Friday, 21 March 2014

လက်တွေ့ဘဝသို့ ချဉ်းကပ်ခြင်း (Approaching Real life through a cartoon)


တကယ်တော့...

ဒီပုံဟာ အနောက်တိုင်း ကာတွန်းတစ်ကွက်ပါ။

အနောက်တိုင်းနဲ့ အရှေ့ တိုင်းကာတွန်း အယူအဆမတူတာကို သတိပြုစေချင်ပါတယ်။

အခုပုံမှာဆိုရင် စာဖတ်သူတို့ရဲ့ အမြင်များစွာနဲ့ ပုံကို သရုပ်ဖော်ခံစားခြင်းတွေက

မူရင်းကာတွန်းဆရာ ပေးချင်တဲ့ အဓိက အကြောင်းအရာထက် များပြား ကျယ်ပြန့်လှပါတယ်။

ဒီကာတွန်းမှာ ကာတွန်းဆရာ အဓိကပေးချင်တာက ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။

ပထမတစ်ခုက မိန်းမဖြစ်သူကို စိတ်မချလို့ (သံသယနှင့်ဆိုင်) ဖြစ်နိုင်ပြီး

ဒုတိယတစ်ခုကတော့ မိန်းမဖြစ်သူရဲ့  အိပ်ချိန်မှာ စောင်ဆွဲတတ်တဲ့အကျင့်ကို (အတ္တနှင့်ဆိုင်)

သိထားလို့ ကြိုတင်ကာကွယ် ထားခြင်း ဖြစ်နိုင်ပါတယ်။


ဒီနေရာမှာ ပုံကို ခံစားတဲ့ လိင်အမျိုးအစားကိုလိုက်ပြီး ခံစားမှု အခြေအနေကွာသွားပါတယ်။

မိန်းမဝါဒီ၊ ယောက်ျားဝါဒီ၊ ဘက်မလိုက်ဝါဒီ စသည်ဖြင့် ပုံစံကွဲပြားမှု တွေ့ရပါတယ်။

ဒီကာတွန်းကို ဆွဲသူက အမျိုးသမီးတစ်ဦးဆိုရင် အယူအဆ တစ်မျိုးဖြစ်နိုင်ပြီး

အမျိုးသားတစ်ဦးဆိုရင်တော့ အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ် ။


စာရေးသူ ပြောချင်သော အကြောင်းအရာအချို့ 
--------------------------------------------------

ဒီပုံက သာမန်ကာတွန်း ပြကွက်တစ်ကွက်ပါပဲ။

ဒါကြောင့်လည်း စာဖတ်သူကို ပေါ့ပေါ့ပါးပါးနဲ့ မှတ်ချက်လေးတွေ ရေးစေခဲ့တာပါ…။

သို့သော် ဒီပုံရဲ့ နောက်ကွယ်မှာ...


(၁) အစွဲ


ကျွန်တော်တို့ အများစုဟာပြသနာတစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ

အစွဲကိုယ်စီကိုပါ တစ်ပါတည်း ခေါ်ဆောင်လာတတ်ကြပါတယ်။


ဥပမာ…

ပြသနာက သက်သက်၊ ဆွေမျိုးသားချင်း တော်စပ်မှုက သက်သက်
ပြသနာက တစ်ဘက်၊ မိတ်ဆွေရန်သူ ဆက်စပ်မှုက တစ်ဘက်
ပြသနာက တစ်ကန့်၊ မိန်းမယောက်ျား ကွဲပြားမှုက တစ်ကန့်    


ဒီလို အကန့်အသတ်ခွဲပြီး ချဉ်းကပ်သူ အလွန်နည်းပါးတယ်။

အဲဒီအခါ ပြသနာရဲ့ မူရင်းအခြေအမြစ်ကို ရှာဖွေကို ခက်သွားတော့တယ်။

တင်ပြခဲ့တဲ့ ကာတွန်းပုံကို သုံးသပ်တာမျိုး မိန်းကလေးက မိန်းကလေးအစွဲထားပြီး သုံသပ်တယ်။

ယောက်ျားလေးကလည်း ယောက်ျားအစွဲထားပြီး ဝေဖန်တာမျိုး ဖြစ်လာတော့တယ်။

လက်တွေ့လောကမှာလည်း မိတ်ဆွေအချင်းချင်း၊ လင်မယားအချင်းချင်း၊ ညီအကိုမောင်နှမ

အချင်းချင်း အစရှိသဖြင့် အစွဲ(အတ္တ)ကို ပယ်ထားပြီး ပြသနာသီးသန့်ကို အဖြေရှာစေလိုပါတယ်။



(၂) လှည့်ဖြားခံရခြင်း


ဒီနေရာမှာ လှည့်ဖြားခံရသူက စာဖတ်သူတို့ ဖြစ်ပြီး၊

လှည့်ဖျားသူက ကျွန်တော် (အိမ်ဝေးသူ) ပဲ ဖြစ်ပါတယ်။ ကျွန်တော်က မိန်းကလေး၊

ယောက်ကျားလေး အယူအဆ တိုက်ပွဲဖြစ်အောင်၊ အစွဲများ ခိုက်ရန်ဖြစ်အောင်၊ အနည်းဆုံး

အပြန်အလှန် အငြင်းအခုံဖြစ်အောင် သွေးထိုးပေးလိုက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့

ဒီပုံကို ကျွန်တော်တင်ပြီးတော့…

{{{ ဒီပုံကိုကြည့်ပြီး...
စာဖတ်သူ ဘယ်လို ထင်မြင်ယူဆပါသလဲ ?

အခါအခွင့်သင့်တယ် ဆိုရင်ဖြင့်
အမြင်လေးတွေ ပြောခဲ့စေလိုပါတယ်။}}}

လို့ တင်ထားတဲ့သဘောကိုက မိန်းကလေး၊

ယောကျားလေး အပြန်အလှန် ငြင်းခုံကြမယ်ဆိုတာ ကြိုတွေးပြီးသားပါ။


ဘာကြောင့် စာဖတ်သူတို့ လှည့်ဖြားခံရပါသလဲ?


အဖြေကတော့…

စာဖတ်သူတို့ရဲ့  (ဖို၊မ) အစွဲကို သိထားတဲ့ ကျွန်တော်ဟာ အဲဒီအစွဲကို

တည်ကြက်အဖြစ် ဖန်တီးပြီး လှည့်ဖြားလိုက်ခြင်းပါပဲ။ တကယ့်လက်တွေ့ဘဝမှာ

ကျွန်တော်တို့တတွေဟာ မိတ်ဆွေအချင်းချင်း၊ လင်မယားအချင်းချင်း၊ ညီအကိုမောင်နှမ

အချင်းချင်း သံသယတွေနဲ့ တိုက်ခိုက်တတ်ကြပါတယ်။ အမုန်းထားတတ်ကြပါတယ်။ အဲလို

ကြုံလာတဲ့အခါ မိမိတို့ကြားထဲမှာ ကုန်းချောသူ သို့မဟုတ် လှည့်ဖြားသူ ( Third person ) ကို

သတိထားစေချင်ပါတယ်။ အဲဒီ တတိယလူကို ခြေရာခံမိခြင်းဟာ ပြသနာရဲ့ အထိန်းအကွပ်ပဲ

ဖြစ်ပါတယ်။



(၃) ကိုယ့်မျက်ချေး ကိုယ်မြင်နိုင်စွမ်း မရှိခြင်း


ကျွန်တော် အဓိကပြောချင်တဲ့ အရေးအကြီးဆုံး အပိုင်းက ဒီအပိုင်းပါ။

လူ့သဘာဝအရ ကျွန်တော်တို့ဟာ သူများအမှားကို ထောက်ပြဝေဖန်ရတာမျိုးကို

ပိုပြီးအားသန်ကြပါတယ်။

ဥပမာအားဖြင့်…။

အိမ်ဝေးသူအနေနဲ့

ဒီပုံကိုကြည့်…ကွန်ပျူတာကီးဘုတ်ပေါ် လက်ချောင်းလေးတွေ ပြေးခိုင်းလိုက်ပြီး

တဒေါက်ဒေါက်နဲ့ ဝေဖန်ရေးလုပ်ရတာ လွယ်တာပေါ့။ လွယ်လွယ်လေးပဲ…မြင်တာတွေကို

တန်းစီပြီး ပြောသွားလိုက်ရုံပဲ…ဘာခက်တာမှတ်လို့။

သို့သော်….အိမ်ဝေးသူ ကျွန်တော်ရဲ့ အခြေအနေက ဒီပန်းချီကားထဲကလို ဖြစ်နေရင်

အခုလို ဝေဖန်ရေးလုပ်နိုင်စွမ်းပါ့မလား?…သုံးသပ်နိုင်ပ့ါမလား?

ဘာကြောင့်ပါလဲ…?

ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ဘဝပြသနာတွေကို

အခုန ကာတွန်းကားတစ်ချပ်လို နံရံပေါ်ချိတ်ဆွဲပြီး အမှန်အမှားကို အလွယ်တကူ

ဝေဖန်သုံးသပ် မြင်နိုင်စွမ်းမရှိလို့ပါ။

တစ်ခါတရံမှာ ကျွန်တော်က အတ္တကြီးတဲ့ ခင်ပွန်း ဖြစ်နေနိုင်တယ်။

သို့သော် ကျွန်တော် မမြင်နိုင်။

တစ်ခါတရံမှာ ဇနီးဖြစ်သူကလည်း အတ္တကြီးတဲ့ မိန်းမ ဖြစ်နေနိုင်တယ်။

သို့သော်…သူမက အလွယ်တကူ မြင်နိုင်မှာမဟုတ်။

ဘယ်လိုဖြစ်ဖြစ် ဒီပုံကိုကြည့်ပြီးတော့ စာဖတ်သူတို့နဲ့ ကျွန်တော် ကောက်ချက်ချနိုင်တာက

(ဒီပုံဟာ သာမန် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံတစ်ပုံ မဟုတ်ဘူး…တစ်ခုခု လိုနေသလို…တစ်ခုခု

ပိုလွန်နေတယ်လို့ ပြောလို့ရပါတယ်)။ သူများအိမ်ထောင်ရေးမှာ အဖုအထစ်၊ အမှားအယွင်း

တစ်ခုခုရှိနေတာကို (သံသယ၊ အတ္တ အစရှိသဖြင့်) ကျွန်တော်တို့ ဘယ်လိုသိခဲ့တာလဲ?

ဒီကာတွန်းပန်းချီပုံလေးကြောင့်ပါပဲ။

ဒါဆို ကျွန်တော်တို့လည်း…

အိမ်ထောင်ဘက် အချင်းချင်း ဖြစ်စေ….

သူငယ်ချင်း အချင်းချင်း ဖြစ်စေ…

လုပ်ဖော်ကိုင်ဖက် အချင်းချင်းဖြစ်စေ…

ချစ်သူ အချင်းချင်း ဖြစ်စေ…

နှစ်ဖက်သား ဆက်ဆံရေး အခြေအနေပြ ပန်းချီကားတစ်ချပ်ကို

တစ်လတစ်ကြိမ်(သို့)သုံးလတစ်ကြိမ် (သို့) ခြောက်လတစ်ကြိမ် (သို့) နောက်ဆုံး

တစ်နှစ်တစ်ကြိမ်မဆို ရေးဆွဲသင့်ပါတယ်။ ရေးဆွဲရန် ပန်းချီပညာ တတ်မြောက်ကျွမ်းကျင်စရာ

မလိုပါ။ သို့သော် နှစ်ဦးနှစ်ဘက် မျက်နှာချင်းဆိုင်ပြီး မိမိမကြိုက်သည့် သူ့အကျင့်စရိုက်(သို့)

သူမကြိုက်သည့် မိမိအကျင့်စရိုက်၊ မိမိအတ္တကျူးမှု (သို့) သူ့အတ္တကျူးမှု၊ မိမိရဲ့ သူ့အပေါ်ထားရှိတဲ့

သံသယ (သို့) သူရဲ့ မိမိအပေါ်ထားရှိတဲ့ သံသယ အစရှိသဖြင့် ဆွေးနွေးတိုင်ပင်

ညှိနှိုင်းဖို့လိုပါတယ်။ အဲဒီအခါ နှစ်ဖက်သား အခြေအနေပြ ပန်းချီကားတစ်ချပ် လှလှပကြီး

သက်သေအဖြစ် ကျန်ရစ်ခဲ့ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

(ပြုပြင်ပြောင်းလဲလိုစိတ် ရှိသရွေ့ ပေါ့)



မှတ်ချက်။


ဟာသကာတွန်းပန်းချီကားလေးကို အကြောင်းခံပြီး လက်တွေ့ဘဝနယ်ပယ်ထဲသို့ စာဖတ်သူကို

ဆွဲခေါ်သွားမိပါသည်။ ပေါ့ပါးသော အသွင်မှ လေးပင်သော အဖြစ်သို့ ဦးတည်မိသည့်အတွက်

စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ပို့စ်ပါအကြောင်းအရာတွင်ပေးထားသော ဥပမာတစ်ချို့ အား

ဥပမာအဖြစ်သာ ခံယူကြစေလိုပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အယူအစွဲများဖြင့်

ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါကြောင်း။


အိမ်ဝေးသူ (KZ)


No comments:

Post a Comment