Saturday, 7 June 2014

လူငယ်နှင့် "ဘီ" သုံးလုံး


နှစ်ဆယ်ရာစု ကုန်ခါနီးအချိန်ကို "Information Age"သတင်းမီဒီယာခေတ်ဟု ခေါ်ခဲ့ကြသည်။
နှစ်ဆယ့်တစ်ရာစုကို "Technology Age"နည်းပညာခေတ်ဟု သမုတ်ကြသည်။
ဤသို့ သော နည်းပညာခေတ်တွင် လူငယ်အချို့ သည်စဉ်းစားတွေးခေါ်ခြင်းမပြုကြဘဲ
လက်ဘက်ရည်ဆိုင်များ၌ လည်းကောင်း၊ဘီယာဆိုင်များ၌ လည်းကောင်း အချိန်ဖြုန်းနေကြသည်ဟု
မြင်လာသူဦးရေ များလာခဲ့ပါသည်။ သို့ ရာတွင် အကောင်းနှင့်အဆိုးသည်အမြဲဒွန်တွဲ လျက်ရှိသည်ဖြစ်ရာ
အချို့ သော လူငယ်များသည် ပေါ့ပေါ့နေပေါ့ပေါ့စား စိတ်ဓာတ်မွေးမြူကြသော်လည်း
အများစုသော လူငယ်များမှာမူ ရိုးရိုးကုတ်ကုတ် ကြိုးစားအားထုတ်လျက် ရှိကြသည်။
ယနေ့ မျက်မှောက်ကာလကိုကြည့်လျှင်လည်း ပညာရေး၊စီးပွားရေး၊လူမှုရေး အစရှိသဖြင့်
အရေးစုံတို့ ၌ လူငယ်များက ဦးစီးဦးဆောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ ရသည်။
ကမ္ဘာကြီးလဲ ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီ။ ကိုယ်စီကိုယ်စီ နေရာတစ်နေရာ ရအောင်ယူနေကြရသည်။
ယနေ့ လိုအခါသမယ၌ မိမိအတွက်နေရာတစ်နေရာ မယူထားဘဲ ဘာသိဘာသာပျော်ပျော်နေပြီး
လောကကြီးကို ရေစုန်စီးနေကြလျှင် ခက်ပေတော့မည်။

ရင့်ကျက်တည်ငြိမ်သော လူကြီးတစ်ယောက်၏ ဘဝရရှိရန်မှာ အတွေးအခေါ်ရင့်သန်ထက်မြတ်သော
လူငယ်ဘဝတစ်ခုကို ဖြတ်သန်းရခြင်းပေါ် ၌များစွာမူတည်နေသည်။ ထိုသို့ သောလူငယ်မျိုးဖြစ်ရန်
အခက်အခဲကြီးကြီးမားမား မရှိသော်လည်း ရရှိလာသော အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်ရန်လိုသည်။
အတွေးမချော်ဘဲ အတွေးတော်အောင်သတိပြုရမည်။ မိမိအားလပ်သောအချိန်များ၌ စိတ်ကူးယဉ်ခြင်း
မဟုတ်သော စိတ်ကူးမျိုးဖြင့် ဦးနှောက်အားရှင်သန်လှုပ်ရှားနေစေရမည်။ ထိုသို့ စိတ်ကူးရာတွင်လည်း
မိမိဘဝကြီးပွားတိုးတက်ရေးအတွက် အလေးပေးစိတ်ကူးတွေးတော နေရမည်။ အမှန်တကယ်တွင်မူ
ဘဝကြီးပွားတိုးတက်ရေး ဆိုသည်မှာ ငွေကြေးအရာထက် လူ့ ဘဝ၌ နေတတ် ထိုင်တတ်သောသတ္တိ
ရင့်သန်လာခြင်းပင်ဖြစ်သည်။ ထိုသို့သောသတ္တိမျိုးရရှိရန်စဉ်းစားနေရမည်။ တွေးခေါ်နေရမည်။

စဉ်းစားတွေးခေါ်ရာတွင် အောက်ပါအချက် (၂)ချက်ကို အထူးဂရုပြုရမည်။

(၁)အပျက်သဘောဆောင်သောအတွေးများ (Negative thoughts)
(၂)အပြုသဘောဆောင်သောအတွေးများ    (Positive thoughts)

အပျက်သဘောဆောင်သောအတွေးများကို မတွေးမိစေဘဲ အပြုသဘောဆောင်သောအတွေးများကိုသာ
များများတွေးပေးရမည်။

ပမာဆိုရသော်

"ငါ-ဒီနှစ် ဆယ်တန်းစာမေးပွဲကျရင် ဘယ့်နှယ့်လုပ်မလဲ "

ဟူသော အပျက်သဘောဆောင်သည့် အတွေးမျိုးအစား

"ငါ-ဒီနှစ် ဆယ်တန်းစာမေးပွဲ အောင်ကိုအောင်ရမည်"

ဟု အပြုသဘောဆောင်သော တွေးခေါ်မှုများကိုအလေးပေးတွေးတောရမည်။
ဤသို့ အပြုသဘောကို အလေးပေးတွေးပါက မိမိဘဝ အပြုဘက်သို့ရောက်အောင်
အပြုစိတ်က လမ်းကြောင်းတည့်မတ်ပေးသွားပေလိမ့်မည်။အတွေးဆရာကြီးများပုံစံဖြင့်အချိန်ပြည့်
တွေးနေရမည်လည်းမဟုတ်။ တွေးခေါ်ရန် အချိန်သီးသန့် လည်းမလိုအပ်ဟုသာ ဆိုရမည်။
အရေးကြီးသည်မှာ ရရှိလာသောအချိန်ကို အလဟသ အဖြစ်မခံဘဲ တန်ဖိုးရှိစွာအသုံးချတတ်ခြင်း၌သာ
မူတည်နေသည်။ အချိန်ကို ဖြုန်းသူမဟုတ်ဘဲ သုံးသူဖြစ်လိုလျှင် " ဘီ " သုံးလုံးကို ဆောင်ရပေမည်။

" ဘီ " သုံးလုံးကား အခြားမဟုတ်။

(၁) Bed           ဟုခေါ်သော ကုတင်ပေါ်အိပ်ရာဝင်ချိန်

(၂) Bathroom ဟုခေါ်သော ရေချိုးခန်းထဲ၌ရေချိုးချိန်

(၃) Bus           ဟုခေါ်သော ဘတ်စ်ကားစီးချိန်

ဤ သုံးလုံးသော " ဘီ " ကိုသာ သင်အမြဲလက်ကိုင်ပြုပါက မြေကြီးလက်ခတ်မလွဲ သင်သည်
အကျိုးရှိသော သူတစ်ယောက်ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်တော့သည်။


ပထမ " ဘီ " သည် "Bed" အိပ်ရာပေါ်၌ တွေးတောခြင်းဖြစ်သည်။
-------------------------------------------------------------------------------


ဤလောကရှိ လူသားအပါအဝင် သက်ရှိအားလုံးသည် သဘာဝဖြစ်စဉ် တစ်ခုအနေဖြင့်လည်းကောင်း၊
တစ်နေ့ တာ၏ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်လည်းကောင်း အိပ်စက်အနားယူကြသည်။
ညအခါတွင် လူတို့ ၏ပြုမှုဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် လူကိုသုံးမျိုးသုံးစားခွဲခြားနိုင်သည်။

(၁) ည၏ အမှောင်ထုကို အခွင့်ကောင်းယူ၍ မကောင်းမှုပြုသူ

(၂) ခွန်အားရရှိစေရန် ရည်ရွယ်၍ စောစီးစွာအိပ်စက်အနားယူသူ

(၃) ညဥ့်နက်သည်ထိ တွေးတောဆင်ခြင်မှုပြုသူတို့  ဖြစ်သည်။

အိပ်တော့မည်ဟု ဆုံးဖြတ်ြပီး နဖူးပေါ်လက်တင်လိုက်သည်နှင့် မိမိတစ်နေ့ တာဘဝကို
ပုံရိပ်ထင်ဟပ်စေသည်။ အမှန်နှင့်အမှား ကွဲပြားစွာ ရုပ်လုံးပေါ်ပေါက်လာရသည်။ မိမိကြောင့်
လူမည်မျှစိတ်ဆင်းရဲရပြီး လူမည်မျှ စိတ်ချမ်းသာရသည်အထိ တွေးမိတတ်သည်။
ရောက်တတ်ရာရာလည်း တွေးနေမိတတ်သည်။
အကုသိုလ်ဘက်သို့ ပါသော အတွေးမျိုးဝင်ရောက်လာပါက ဖယ်ထုတ်ရမည်။

စိတ်ကိုခွဲခြားလျှင်-

သိစိတ်နှင့် မသိစိတ်ဟူ၍  (၂)မျိုးခွဲခြားနိုင်သည်။
လူတို့ အိပ်စက်သောအခါ သိစိတ်ကသာ အိပ်စက်သော်လည်း မသိစိတ်က
ဆက်လက်ရှင်သန်လျက်ရှိသည်။ အိပ်ပျော်နေသော်လည်း အသက်ဆက်လက်ရှင်သန်ရန်
လေကို ရှုသွင်းရှုထုတ်ရသော အလုပ်ကို မသိစိတ်က ဆက်လက်လုပ်ကိုင်သည်။
တစ်စုံတစ်ရာကို တွေးပီးအိပ်ပျော်သွားလျှင် ထိုအတွေးကို မသိစိတ်ကပင် အိပ်ရာမှ နိုးသည်အထိ
ဆက်လက် တွေးတောပေသည်။ ထို့ ကြောင့်မိမိ၏ အိပ်စက်ခြင်းသည် ကောင်းမြတ်သော
အိပ်စက်ခြင်းမျိုးဖြစ်ချင်လျှင် အပြုသဘောပါသော ကောင်းမြတ်သောအတွးများကို များများတွေးပေးရမည်။

ဥပမာ- "ငါတစ်နေ့ ကြီးပွားရမည်" ဟုတွေးတောပြီး အိပ်ပျော်သွားပါက မသိစိတ်ထဲတွင်
ကြီးပွားလိုစိတ် ကိန်းအောင်းသွားပေသည်။ ထိုအခါ မိမိဖြစ်ချင်သည်တို့ ဖြစ်လာရသည်။
လူသည်နံနက် အိပ်ရာထချိန်ထက် အိပ်ရာဝင်ချိန်၌ အသိပညာ တစ်ရပ်တွင်လည်းကောင်း၊
တွေးခေါ်မြော်မြင် ရာ၌ လည်းကောင်း တစ်ခုခု၌သာနေရမည်။
ဤသို့ မလုပ်ဆောင်နိုင်ခဲ့ပါက လူသားတစ်ယောက်အနေနှင့် အကြီးမားဆုံးသော ပြစ်မှုကို ကျူးလွန်သူ
ဖြစ်နိုင်သည့်အတွက် ကောင်းသောတွေးခေါ်ခြင်းဖြစ်သော အိပ်ရာဝင်ခြင်းမျိုးဖြင့် Bed သို့သွားပါက
သင်သည် သင့်အတွက်ပိုမိုအဓိပ္ပါယ် ရှိလာမည်ဖြစ်သည်။


ဒုတိယ " ဘီ " သည် " Bathroom " ရေချိုးခန်း၌တွေးတောခြင်းဖြစ်သည်။
-----------------------------------------------------------------------------------------

 လူကြီးလူငယ်တို့ သည်

(၁) မိမိတို့ တစ်ကိုယ်ရည်သန့် ရှင်းမှုအတွက်လည်းကောင်း
(၂) ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်လည်းကောင်း

အနည်းဆုံးတစ်နေ့ လျှင်တစ်ကြိမ်တော့ ရေချိုးသန့် စင်ခြင်းပြုကြရသည်။

ရေချိုးရာတွင်လည်း

(၁) မအားမလပ်၍ ကသောကမျောရေချိုးခြင်း၊
(၂) စိတ်အေးလက်အေး ရေချိုးခြင်းဟူ၍ (၂)မျိုးခွဲခြားနိုင်သည်။

အသက်အရွယ်ကြီးရင့်သူတို့ မှာ မိမိတို့ ကျန်းမာရေးအရ မြန်မြန်ဆန်ဆန်ရေချိုးကြသော်လည်း
လူငယ်အများစုမှာမူ စိမ်ပြေနပြေ ရေချိုးခြင်းဖြင့်အတွေးဆန့် ကြသည်။ တောင်တွေးမြောက်တွေး
တွေးသူရှိသကဲ့သို့ ဒသနအတွေးများကို တွေးနေသူလဲရှိသည်။ပေါက်ကရ အတွေးများ
ဝင်ရောက်လာပါက သတိနှင့်ယှဉ်၍ဖယ်ထုတ်ရမည်။ တစ်နေ့ တာ၏မွန်းကျပ်မှုများ၊ အလိုမကျမှုများကို
သီချင်းလေးတကျော်ကျော်ဖြင့် စိတ်ထွက်ပေါက်ပေးမည့်အစား မှန်ကန်သောအတွေးများတွေးခြင်းဖြင့်
ထွက်ပေါက်ပေးရမည်။ စိတ်ထွက်ပေါက်ပေးရသကဲ့သို့ စိတ်ဝင်ပေါက်လည်း ပြုလုပ်ပေးရမည်။


ရေချိုးရင်းစဉ်းစားတတ်ရန် အကျင့်လုပ်ရမည်။ အချိန်ကိုယူတတ်မှ ရပေမည်။ လူအတော် များများလည်း
ရေချိုးရင်း စဉ်းစားတွေးတောမိကြပေသည်။ သို့ရာတွင်စဉ်းစားတွေးခေါ်သည့် ဥာဏ်ကို ရယူတတ်ခြင်းမှာ
ကွဲပြားခြားနားပေသည်။ မစဉ်းစားခြင်းထက် စဉ်းစားခြင်းက သာလွန်သည်။ အလဟာသ ရသည့်အချိန်၌
မစဉ်းစားဘဲ အချိန်လွန်မှ စဉ်းစားမိပါက နောင်တရတတ်ကြောင်းသိရမည်။ အချိန်မီ မှန်မှန်ကန်ကန်
စဉ်းစားတတ်အောင်လေ့ကျင့်ရမည်။ စဉ်းစားဆင်ခြင်တတ်အောင် စဉ်းစားမှုနယ်ပယ် ဖြန့် ချဲ့ နိုင်အောင်
ကြိုးစားရမည်။ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်အောင်ပြုလုပ်ပေးရာကျသလို
စိတ်ကျန်းမာရေးအတွက် ကောင်းမွန်အောင် တွေးတောဆင်ခြင် သုံးသပ်နေရပေမည်။

ယောဂီသမားတို့ အမှားမပါအောင် ချိုးရေခပ်သည်ကို ခပ်သည်ခပ်သည်မှတ်၊ လောင်းချိုးသည်ကို
လောင်းသည် လောင်းသည် မှတ် ဟူသော အတွေးမထပ်အောင်မှတ်စေခြင်းမျိုးမဟုတ်ဘဲ ရေချိုးပြီး
သွားမည့်နေရာ၊ အလုပ်အကိုင်စသည်တို့ ကို စိတ်ကူးဇာချဲ့ ကာ၊ အနားကွပ်တွေးနေဖို့ လိုအပ်ပေသည်။
သို့ မှသာရေချိုးရင်း အလုပ်နှစ်ခု လုပ်ပီးသားဖြစ်သွားပေမည်။
ရေချိုးပြီးသည့် အခါ ခန္ဓာကိုယ်သန့် စင်သွားသလို၊ စိတ်လည်းရှင်းသန့် သွားကာ လုပ်စရာကိုင်စရာများ
ဆက်တိုက် လုပ်သွားနိုင်ပေမည်။
သို့ သော်အာခိမိဒိ လိုတော့ ရေချိုးခန်းထဲမှ အဝတ်ဗလာဖြင့် ထွက်လာမိသည် အထိ မတွးတောသင့်ပေ။


နောက်ဆုံး " ဘီ " သည် " ဘတ်စ်ကား " ပေါ်၌ စဉ်းစားတွေးတောခြင်းဖြစ်သည်။
-------------------------------------------------------------------------------------------

ကျွန်ုပ်တို့ နိုင်ငံသည် ဖွံ့ ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အများစုသောလူဦးမှာ
ကိုယ်ပိုင်ကားထက် လိုင်းကားများကိုသာ အားထားနေကြရသည်။ လိုင်းကားစီးသူများတွင်
ကျောင်းသူ/ကျောင်းသား၊ ဝန်ထမ်း၊ သက်ကြီးရွယ်အို၊ လူငယ် အစုံစုံသော လူတို့ပါဝင်ကြသည်။
ဤသို့ လိုင်းကားစီးနေသည့်အတွက် မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးဆက်များလည်း
ခံစားရတတ်သည်။

(၁)လုပ်ငန်းခွင်ဝင်ရာတွင် နှောင့်နှေးကြန့် ကြာခြင်း
(၂)လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်ရခြင်း
(၃) အချိန်ဖြုန်းတတ်သော အကျင့်ဆိုးမွေးမြူ မိခြင်း တို့ ဖြစ်သည်။

အများစုမှာ ကားပေါ်တွင် အချိန်ဖြုန်းမှန်းမသိ ဖြုန်းတတ်ကြပေသည်။
ကျွန်ုပ်ကဲ့သို့ ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် (သန်လျင်)သို့ သွားရောက်ပညာသင်ကြားနေရသော
တက္ကသိုလ်ကျောင်းသားတစ်ဦးအဖို့ တစ်နေ့ လျှင် (၄)နာ၇ီမျှသော အချိန်ကို ဘတ်စ်ကားပေါ်၌
အလဟသဖြုန်းနေရပေသည်။ ထို့ ကြောင့်ကားတိုးစီးရသည့် ပင်ပန်းနွမ်းနယ်မှုကို အကျိုးရှိအောင်
အကောင်းဘက်သို့ ဦးတည်နေသော အတွေးများ တွေးတောခြင်းမျိုးရှိရမည်။

ကျွန်ုပ်သိသည့် လိုင်းကားများဖြစ်သော ၂၁၆၊ေ၇ွှသန်လျင် စသည့်ကားများပေါ်တွင် လေ့လာကြည့်ပါက
လူငယ်အချို့ မှာ ယုတ္တိမဲ့သော၊ အကျိုးမရှိသော စကားများကို အချိန်ကုန်ခံ၍ ငြင်းခုံနေသည်ကို တွေ့ ရသည်။
တစ်ယောက်ကပျက်လုံးထုတ်သည်ကို ကျန်အပေါင်းအသင်းများက ဝိုင်းဟားကြသည်။
စာအကြောင်း ပေအကြောင်း ဆွေးနွေးသူများလည်း ရှိသည်။
တစ်ဦးတည်းအတွေးနယ်ချဲ့ သူများလည်းရှိချေသည်။ ထို့ ကြောင့်အနိမ့်ဆုံးအားဖြင့် မိမိဘဝကို
ခိုင်မာသော အတွေးများဖြင့် ပုံဖော်ကြည့်ရမည်။ မိမိပေးဆပ်နိုင်သည်များကို တွေးတောရမည်။

"ငါတစ်သက်လုံး လိုင်းကားစီးရမှာလား?
ငါ့မှာကော ကိုယ်ပိုင်ကား စီးနိုင်တဲ့ အရည်အချင်း မရှိဘူးလား?
အဲ့ဒီအတွက် ငါ မကြိုးစားသင့်ဘူးလား?

စသည်ဖြင့် ဆန်းစစ်တွေးခေါ်နေရမည်။

မိမိ......ဘာလဲ
မိမိ......ဘာဖြစ်ချင်သလဲ
မိမိ......ဘာလုပ်ရမလဲ

စသည်ဖြင့် မိမိရှေ့ ရေးကို မြင်ယောင်မှန်းဆ ကြည့်ရမည်။
မြင်ယောင်မှန်းဆခြင်း၌ မိမိမမြင်နိုင်သော အစွမ်းသတ္တိများ ရှိနေသည်။ အက်ဒီဆင်နှင့်
အိုင်းစတိုင်း တို့ သည် မိမိအားလပ်သည့်အချိန်အပိုင်းအစလေးများ၌ မိမိရှေ့ ရေးအတွက်
ကောင်းမွန်ထူးခြားသော မြင်ယောင်စိတ်ကူးမှုများ ရှိခဲ့သောကြောင့် လူသားတို့ အတွက်
အဖိုးမဖြတ်နိုင်သော တွေ့ ရှိမှုများကို ရှာဖွေနိုင်ခဲ့သည် မဟုတ်ပါလော။ ကြီးကျယ်သော
တီထွင်မှုများအားလုံး၏ နောက်ကွယ်တွင် သိပ္ပံပညာရှင်တို့ တွေးခေါ်မြော်မြင်ချက်များဖြင့်
ပြည့်လျှမ်းနေခဲ့ကြသည်။

အချုပ်အားဖြင့်ဆိုရသော်...အထက်တွင်ဖော်ပြခဲ့သော " ဘီ "သုံးလုံးကို ဆောင်ပါက
အချိန်ဖြုန်းခြင်းမှ ကင်းလွတ်ခွင့်ရပြီး မိမိဘဝအတွက် မိမိသည် အဓိပ္ပါယ်ပြည့်သော၊
တန်ဖိုးရှိသောသူ ဖြစ်လာပေမည်။ အများတကာထက် အတွေးအခေါ် ရှင်သန်သူလည်း
ဖြစ်လာမည်။ အိပ်ရာထက်၌နာရီဝက်၊ ရေချိုးရင်း နာရီဝက်၊ ကားစီးရင်း နာရီဝက်
စဉ်းစားတွေးခေါ်လျှင် တွေးခေါ်ချိန်သီးသန့် ထားစရာ မလိုဘဲ အများထက်တစ်နှစ်လျှင်
နာရီပေါင်း (၄၈၀) ပိုရပေမည်။ ဤသည်မှာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။

တွေးခေါ်ခြင်းကို အဆင့်ခွဲခြားလျှင်

(၁)မိမိအတွက်သာ အကျိုးရှိသော တွေးခေါ်မှု
(၂)မိမိ မိသားစု ဝန်းကျင်အတွက် အကျိုးရှိသော တွေးခေါ်မှု
(၃)မိမိ တစ်မျိုးသားလုံးအတွက် အကျိုးရှိသော တွေးခေါ်မှု တို့ ဖြစ်သည်။

ထို့ ကြောင့် မိမိအတွေးအခေါ်ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ရမည်။
သို့ဖြစ်ပေရာ ကြီးပွားတိုးတက်လိုသူ လူငယ်တိုင်း " ဘီ " သုံးလုံးအတွေးအခေါ်ကို ဆောင်ခြင်းဖြင့်
အောင်ခြင်းတည်းဟူသော တံခါးဝ မုဒ်ဦးဆီသို့ လှမ်းချီနိုင်ကြောင်း သတင်းကောင်းပါး
ကြေညာမောင်းခတ် နှိုးဆော်အပ်ပါသည် ခင်ဗျာ။       ။


အိမ်ဝေးသူ (KZ)


No comments:

Post a Comment