Friday, 28 March 2014

အချိန်


လူနှစ်ယောက်..
ခင်မင်မှုကို တည်ဆောက်ယူရာမှာ
(အချိန်)က
အဓိက မကျပေမယ်…

လူနှစ်ယောက်…
ယုံကြည်မှုကို တည်ဆောက်ယူချင်ရင်တော့
(အချိန်)က
အဓိကကျပါတယ်…။
အိမ်ဝေးသူ (KZ)

Tuesday, 25 March 2014

ပျို


မင်းရဲ့ 
မစို့မပို့ ချစ်ခြင်းလေးနဲ့တင်
ငါ...
တကယ့်ကို...လူတစ်လုံးသူတလုံး
လွမ်းတတ်ခဲ့ပြီ...ပျို ။

ကံကြမ္မာရေ...
ကျေးဇူးပြုပြီး
ငါ့ကို...
အိပ်မက်က နိုးထခွင့် မပြုလိုက်ပါနဲ့ကွယ်။
( ဒီအတိုင်းလေး ရှိနေချင်သေးလို့ပါ )


Friday, 21 March 2014

လက်တွေ့ဘဝသို့ ချဉ်းကပ်ခြင်း (Approaching Real life through a cartoon)


တကယ်တော့...

ဒီပုံဟာ အနောက်တိုင်း ကာတွန်းတစ်ကွက်ပါ။

အနောက်တိုင်းနဲ့ အရှေ့ တိုင်းကာတွန်း အယူအဆမတူတာကို သတိပြုစေချင်ပါတယ်။

အခုပုံမှာဆိုရင် စာဖတ်သူတို့ရဲ့ အမြင်များစွာနဲ့ ပုံကို သရုပ်ဖော်ခံစားခြင်းတွေက

မူရင်းကာတွန်းဆရာ ပေးချင်တဲ့ အဓိက အကြောင်းအရာထက် များပြား ကျယ်ပြန့်လှပါတယ်။

ဒီကာတွန်းမှာ ကာတွန်းဆရာ အဓိကပေးချင်တာက ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။

ပထမတစ်ခုက မိန်းမဖြစ်သူကို စိတ်မချလို့ (သံသယနှင့်ဆိုင်) ဖြစ်နိုင်ပြီး

ဒုတိယတစ်ခုကတော့ မိန်းမဖြစ်သူရဲ့  အိပ်ချိန်မှာ စောင်ဆွဲတတ်တဲ့အကျင့်ကို (အတ္တနှင့်ဆိုင်)

သိထားလို့ ကြိုတင်ကာကွယ် ထားခြင်း ဖြစ်နိုင်ပါတယ်။


ဒီနေရာမှာ ပုံကို ခံစားတဲ့ လိင်အမျိုးအစားကိုလိုက်ပြီး ခံစားမှု အခြေအနေကွာသွားပါတယ်။

မိန်းမဝါဒီ၊ ယောက်ျားဝါဒီ၊ ဘက်မလိုက်ဝါဒီ စသည်ဖြင့် ပုံစံကွဲပြားမှု တွေ့ရပါတယ်။

ဒီကာတွန်းကို ဆွဲသူက အမျိုးသမီးတစ်ဦးဆိုရင် အယူအဆ တစ်မျိုးဖြစ်နိုင်ပြီး

အမျိုးသားတစ်ဦးဆိုရင်တော့ အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ် ။


စာရေးသူ ပြောချင်သော အကြောင်းအရာအချို့ 
--------------------------------------------------

ဒီပုံက သာမန်ကာတွန်း ပြကွက်တစ်ကွက်ပါပဲ။

ဒါကြောင့်လည်း စာဖတ်သူကို ပေါ့ပေါ့ပါးပါးနဲ့ မှတ်ချက်လေးတွေ ရေးစေခဲ့တာပါ…။

သို့သော် ဒီပုံရဲ့ နောက်ကွယ်မှာ...


(၁) အစွဲ


ကျွန်တော်တို့ အများစုဟာပြသနာတစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ

အစွဲကိုယ်စီကိုပါ တစ်ပါတည်း ခေါ်ဆောင်လာတတ်ကြပါတယ်။


ဥပမာ…

ပြသနာက သက်သက်၊ ဆွေမျိုးသားချင်း တော်စပ်မှုက သက်သက်
ပြသနာက တစ်ဘက်၊ မိတ်ဆွေရန်သူ ဆက်စပ်မှုက တစ်ဘက်
ပြသနာက တစ်ကန့်၊ မိန်းမယောက်ျား ကွဲပြားမှုက တစ်ကန့်    


ဒီလို အကန့်အသတ်ခွဲပြီး ချဉ်းကပ်သူ အလွန်နည်းပါးတယ်။

အဲဒီအခါ ပြသနာရဲ့ မူရင်းအခြေအမြစ်ကို ရှာဖွေကို ခက်သွားတော့တယ်။

တင်ပြခဲ့တဲ့ ကာတွန်းပုံကို သုံးသပ်တာမျိုး မိန်းကလေးက မိန်းကလေးအစွဲထားပြီး သုံသပ်တယ်။

ယောက်ျားလေးကလည်း ယောက်ျားအစွဲထားပြီး ဝေဖန်တာမျိုး ဖြစ်လာတော့တယ်။

လက်တွေ့လောကမှာလည်း မိတ်ဆွေအချင်းချင်း၊ လင်မယားအချင်းချင်း၊ ညီအကိုမောင်နှမ

အချင်းချင်း အစရှိသဖြင့် အစွဲ(အတ္တ)ကို ပယ်ထားပြီး ပြသနာသီးသန့်ကို အဖြေရှာစေလိုပါတယ်။



(၂) လှည့်ဖြားခံရခြင်း


ဒီနေရာမှာ လှည့်ဖြားခံရသူက စာဖတ်သူတို့ ဖြစ်ပြီး၊

လှည့်ဖျားသူက ကျွန်တော် (အိမ်ဝေးသူ) ပဲ ဖြစ်ပါတယ်။ ကျွန်တော်က မိန်းကလေး၊

ယောက်ကျားလေး အယူအဆ တိုက်ပွဲဖြစ်အောင်၊ အစွဲများ ခိုက်ရန်ဖြစ်အောင်၊ အနည်းဆုံး

အပြန်အလှန် အငြင်းအခုံဖြစ်အောင် သွေးထိုးပေးလိုက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့

ဒီပုံကို ကျွန်တော်တင်ပြီးတော့…

{{{ ဒီပုံကိုကြည့်ပြီး...
စာဖတ်သူ ဘယ်လို ထင်မြင်ယူဆပါသလဲ ?

အခါအခွင့်သင့်တယ် ဆိုရင်ဖြင့်
အမြင်လေးတွေ ပြောခဲ့စေလိုပါတယ်။}}}

လို့ တင်ထားတဲ့သဘောကိုက မိန်းကလေး၊

ယောကျားလေး အပြန်အလှန် ငြင်းခုံကြမယ်ဆိုတာ ကြိုတွေးပြီးသားပါ။


ဘာကြောင့် စာဖတ်သူတို့ လှည့်ဖြားခံရပါသလဲ?


အဖြေကတော့…

စာဖတ်သူတို့ရဲ့  (ဖို၊မ) အစွဲကို သိထားတဲ့ ကျွန်တော်ဟာ အဲဒီအစွဲကို

တည်ကြက်အဖြစ် ဖန်တီးပြီး လှည့်ဖြားလိုက်ခြင်းပါပဲ။ တကယ့်လက်တွေ့ဘဝမှာ

ကျွန်တော်တို့တတွေဟာ မိတ်ဆွေအချင်းချင်း၊ လင်မယားအချင်းချင်း၊ ညီအကိုမောင်နှမ

အချင်းချင်း သံသယတွေနဲ့ တိုက်ခိုက်တတ်ကြပါတယ်။ အမုန်းထားတတ်ကြပါတယ်။ အဲလို

ကြုံလာတဲ့အခါ မိမိတို့ကြားထဲမှာ ကုန်းချောသူ သို့မဟုတ် လှည့်ဖြားသူ ( Third person ) ကို

သတိထားစေချင်ပါတယ်။ အဲဒီ တတိယလူကို ခြေရာခံမိခြင်းဟာ ပြသနာရဲ့ အထိန်းအကွပ်ပဲ

ဖြစ်ပါတယ်။



(၃) ကိုယ့်မျက်ချေး ကိုယ်မြင်နိုင်စွမ်း မရှိခြင်း


ကျွန်တော် အဓိကပြောချင်တဲ့ အရေးအကြီးဆုံး အပိုင်းက ဒီအပိုင်းပါ။

လူ့သဘာဝအရ ကျွန်တော်တို့ဟာ သူများအမှားကို ထောက်ပြဝေဖန်ရတာမျိုးကို

ပိုပြီးအားသန်ကြပါတယ်။

ဥပမာအားဖြင့်…။

အိမ်ဝေးသူအနေနဲ့

ဒီပုံကိုကြည့်…ကွန်ပျူတာကီးဘုတ်ပေါ် လက်ချောင်းလေးတွေ ပြေးခိုင်းလိုက်ပြီး

တဒေါက်ဒေါက်နဲ့ ဝေဖန်ရေးလုပ်ရတာ လွယ်တာပေါ့။ လွယ်လွယ်လေးပဲ…မြင်တာတွေကို

တန်းစီပြီး ပြောသွားလိုက်ရုံပဲ…ဘာခက်တာမှတ်လို့။

သို့သော်….အိမ်ဝေးသူ ကျွန်တော်ရဲ့ အခြေအနေက ဒီပန်းချီကားထဲကလို ဖြစ်နေရင်

အခုလို ဝေဖန်ရေးလုပ်နိုင်စွမ်းပါ့မလား?…သုံးသပ်နိုင်ပ့ါမလား?

ဘာကြောင့်ပါလဲ…?

ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ဘဝပြသနာတွေကို

အခုန ကာတွန်းကားတစ်ချပ်လို နံရံပေါ်ချိတ်ဆွဲပြီး အမှန်အမှားကို အလွယ်တကူ

ဝေဖန်သုံးသပ် မြင်နိုင်စွမ်းမရှိလို့ပါ။

တစ်ခါတရံမှာ ကျွန်တော်က အတ္တကြီးတဲ့ ခင်ပွန်း ဖြစ်နေနိုင်တယ်။

သို့သော် ကျွန်တော် မမြင်နိုင်။

တစ်ခါတရံမှာ ဇနီးဖြစ်သူကလည်း အတ္တကြီးတဲ့ မိန်းမ ဖြစ်နေနိုင်တယ်။

သို့သော်…သူမက အလွယ်တကူ မြင်နိုင်မှာမဟုတ်။

ဘယ်လိုဖြစ်ဖြစ် ဒီပုံကိုကြည့်ပြီးတော့ စာဖတ်သူတို့နဲ့ ကျွန်တော် ကောက်ချက်ချနိုင်တာက

(ဒီပုံဟာ သာမန် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံတစ်ပုံ မဟုတ်ဘူး…တစ်ခုခု လိုနေသလို…တစ်ခုခု

ပိုလွန်နေတယ်လို့ ပြောလို့ရပါတယ်)။ သူများအိမ်ထောင်ရေးမှာ အဖုအထစ်၊ အမှားအယွင်း

တစ်ခုခုရှိနေတာကို (သံသယ၊ အတ္တ အစရှိသဖြင့်) ကျွန်တော်တို့ ဘယ်လိုသိခဲ့တာလဲ?

ဒီကာတွန်းပန်းချီပုံလေးကြောင့်ပါပဲ။

ဒါဆို ကျွန်တော်တို့လည်း…

အိမ်ထောင်ဘက် အချင်းချင်း ဖြစ်စေ….

သူငယ်ချင်း အချင်းချင်း ဖြစ်စေ…

လုပ်ဖော်ကိုင်ဖက် အချင်းချင်းဖြစ်စေ…

ချစ်သူ အချင်းချင်း ဖြစ်စေ…

နှစ်ဖက်သား ဆက်ဆံရေး အခြေအနေပြ ပန်းချီကားတစ်ချပ်ကို

တစ်လတစ်ကြိမ်(သို့)သုံးလတစ်ကြိမ် (သို့) ခြောက်လတစ်ကြိမ် (သို့) နောက်ဆုံး

တစ်နှစ်တစ်ကြိမ်မဆို ရေးဆွဲသင့်ပါတယ်။ ရေးဆွဲရန် ပန်းချီပညာ တတ်မြောက်ကျွမ်းကျင်စရာ

မလိုပါ။ သို့သော် နှစ်ဦးနှစ်ဘက် မျက်နှာချင်းဆိုင်ပြီး မိမိမကြိုက်သည့် သူ့အကျင့်စရိုက်(သို့)

သူမကြိုက်သည့် မိမိအကျင့်စရိုက်၊ မိမိအတ္တကျူးမှု (သို့) သူ့အတ္တကျူးမှု၊ မိမိရဲ့ သူ့အပေါ်ထားရှိတဲ့

သံသယ (သို့) သူရဲ့ မိမိအပေါ်ထားရှိတဲ့ သံသယ အစရှိသဖြင့် ဆွေးနွေးတိုင်ပင်

ညှိနှိုင်းဖို့လိုပါတယ်။ အဲဒီအခါ နှစ်ဖက်သား အခြေအနေပြ ပန်းချီကားတစ်ချပ် လှလှပကြီး

သက်သေအဖြစ် ကျန်ရစ်ခဲ့ပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

(ပြုပြင်ပြောင်းလဲလိုစိတ် ရှိသရွေ့ ပေါ့)



မှတ်ချက်။


ဟာသကာတွန်းပန်းချီကားလေးကို အကြောင်းခံပြီး လက်တွေ့ဘဝနယ်ပယ်ထဲသို့ စာဖတ်သူကို

ဆွဲခေါ်သွားမိပါသည်။ ပေါ့ပါးသော အသွင်မှ လေးပင်သော အဖြစ်သို့ ဦးတည်မိသည့်အတွက်

စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ပို့စ်ပါအကြောင်းအရာတွင်ပေးထားသော ဥပမာတစ်ချို့ အား

ဥပမာအဖြစ်သာ ခံယူကြစေလိုပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အယူအစွဲများဖြင့်

ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါကြောင်း။


အိမ်ဝေးသူ (KZ)


Sunday, 16 March 2014

ထိုအခိုက်ဝယ်



တစ်ခါတရံမှာ ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ လက်ဝယ်ရောက်ရှိနေတဲ့

အရာတိုင်းကို ကိုယ်နဲ့သာဆိုင်တယ်လို့ ယုံကြည်တတ်ကြပါတယ်။

ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ...

မိမိလက်ဝယ်ရောက်နေတဲ့အရာ ( တစ်နည်း...မိမိပိုင်ဆိုင်တဲ့အရာ) ကို

တစ်ပါးသူရဲ့ လက်ထဲကို ကျေနပ်ဝမ်းမြောက်စွာ ပေးလိုက်ရတာမျိုးလည်း

ရှိတတ်ပါတယ်။


အဲဒီလို အခွင့်အခါမျိုးက လူတိုင်း မကြုံတတ်ကြပါဘူး...။

ကြုံရင်လည်း လူတိုင်းမှာ ( အဲ့လို ပေးနိုင်တဲ့ နှလုံးသားမျိုး ) မရှိကြပါဘူး။

ဒါပေမယ့် အဲလိုပေးနိုင်တဲ့ အနေအထားမျိုးနဲ့ အချိန်တစ်ခုကို

ကြုံကြိုက်ရလို့ တစ်စုံတယောက်ရဲ့  လိုအပ်ချက်ကို မိမိရပိုင်ခွင့်အပြည့်ထဲက

ရဲရဲဝံ့ဝံ့ ပေးကြည့်လိုက်စမ်းပါ...။

မိမိ
လိုချင်တာ မရလိုက်သည့်တိုင်အောင်....

မိမိရဲ့  ထိုတစ်စုံတရာကို အခြားလိုအပ်သူတစ်ယောက်ယောက်ကို

ပေးလိုက်လို့ ဖြစ်လာတဲ့ ခံစားမှု (ကျေနပ်ပီတိ) က

ဘယ်လိုအရာနဲ့မှ မလဲနိုင်ပါဘူး။


ဒီဗွီဒီယိုထဲက ကလေးငယ်လေးဟာ
------------------------------------

၁) ကလေးသဘာဝ အရ လိုချင်တပ်မက်မှု အပြည့်ရှိတယ်။

၂) ကံကောင်းထောက်မစွာနဲ့ သူစားချင်တာ...သူလိုချင်တာကို ဝယ်နိုင်တဲ့ ငွေကို

သူရရှိသွားတယ်။

၃) ဘယ်အရာကမှ သူစားချင်တာကို မစားရလေအောင်၊ သူလိုချင်တာကို

မရနိုင်လေအောင် မတားဆီးနိုင်ဘူး။

၎) ဒါပေမယ့် အဘွားအိုရဲ့  မြေးအရွယ် ကလေးငယ်တစ်ယောက်ရဲ့  မတော်တဆ

မှားယွင်းမှုတစ်ခုအပေါ် ခွင့်လွှတ်ပေးလိုက်နိုင်မှုကတော့ ငွေကောက်ရတဲ့

ကလေးငယ်ရဲ့  ရင်ဘတ်ထဲကို နက်နက်ရှိုင်းရှိုင်း စူးနစ်ဝင်ရောက်စေခဲ့တယ်။

၅) သူ့ရဲ့ ဆာလောင်မှု...လိုချင်တပ်မက်မှုတွေအားလုံးကို အဘွားအိုရဲ့ 

ခွင်လွှတ်စာနာတဲ့ အပြုံးတစ်ပွင့်က အနိုင်ယူသွားတယ်။

၆) ကလေးငယ်က သတ္တိရှိတယ်။ သူ့လိုအပ်ချက်နဲ့ အဘွားအိုရဲ့ လိုအပ်ချက်ကို

တစ်ခနတာ နှိုင်းယှဉ်ပြီး တကယ့်လိုအပ်သူကို ကွဲကွဲပြားပြား သုံးသပ်နိုင်ခဲ့တယ်။

၇) အဲဒီနေ့က အဲဒီကလေးငယ်ဟာ သူစားချင်တာ..သူလိုချင်တာ မရလိုက်ပေမယ့်

သက်ကြီးရွယ်အိုတစ်ယောက်ရဲ့  အိုမင်းမစွမ်းအရွယ်မှာ ရင်ဘတ်ထဲက

တိတ်တဆိတ် ပေးလိုက်တဲ့ ဆုတောင်းစကားလေးတစ်ခွန်းက

သူ့ဘဝတစ်သက်တာလုံးမှာ သူစားချင်တာတွေ...လိုချင်တာတွေအားလုံး

ပြည့်ဝစေမယ့် အကြောင်းခံတစ်ခု မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ယတိပြတ်

ပြောလို့ ရနိုင်ပါသလား???


အကယ်၍များ...
အကယ်၍များ...
အကယ်၍များ....

ဗွီဒီယိုထဲက အဘွားအို က...

ကလေးငယ်လေး ဘောလုံးကန်လိုက်လို့ ကျကွဲသွားတဲ့ ဖန်ခွက်တွေအတွက်

ဒေါသထွက်ပြီး ခွင့်လွှတ်ပြုံးနဲ့ ချိုချိုသာသာ မတုံ့ပြန်ခဲ့ဘူးဆိုရင်....

နောက်ဆက်တွဲ အခြေအနေတွေအားလုံးက....

ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်လာပါ့မလား???


ဒီအဖြစ်အပျက်မှာ...အလှဆုံး အခြေအနေတစ်ခု ရှိနေတာကို

ကျွန်တော်တို့သတိပြုမိပါသလား???

အဲဒါကတော့... မေတ္တာတရားနဲ့ သန့်ရှင်းတဲ့ အပြုံးတို့ဟာ အတားအဆီးမဲ့

အပြန်အလှန် အတိုင်းမဲ့...အနှိုင်းမဲ့ စီးဆင်းတာပါပဲ...။

အဘွားအိုရဲ့  လုပ်ရပ်က ကလေးငယ်ကို သက်ရောက်စေတယ်...။

ကလေးငယ်ရဲ့ တန်ပြန်လုပ်ရပ်က အဘွားအိုကို အကျိုးဖြစ်ထွန်းစေခဲ့တယ်။

( မည်သူတစ်ဦးတစ်ယောက်ကမျှ တန်ပြန်တုန့်ပြန်မှုကို မျှော်လင့်မထားခဲ့ပါ )



မှတ်ချက်။

ီဒီဗွီဒီယိုနဲ့ ပက်သက်လို့ ကွန်တော် အပြုံး (၄) ခုကို မှတ်မှတ်ရရ သတိပြုမိပါတယ်။

(၁)
ဘောလုံးကန်လိုက်တဲ့ ကလေးငယ်ကို အဘွားအိုက ခွင့်လွတ်လိုက်တဲ့ အပြုံး...။

(၂)
ဖန်ခွက်အသစ်တွေကို ပြန်ရတဲ့အခါ ဖြစ်လာတဲ့ အဘွားအိုရဲ့ အပြုံး...။

(၃)
သူ့လုပ်ရပ်ကို သူကျေနပ်အားရပီတိဖြစ်ပြီး ပြုံးလိုက်တဲ့ ကလေးငယ်ရဲ့ အပြုံး...။


သုံးခုတည်းပါလို့ မပြောလိုက်ပါနဲ့ဦး။
လေးခုမြောက် အပြုံးတစ်ခု ကျန်ပါသေးတယ်။
အဲဒါကတော့...။

(၄)

မေတ္တာတရားနဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေရဲ့ ကူးစက်ခြင်းကို ခံရပြီး

ကွန်ပျူတာရှေ့ မှာ (သို့မဟုတ်) Phone Screen ရှေ့မှာ ကျေကျေနပ်နပ် ပြုံးမိတဲ့

စာဖတ်သူရဲ့  အပြုံး/ ကျွန်တော့်အပြုံး။

အိမ်ဝေးသူ (KZ)

Friday, 7 March 2014

ဒီပုံကိုကြည့်ပြီး... စာဖတ်သူ ဘယ်လို ထင်မြင်ယူဆပါသလဲ ?

အခါအခွင့်သင့်တယ် ဆိုရင်ဖြင့်
အမြင်လေးတွေ ပြောခဲ့စေလိုပါတယ်။

Thursday, 6 March 2014

လူကြီး နှစ်မျိုး (အဆက်)


   ရင့်ကျက်တည်ငြိမ်တဲ့ လူကြီးဆိုတာ

   တစ်စုံတစ်ခု မလုပ်ခင်မှာ...

   လုပ်သင့် မလုပ်သင့် စဉ်းစားဆင်ခြင်နိုင်စွမ်းသူ ဖြစ်တယ်။

   မိမိအသက်အရွယ်နဲ့ မိမိလုပ်ရပ်က

   သိသိသာသာ ဆန့်ကျင်ဘက် ကွာဟနေတယ်ဆိုရင်

   လူကြီးမဖြစ်သေးတဲ့ ကလေးကြီးပဲ။


   အိမ်ဝေးသူ (KZ)



(၁)

ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး လို့ ဆိုကြပါတယ်။
သို့ဆိုလျှင် ယနေ့ လူကြီး၊ နောင်ဝယ်..... ???
လူငယ်တွေကို ကြိုးစားဖို့ မှာနေရုံနဲ့ပဲ လူကြီးတွေရဲ့  တာဝန်ကျေပွန်ပြီလား???


(၂)

ကျွန်တော့်ရဲ့ လူငယ်၊ လူကြီး သတ်မှတ်ချက်လေးက ဒီလိုပါ။

၂၅ နှစ်အောက်.......လူငယ်

၂၅ နှစ် - ၃၉ နှစ်.....လူကြီးဖော်ဝင်စ

၄၀ နှစ် အထက်..... လူကြီး


(၃)

အများစုက
လူငယ်ဆိုတာ...ရင့်ကျက်မှု အားနည်းသူ
လူကြီးဆိုတာ...ရင့်ကျက်မှု အားကောင်းသူ လို့ သတ်မှတ်ကြပါလိမ့်မယ်။
ရင့်ကျက်မှုဆိုတာကို ပိုင်ဆိုင်ဖို့အတွက် အရင်းအနှီး ကြီးပါတယ်။
ဖြတ်သန်းခဲ့တဲ့ ဘဝအနေအထားအလိုက် ရင့်ကျက်မှု ( အနု၊အရင့် ) ကွာနိုင်ပါတယ်။
ဒါဆိုရင်...လူကြီးတစ်ယောက်မှာ ရှိတဲ့ ရင့်ကျက်မှုက မြင်သာထင်သာ မရှိသင့်ဘူးလား???


(၄)

တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတာ အခြေအနေ တစ်ခုမှာ မှန်တယ်ဆိုရင်
နောက်အခြေအနေတစ်ခုမှာ ရာနှုန်းပြည့် မှန်နိုင်ပါ့မလား ???
အပေါ်ယံ ရှပ်ကြည့်ပြီး သုံးသပ်ဝေဖန်တဲ့ သဘောမျိုးရော မသက်ရောက်ဘူးလား ???
မြင်တစ်လုံး၊ ထင်တစ်လုံးနဲ့ ဝေဖန်ဆုံးဖြတ်တတ်ကြတဲ့ ကျွန်တော်တို့
လူ့ဘောင်အသိုင်းအဝိုင်းမှာ

" ဒီလူကြီးကွာ Facebook မှာ ပေါတောတောနဲ့ ဘာတွေရေးမှန်းမသိဘူး...

လူကြီးက လူကြီးနဲ့ကို မတူဘူးလို့"

များ စွပ်စွဲခံရရင် လူကြီးတစ်ယောက်အနေနဲ့ ပျော်နိုင်မယ်လို့ မထင်မိပါ။
အမြင်တင့်တယ်အောင် သင့်တင့်တဲ့ အဝတ်မျိုးကို ဝတ်သင့်သလို
လူကြီးတစ်ယောက်အနေနဲ့ လူငယ်တွေ အမြင်တော်အောင် Facebook မှာ သတိမထားသင့်ဘူးလား ???


(၅)

လူကြီးတစ်ယောက်အနေနဲ့ Facebook Timeline ပေါ်မှာ
ကလေးဆန်တာ ကိစ္စအထွေအထူးမရှိဘူးလို့ ယေဘုယျ ပြောချင်ပေမယ့်
ဘဝဆိုတဲ့ Timeline မှာ Facebook Timeline မှာလုပ်ခဲ့တဲ့ ကလေးဆန်မှုတွေ ကပ်ပါခဲ့ရင်ရော ???


(၆)

Facebook ဆိုတာ ကိုယ့်နာမည်နဲ့ ကိုယ့်အကောင့်ဖွင့်ပြီး ကိုယ်ကြိုက်တာကို
ကိုယ်ရေးခွင့်ရှိပါတယ်လို့ ပြောချင်သူများလည်း ရှိပါလိမ့်မယ်။
မင်းကို ဘယ်သူက အတင်းလာကြည့်ခိုင်းနေလို့လဲ မေးလာရင်
အတင်းမကြည့်ခိုင်းလဲ Timeline ဆိုတာ ရှိနေသရွေ့ သူငယ်ချင်းတွေ အားလုံး မြင်နိုင်ကြမှာပါ။


(၇)

Facebook မှာ ပျော်စေပျက်စေ ဆိုတဲ့သဘောမျိုးပဲ ရေးရေး
စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ သုံးတာမျိုးပဲ ဖြစ်စေ
သတိထားမိရမယ့် အချက်ကတစ်ချက်က

( မိမိရဲ့  အားနည်းချက်ကို လူသိအောင် ကြေငြာတာမျိုး ) မဖြစ်စေဖို့ပဲ...။

ဘာဆိုင်လို့လဲ လို့ မေးချင်ပါသလား ???
မေးရင် ဥပမာ တစ်ခု ပေးပါမယ်။

ဥပမာ...။

မိန်းမပျိုလေးတစ်ယောက်က အလွန်သနား ကြင်နာတတ်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတယ်။
သူနဲ့ သူ့ Facebook သူငယ်ချင်းတွေ အားလုံးကိုလည်း သနားကြင်နာတတ်ကြောင်း ပြလေ့ရှိတယ်။
အများစုကလည်း သူ့ သနားကြင်နာတတ်မှု ကို သိကြတယ်။
ဒီနေရာမှာ...
သူကလွဲရင်...တစ်ခြားသူတွေအားလုံးက သူရဲ့ သနားကြင်နာတတ်မှုကို လက်ခံတဲ့ ပုံစံ (၂) မျိုးဖြစ်သွားတယ်။

(၁) ဒီမိန်းကလေးက တော်တော် သဘောကောင်းတယ်။ အရမ်း သနားကြင်နာတတ်တာပဲ။
(၂) ဒီမိန်းကလေးက စိတ်တော်တော် ပျော့တယ်။ အရမ်းယုံလွယ်ပြီး သနားလည်း သနားတတ်တယ်
     (ဂွင်/ခွင်) ပဲ။

ပထမ တစ်မျိုးက အသိအမှတ် ပြုတာ...အန္တရာယ် မရှိလှဘူး။
ဒုတိယ တစ်မျိုးကတော့ အခွင့်အရေး ယူချင်တာ... အန္တရာယ် ကြီးလွန်းတယ်။
သနားချစ်ကို လူတိုင်းကြားဖူးကြပါတယ်။
တကယ်လို့များ တစ်စုံတစ်ယောက်က သနားလာအောင် ပုံပြင်လှလှလေးတွေ ဖန်တီးခဲ့မယ်ဆိုရင် ???


(၈)

တစ်ချို့  လူကြီးတွေ အပြင်မှာ စရိုက်တစ်မျိုး
Social Networks တွေမှာ စရိုက်တစ်မျိုး ဖြစ်နေတတ်ပါတယ်။
ဒီလူကြီး ဟုတ်မှ ဟုတ်ပါ့မလား လို့တောင် အထင်မှားစေနိုင်ပါတယ်။
Virtual networking sites တွေမှာ လူအထင်ကြီးခံရအောင်လွယ်ပေမယ့်
လက်တွေ့ အပြင်လောကမှာ တည်ဆောက်ယူရတာ ခက်ခဲပါတယ်။


(၉)

လူကြီးတွေဟာ...လူငယ်တွေရဲ့  ရှေ့ဆောင် လမ်းပြတွေ ဖြစ်ကြပါတယ်။
( Online+Offline ) နှစ်ခုစလုံးမှာ လူငယ်တွေ အတုယူချင်စိတ်ဖြစ်အောင်
နေပြရမှာ လူကြီးတွေရဲ့  တာဝန်ဖြစ်ပါတယ်။


(၁၀)

အိမ်ဝေးသူ...မင်း သိပ်လျှာရှည်တာပဲ....
ဒီကိစ္စတွေ ငါတို့ သိပြီးသားတွေချည်းပဲ....
အသစ် တစ်ခုမှ မပါဘူးလို့ ဆိုရင်...
အသစ် တစ်ခုကို ပြောပါမယ်။
အပေါ်မှာ တင်ပြခဲ့တဲ့ အချက်တွေဟာ သာမန် လူကြီး တစ်ယောက်
အတွက်ဆိုရင် အသစ်မဟုတ်ပေမယ့်
အဲဒီလို ကလေးဆန်တဲ့ လူကြီးတစ်ယောက်ဟာ...

နိုင်ငံတော် အကြီးအကဲ တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင်...???

ဆန်းတာ...သစ်တာတွေ ဖြစ်လာမယ်လို့ ထင်မိပါကြောင်း ။


အိမ်ဝေးသူ (KZ)


မှတ်ချက်။

အမြင်မတူလျှင် ရန်သူဆိုသောစကားက နှစ်ဆယ့်တစ်ရာစု၏
အမှေးမှိန်ဆုံး စကားတစ်ခွန်း ဖြစ်ခဲ့ပါပြီ။
စာဖတ်သူထံမှ မတူသော အမြင်ရှိလျှင်...ချပြပါ။
အကျိုးအကြောင်း ဆီလျော်ပါက ကျေနပ်စွာလက်ခံမည်။

လူကြီးနှစ်မျိုး


(၁)
အသက်ကြီးတယ်
အသိတော့ ငယ်တယ်။
လူကြီးစိတ် မွေးချင်ပေမယ့်
ကလေးစိတ်က အားကြီးတယ်။
ကလေးတစ်ယောက်လို
ကျင့်ကြံလာရင်း
တကယ့် ကလေးတစ်ယောက်
ဖြစ်လာတယ်။
(၂)
အသက်ကြီးတယ်
အသိလည်း ကြီးတယ်။
လူကြီးစိတ်ကို တည်ဆောက်ယူတယ်။
လူကြီးတစ်ယောက်လို
ကျင့်ကြံလာရင်း
တကယ့် လူကြီးတစ်ယောက်
ဖြစ်လာတယ်။
မှတ်ချက်။
တစ်ချို့ က ဆိုကြတယ်။
မျက်လုံးဆိုတာ စိတ်ရဲ့  ပြတင်းတဲ့။
ဒီဘက်ခေတ်မှာ
Facebook ဟာလည်း လူတွေရဲ့  စိတ်ကို
အတိုင်းအတာတစ်ခုထိ မှန်းဆနိုင်စွမ်းတဲ့
တဆင့်ခံ မျက်လုံးလို့ပြောရင် မှားမယ်မထင်ပါ။
အသက်ကြီးပေမယ့် လူကြီး မဖြစ်သေးတဲ့ လူကြီးတွေ
အသက်ငယ်ပေမယ့် ကလေး မဆန်တဲ့ လူငယ်တွေ
.................................................................တွေ
.................................................................တွေ
အများကြီးကို Facebook wall တွေပေါ်က တဆင့်
မြင်နိုင်လာပါပြီ။
အိမ်ဝေးသူ (KZ)

Saturday, 1 March 2014

စောသေးတယ်လို့ မထင်လိုက်ပါနဲ့


သင်…
နှုတ်ဆက်ချင်သူတွေကို
နှုတ်ဆက်ခွင့်ရနေချိန်မှာ
နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်လိုက်ပါ။

နှုတ်မဆက်ခဲ့ရလေခြင်းလို့
သင်…
နာကျင်ကြေကွဲမိမယ့် အချိန်ဟာ
ပြန်လှည့်ခွင့်မရှိတဲ့ ခရီးတစ်ခုကို
အစပျိုးနေချိန် ဖြစ်လိမ့်မယ်။
ကျေးဇူးပြုပြီး…
နှုတ်ဆက်ခွင့် ရှိနေချိန်မှာ အပြုံးတစ်ချက်နဲ့ နှုတ်ဆက်လိုက်ပါ။
အိမ်ဝေးသူ (KZ)