Thursday, 30 July 2015
လိုင်လာခန်း(န်) Vs အဖွဲ့ကြီး (၅) ဖွဲ့
အခြေအနေ-၁
မောင်ဖြူသည် တော်သည်။
မောင်ညိုသည် တော်သည်။
x
အခြေအနေ-၂
မောင်ညိုသည် မောင်ဖြူထက် ပိုညံ့သည်။
မောင်ဖြူသည် မောင်ညိုထက် ပိုတော်သည်။
x
မောင်ဖြူ တော်သည့်ကိစ္စတွင်
မောင်ဖြူတစ်ယောက်တည်းကို တော်ပါသည်ဟု ပြောလျှင် သင့်တော်ပါသည်။
သို့သော်...မောင်ဖြူ တော်သည့်အကြောင်းအရာကို ပြောချင်ဇောဖြင့်
မောင်ညိုနှင့် နှိုင်းယှဉ်ပြီး ပြောခြင်းကိုတော့ ကျွန်တော် သိပ်ပြီးဘဝင်မကျလှပါ။
x
အများစုနှင့် အမြင်မတူနိုင်သည့် ကိစ္စတစ်ခုကို ကျွန်တော်ပြောချင်ပါသည်။
ထိုကိစ္စမှာ ယခု ရက်ပိုင်းအတွင်း နာမည်ကြီးနေသော ဘောလီးဝုဒ်မင်းသမီး
လိုင်လာခန်း(န်) နှင့် ပက်သက်၍ ဖြစ်သည်။
x
ကျွန်တော် အထက်မှာ တင်ပြခဲ့သော အခြေအနေ ၂မျိုးကဲ့သို့ပင်ဖြစ်သည်။
လိုင်လာခန်း(န်) တော်သည်၊ ထက်မြက်သည်၊ သတ္တိရှိသည်၊ ပြောဆိုရဲသည်။
ထိုအရာအားလုံးကို ကျွန်တော် ခြွင်းချက်မရှိ လက်ခံပါသည်။ သို့သော်
လိုင်လာခန်း(န်) ပြောရဲဆိုရဲသည်ကို အခြေအနေ ၁ တွင် တင်ပြခဲ့သလို
သူမ၏ အမည်နာမတစ်ခုတည်းကို သုံးပြီး အဘယ်ကြောင့် ရေးသားခြင်း
မပြုကြပါသနည်း။ အဘယ်ကြောင့် အဖွဲ့ကြီး ၅ ဖွဲ့ နှင့် နှိုင်းယှဉ်ပြီး ရေးသား
ကြသနည်း ဆိုသည်ကိုလည်း အံ့သြမိပါသည်။ ကျွန်တော် ဆိုလိုချင်သည်ကို
နားလည်ကြမည်ဟု ယူဆပါသည်။
x
အခြေအနေ။
၁- အဖွဲ့ကြီး(၅)ဖွဲ့ ညံ့သည်။
၂- လိုင်လာခန်း(န်) တော်သည်။
ထိုသို့ ဖြစ်စေချင်သလား?
တသီးပုဂ္ဂလ အနေအထားဖြင့် ချီးကျူးခြင်း၊ ဝေဖန်ခြင်းကို လက်ခံပါသည်။
သို့သော် အဖွဲ့ကြီး၅ဖွဲ့သည် လိုင်လာခန်း(န်) လောက် သတ္တိမရှိဟူသော
အရေးအသားများကိုမူ ကျွန်တော် သဘောမကျမိပါ။ ထိုမျှမက သေးပါ။
နှိုင်းယှဉ်ရေးသားရလောက်အောင်လည်း တစ်ဖက်က သရုပ်ဆောင်မင်းသမီး
ဖြစ်ပြီး အခြားတစ်ဘက်မှာ (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ)
မြန်မာမွတ်စလင်လူထုကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနေသည့်
သာသနာ့ပညာရှင်များပါဝင်သော အဖွဲ့အစည်းများ ဖြစ်နေသည်။ ဂုဏ်ရည်လည်း
မတူ။ အနေအထားချင်းလည်း မတူကြပါ။
x
ကျွန်တော်သည် သာသနာ့ပညာရှင် မဟုတ်ပါ။ ထို့အတူ ရုပ်ရှင်သရုပ်ဆောင်
တစ်ဦးလည်း မဟုတ်ပါ။ သာမန် လူပြိန်းတစ်ယောက်မျှသာ ဖြစ်ပါသည်။
လိုင်လာခန်း(န်) ပြောဆိုသွားသည့် ကိစ္စများကို ကျွန်တော် သဘောကျပါသည်။
သတ္တိရှိသည်။ ပြောရဲဆိုရဲသည်။ သူမ ယုံကြည်ရာကို သူမ တင်ပြသွားသည်။
သို့သော် သူမကိုယ်တိုင်လည်း သူမလောက်တောင် အဖွဲ့ကြီး၅ဖွဲ့က သတ္တိမရှိဟု
တွေးခဲ့မိလိမ့်မည်ဟု မထင်။ ယခုတော့ သူမအကြောင်းကို ချီးကျူးပြောဆိုနေကြသူများ
ရေးထားသော အရေးအသားများကို ကြည့်ပြီး သူမကိုယ်တိုင်လည်း စိတ်မကောင်း
ဖြစ်နေနိုင်သည်။ ကျွန်တော်တို့ သတိထားရမည့် အချက်မှာ လိုင်လာခန်း(န်) သည်
