Thursday, 6 March 2014
လူကြီး နှစ်မျိုး (အဆက်)
ရင့်ကျက်တည်ငြိမ်တဲ့ လူကြီးဆိုတာ
တစ်စုံတစ်ခု မလုပ်ခင်မှာ...
လုပ်သင့် မလုပ်သင့် စဉ်းစားဆင်ခြင်နိုင်စွမ်းသူ ဖြစ်တယ်။
မိမိအသက်အရွယ်နဲ့ မိမိလုပ်ရပ်က
သိသိသာသာ ဆန့်ကျင်ဘက် ကွာဟနေတယ်ဆိုရင်
လူကြီးမဖြစ်သေးတဲ့ ကလေးကြီးပဲ။
အိမ်ဝေးသူ (KZ)
(၁)
ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး လို့ ဆိုကြပါတယ်။
သို့ဆိုလျှင် ယနေ့ လူကြီး၊ နောင်ဝယ်..... ???
လူငယ်တွေကို ကြိုးစားဖို့ မှာနေရုံနဲ့ပဲ လူကြီးတွေရဲ့  တာဝန်ကျေပွန်ပြီလား???
(၂)
ကျွန်တော့်ရဲ့ လူငယ်၊ လူကြီး သတ်မှတ်ချက်လေးက ဒီလိုပါ။
၂၅ နှစ်အောက်.......လူငယ်
၂၅ နှစ် - ၃၉ နှစ်.....လူကြီးဖော်ဝင်စ
၄၀ နှစ် အထက်..... လူကြီး
(၃)
အများစုက
လူငယ်ဆိုတာ...ရင့်ကျက်မှု အားနည်းသူ
လူကြီးဆိုတာ...ရင့်ကျက်မှု အားကောင်းသူ လို့ သတ်မှတ်ကြပါလိမ့်မယ်။
ရင့်ကျက်မှုဆိုတာကို ပိုင်ဆိုင်ဖို့အတွက် အရင်းအနှီး ကြီးပါတယ်။
ဖြတ်သန်းခဲ့တဲ့ ဘဝအနေအထားအလိုက် ရင့်ကျက်မှု ( အနု၊အရင့် ) ကွာနိုင်ပါတယ်။
ဒါဆိုရင်...လူကြီးတစ်ယောက်မှာ ရှိတဲ့ ရင့်ကျက်မှုက မြင်သာထင်သာ မရှိသင့်ဘူးလား???
(၄)
တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတာ အခြေအနေ တစ်ခုမှာ မှန်တယ်ဆိုရင်
နောက်အခြေအနေတစ်ခုမှာ ရာနှုန်းပြည့် မှန်နိုင်ပါ့မလား ???
အပေါ်ယံ ရှပ်ကြည့်ပြီး သုံးသပ်ဝေဖန်တဲ့ သဘောမျိုးရော မသက်ရောက်ဘူးလား ???
မြင်တစ်လုံး၊ ထင်တစ်လုံးနဲ့ ဝေဖန်ဆုံးဖြတ်တတ်ကြတဲ့ ကျွန်တော်တို့
လူ့ဘောင်အသိုင်းအဝိုင်းမှာ
" ဒီလူကြီးကွာ Facebook မှာ ပေါတောတောနဲ့ ဘာတွေရေးမှန်းမသိဘူး...
လူကြီးက လူကြီးနဲ့ကို မတူဘူးလို့"
များ စွပ်စွဲခံရရင် လူကြီးတစ်ယောက်အနေနဲ့ ပျော်နိုင်မယ်လို့ မထင်မိပါ။
အမြင်တင့်တယ်အောင် သင့်တင့်တဲ့ အဝတ်မျိုးကို ဝတ်သင့်သလို
လူကြီးတစ်ယောက်အနေနဲ့ လူငယ်တွေ အမြင်တော်အောင် Facebook မှာ သတိမထားသင့်ဘူးလား ???
(၅)
လူကြီးတစ်ယောက်အနေနဲ့ Facebook Timeline ပေါ်မှာ
ကလေးဆန်တာ ကိစ္စအထွေအထူးမရှိဘူးလို့ ယေဘုယျ ပြောချင်ပေမယ့်
ဘဝဆိုတဲ့ Timeline မှာ Facebook Timeline မှာလုပ်ခဲ့တဲ့ ကလေးဆန်မှုတွေ ကပ်ပါခဲ့ရင်ရော ???
(၆)
Facebook ဆိုတာ ကိုယ့်နာမည်နဲ့ ကိုယ့်အကောင့်ဖွင့်ပြီး ကိုယ်ကြိုက်တာကို
ကိုယ်ရေးခွင့်ရှိပါတယ်လို့ ပြောချင်သူများလည်း ရှိပါလိမ့်မယ်။
မင်းကို ဘယ်သူက အတင်းလာကြည့်ခိုင်းနေလို့လဲ မေးလာရင်
အတင်းမကြည့်ခိုင်းလဲ Timeline ဆိုတာ ရှိနေသရွေ့ သူငယ်ချင်းတွေ အားလုံး မြင်နိုင်ကြမှာပါ။
(၇)
Facebook မှာ ပျော်စေပျက်စေ ဆိုတဲ့သဘောမျိုးပဲ ရေးရေး
စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ သုံးတာမျိုးပဲ ဖြစ်စေ
သတိထားမိရမယ့် အချက်ကတစ်ချက်က
( မိမိရဲ့  အားနည်းချက်ကို လူသိအောင် ကြေငြာတာမျိုး ) မဖြစ်စေဖို့ပဲ...။
ဘာဆိုင်လို့လဲ လို့ မေးချင်ပါသလား ???
မေးရင် ဥပမာ တစ်ခု ပေးပါမယ်။
ဥပမာ...။
မိန်းမပျိုလေးတစ်ယောက်က အလွန်သနား ကြင်နာတတ်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတယ်။
သူနဲ့ သူ့ Facebook သူငယ်ချင်းတွေ အားလုံးကိုလည်း သနားကြင်နာတတ်ကြောင်း ပြလေ့ရှိတယ်။
အများစုကလည်း သူ့ သနားကြင်နာတတ်မှု ကို သိကြတယ်။
ဒီနေရာမှာ...
သူကလွဲရင်...တစ်ခြားသူတွေအားလုံးက သူရဲ့ သနားကြင်နာတတ်မှုကို လက်ခံတဲ့ ပုံစံ (၂) မျိုးဖြစ်သွားတယ်။
(၁) ဒီမိန်းကလေးက တော်တော် သဘောကောင်းတယ်။ အရမ်း သနားကြင်နာတတ်တာပဲ။
(၂) ဒီမိန်းကလေးက စိတ်တော်တော် ပျော့တယ်။ အရမ်းယုံလွယ်ပြီး သနားလည်း သနားတတ်တယ်
(ဂွင်/ခွင်) ပဲ။
ပထမ တစ်မျိုးက အသိအမှတ် ပြုတာ...အန္တရာယ် မရှိလှဘူး။
ဒုတိယ တစ်မျိုးကတော့ အခွင့်အရေး ယူချင်တာ... အန္တရာယ် ကြီးလွန်းတယ်။
သနားချစ်ကို လူတိုင်းကြားဖူးကြပါတယ်။
တကယ်လို့များ တစ်စုံတစ်ယောက်က သနားလာအောင် ပုံပြင်လှလှလေးတွေ ဖန်တီးခဲ့မယ်ဆိုရင် ???
(၈)
တစ်ချို့  လူကြီးတွေ အပြင်မှာ စရိုက်တစ်မျိုး
Social Networks တွေမှာ စရိုက်တစ်မျိုး ဖြစ်နေတတ်ပါတယ်။
ဒီလူကြီး ဟုတ်မှ ဟုတ်ပါ့မလား လို့တောင် အထင်မှားစေနိုင်ပါတယ်။
Virtual networking sites တွေမှာ လူအထင်ကြီးခံရအောင်လွယ်ပေမယ့်
လက်တွေ့ အပြင်လောကမှာ တည်ဆောက်ယူရတာ ခက်ခဲပါတယ်။
(၉)
လူကြီးတွေဟာ...လူငယ်တွေရဲ့  ရှေ့ဆောင် လမ်းပြတွေ ဖြစ်ကြပါတယ်။
( Online+Offline ) နှစ်ခုစလုံးမှာ လူငယ်တွေ အတုယူချင်စိတ်ဖြစ်အောင်
နေပြရမှာ လူကြီးတွေရဲ့  တာဝန်ဖြစ်ပါတယ်။
(၁၀)
အိမ်ဝေးသူ...မင်း သိပ်လျှာရှည်တာပဲ....
ဒီကိစ္စတွေ ငါတို့ သိပြီးသားတွေချည်းပဲ....
အသစ် တစ်ခုမှ မပါဘူးလို့ ဆိုရင်...
အသစ် တစ်ခုကို ပြောပါမယ်။
အပေါ်မှာ တင်ပြခဲ့တဲ့ အချက်တွေဟာ သာမန် လူကြီး တစ်ယောက်
အတွက်ဆိုရင် အသစ်မဟုတ်ပေမယ့်
အဲဒီလို ကလေးဆန်တဲ့ လူကြီးတစ်ယောက်ဟာ...
နိုင်ငံတော် အကြီးအကဲ တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင်...???
ဆန်းတာ...သစ်တာတွေ ဖြစ်လာမယ်လို့ ထင်မိပါကြောင်း ။
အိမ်ဝေးသူ (KZ)
မှတ်ချက်။
အမြင်မတူလျှင် ရန်သူဆိုသောစကားက နှစ်ဆယ့်တစ်ရာစု၏
အမှေးမှိန်ဆုံး စကားတစ်ခွန်း ဖြစ်ခဲ့ပါပြီ။
စာဖတ်သူထံမှ မတူသော အမြင်ရှိလျှင်...ချပြပါ။
အကျိုးအကြောင်း ဆီလျော်ပါက ကျေနပ်စွာလက်ခံမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment