Saturday, 28 June 2014
နူးညံပျော့ပျောင်းစွာ အာဏာရှင်ဆန်ခြင်း
သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး လိုက်လျောညီထွေမှုတို့ဖြင့် ပြည့်စုံ၏။
သို့သော် တစ်ခါတရံတွင်မူ ဆန့်ကျင်ဘက် အခြေအနေမျိုးဖြင့် သူမ အာဏာရှင်ဆန်တတ်၏။
အာဏာရှင်ဆန်မှုကို လူအများ မနှစ်သက်သလို ကျွန်တော်လည်း မကြိုက်ပါ။
အခြေအနေတိုင်းတွင် အာဏာရှင်ဆန်ပါက အများ၏ မုန်းတီးရွံရှာခြင်းကို ခံရတတ်သည် မဟုတ်ပါလော။
သာမန်အားဖြင့် သူမသည် ခင်ပွန်းသည်၏ အမိန်ကို တသွေမတိမ်း လိုက်နာတတ်သော
အိမ်ရှင်မ,ကောင်း တစ်ယောက်ဖြစ်သည်။ ခင်ပွန်းသည်အား ခွန်ကြီးခွန်ငယ်တုံ့ပြန်ခြင်းမျိုးကို
တစ်ခါမျှ ကျွန်တော်မြင်ဖူးခဲ့ခြင်းမရှိ။ ခင်ပွန်းသည်ထက် လေသံကို မြှင့်၍ ဘယ်သောအခါမျှ
မဆို။ သည်လောက်တောင်လား ဟု မေးခဲ့လျှင်လည်း သည့်ထက်ပိုသည်ဟုသာ ဖြေရချိမ့်မည်။
သို့သော်…ကျွန်တော့်အတွက် အမြဲအမှတ်တရ ဖြစ်စေသည့် သူမ၏ အာဏာရှင်ဆန်မှု တစ်ခုရှိသည်။
ထိုသို့ အာဏာရှင်ဆန်မှုသည် မာကျောခက်ထန်ခြင်းကို အခြေမပြုဘဲ နူးညံ့သိမ်မွေ့ခြင်းကို အလေး
ပေးထား၏။ သူမ၏ ထိုအာဏာရှင်ဆန်မှုကို ခင်ပွန်းသည်က အပြုံးတစ်ပွင့်ဖြင့် ကျေနပ်ကြည်လင်စွာ
နာခံတတ်၏။ ထိုမျှမက ထိုအာဏာဆန်ခြင်းသည် မိသားစုဘဝအတွက် လှပသော အနုပညာတစ်ခုလည်း
မည်၏။ ပုံမှန်အခြေအနေမျိုးတွင် ရေငုံနှုတ်ဆိတ်နေတတ်သော သူမသည် အဘယ်သို့သော
အခြေအနေမျိုးတွင် အာဏာရှင်ဆန်ပြီး အမိန့်အာဏာကို အသုံးပြုပါသနည်း?
သူမ၏ နူးညံ့သော အာဏာရှင်စနစ်သည် သား၊သမီးကို ကာကွယ်လိုစိတ်ကို အခြေခံပြီး ဖြစ်ထွန်း၏။
မှတ်မှတ်ရရပင်ဖြစ်သည်။
မလိမ်မိုးမလိမ်မာလေးဖြစ်သော ကျွန်တော့်ကို ဖေဖေက ဆုံးမလျှင် သူမ ဘာမှဝင်ပြောလေ့မရှိ။
သို့သော် ကျွန်တော့်ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင်ပို့ပြီး ချောင်ပိတ်မိသော မေးခွန်းများဖြင့်
ဖေဖေက မေးမြန်းဆုံးမလျှင်မူ သူမ လုံးဝမကြိုက်။
ဥပမာ…
“သားကြီး…အဲဒီကိစ္စဟာ မကောင်းဘူး၊ နောင်ဆိုရင် အဲလိုကိစ္စမျိုးကို ဆင်ခြင်ပါ၊ ထပ်မလုပ်ပါနဲ့တော့”
ဟူသော အားပေးစကားကို သူမ နှစ်သက်လေ့ရှိပြီး
“မင်း ဘာလို့ အဲ့လိုလုပ်တာလဲ၊ ဒါက မကောင်းဘူးဆိုတာ မင်း မသိဘူးလား” ဟူသော
ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့် မေးခွန်းများကို သူမ အလွန်မုန်းတတ်သည်။
ထိုအခါမျိုးတွင်
“ အဖေကြီး… ရှင်လုပ်စရာရှိတာကိုသာ ဆက်လုပ်၊ သားကြီးကို ဆုံးမတာကို ရပ်လိုက်တော့။
သူ့ကို ကျွန်မ ဆုံးမမယ်” ဟူသော စကားတစ်ခွန်းဖြင့် ခင်ပွန်းဖြစ်သူကို အမိန့်ပေးပြီး ဆုံးမခြင်း တာဝန်ကို
လွှဲပြောင်းယူတတ်သည်။ ထိုအခါမျိုးတွင် ဖေဖေက ဘာတစ်ခွန်းမျှ တုံ့ပြန်လေ့မရှိ။
“ငါ့ ကိစ္စ မင်း ဝင်မပါနဲ့၊ မင်းအသာနေ” ဆိုတာမျိုးကို ဘယ်တော့မှ ပြန်ပြောလေ့မရှိ။
ကျေကျေနပ်နပ်ဖြင့် သူမ ပြောသည်ကို နာခံလေ့ရှိသည်။
သူမ၏ ကျေးဇူးဖြင့် ကျွန်တော့်ဘဝတွင် ချောင်ပိတ်ဆုံးမခံခဲ့ရခြင်းများစွာမှ လွတ်မြောက်ခွင့်ရခဲ့သည်။
သူမ၏ ခင်ပွန်းအပေါ် အာဏာရှင်ဆန်မှုသည် ကျွန်တော့်အသိတရားကို အခြေခိုင်စေခဲ့သည်။
သူမ၏ လိမ္မာပါးနပ်မှုကြောင့်…ဘာကြောင့် ဟူသော နောက်ကြောင်းပြန် မေးခွန်းများ ထပ်တလဲလဲ
မေးမြန်းခြင်းကိုကျွန်တော် ရှောင်တတ်ခဲ့သည်။ ထို…ဘာကြောင့်ဟူသော မေးခွန်းသည် အကျဉ်းအကြပ်
အဖြစ်ဆုံး မေးခွန်းဖြစ်ပြီး သူရဲဘောကြောင်စေခြင်းကို အားပေးတတ်မှန်း ငယ်စဉ်ကတည်းက
ကျွန်တော်သိခွင့်ရခဲ့ သည်။ သူမ၏ အာဏာရှင်ဆန်ဆန် အမိန့်ပေးဟန့်တားမှုကြောင့် ကျွန်တော်သည်
ဇာတ်လမ်းဆန်းများ ဖန်တီး၍ မိဘနှစ်ပါးကို လိမ်လည်သည့်ဘဝမျိုးမှ လွတ်မြောက်ခဲ့သည်။
တစ်ချိန်တခါတုန်းက သူမသည် နူးညံ့ပျော့ပျောင်းစွာဖြင့် အာဏာရှင်ဆန်ခဲ့၏။
ထို့အတွက် အကျိုးဖြစ်ထွန်းခဲ့ဆုံးမှာ ကျွန်တော်သာလျှင် ဖြစ်သည်။
ယခုမူ ကျွန်တော်လည်း လူလားမြောက်ခဲ့ပြီ ဖြစ်သည်။ ဘဝတစ်လျှောက် အမျိုးမျိုးသော
ချောင်ပိတ် မေးခွန်းများ၊ ချောင်ပိတ် အခြေအနေများ၊ ချောင်ပိတ် ဆက်ဆံရေးများကို အတန်အသင့်
ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ထိုမျှသာမက သူမ ပျိုးပေးခဲ့သည့် နူးညံ့ပျော့ပျောင်းစွာဖြင့်
အာဏာရှင်ဆန်ခြင်းဟူသော အလှတရားဖြင့် အချို့ သော ငယ်ရွယ်သူများကိုလည်း
သူရဲဘောကြောင်သူများ ဖြစ်စေခြင်းမှ တတ်စွမ်းသရွေ့ တားဆီးခဲ့၏။
တစ်ခါတရံတွင်...
ဖေဖေက ချောင်ပိတ်မေးခွန်းများဖြင့် ကျွန်တော့်ကို ကျဉ်းထဲကြပ်ထဲ ရောက်စေသည်။
တစ်ခါတရံတွင်
မိတ်ဆွေများက ချောင်ပိတ်ဆက်ဆံရေးများဖြင့် ကျွန်တော့်ကို နာကျင်ကြေကွဲစေသည်။
တစ်ခါတရံတွင်
မောင်နှမသားချင်းများက ချောင်ပိတ်မေတ္တာတရားတို့ဖြင့် ကျွန်တော့်ကို ရင်မောစေသည်။
တစ်ခါတရံတွင်မူ
လောကဓံက ချောင်ပိတ်စမ်းသပ်မှုများဖြင့် ကျွန်တော့်ကို အသက်ရှူ ကျပ်စေသည်။
ထိုအခြေအနေမျိုးများဖြင့် ကြုံသည့်အခါတိုင်း ပျော့ပျောင်းနူးညံ့စွာအာဏာရှင်ဆန်ခြင်း
အနုပညာကို ကျွန်တော် ကျင့်သုံးနေရဆဲ ဖြစ်သည်။
ယနေ့ ကျွန်တော့်ဘဝမှာ သူမ မရှိတော့ပြီ။
သို့သော်….
သူမ ပျိုးထောင်ပေးခဲ့သော ပျော့ပျောင်းနူးညံ့စွာအာဏာရှင်ဆန်ခြင်း အနုပညာကမူ
ကျွန်တော့် အသွေးအသားထဲ၌ အစဉ်မပြတ်စီးဆင်းနေစဲဖြစ်သည်။
အိမ်ဝေးသူ (KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment