင်းတွင် ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောချင်စိတ်ရှိလျှင်
ပြောပြမည်ဖြစ်သည်။

ဥပမာ။

ကျွန်တော်ဆရာဝန်တစ်ယောက်ပါဟု ပြောဆိုပြီး မိတ်ဆက်လာသူကို
ကျွန်တော် ကိုယ်တွေ့ကြုံဖူးပါသည်။ (သြော်...ဟုတ်ကဲ့...ကျွန်တော် မှတ်ထားပါ့မယ်ခင်ဗျာ)
ဟုသာ ကျွန်တော် အဖြေပေးခဲ့သည်။ သို့သော် ပက်သက်ဆက်နွယ်ရာ ကာလကြာမြင့်လာသည်နှင့်အမျှ ထိုသူသည် ဆရာဝန်တစ်ယောက်တွင် ရှိသင့်သည့်
စောင့်ထိန်းမှုမျိုး မရှိဘဲ
(ဥပမာ-ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်တတ်ခြင်းနှင့် စေတနာချို့ တဲ့ခြင်း)
ဝမ်းဆွဲသည်တစ်ယောက်လောက်တောင် လေးစားစရာမကောင်းတော့သည့် လူတစ်ယောက်ဖြစ်ကြောင်း ကျွန်တော်သိသွားသည်။ ထိုအချိန်မှစ၍ ထိုသူသည်
ဂုဏ်ပုဒ်အားဖြင့် ဆရာဝန်ဖြစ်သော်လည်း ကျွန်တော့်အတွက်မူ
ငံပြာရည်ရောင်းသူထက်ဆိုးသည့်သူ တစ်ဦးဖြစ်သွားသည်။ တစ်ခါတုန်းက မိတ်ဆွေတစ်ယောက်က ကျွန်တော့် အကြောင်း (မေးခွန်းသုံးခွန်းမေးမည်) ဟုဆိုသည်။ ကျွန်တော် ဖြေနိုင်တာဆိုလျှင် ဖြေမည်ဟု ကြိုတင်အသိပေးခဲ့သည်။
မေးခွန်း(၁) ကို မေးတော့ (ကိုယ်ရေးကိုယ်တာ ဖြစ်လွန်းသည့်အတွက်) ကျွန်တော်
မဖြေနိုင်ကြောင်း တောင်းပန်ပြောဆိုခဲ့သည်။ ထပ်မေးလျှင် သူအနေဖြင့် သိက္ခာကျမည်ဟု ယူဆပုံရသည်။ ထိုသို့ဖြင့် သူက မေးခွန်း ( ၂ နှင့် ၃ ) ကိုလည်း သူဆက်မမေးတော့။ အမှန်တကယ်တွင်မူ သူ့အနေနှင့် သူမေးချင်ရာကို လွတ်လပ်စွာ ဆက်လက်မေးပိုင်ခွင့်
ရှိသည်။ သို့သော် သူ့ခမျာ (ငြင်းပယ်ခြင်း) ဒဏ်ကို မခံစားနိုင်ရှာဘဲ မေးခွန်း(၁)မှာပင် တစ်သွားသည်။ ထို့အတွက် ကျွန်တော် ဘာမျှ မတတ်နိုင်။ သူ့အခွင့်အရေး
သူကိုယ်တိုင် ရုပ်သိမ်းသည်ဟုသာ ယူဆသည်။

နိဂုံးချုပ်ဆိုပါမည်။
ကျွန်တော် ခင်ဗျားကို နွေးနွေးထွေးထွေး ဆက်ဆံမည် ဖြစ်သည်။
ကျွန်တော် ခင်ဗျားကို တတ်အားသရွေ့ (နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ စောင့်ရှောက်ခြင်း) ကူညီဖေးမ,မည်။ သည်လောက်ဆိုလျှင် ကျွန်တော်တို့ မိတ်ဆွေကောင်းအဖြစ်
ရပ်တည်နိုင်မည်ဟု ယုံကြည်ပါသည်။ ခင်ဗျား ဘယ်လိုလူ၊ ကျွန်တော်ဘယ်လိုလူ
ဆိုတာတွေနှင့် ကိုယ့်အကြောင်းကို စိတ်ဝင်စားအောင် ပြောပြရတာမျိုးကတော့ ပျင်းစရာကောင်းလွန်းသည်။ အချိန်တန်လျှင် (ခင်ဗျား၊ ကျွန်တော် )ဖုံးကွယ်ထားချင် သည့်တိုင် ဖုံးကွယ်၍ရမည်မဟုတ်ဟု ထင်ပါသည်။ ကျွန်တော် လူကောင်းပါဟု ကြော်ငြာခဲ့ပြီး အဆုံးသတ်မှာ လူဆိုးဖြစ်နေမည့် ဦးလူကောင်းအယောက် (၁၀၀)ထက်စာလျှင် နိဂုံးချုပ်မည့်တစ်နေ့မှာ ကျွန်တော်လူကောင်းပါဟု သက်သေပြသွားမည့် မိတ်ဆွေကောင်း(၁)ယောက်ကို ကျွန်တော် မျှော်လင့်နေမိပါသည်။

မှတ်ချက်။
ခင်ဗျားတောင်းစရာရှိသည့်အခွင့်အရေးကို အားမနာတမ်း တောင်းဆိုပါ။
ကျွန်တော် လက်ခံနိုင်စွမ်းရှိပါက လက်ခံမည်ဖြစ်ပြီး၊ လက်ခံနိုင်စွမ်းမရှိပါက ကျွန်တော်
အားမနာတမ်း ငြင်းပယ်မည်ဖြစ်သည်။ ကျွန်တော် တောင်းဆိုသည့်အရာတိုင်းအတွက်လည်း
ခင်ဗျားမှာ ကျွန်တော်ရရှိသည့် အခွင့်အရေးနည်းတူ (လက်ခံ၊ငြင်းပယ်) ခွင့် အပြည့်ရှိပါသည်။
ထို့အတွက် ကျွန်တော်တို့ ရင်းနှီးခင်မင်မှု နှမ်းစေ့မျှ လျော့သွားစရာမရှိဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်တို့ ဘယ်လိုလူစားမျိုးဖြစ်ကြောင်းကို စတင်မိတ်ဆက်ချိန်မှာ ပြည့်စုံအောင်ပြောပြလိုက်ခြင်းထက်
လမ်းခွဲနှုတ်ဆက်ချိန်မှာ တစ်ဘက်လူက အလိုလိုခံစားသိရှိသွားသည်က ပိုကောင်းသည်ဟု ယူဆပါသည်။

(“ငါနှင့်မခေါ်၊ ငါ့းအိုးပုတ် ပြန်ပေး”ဟူသော
ကလေးသုံးသီအိုရီကို ကျွန်တော်တို့ စွန့်ပစ်လိုက်ဖို့ အချိန်တန်ပြီဖြစ်သည်)

--------------------
အိမ်ဝေးသူ(KZ)


Saturday, 1 November 2014

ကျွန်တော့် နှလုံးသားထဲမှာ ခင်ဗျားတို့ ဘယ်လို နေထိုင်ကြမှာလဲ


မချော နှစ်ယောက်။
(တကယ်ချောမချောတော့ မကိုင်ကြည့်ဖူး၍ မသိ)
နှစ်ယောက်စလုံး
ခေါင်းမာတတ်တာချင်း တူတယ်။
နှစ်ယောက်စလုံး
နားလည်ပေးနိုင်စွမ်းရှိတာချင်း တူတယ်။
တစ်ယောက်က
ကျွန်တော့်ဘဝထဲကို ခွန်အားတစ်ခုအဖြစ် ဝင်ရောက်ခဲ့တယ်။
ကျန်တစ်ယောက်က
ကျွန်တော့်ဘဝထဲကို စိုးရိမ်ပူပန်ပေးမှုတွေနဲ့ ခိုဝင်ခဲ့တယ်။
တစ်ယောက်က
(အိပ်ရေးအပျက်မခံနဲ့လို့) စိုးရိမ်ပေးတတ်သလို
နောက်တစ်ယောက်က
(သန်မာတုန်းရုန်းကန်ထားပေါ့ကွ) လို့ တွန်းအားပေးတတ်တယ်။
တစ်ယောက်က
(အစ်မ+သူငယ်ချင်း)တစ်ယောက်လို နေရာမျိုးမှာ နေပြီး
တစ်ခါတလေ သြဇာသီးရောင်းတယ်
ကျန်တစ်ယောက်က
(ညီမ+သူငယ်ချင်း) တစ်ယောက်လို နေရာကနေ
တစ်ခါတလေ သြဇာသီးရောင်းတယ်။
(ကျွန်တော်ကတော့ သြဇာသီး မဝယ်ဖြစ်တာများတယ်)
တစ်ယောက်က အားနာတတ်တာကို တဖွဖွပြောပြီး
တကယ်လည်း အားနာတတ်လွန်းတယ်။
နောက်တစ်ယောက်က လုံးဝ အားမနာတတ်ဘဲ
ပြောစရာရှိရင် တည့်တည့်ပြောတတ်တယ်။
တစ်ယောက်က
ရပ်ဝေးမြေခြားမှာနေပြီး မိဘကျေးဇူးကို
မ,ကုတ်၊ မ,ခဲ (ကျားမဟုတ်လို့)
ကျန်တစ်ယောက်ကတော့
မိခင်အိုကြီးကို စိတ်ရော၊ ကိုယ်ပါ ပြုစုရင်း
သမီးလိမ္မာအဖြစ် (တီကုတ်၊ တီခဲ) ကြိုးစား ရပ်တည်နေတယ်။
အသျှင်။
ကျွန်တော့် မိတ်ဆွေနှစ်ဦးရဲ့  ကြိုးစားအားထုတ်မှုတို့ကို အစားပေးတော်မူပါ။
---------------------------------------------------------------------------------------------
ကျွန်တော့်ဘဝထဲကို
ပုံစံမျိုးစုံဝင်ရောက်ပြီး ပုံစုံမျိုးစုံနဲ့ ပြန်ထွက်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေး။
ကျွန်တော့်ဘဝထဲကို
တစ်ခဏတာ ဝင်ရောက်ပြီး
တစ်ဘဝတာလုံး နေထိုင်သွားဖို့ ကျင့်ကြံနေတဲ့သူတွေလည်း ဒုနဲ့ဒေး။
ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ တားဆီးပိတ်ပင်နေမှာ မဟုတ်ပါဘူး။
(ရပ်နေမြဲ နေရာမှာ မိတ်ဆွေတွေအတွက် ငြိမ်သက်စွာ ရပ်နေပေးမှာပါ)
ကျွန်တော့်ဘဝထဲမှာ
တစ်ချို့ က ခြေရာတစ်ခွက်စာ နေထိုင်သွားကြလိမ့်မယ်။
တစ်ချို့ က ရေအိုင်တစ်အိုင်စာ နေထိုင်သွားကြလိမ့်မယ်။
တစ်ချို့ က ချောင်းတစ်ခုစာ နေထိုင်သွားကြလိမ့်မယ်။
တစ်ချို့ က မြစ်တစ်ခုစာ နေထိုင်သွားကြလိမ့်မယ်။
တစ်ချို့ က ပင်လယ်တစ်ခုစာ နေထိုင်သွားကြလိမ့်မယ်။
တစ်ချို့ က သမုဒ္ဒရာတစ်ခုစာ နေထိုင်သွားကြလိမ့်မယ်။
ကျွန်တော့် အမှတ်တရဖြစ်မှုကလည်း
ခြေရာတစ်ခွက်စာ နေထိုင်သွားသူအတွက် ခြေရာတစ်ခွက်စာ အမှတ်တရ။
ရေအိုင်တစ်အိုင်စာ နေထိုင်သွားသူအတွက် ရေအိုင်တစ်အိုင်စာ အမှတ်တရ။
ချောင်းတစ်ခုစာ နေထိုင်သွားသူအတွက် ချောင်းတစ်ခုစာ အမှတ်တရ။
မြစ်တစ်ခုစာ နေထိုင်သွားသူအတွက် မြစ်တစ်ခုစာ အမှတ်တရ။
ပင်လယ်တစ်ခုစာ နေထိုင်သွားသူအတွက် ပင်လယ်တစ်ခုစာ အမှတ်တရ။
သမုဒ္ဒရာတစ်ခုစာ နေထိုင်သွားသူအတွက် သမုဒ္ဒရာတစ်ခုစာ အမှတ်တရ။
ဆိုပြီး အသီးသီး ရှိနေမယ်ဆိုတာ အသေအချာပါပဲ။
သြော်..
စကားမစပ်ဗျာ
ကျွန်တော့်ဘဝထဲမှာ
နှလုံးသား အပြည့်နေထိုင်သွားကြသူများအတွက်
ကျွန်တော့် အမှတ်တရဖြစ်မှုကလည်း နှလုံးသားအပြည့် ရှိနေမှာပါ။
( ဘယ်လို နေထိုင်သွားမယ်ဆိုတာကတော့ ခင်ဗျားတို့ ရွေးချယ်ရမှာပါ )
ပျော်ရွှင်ကျေနပ်သော မွေးနေ့ပိုင်ရှင်များ ဖြစ်ပါစေ။
ထိုမျှမက ကောင်းမြတ်သော လိုအင်မှန်သမျှ ပြည့်ဝပြီး
မကောင်းမွန်သော ရည်စူးချက်မှန်သမျှ လွဲကြပါစေလို့ ဆုမွန်တောင်းရင်း။။။
ခင်မင်ရင်းနှီးခြင်းများစွာဖြင့်။
ခင်ဗျားတို့ရဲ့  နှလုံးသားတစ်ထောင့်တစ်နေရာမှာ
(နေရာတစ်နေရာ ရှိနိုင်မယ်လို့ ယုံကြည်တဲ့) လူသိမ်လူမွှားကြီး ကျွန်တော်။
---------------------
အိမ်ဝေးသူ(KZ)