Tuesday, 3 June 2014

အမည်နာမနှင့် ထိုအမည်အတွက် တာဝန်ယူရခြင်း


********************************************************
အမည်နာမ ကင်းပွန်းတပ်ခြင်းကို
မိဘဘိုးဘွားများက တာဝန်ယူခဲ့ကြသည်။
သို့သော်
ထိုအမည်နာမ၏ ကောင်းခြင်း၊ဆိုးခြင်းအား
၎င်းတို့က တာဝန်ယူနိုင်ခြင်း မရှိကြ။

ထိုအမည်နာမကို
အကောင်းဆုံးအမည်နာမ တစ်ခုအဖြစ်
လူ့သမိုင်းတွင် ကျန်ရစ်အောင် ကြိုးပမ်းရမည်မှာ
ထိုအမည်ပိုင်ရှင်သာလျင် ဖြစ်သည်။
အမည်နာမဆိုရာတွင် နှစ်မျိုးနှစ်စား ရှိပြန်သည်။
မိမိ၏ မိဘဘိုးဘွားများ ပေးခဲ့သည့် အမည်နာမနှင့်
မိမိကိုယ်တိုင် တည်ဆောက်ယူရသော အမည်နာမ ဟူ၍ ဖြစ်သည်။
ဥပမာအားဖြင့်။
မောင်ခွေးဟု အမည်ပေးခြင်း ခံရသူတစ်ဦးသည် တစ်ကယ့်ခွေးတစ်ကောင်မဟုတ်။
မိဘများပေးထားသော မောင်ခွေးဟူသော အမည်နာမကို ကျော်လွန်၍
မိမိ လိုချင်သည့်အမည်ကို မိမိကိုယ်တိုင် တည်ဆောက်ယူရမည် ဖြစ်သည်။
မိမိ၏ အမည်နာမနှင့် တွဲ၍ ဂုဏ်ထူးဆောင်ပုဒ်တို့ ထပ်ဆင့်ရရှိလာသည်။
သာမန် မောင်ခွေး မဟုတ်တော့။
ကောင်းမွန်စွာ တည်ဆောက်သည့် အမည်ဆိုလျှင်
-------------------------------------------------------
စာရေးကောင်းသော စာရေးဆရာ မောင်ခွေး။
ပိုက်ဆံရှာကောင်းသော စီးပွားရေးသမား မောင်ခွေး။
........................................................မောင်ခွေး။
အစရှိသဖြင့် လူရိုသေ ရှင်ရိုသေသော မောင်ခွေး ဖြစ်လာပြီး။
မကောင်းသော အမှုကိစ္စများဖြင့် တည်ဆောက်သည့် အမည်ဆိုလျှင်မူ
---------------------------------------------------------------------------
ခွေးလို အမြဲတမ်း ဟောင်တတ်၊ ကိုက်တတ်သော မောင်ခွေး။
လူရမ်းကား၊ သူခိုးဂျပိုး၊ အာဝါဒါး မောင်ခွေး။
.............................................မောင်ခွေး။
အစရှိသဖြင့် လူမလေးခွေးမခန့်သော မောင်ခွေး ဖြစ်လာသည်။
မိဘ ပေးထားသည့် အမည်နာမသည်
ကောင်းခြင်းဆိုးခြင်းတို့ကို သယ်ဆောင်ပေးနိုင်မည်မဟုတ်။
မိမိ တည်ဆောက်ယူသော နာမည်ကသာ
မိမိဘဝကို အကောင်းအဆိုး သတ်မှတ်ပေးနိုင်မည် ဖြစ်သည်။
တနည်းအားဖြင့် မိမိ၏ အမည်ရှေ့တွင် တည်ဆောက်ယူရသော
နာမဝိသေသန သည်သာ အဓိက အရေးကြီးပေသည်။
လူတို့
တည်ဆောက်နိုင်စွမ်း ရှိသမျှ အရာအားလုံးထဲတွင်
အကောင်းဆုံး တည်ဆောက်ခြင်းမှာ
မိမိ၏ အမည်နာမကို အကောင်းဆုံး တည်ဆောက်ယူခြင်းပင် ဖြစ်သည်။
ထို့ကြောင့်
မိမိ၏ အမည်နာမကို
အကောင်းဆုံး တည်ဆောက်နိုင်အောင် ကြိုးပမ်းပါလေ။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment