Sunday, 29 June 2014
Saturday, 28 June 2014
နူးညံပျော့ပျောင်းစွာ အာဏာရှင်ဆန်ခြင်း
သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး လိုက်လျောညီထွေမှုတို့ဖြင့် ပြည့်စုံ၏။
သို့သော် တစ်ခါတရံတွင်မူ ဆန့်ကျင်ဘက် အခြေအနေမျိုးဖြင့် သူမ အာဏာရှင်ဆန်တတ်၏။
အာဏာရှင်ဆန်မှုကို လူအများ မနှစ်သက်သလို ကျွန်တော်လည်း မကြိုက်ပါ။
အခြေအနေတိုင်းတွင် အာဏာရှင်ဆန်ပါက အများ၏ မုန်းတီးရွံရှာခြင်းကို ခံရတတ်သည် မဟုတ်ပါလော။
သာမန်အားဖြင့် သူမသည် ခင်ပွန်းသည်၏ အမိန်ကို တသွေမတိမ်း လိုက်နာတတ်သော
အိမ်ရှင်မ,ကောင်း တစ်ယောက်ဖြစ်သည်။ ခင်ပွန်းသည်အား ခွန်ကြီးခွန်ငယ်တုံ့ပြန်ခြင်းမျိုးကို
တစ်ခါမျှ ကျွန်တော်မြင်ဖူးခဲ့ခြင်းမရှိ။ ခင်ပွန်းသည်ထက် လေသံကို မြှင့်၍ ဘယ်သောအခါမျှ
မဆို။ သည်လောက်တောင်လား ဟု မေးခဲ့လျှင်လည်း သည့်ထက်ပိုသည်ဟုသာ ဖြေရချိမ့်မည်။
သို့သော်…ကျွန်တော့်အတွက် အမြဲအမှတ်တရ ဖြစ်စေသည့် သူမ၏ အာဏာရှင်ဆန်မှု တစ်ခုရှိသည်။
ထိုသို့ အာဏာရှင်ဆန်မှုသည် မာကျောခက်ထန်ခြင်းကို အခြေမပြုဘဲ နူးညံ့သိမ်မွေ့ခြင်းကို အလေး
ပေးထား၏။ သူမ၏ ထိုအာဏာရှင်ဆန်မှုကို ခင်ပွန်းသည်က အပြုံးတစ်ပွင့်ဖြင့် ကျေနပ်ကြည်လင်စွာ
နာခံတတ်၏။ ထိုမျှမက ထိုအာဏာဆန်ခြင်းသည် မိသားစုဘဝအတွက် လှပသော အနုပညာတစ်ခုလည်း
မည်၏။ ပုံမှန်အခြေအနေမျိုးတွင် ရေငုံနှုတ်ဆိတ်နေတတ်သော သူမသည် အဘယ်သို့သော
အခြေအနေမျိုးတွင် အာဏာရှင်ဆန်ပြီး အမိန့်အာဏာကို အသုံးပြုပါသနည်း?
သူမ၏ နူးညံ့သော အာဏာရှင်စနစ်သည် သား၊သမီးကို ကာကွယ်လိုစိတ်ကို အခြေခံပြီး ဖြစ်ထွန်း၏။
မှတ်မှတ်ရရပင်ဖြစ်သည်။
မလိမ်မိုးမလိမ်မာလေးဖြစ်သော ကျွန်တော့်ကို ဖေဖေက ဆုံးမလျှင် သူမ ဘာမှဝင်ပြောလေ့မရှိ။
သို့သော် ကျွန်တော့်ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင်ပို့ပြီး ချောင်ပိတ်မိသော မေးခွန်းများဖြင့်
ဖေဖေက မေးမြန်းဆုံးမလျှင်မူ သူမ လုံးဝမကြိုက်။
ဥပမာ…
“သားကြီး…အဲဒီကိစ္စဟာ မကောင်းဘူး၊ နောင်ဆိုရင် အဲလိုကိစ္စမျိုးကို ဆင်ခြင်ပါ၊ ထပ်မလုပ်ပါနဲ့တော့”
ဟူသော အားပေးစကားကို သူမ နှစ်သက်လေ့ရှိပြီး
“မင်း ဘာလို့ အဲ့လိုလုပ်တာလဲ၊ ဒါက မကောင်းဘူးဆိုတာ မင်း မသိဘူးလား” ဟူသော
ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့် မေးခွန်းများကို သူမ အလွန်မုန်းတတ်သည်။
ထိုအခါမျိုးတွင်
“ အဖေကြီး… ရှင်လုပ်စရာရှိတာကိုသာ ဆက်လုပ်၊ သားကြီးကို ဆုံးမတာကို ရပ်လိုက်တော့။
သူ့ကို ကျွန်မ ဆုံးမမယ်” ဟူသော စကားတစ်ခွန်းဖြင့် ခင်ပွန်းဖြစ်သူကို အမိန့်ပေးပြီး ဆုံးမခြင်း တာဝန်ကို
လွှဲပြောင်းယူတတ်သည်။ ထိုအခါမျိုးတွင် ဖေဖေက ဘာတစ်ခွန်းမျှ တုံ့ပြန်လေ့မရှိ။
“ငါ့ ကိစ္စ မင်း ဝင်မပါနဲ့၊ မင်းအသာနေ” ဆိုတာမျိုးကို ဘယ်တော့မှ ပြန်ပြောလေ့မရှိ။
ကျေကျေနပ်နပ်ဖြင့် သူမ ပြောသည်ကို နာခံလေ့ရှိသည်။
သူမ၏ ကျေးဇူးဖြင့် ကျွန်တော့်ဘဝတွင် ချောင်ပိတ်ဆုံးမခံခဲ့ရခြင်းများစွာမှ လွတ်မြောက်ခွင့်ရခဲ့သည်။
သူမ၏ ခင်ပွန်းအပေါ် အာဏာရှင်ဆန်မှုသည် ကျွန်တော့်အသိတရားကို အခြေခိုင်စေခဲ့သည်။
သူမ၏ လိမ္မာပါးနပ်မှုကြောင့်…ဘာကြောင့် ဟူသော နောက်ကြောင်းပြန် မေးခွန်းများ ထပ်တလဲလဲ
မေးမြန်းခြင်းကိုကျွန်တော် ရှောင်တတ်ခဲ့သည်။ ထို…ဘာကြောင့်ဟူသော မေးခွန်းသည် အကျဉ်းအကြပ်
အဖြစ်ဆုံး မေးခွန်းဖြစ်ပြီး သူရဲဘောကြောင်စေခြင်းကို အားပေးတတ်မှန်း ငယ်စဉ်ကတည်းက
ကျွန်တော်သိခွင့်ရခဲ့ သည်။ သူမ၏ အာဏာရှင်ဆန်ဆန် အမိန့်ပေးဟန့်တားမှုကြောင့် ကျွန်တော်သည်
ဇာတ်လမ်းဆန်းများ ဖန်တီး၍ မိဘနှစ်ပါးကို လိမ်လည်သည့်ဘဝမျိုးမှ လွတ်မြောက်ခဲ့သည်။
တစ်ချိန်တခါတုန်းက သူမသည် နူးညံ့ပျော့ပျောင်းစွာဖြင့် အာဏာရှင်ဆန်ခဲ့၏။
ထို့အတွက် အကျိုးဖြစ်ထွန်းခဲ့ဆုံးမှာ ကျွန်တော်သာလျှင် ဖြစ်သည်။
ယခုမူ ကျွန်တော်လည်း လူလားမြောက်ခဲ့ပြီ ဖြစ်သည်။ ဘဝတစ်လျှောက် အမျိုးမျိုးသော
ချောင်ပိတ် မေးခွန်းများ၊ ချောင်ပိတ် အခြေအနေများ၊ ချောင်ပိတ် ဆက်ဆံရေးများကို အတန်အသင့်
ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ထိုမျှသာမက သူမ ပျိုးပေးခဲ့သည့် နူးညံ့ပျော့ပျောင်းစွာဖြင့်
အာဏာရှင်ဆန်ခြင်းဟူသော အလှတရားဖြင့် အချို့ သော ငယ်ရွယ်သူများကိုလည်း
သူရဲဘောကြောင်သူများ ဖြစ်စေခြင်းမှ တတ်စွမ်းသရွေ့ တားဆီးခဲ့၏။
တစ်ခါတရံတွင်...
ဖေဖေက ချောင်ပိတ်မေးခွန်းများဖြင့် ကျွန်တော့်ကို ကျဉ်းထဲကြပ်ထဲ ရောက်စေသည်။
တစ်ခါတရံတွင်
မိတ်ဆွေများက ချောင်ပိတ်ဆက်ဆံရေးများဖြင့် ကျွန်တော့်ကို နာကျင်ကြေကွဲစေသည်။
တစ်ခါတရံတွင်
မောင်နှမသားချင်းများက ချောင်ပိတ်မေတ္တာတရားတို့ဖြင့် ကျွန်တော့်ကို ရင်မောစေသည်။
တစ်ခါတရံတွင်မူ
လောကဓံက ချောင်ပိတ်စမ်းသပ်မှုများဖြင့် ကျွန်တော့်ကို အသက်ရှူ ကျပ်စေသည်။
ထိုအခြေအနေမျိုးများဖြင့် ကြုံသည့်အခါတိုင်း ပျော့ပျောင်းနူးညံ့စွာအာဏာရှင်ဆန်ခြင်း
အနုပညာကို ကျွန်တော် ကျင့်သုံးနေရဆဲ ဖြစ်သည်။
ယနေ့ ကျွန်တော့်ဘဝမှာ သူမ မရှိတော့ပြီ။
သို့သော်….
သူမ ပျိုးထောင်ပေးခဲ့သော ပျော့ပျောင်းနူးညံ့စွာအာဏာရှင်ဆန်ခြင်း အနုပညာကမူ
ကျွန်တော့် အသွေးအသားထဲ၌ အစဉ်မပြတ်စီးဆင်းနေစဲဖြစ်သည်။
အိမ်ဝေးသူ (KZ)
Wednesday, 25 June 2014
ပြောင်းလဲလိုသူတို့၏ ရမသွာန်
အလျားအနံလိုက် ကျယ်ပြန့်လာတဲ့
အကုသိုလ်တရားတွေ စနစ်တကျ အကျဉ်းချ
နှလုံးသားကို..မိုင်ကုန်ဖွင့်ရင်း
၂၀၁၄ ရဲ့ ရမသွာန်ကို
တစ်ခုတ်တရ ကြိုဆိုလိုက်တယ်
မင်္ဂလာပါ...အိုရမသွာန်။
တစ်ချို့ က
အသျှင့်ဘက်ကို အပြေးအလွှား ခြေဦးလှည့်
တစ်ချို့ က
မေ့လျော့ခြင်းမှာ တောက်တဲ့လို တွယ်ကပ်
တစ်ချို့ ကျတော့
ထီလက်မှတ် လက်ဝယ်ရှိလျက် ဆုတ်ဖြဲပစ်သူ အဖြစ်မျိုး
အဖြူ အမည်း ကွဲပြားတဲ့နောက်
မေ့လျော့သူတွေကြား..နိုးကြားတတ်ရင်
ငါတို့ကမ္ဘာမှာ
နောင်တတွေ ငွေ့ရည်ဖွဲ့.... မိုးအဖြစ်ရွာကျစရာမရှိဘူး။
စေတန်ပျိုးခဲ့လေသမျှ
လောဘဒေါသ၊ မောဟတရားနဲ့
တဏှာပျင်းရိ၊ မိုက်မဲခြင်းအဆိပ်ပျိုးခင်းလေး
အသျှင့်အလိုတော်နဲ့
လောင်မီးတိုက်သွင်း ပျက်စီးခြင်းဆိုက်လို့
ငါတို့တတွေရဲ့ နှလုံးသားမှာ ဖြစ်ထွန်းခဲ့တာ
ညှာတာ၊ခွင့်လွှတ်၊စောင့်စည်းခြင်း ရနံ့တွေဝေနေတဲ့
သက္ကဝါစိုက်ခင်းလေးပဲပေါ့။
မွတ်သိပ်မှုကို မြိုသိပ်
ဒေါသတရားကို ခြိုးခြံ
သည်းခံခြင်းတရား လက်ကိုင်ထား
ပလိုင်းပေါက်နဲ့ ဖားမကောက်သရွေ့
ပြောင်းလဲလိုသူအတွက် တံခါးမရွေးဘူး။
ကဲ...ညီနောင်တို့
အောင်မြင်လိုသူတို့ရဲ့ မရိုးနိုင်တဲ့ ရိုးရှင်းမှုနဲ့ 
ပိတ်ထားတဲ့ နှလုံးသားတံခါးလေး
အရိုးသားဆုံး ဆွဲဖွင့်လိုက်ရင်း
ထာဝရ မှောင်မိုက်ခြင်းက လွတ်မြောက်ဖို့
တစ်ခဏတာလေးတော့
ငါတို့..စိတ်တွေ..ပြိုင်တူလင်းလိုက်ကြစို့။
---------------------
အိမ်ဝေးသူ (KZ)
---------------------
(ဆုတောင်း)
အသျှင်...
ကျွုန်ုပ်တို့၏ ညများအား
ခ,ဝပ်မှုဖြင့် နိုးကြားဖျတ်လတ်စေပါ။
အသျှင်...
ကျွုန်ုပ်တို့၏ နေ့တာ များအား
တ,သ မှုဖြင့် လန်းဆန်းစေပါ။
အသျှင်...
ကျွုန်ုပ်တို့၏ မျက်ဝန်းများကို
အသျှင့်ကြောက်စိတ်ဖြင့် မျက်ရည်တို့ ပြည့်လျှမ်းစေတော်မူပါ။
အသျှင်...
ကျွုန်ုပ်တို့၏ နှလုံးသားများကို
ဖန်ဆင်းရှင်အား တာဝန်ကျေပွန်စိတ်ဖြင့် ထုံမွှမ်းပေးတော်မူပါ။
(အာမီးန်)

Monday, 23 June 2014
မစွမ်းနိုင်ကြသူများ
တတ်နိုင်သူတွေ ဘာမျှမလုပ်ဘဲ
မတတ်နိုင်သူတွေက
လက်ပိုက်ကြည့်နေကြရတဲ့အခါ...
ဘဝတစ်ချို့ က
နာကျင်ကြေကွဲမှူ တွေအတိ...။
-------------------
အိမ်ဝေးသူ (KZ)
-------------------
မှတ်ချက်။
ဒီပုံလေးထဲက စာသားတွေက
အကျဉ်းချုပ်ပြီး ရေးထားကြောင်း စာဖတ်သူတို့ သတိပြုမိစေချင်ပါတယ်။
အမှန်တကယ်အားဖြင့်
ဘာသာရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ ပညာရေး
စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ အနုပညာနယ်ပယ်
အစရှိသဖြင့် နယ်ပယ်အသီးသီးကို ရည်ညွှန်းပါတယ်။
ဥပမာအနေနဲ့...။
ဥပဒေရေးရာ ကိုယ်တွယ်သူတွေအနေနဲ့
လုပ်ပိုင်ခွင့်တွေ၊ အမှန်တရားပေါ် ရပ်တည်ခွင့်တွေ အများကြီး ရရှိကြပါတယ်။
ဒါဟာလည်း လူနည်းစုကသာ စွမ်းဆောင်နိုင်ကြတာမျိုးပါ။
အဲဒီ လူအနည်းစုက ဥပဒေဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဖြောင့်မတ်မှန်ကန်စွာ ရပ်တည်တဲ့အခါ လူအများစု စိတ်ချမ်းမြေ့ခြင်းကို ရရှိပါတယ်။
လူအများစုကတော့ ပေးဆပ်မှုတစ်ခုခု (ငွေကြေး၊ သွေးသား၊ ဂုဏ်သိက္ခာ) မရှိဘဲ
ဥပဒေဆိုတာကို လက်နဲ့တောင် ထိတွေ့ခွင့် မရကြပါဘူး။
လူအနည်းစုရဲ့  မတရား စီရင်မှုအောက်မှာ လူအများစုရဲ့ 
(အသက်၊ စည်းစိမ်၊ ရာထူး၊ ဂုဏ်သိက္ခာ၊ မိသားစုဘဝ) အစရှိတာတွေ ပျက်သုဉ်းချနင်းခြင်းခံရတတ်ပါတယ်။

Saturday, 21 June 2014
"အဖျက်တရား"
ဓမ္မပျက်ယွင်း၊အတ္တထွင်း၍
အမျိုးသားရေး အန္တရာယ်ကောင်များ အဖြစ်
အသင်တွန်းပို့ ..ပျော်လွန်းလှပေသလား?
---------------
အသင်ပြောသော မျက်ကန်းမျိုးချစ်တရား
ဘာညာမှန်း..လူမသိငြားလည်း
အသင်ဟောသော တရားပျက်များနှင့်ပင်
ငါတို့ ဘဝတွေ ပြာကျနေပါပြီ...
---------------
အသင့်အတွက်
သင်းခွဲရခြင်းက၊ ထင်းခွဲရခြင်းလောက်
မခက်ပေသော်လည်း
---------------
ငါတို့ အတွက် တော့
မေတ္တာတရားများ လျှပ်ပြက်ရုံသာမက
အနာဂတ်တွေပါ...တိမ်းပါးလေပြီ..အသင် ။
---------------
အိမ်ဝေးသူ (KZ)
အသင်တွန်းပို့ ..ပျော်လွန်းလှပေသလား?
---------------
အသင်ပြောသော မျက်ကန်းမျိုးချစ်တရား
ဘာညာမှန်း..လူမသိငြားလည်း
အသင်ဟောသော တရားပျက်များနှင့်ပင်
ငါတို့ ဘဝတွေ ပြာကျနေပါပြီ...
---------------
အသင့်အတွက်
သင်းခွဲရခြင်းက၊ ထင်းခွဲရခြင်းလောက်
မခက်ပေသော်လည်း
---------------
ငါတို့ အတွက် တော့
မေတ္တာတရားများ လျှပ်ပြက်ရုံသာမက
အနာဂတ်တွေပါ...တိမ်းပါးလေပြီ..အသင် ။
---------------
အိမ်ဝေးသူ (KZ)
Friday, 20 June 2014
ပါးစပ် porn သမားတို့ ဆင်ခြင်နိုင်ပါစေ
အင်္ဂလိပ်ကားတွေကို မိသားစုတွေထိုင်ပြီး ကြည့်ရတာ သိပ်အဆင်မပြေလှပါဘူး။
18+ အခန်းတွေပါလာလို့ ကမန်းကတန်း ရစ်ကြည့်ရတာမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
အိန္ဒိယကားတွေဆိုလည်း သူတို့ပြတဲ့ ပြကွက်တွေက တိုက်ရိုက်မဟုတ်တဲ့
18+ တွေနဲ့ ပြည့်နေတတ်တယ်။ ပေါင်သားတွေ၊ ရင်သားတွေ၊ အနမ်းမိုးရွာခန်းတွေ၊ ရေစိုခန်းတွေကြောင့် အဖေက မသိချင်ယောင်ဆောင်ပြီး
ထ,သွားရတာမျိုး၊ အမေက မသိချင်ယောင်ဆောင်ပြီး မီးဖိုချောင်
ဝင်သွားရတာမျိုးတွေ ရှိပါတယ်။
ဟော။
အခု ရွှေမြန်မာတို့လည်း ပွင့်လင်းမြင်သာတဲ့ ခေတ်နဲ့အတူ ပါးစပ် porn 18+ တွေ
ရိုက်လာနေပါပြီ။ အခုနောက်ပိုင်းထွက်တဲ့ မြန်မာကားတွေမှာ ဟာသတစ်ခုပြောရင်
အဲဒီဟာသက အမြဲတမ်းလိုလို အဓိပ္ပါယ်နှစ်ခွ ထွက်တဲ့ ဝေါဟာရတွေကိုပဲ သုံးနေကြတယ်။
ခါးအောက်ပိုင်းနဲ့ ဆိုင်တဲ့ ဝေါဟာရတွေကို မသိချင်ယောင်ဆောင်ပြီးဖြစ်စေ၊ တမင်ဖြစ်စေ
သုံးလာပါပြီ။ တစ်ချို့ ဟာသသရုပ်ဆောင်တွေဆိုရင် (*^**ချရမလား)၊ (*^**ခံလိုက်ပါလား) တို့ဆိုတာကို ထဲထဲဝင်ဝင် သုံးလာကြပါပြီ။
အထူးသဖြင့် အခုနောက်ပိုင်း မြန်မာ့အငြိမ့်တွေက ပါးစပ် porn ပိုဆန်လာတယ်။
အရင်တုန်းကဆို ဟာသပြက်လုံးတွေက သန့်သန့်လေးတွေပါ။
ရယ်ရတာလည်း သန့်သန့်ရှင်းရှင်း ရယ်ရတယ်။ ဒါပေမယ့် အခုကျတော့
အငြိမ့်ပြက်လုံးတွေက ကိုယ်လုံးချွတ်တွေ၊ ဟိုပေါ်ဒီပေါ်တွေ
မဟုတ်ဘူးဆိုပေမယ့် စကားလုံးတွေကတော့ ကိုယ်လုံးချွတ် စကားလုံးတွေက အများစု။
အငြိမ့်မင်းသမီးတွေဆိုရင်လည်း အငြိမ့်ကတာနဲ့မတူတော့ဘူး။ စင်ပေါ်တက်ပြီး သားပြော
မယားပြော အပြောခံနေရသလို ဖြစ်နေတယ်။ အဲလိုပြောမှလည်း အောက်က ပရိတ်သတ်က တဝါးဝါးနဲ့ အားပေးတယ်။
မြန်မာကားတွေ၊ အငြိမ့်တွေမှာ သုံးတဲ့ ဟာသတွေကို မွေးခါစကလေးတွေ
နားမလည်ပေမယ့် အရွယ်အသင့်အတင့် ရှိတဲ့ မိန်းကလေး၊
ယောက်ျားလေးတိုင်း နားလည်ကြပါတယ်။ မိဘကလည်း ဒါက ကလေးတွေ
ပျက်စီးစရာမရှိဘူးလို့ ထင်ကြ တယ်။ အမှန်တကယ်က ဒါမျိုးကလည်း ကလေးတွေအတွက် အင်မတန် အကျိုးယုတ်ပါတယ်။ ကလေးတွေက စကားပြောရင် သန့်သန့်ရှင်းရှင်း မပြောတတ်တော့ဘူး။ အဓိပ္ပါယ်နှစ်ခွ ဖြစ်တတ်တဲ့ စကားလုံးမျိုးတွေ၊ ခါးအောက်ပိုင်းစကားလုံးတွေကို ရယ်ရယ်မောမောနဲ့ အခက်အခဲမရှိဘဲ အလွယ်တကူ
မှတ်ဥာဏ်ထဲမှာ မှတ်သားမိတတ်ကြပြီး အပြင်ဘဝမှာလည်း လိုအပ်သလို သုံးရင်း ၊
ကလေးလူပြက်လေးတွ၊ ကျောင်းသားလူပြက်လေးတွေ ဖြစ်လာတော့တယ်။
အဲဒီတော့
ဟာသကား ကြည့်တဲ့သူတွေကို အပြစ်တင်ရမလား?
ဟာသကား ရိုက်တဲ့သူတွေကို အပြစ်တင်ရမလား?
အနည်းဆုံးတော့ 18+ မြန်မာဟာသကား ဆိုပြီး စတေကာကပ်မယ်ဆိုရင်တော့
ရှောင်ချင်သူတွေ၊ ရှောင်သင့်သူတွေ ရှောင်လို့ရတာပေါ့။
နောက်ဆုံးအနေနဲ့ကတော့...မြန်မာဟာသကားတွေနဲ့ အငြိမ့်တွေမှာ ပါးစပ် porn ဆန်တဲ့ အပြောအဆိုတွေ တစ်နေ့တခြား များလာပြီဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။
အိမ်ဝေးသူ (KZ)
မှတ်ချက်။
စာ,မလေးစေချင်လို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါတယ်။
ပေါ့ပါးလွန်းလို့ ဟာသတစ်ပုဒ်လို သတ်မှတ်ချင်တယ်ဆိုလည်း
ဟာသ သန့်သန့်လေးတစ်ပုဒ်ကို ခံစားလိုက်ရတယ်လို့ပဲ သတ်မှတ်စေချင်ပါတယ်။

Thursday, 19 June 2014
ဗလာဆိုတာလည်း ပြည့်စုံခြင်းတစ်မျိုးပါပဲ
ရှိခြင်းကို ပြည့်စုံခြင်းလို့ အမည်တပ်မယ်ဆိုရင်
မရှိခြင်းကိုတော့ ဗလာလို့ အမည်တပ်ပါရစေ။
အဲဒီ ဗလာနဲ့ ပြည့်စုံခြင်းကို
ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ ပိုင်းခြားထားပါသလဲ?
ပြောင်းပြန်သီအိုရီအရ…
တစ်ခါတရံမှာ ဗလာကလည်း အဆုံးအစမဲ့ ပြည့်စုံခြင်းတစ်မျိုးပဲလေ။
အဲဒီဗလာထဲမှာ…
အတ္တကြီးမှုတွေ ဗလာဆန်ပြီး
နှလုံးသား ခုနှစ်စုံရဲ့  ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံလာတယ်။
အထီးကျန်မှုတွေ ဗလာဆန်ပြီး
မျက်လုံးဆယ့်လေးလုံးရဲ့  ကရုဏာအကြည့်တွေနဲ့ ပြည့်စုံလာတယ်။
နိုင်ထက်စီးပိုးမှုတွေ ဗလာဆန်ပြီး
လက်ချောင်းခုနှစ်ဆယ်ရဲ့  အပြန်အလှန်ရိုင်းပင်းမှုတွေနဲ့ ပြည့်စုံလာတယ်။
ကျွန်တော်တို့ ဘဝမှာ
ရုပ်နာမ်တစ်ခုအဖြစ် မေမေ မရှိတော့တာ ကာလတစ်ခု ကြာခဲ့ပြီ။
မရှိတော့ခြင်းမှာ ကျင်လည်ကျက်စားရင်းနဲ့
ကျွန်တော်တို့ မောင်နှမတွေ
တစ်ယောက်ရဲ့ ရင်ထဲကို တစ်ယောက် အပြန်အလှန် ဝင်ကြည့်နေတတ်ပါပြီ။
ကျွန်တော်တို့ သားအဖတွေလည်း
တစ်ယောက်ရဲ့ ခံစားချက်ကို အခြားတစ်ယောက်က လေးစားတတ်နေပါပြီ။
ဗလာ
သို့မဟုတ်
မရှိတော့ခြင်း ကမ္ပည်းတိုင်အောက်မှာ
လစ်လပ်သွားတဲ့ မေမေ ဆိုတဲ့ ကွက်လပ်ကို
တစ်ယောက်တစ်လှည့်စီဖြည့်ကူကြရင်း
ပြောင်းပြန်သီအိုရီအရ... ကျွန်တော်တို့ ကမ္ဘာလေး အဆုံးအစမဲ့ ပြည့်စုံခဲ့ပြီမေမေ။
(ဗလာ = ပြည့်စုံခြင်း--------------->>> သုံးနှစ်ပြည့်)

Monday, 16 June 2014
သာသနာ့သောက ဟူသော ခေါင်းစဉ်အောက်က သတိထားစရာလေးတစ်ခု
သာသနာ့သောက ကို ပိုက်ပြီး
တစ်စုံတရာကို အားသွန်ခွန်စိုက် ကြိးပမ်းသည့်အခါ
ကိုယ်ရေးကိုယ်တာအတ္တစွဲများကို
ယာယီ သိမ်းဆည်းထားရမည်ဖြစ်သည်။
သာသနာ့သောက ဟူသော ခေါင်းစဉ်အောက်တွင်
မိမိ၏ ကိုယ်ရေးကိုယ်တာ အစွဲများကိုပါ တစ်ပါးတည်း ယူဆောင်သွားတတ်ပါကမူ
ထိုအရာနှစ်ခုအား သမမျှတစွာ အသုံးချတတ်ရန်လိုသည်။
လိုအပ်လျှင် မိမိ၏ အတ္တစွဲများကို မိမိကိုယ်တိုင် ချနင်းနိုင်ရမည်။
ထိုသို့မလုပ်ဆောင်နိုင်ပါက
မိမိ လုပ်ဆောင်နေသော မွန်မြတ်သော လုပ်ရပ်အတွက်
အဟန့်အတားကြီး တစ်ခုဖြစ်နိုင်သည်။
မတူညီသော ကျွမ်းကျင်မှုပေါင်းများစွာကို
ညီမျှစွာ ပေါင်းစပ်ပြီး သာသနာအတွက် အသုံးချရန်လိုအပ်သည်။
မိမိနှင့် အစေးမတည့်သည့် သူတစ်ဦးဖြစ်လင့်ကစား
ထိုသူလျှောက်ခဲ့သည့် လမ်းက မှားသည်မှန်ကို ထောက်ပြရမည့် အချိန်မဟုတ်။
ထိုသူသည် သာသနာ့သောကဟူသော ခေါင်းစဉ်အောက်မှာ
အဘယ်မျှ ပါဝင်ကြိုးပမ်းနေသည်ကိုသာ အသားပေး ချီးကျူးရမည့် အချိန်ဖြစ်သည်။
တစ်စုံတရာကြောင့် ပါဝင်နိုင်စွမ်း မရှိသူများသည်လည်း
မိမိ၏ နှုတ်လျှာ၊ အရေးအသားများကြောင့်
အမှန်တကယ် အနစ်နာခံ ဆောင်ရွက်နေသူများအား
စိတ်ညှိုးနွမ်းပင်ပန်းစေခြင်းမျိုးကို ရှောင်ရှားရမည် ဖြစ်သည်။
လိုအပ်ပါက
(မကူညီရင်နေ၊ မနှောင့်ယှက်ပါနှင့်) ဟူသော
စကားကို လက်ဝယ်ပိုက်ရမည်ဖြစ်သည်။
မှတ်ချက်။
ကျွန်တော်ကိုယ်တိုင်လည်း ထိုစကားအတိုင်း လိုက်နာကျင့်သုံးလျက် ရှိပါသည်။

Saturday, 7 June 2014
လူငယ်နှင့် "ဘီ" သုံးလုံး
နှစ်ဆယ်ရာစု ကုန်ခါနီးအချိန်ကို "Information Age"သတင်းမီဒီယာခေတ်ဟု ခေါ်ခဲ့ကြသည်။
နှစ်ဆယ့်တစ်ရာစုကို "Technology Age"နည်းပညာခေတ်ဟု သမုတ်ကြသည်။
ဤသို့ သော နည်းပညာခေတ်တွင် လူငယ်အချို့ သည်စဉ်းစားတွေးခေါ်ခြင်းမပြုကြဘဲ
လက်ဘက်ရည်ဆိုင်များ၌ လည်းကောင်း၊ဘီယာဆိုင်များ၌ လည်းကောင်း အချိန်ဖြုန်းနေကြသည်ဟု
မြင်လာသူဦးရေ များလာခဲ့ပါသည်။ သို့ ရာတွင် အကောင်းနှင့်အဆိုးသည်အမြဲဒွန်တွဲ လျက်ရှိသည်ဖြစ်ရာ
အချို့ သော လူငယ်များသည် ပေါ့ပေါ့နေပေါ့ပေါ့စား စိတ်ဓာတ်မွေးမြူကြသော်လည်း
အများစုသော လူငယ်များမှာမူ ရိုးရိုးကုတ်ကုတ် ကြိုးစားအားထုတ်လျက် ရှိကြသည်။
ယနေ့ မျက်မှောက်ကာလကိုကြည့်လျှင်လည်း ပညာရေး၊စီးပွားရေး၊လူမှုရေး အစရှိသဖြင့်
အရေးစုံတို့ ၌ လူငယ်များက ဦးစီးဦးဆောင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ ရသည်။
ကမ္ဘာကြီးလဲ ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီ။ ကိုယ်စီကိုယ်စီ နေရာတစ်နေရာ ရအောင်ယူနေကြရသည်။
ယနေ့ လိုအခါသမယ၌ မိမိအတွက်နေရာတစ်နေရာ မယူထားဘဲ ဘာသိဘာသာပျော်ပျော်နေပြီး
လောကကြီးကို ရေစုန်စီးနေကြလျှင် ခက်ပေတော့မည်။
ရင့်ကျက်တည်ငြိမ်သော လူကြီးတစ်ယောက်၏ ဘဝရရှိရန်မှာ အတွေးအခေါ်ရင့်သန်ထက်မြတ်သော
လူငယ်ဘဝတစ်ခုကို ဖြတ်သန်းရခြင်းပေါ် ၌များစွာမူတည်နေသည်။ ထိုသို့ သောလူငယ်မျိုးဖြစ်ရန်
အခက်အခဲကြီးကြီးမားမား မရှိသော်လည်း ရရှိလာသော အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်ရန်လိုသည်။
အတွေးမချော်ဘဲ အတွေးတော်အောင်သတိပြုရမည်။ မိမိအားလပ်သောအချိန်များ၌ စိတ်ကူးယဉ်ခြင်း
မဟုတ်သော စိတ်ကူးမျိုးဖြင့် ဦးနှောက်အားရှင်သန်လှုပ်ရှားနေစေရမည်။ ထိုသို့ စိတ်ကူးရာတွင်လည်း
မိမိဘဝကြီးပွားတိုးတက်ရေးအတွက် အလေးပေးစိတ်ကူးတွေးတော နေရမည်။ အမှန်တကယ်တွင်မူ
ဘဝကြီးပွားတိုးတက်ရေး ဆိုသည်မှာ ငွေကြေးအရာထက် လူ့ ဘဝ၌ နေတတ် ထိုင်တတ်သောသတ္တိ
ရင့်သန်လာခြင်းပင်ဖြစ်သည်။ ထိုသို့သောသတ္တိမျိုးရရှိရန်စဉ်းစားနေရမည်။ တွေးခေါ်နေရမည်။
စဉ်းစားတွေးခေါ်ရာတွင် အောက်ပါအချက် (၂)ချက်ကို အထူးဂရုပြုရမည်။
(၁)အပျက်သဘောဆောင်သောအတွေးများ (Negative thoughts)
(၂)အပြုသဘောဆောင်သောအတွေးများ (Positive thoughts)
အပျက်သဘောဆောင်သောအတွေးများကို မတွေးမိစေဘဲ အပြုသဘောဆောင်သောအတွေးများကိုသာ
များများတွေးပေးရမည်။
ပမာဆိုရသော်
"ငါ-ဒီနှစ် ဆယ်တန်းစာမေးပွဲကျရင် ဘယ့်နှယ့်လုပ်မလဲ "
ဟူသော အပျက်သဘောဆောင်သည့် အတွေးမျိုးအစား
"ငါ-ဒီနှစ် ဆယ်တန်းစာမေးပွဲ အောင်ကိုအောင်ရမည်"
ဟု အပြုသဘောဆောင်သော တွေးခေါ်မှုများကိုအလေးပေးတွေးတောရမည်။
ဤသို့ အပြုသဘောကို အလေးပေးတွေးပါက မိမိဘဝ အပြုဘက်သို့ရောက်အောင်
အပြုစိတ်က လမ်းကြောင်းတည့်မတ်ပေးသွားပေလိမ့်မည်။အတွေးဆရာကြီးများပုံစံဖြင့်အချိန်ပြည့်
တွေးနေရမည်လည်းမဟုတ်။ တွေးခေါ်ရန် အချိန်သီးသန့် လည်းမလိုအပ်ဟုသာ ဆိုရမည်။
အရေးကြီးသည်မှာ ရရှိလာသောအချိန်ကို အလဟသ အဖြစ်မခံဘဲ တန်ဖိုးရှိစွာအသုံးချတတ်ခြင်း၌သာ
မူတည်နေသည်။ အချိန်ကို ဖြုန်းသူမဟုတ်ဘဲ သုံးသူဖြစ်လိုလျှင် " ဘီ " သုံးလုံးကို ဆောင်ရပေမည်။
" ဘီ " သုံးလုံးကား အခြားမဟုတ်။
(၁) Bed ဟုခေါ်သော ကုတင်ပေါ်အိပ်ရာဝင်ချိန်
(၂) Bathroom ဟုခေါ်သော ရေချိုးခန်းထဲ၌ရေချိုးချိန်
(၃) Bus ဟုခေါ်သော ဘတ်စ်ကားစီးချိန်
ဤ သုံးလုံးသော " ဘီ " ကိုသာ သင်အမြဲလက်ကိုင်ပြုပါက မြေကြီးလက်ခတ်မလွဲ သင်သည်
အကျိုးရှိသော သူတစ်ယောက်ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်တော့သည်။
ပထမ " ဘီ " သည် "Bed" အိပ်ရာပေါ်၌ တွေးတောခြင်းဖြစ်သည်။
-------------------------------------------------------------------------------
ဤလောကရှိ လူသားအပါအဝင် သက်ရှိအားလုံးသည် သဘာဝဖြစ်စဉ် တစ်ခုအနေဖြင့်လည်းကောင်း၊
တစ်နေ့ တာ၏ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်လည်းကောင်း အိပ်စက်အနားယူကြသည်။
ညအခါတွင် လူတို့ ၏ပြုမှုဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် လူကိုသုံးမျိုးသုံးစားခွဲခြားနိုင်သည်။
(၁) ည၏ အမှောင်ထုကို အခွင့်ကောင်းယူ၍ မကောင်းမှုပြုသူ
(၂) ခွန်အားရရှိစေရန် ရည်ရွယ်၍ စောစီးစွာအိပ်စက်အနားယူသူ
(၃) ညဥ့်နက်သည်ထိ တွေးတောဆင်ခြင်မှုပြုသူတို့  ဖြစ်သည်။
အိပ်တော့မည်ဟု ဆုံးဖြတ်ြပီး နဖူးပေါ်လက်တင်လိုက်သည်နှင့် မိမိတစ်နေ့ တာဘဝကို
ပုံရိပ်ထင်ဟပ်စေသည်။ အမှန်နှင့်အမှား ကွဲပြားစွာ ရုပ်လုံးပေါ်ပေါက်လာရသည်။ မိမိကြောင့်
လူမည်မျှစိတ်ဆင်းရဲရပြီး လူမည်မျှ စိတ်ချမ်းသာရသည်အထိ တွေးမိတတ်သည်။
ရောက်တတ်ရာရာလည်း တွေးနေမိတတ်သည်။
အကုသိုလ်ဘက်သို့ ပါသော အတွေးမျိုးဝင်ရောက်လာပါက ဖယ်ထုတ်ရမည်။
စိတ်ကိုခွဲခြားလျှင်-
သိစိတ်နှင့် မသိစိတ်ဟူ၍ (၂)မျိုးခွဲခြားနိုင်သည်။
လူတို့ အိပ်စက်သောအခါ သိစိတ်ကသာ အိပ်စက်သော်လည်း မသိစိတ်က
ဆက်လက်ရှင်သန်လျက်ရှိသည်။ အိပ်ပျော်နေသော်လည်း အသက်ဆက်လက်ရှင်သန်ရန်
လေကို ရှုသွင်းရှုထုတ်ရသော အလုပ်ကို မသိစိတ်က ဆက်လက်လုပ်ကိုင်သည်။
တစ်စုံတစ်ရာကို တွေးပီးအိပ်ပျော်သွားလျှင် ထိုအတွေးကို မသိစိတ်ကပင် အိပ်ရာမှ နိုးသည်အထိ
ဆက်လက် တွေးတောပေသည်။ ထို့ ကြောင့်မိမိ၏ အိပ်စက်ခြင်းသည် ကောင်းမြတ်သော
အိပ်စက်ခြင်းမျိုးဖြစ်ချင်လျှင် အပြုသဘောပါသော ကောင်းမြတ်သောအတွးများကို များများတွေးပေးရမည်။
ဥပမာ- "ငါတစ်နေ့ ကြီးပွားရမည်" ဟုတွေးတောပြီး အိပ်ပျော်သွားပါက မသိစိတ်ထဲတွင်
ကြီးပွားလိုစိတ် ကိန်းအောင်းသွားပေသည်။ ထိုအခါ မိမိဖြစ်ချင်သည်တို့ ဖြစ်လာရသည်။
လူသည်နံနက် အိပ်ရာထချိန်ထက် အိပ်ရာဝင်ချိန်၌ အသိပညာ တစ်ရပ်တွင်လည်းကောင်း၊
တွေးခေါ်မြော်မြင် ရာ၌ လည်းကောင်း တစ်ခုခု၌သာနေရမည်။
ဤသို့ မလုပ်ဆောင်နိုင်ခဲ့ပါက လူသားတစ်ယောက်အနေနှင့် အကြီးမားဆုံးသော ပြစ်မှုကို ကျူးလွန်သူ
ဖြစ်နိုင်သည့်အတွက် ကောင်းသောတွေးခေါ်ခြင်းဖြစ်သော အိပ်ရာဝင်ခြင်းမျိုးဖြင့် Bed သို့သွားပါက
သင်သည် သင့်အတွက်ပိုမိုအဓိပ္ပါယ် ရှိလာမည်ဖြစ်သည်။
ဒုတိယ " ဘီ " သည် " Bathroom " ရေချိုးခန်း၌တွေးတောခြင်းဖြစ်သည်။
-----------------------------------------------------------------------------------------
လူကြီးလူငယ်တို့ သည်
(၁) မိမိတို့ တစ်ကိုယ်ရည်သန့် ရှင်းမှုအတွက်လည်းကောင်း
(၂) ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်လည်းကောင်း
အနည်းဆုံးတစ်နေ့ လျှင်တစ်ကြိမ်တော့ ရေချိုးသန့် စင်ခြင်းပြုကြရသည်။
ရေချိုးရာတွင်လည်း
(၁) မအားမလပ်၍ ကသောကမျောရေချိုးခြင်း၊
(၂) စိတ်အေးလက်အေး ရေချိုးခြင်းဟူ၍ (၂)မျိုးခွဲခြားနိုင်သည်။
အသက်အရွယ်ကြီးရင့်သူတို့ မှာ မိမိတို့ ကျန်းမာရေးအရ မြန်မြန်ဆန်ဆန်ရေချိုးကြသော်လည်း
လူငယ်အများစုမှာမူ စိမ်ပြေနပြေ ရေချိုးခြင်းဖြင့်အတွေးဆန့် ကြသည်။ တောင်တွေးမြောက်တွေး
တွေးသူရှိသကဲ့သို့ ဒသနအတွေးများကို တွေးနေသူလဲရှိသည်။ပေါက်ကရ အတွေးများ
ဝင်ရောက်လာပါက သတိနှင့်ယှဉ်၍ဖယ်ထုတ်ရမည်။ တစ်နေ့ တာ၏မွန်းကျပ်မှုများ၊ အလိုမကျမှုများကို
သီချင်းလေးတကျော်ကျော်ဖြင့် စိတ်ထွက်ပေါက်ပေးမည့်အစား မှန်ကန်သောအတွေးများတွေးခြင်းဖြင့်
ထွက်ပေါက်ပေးရမည်။ စိတ်ထွက်ပေါက်ပေးရသကဲ့သို့ စိတ်ဝင်ပေါက်လည်း ပြုလုပ်ပေးရမည်။
ရေချိုးရင်းစဉ်းစားတတ်ရန် အကျင့်လုပ်ရမည်။ အချိန်ကိုယူတတ်မှ ရပေမည်။ လူအတော် များများလည်း
ရေချိုးရင်း စဉ်းစားတွေးတောမိကြပေသည်။ သို့ရာတွင်စဉ်းစားတွေးခေါ်သည့် ဥာဏ်ကို ရယူတတ်ခြင်းမှာ
ကွဲပြားခြားနားပေသည်။ မစဉ်းစားခြင်းထက် စဉ်းစားခြင်းက သာလွန်သည်။ အလဟာသ ရသည့်အချိန်၌
မစဉ်းစားဘဲ အချိန်လွန်မှ စဉ်းစားမိပါက နောင်တရတတ်ကြောင်းသိရမည်။ အချိန်မီ မှန်မှန်ကန်ကန်
စဉ်းစားတတ်အောင်လေ့ကျင့်ရမည်။ စဉ်းစားဆင်ခြင်တတ်အောင် စဉ်းစားမှုနယ်ပယ် ဖြန့် ချဲ့ နိုင်အောင်
ကြိုးစားရမည်။ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်အောင်ပြုလုပ်ပေးရာကျသလို
စိတ်ကျန်းမာရေးအတွက် ကောင်းမွန်အောင် တွေးတောဆင်ခြင် သုံးသပ်နေရပေမည်။
ယောဂီသမားတို့ အမှားမပါအောင် ချိုးရေခပ်သည်ကို ခပ်သည်ခပ်သည်မှတ်၊ လောင်းချိုးသည်ကို
လောင်းသည် လောင်းသည် မှတ် ဟူသော အတွေးမထပ်အောင်မှတ်စေခြင်းမျိုးမဟုတ်ဘဲ ရေချိုးပြီး
သွားမည့်နေရာ၊ အလုပ်အကိုင်စသည်တို့ ကို စိတ်ကူးဇာချဲ့ ကာ၊ အနားကွပ်တွေးနေဖို့ လိုအပ်ပေသည်။
သို့ မှသာရေချိုးရင်း အလုပ်နှစ်ခု လုပ်ပီးသားဖြစ်သွားပေမည်။
ရေချိုးပြီးသည့် အခါ ခန္ဓာကိုယ်သန့် စင်သွားသလို၊ စိတ်လည်းရှင်းသန့် သွားကာ လုပ်စရာကိုင်စရာများ
ဆက်တိုက် လုပ်သွားနိုင်ပေမည်။
သို့ သော်အာခိမိဒိ လိုတော့ ရေချိုးခန်းထဲမှ အဝတ်ဗလာဖြင့် ထွက်လာမိသည် အထိ မတွးတောသင့်ပေ။
နောက်ဆုံး " ဘီ " သည် " ဘတ်စ်ကား " ပေါ်၌ စဉ်းစားတွေးတောခြင်းဖြစ်သည်။
-------------------------------------------------------------------------------------------
ကျွန်ုပ်တို့ နိုင်ငံသည် ဖွံ့ ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အများစုသောလူဦးမှာ
ကိုယ်ပိုင်ကားထက် လိုင်းကားများကိုသာ အားထားနေကြရသည်။ လိုင်းကားစီးသူများတွင်
ကျောင်းသူ/ကျောင်းသား၊ ဝန်ထမ်း၊ သက်ကြီးရွယ်အို၊ လူငယ် အစုံစုံသော လူတို့ပါဝင်ကြသည်။
ဤသို့ လိုင်းကားစီးနေသည့်အတွက် မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးဆက်များလည်း
ခံစားရတတ်သည်။
(၁)လုပ်ငန်းခွင်ဝင်ရာတွင် နှောင့်နှေးကြန့် ကြာခြင်း
(၂)လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်ရခြင်း
(၃) အချိန်ဖြုန်းတတ်သော အကျင့်ဆိုးမွေးမြူ မိခြင်း တို့ ဖြစ်သည်။
အများစုမှာ ကားပေါ်တွင် အချိန်ဖြုန်းမှန်းမသိ ဖြုန်းတတ်ကြပေသည်။
ကျွန်ုပ်ကဲ့သို့ ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် (သန်လျင်)သို့ သွားရောက်ပညာသင်ကြားနေရသော
တက္ကသိုလ်ကျောင်းသားတစ်ဦးအဖို့ တစ်နေ့ လျှင် (၄)နာ၇ီမျှသော အချိန်ကို ဘတ်စ်ကားပေါ်၌
အလဟသဖြုန်းနေရပေသည်။ ထို့ ကြောင့်ကားတိုးစီးရသည့် ပင်ပန်းနွမ်းနယ်မှုကို အကျိုးရှိအောင်
အကောင်းဘက်သို့ ဦးတည်နေသော အတွေးများ တွေးတောခြင်းမျိုးရှိရမည်။
ကျွန်ုပ်သိသည့် လိုင်းကားများဖြစ်သော ၂၁၆၊ေ၇ွှသန်လျင် စသည့်ကားများပေါ်တွင် လေ့လာကြည့်ပါက
လူငယ်အချို့ မှာ ယုတ္တိမဲ့သော၊ အကျိုးမရှိသော စကားများကို အချိန်ကုန်ခံ၍ ငြင်းခုံနေသည်ကို တွေ့ ရသည်။
တစ်ယောက်ကပျက်လုံးထုတ်သည်ကို ကျန်အပေါင်းအသင်းများက ဝိုင်းဟားကြသည်။
စာအကြောင်း ပေအကြောင်း ဆွေးနွေးသူများလည်း ရှိသည်။
တစ်ဦးတည်းအတွေးနယ်ချဲ့ သူများလည်းရှိချေသည်။ ထို့ ကြောင့်အနိမ့်ဆုံးအားဖြင့် မိမိဘဝကို
ခိုင်မာသော အတွေးများဖြင့် ပုံဖော်ကြည့်ရမည်။ မိမိပေးဆပ်နိုင်သည်များကို တွေးတောရမည်။
"ငါတစ်သက်လုံး လိုင်းကားစီးရမှာလား?
ငါ့မှာကော ကိုယ်ပိုင်ကား စီးနိုင်တဲ့ အရည်အချင်း မရှိဘူးလား?
အဲ့ဒီအတွက် ငါ မကြိုးစားသင့်ဘူးလား?
စသည်ဖြင့် ဆန်းစစ်တွေးခေါ်နေရမည်။
မိမိ......ဘာလဲ
မိမိ......ဘာဖြစ်ချင်သလဲ
မိမိ......ဘာလုပ်ရမလဲ
စသည်ဖြင့် မိမိရှေ့ ရေးကို မြင်ယောင်မှန်းဆ ကြည့်ရမည်။
မြင်ယောင်မှန်းဆခြင်း၌ မိမိမမြင်နိုင်သော အစွမ်းသတ္တိများ ရှိနေသည်။ အက်ဒီဆင်နှင့်
အိုင်းစတိုင်း တို့ သည် မိမိအားလပ်သည့်အချိန်အပိုင်းအစလေးများ၌ မိမိရှေ့ ရေးအတွက်
ကောင်းမွန်ထူးခြားသော မြင်ယောင်စိတ်ကူးမှုများ ရှိခဲ့သောကြောင့် လူသားတို့ အတွက်
အဖိုးမဖြတ်နိုင်သော တွေ့ ရှိမှုများကို ရှာဖွေနိုင်ခဲ့သည် မဟုတ်ပါလော။ ကြီးကျယ်သော
တီထွင်မှုများအားလုံး၏ နောက်ကွယ်တွင် သိပ္ပံပညာရှင်တို့ တွေးခေါ်မြော်မြင်ချက်များဖြင့်
ပြည့်လျှမ်းနေခဲ့ကြသည်။
အချုပ်အားဖြင့်ဆိုရသော်...အထက်တွင်ဖော်ပြခဲ့သော " ဘီ "သုံးလုံးကို ဆောင်ပါက
အချိန်ဖြုန်းခြင်းမှ ကင်းလွတ်ခွင့်ရပြီး မိမိဘဝအတွက် မိမိသည် အဓိပ္ပါယ်ပြည့်သော၊
တန်ဖိုးရှိသောသူ ဖြစ်လာပေမည်။ အများတကာထက် အတွေးအခေါ် ရှင်သန်သူလည်း
ဖြစ်လာမည်။ အိပ်ရာထက်၌နာရီဝက်၊ ရေချိုးရင်း နာရီဝက်၊ ကားစီးရင်း နာရီဝက်
စဉ်းစားတွေးခေါ်လျှင် တွေးခေါ်ချိန်သီးသန့် ထားစရာ မလိုဘဲ အများထက်တစ်နှစ်လျှင်
နာရီပေါင်း (၄၈၀) ပိုရပေမည်။ ဤသည်မှာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။
တွေးခေါ်ခြင်းကို အဆင့်ခွဲခြားလျှင်
(၁)မိမိအတွက်သာ အကျိုးရှိသော တွေးခေါ်မှု
(၂)မိမိ မိသားစု ဝန်းကျင်အတွက် အကျိုးရှိသော တွေးခေါ်မှု
(၃)မိမိ တစ်မျိုးသားလုံးအတွက် အကျိုးရှိသော တွေးခေါ်မှု တို့ ဖြစ်သည်။
ထို့ ကြောင့် မိမိအတွေးအခေါ်ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ရမည်။
သို့ဖြစ်ပေရာ ကြီးပွားတိုးတက်လိုသူ လူငယ်တိုင်း " ဘီ " သုံးလုံးအတွေးအခေါ်ကို ဆောင်ခြင်းဖြင့်
အောင်ခြင်းတည်းဟူသော တံခါးဝ မုဒ်ဦးဆီသို့ လှမ်းချီနိုင်ကြောင်း သတင်းကောင်းပါး
ကြေညာမောင်းခတ် နှိုးဆော်အပ်ပါသည် ခင်ဗျာ။ ။
အိမ်ဝေးသူ (KZ)
Tuesday, 3 June 2014
အမည်နာမနှင့် ထိုအမည်အတွက် တာဝန်ယူရခြင်း
********************************************************
အမည်နာမ ကင်းပွန်းတပ်ခြင်းကို
မိဘဘိုးဘွားများက တာဝန်ယူခဲ့ကြသည်။
သို့သော်
ထိုအမည်နာမ၏ ကောင်းခြင်း၊ဆိုးခြင်းအား
၎င်းတို့က တာဝန်ယူနိုင်ခြင်း မရှိကြ။
ထိုအမည်နာမကို
အကောင်းဆုံးအမည်နာမ တစ်ခုအဖြစ်
လူ့သမိုင်းတွင် ကျန်ရစ်အောင် ကြိုးပမ်းရမည်မှာ
ထိုအမည်ပိုင်ရှင်သာလျင် ဖြစ်သည်။
အမည်နာမဆိုရာတွင် နှစ်မျိုးနှစ်စား ရှိပြန်သည်။
မိမိ၏ မိဘဘိုးဘွားများ ပေးခဲ့သည့် အမည်နာမနှင့်
မိမိကိုယ်တိုင် တည်ဆောက်ယူရသော အမည်နာမ ဟူ၍ ဖြစ်သည်။
ဥပမာအားဖြင့်။
မောင်ခွေးဟု အမည်ပေးခြင်း ခံရသူတစ်ဦးသည် တစ်ကယ့်ခွေးတစ်ကောင်မဟုတ်။
မိဘများပေးထားသော မောင်ခွေးဟူသော အမည်နာမကို ကျော်လွန်၍
မိမိ လိုချင်သည့်အမည်ကို မိမိကိုယ်တိုင် တည်ဆောက်ယူရမည် ဖြစ်သည်။
မိမိ၏ အမည်နာမနှင့် တွဲ၍ ဂုဏ်ထူးဆောင်ပုဒ်တို့ ထပ်ဆင့်ရရှိလာသည်။
သာမန် မောင်ခွေး မဟုတ်တော့။
ကောင်းမွန်စွာ တည်ဆောက်သည့် အမည်ဆိုလျှင်
-------------------------------------------------------
စာရေးကောင်းသော စာရေးဆရာ မောင်ခွေး။
ပိုက်ဆံရှာကောင်းသော စီးပွားရေးသမား မောင်ခွေး။
........................................................မောင်ခွေး။
အစရှိသဖြင့် လူရိုသေ ရှင်ရိုသေသော မောင်ခွေး ဖြစ်လာပြီး။
မကောင်းသော အမှုကိစ္စများဖြင့် တည်ဆောက်သည့် အမည်ဆိုလျှင်မူ
---------------------------------------------------------------------------
ခွေးလို အမြဲတမ်း ဟောင်တတ်၊ ကိုက်တတ်သော မောင်ခွေး။
လူရမ်းကား၊ သူခိုးဂျပိုး၊ အာဝါဒါး မောင်ခွေး။
.............................................မောင်ခွေး။
အစရှိသဖြင့် လူမလေးခွေးမခန့်သော မောင်ခွေး ဖြစ်လာသည်။
မိဘ ပေးထားသည့် အမည်နာမသည်
ကောင်းခြင်းဆိုးခြင်းတို့ကို သယ်ဆောင်ပေးနိုင်မည်မဟုတ်။
မိမိ တည်ဆောက်ယူသော နာမည်ကသာ
မိမိဘဝကို အကောင်းအဆိုး သတ်မှတ်ပေးနိုင်မည် ဖြစ်သည်။
တနည်းအားဖြင့် မိမိ၏ အမည်ရှေ့တွင် တည်ဆောက်ယူရသော
နာမဝိသေသန သည်သာ အဓိက အရေးကြီးပေသည်။
လူတို့
တည်ဆောက်နိုင်စွမ်း ရှိသမျှ အရာအားလုံးထဲတွင်
အကောင်းဆုံး တည်ဆောက်ခြင်းမှာ
မိမိ၏ အမည်နာမကို အကောင်းဆုံး တည်ဆောက်ယူခြင်းပင် ဖြစ်သည်။
ထို့ကြောင့်
မိမိ၏ အမည်နာမကို
အကောင်းဆုံး တည်ဆောက်နိုင်အောင် ကြိုးပမ်းပါလေ။

Sunday, 1 June 2014
နောက်ဆုံးနေ့ ဖြစ်ခဲ့မယ်ဆိုရင် ?
သင်က
(ခံစားမှုဝါဒီ) တစ်ယောက်ဖြစ်ပြီး
ယနေ့က
သင့်အတွက် နောက်ဆုံးနေ့ ဖြစ်မယ်ဆိုရင်
သင်...ဘာလုပ်မလဲ ?
သင်က
(ရုပ်ဝါဒီ) တစ်ယောက်ဖြစ်ပြီး
ယနေ့က
သင့်အတွက် နောက်ဆုံး နေ့ ဖြစ်မယ်ဆိုရင်
သင်...ဘာလုပ်မလဲ ?
--------------------
အိမ်ဝေးသူ (KZ)
--------------------
(ရုပ်ဝါဒီ) တစ်ယောက်ဖြစ်ပြီး
ယနေ့က
သင့်အတွက် နောက်ဆုံး နေ့ ဖြစ်မယ်ဆိုရင်
သင်...ဘာလုပ်မလဲ ?
--------------------
အိမ်ဝေးသူ (KZ)
--------------------
Subscribe to:
Posts (Atom)