ပွင့်လင်းစွာ ပြောဆိုခွင့် ရှိသော နိုင်ငံတစ်ခုမှာ အချိန်ကာလတစ်ခုအထိ ဖြတ်သန်းခဲ့
ဖူးခြင်း ဖြစ်သည်။ လွတ်လပ်စွာ ပြောရဲဆိုရဲသော ကိစ္စမှာ သူမအတွက် အထူးအဆန်း
အကြောင်းအရာ တစ်ခုမဟုတ်ဟု ကျွန်တော်ယူဆပါသည်။
x
ကျွန်တော့်အနေဖြင့် အများနှင့်မတူသော အယူအဆတစ်ခုကို တင်ပြပြီး
စာဖတ်သူများအား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခြင်းမဟုတ်ပါ။
သို့သော် မနှိုင်းယှဉ်သင့်သည်ကို နှိုင်းယှဉ်သည့် အရေးအသားများကို
ထောက်ပြမိခြင်း ဖြစ်ပါသည်။ အဖွဲ့ကြီး ၅ဖွဲ့ထဲမှာ ကျွန်တော့်လို လူပြိန်း
တစ်ယောက်ထက် အဆပေါင်းများစွာ သာသနာ့အရေးကို လုပ်ဆောင်နေကြသော
သာသနာ့ပညာရှင်များ ပါဝင်နေမည်ဟု ယူဆသည့်အတွက် ရေးသားခြင်းဖြစ်ပါသည်။
သူတို့ သာသနာအတွက် အလုပ်လုပ်သည်၊ အလုပ်မလုပ်ပါ ဆိုသည့်အကြောင်းအရာကို
လူကြီးမင်းတို့ စိတ်ကြိုက် ဝေဖန်နိုင်ပါသည်။ (ကျွန်တော် ဘာမှ မပြောလိုပါ)
x
နိဂုံးချုပ်ပါမည်။
ကျွန်တော်သည် မည်သူ့ဘက်တော်သားမျှ မဟုတ်ပါ။
မနှိုင်းယှဉ်သင့်သည်ကို နှိုင်းယှဉ်ပြီး မိမိမွတ်စလင်မ် ညီနောင်သားချင်းအချင်းချင်း
သိက္ခာကျစေနိုင်သည့် ကိစ္စတစ်ခုအဖြစ် ယူဆမိသောကြောင့်သာ ရေးသားမိပါသည်။
အဖွဲ့ကြီး (၅) ဖွဲ့ တော်သလား ညံ့သလား၊ လိုင်လာခန်း(န်) တော်သလား ညံ့သလား?
ကျွန်တော့် အလုပ်မဟုတ်ပါ။ သို့သော်...တစ်ယောက်တော်သည့်အတွက် အခြား
တစ်ယောက်(တစ်ဖွဲ့) ကို ဆွဲသွင်းဖော်ပြသည်ကိုတော့ သဘောမကျလှပါ။
တော်လောက်ပြီဟု ယူဆပါသည်။ ဆက်ပြောလျှင်လည်း ဂျာအေးကို သူ့အမေရိုက်၊
မုန့်လုံးစက္ကူကပ်သလိုသာ ဖြစ်ချေတော့မည်။
----------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
မည်သူနှင့်မျှ အငြင်းအခုံ မဖြစ်လိုပါ။ ငြင်းခုံနိုင်စွမ်းလည်း မရှိပါ။ အချိန်လည်း မပေးနိုင်ပါ။
မိမိ အမြင်ကို မိမိ အရိုးသားဆုံး တင်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ တော်သည်၊ ညံ့သည်ဟု
နှိုင်းယှဉ်ပြောဆိုခံရသည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုက်လိမ့်မည် မဟုတ်ပါ။
Wednesday, 29 July 2015
အလဲအလှယ်
ရုပ်ဝထ္ထုအားဖြင့် တန်ဖိုးကြီးတယ်ဆိုတဲ့အရာတစ်ခုကို
နာမ်ခံစားမှုတစ်ခုတည်းကိုကြည့်ပြီး
အများအမြင်မှာ တန်ဖိုးသေးတဲ့အရာတစ်ခုနဲ့
ကျွန်တော် အလဲအလှယ် လုပ်ပစ်လိုက်တယ်။
x
လောကကြီးမှာ ကျင့်သုံးနေကြတဲ့
တစ်ခုလိုချင်ရင် တစ်ခုပေးရတဲ့ နိယာမကိုနားလည်ထားလို့
အပေးအယူ လုပ်လိုက်ရတာကို ကျွန်တော် ဆယ်ခါပြန် ကျေနပ်တယ်။
x
စက်ရုပ်ဆန်တဲ့ နိုင်ငံမှာ နေရသူတစ်ယောက်အနေနဲ့
စက်ရုပ်ဆန်ဆန် ရုပ်ဝထ္ထုကို သိပ်ဦးစားမပေးဘဲ
နှလုံးသားကို အဓိကကြည့်ပြီး ဦးစားပေးတတ်တဲ့
အကျင့်အတွက်လည်း ကျွန်တော် ဘယ်တော့မှ နောင်တမရဘူး။
x
ဘာပဲဖြစ်ဖြစ်
ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ကို ကိုယ်ကျေနပ်နေဖို့နဲ့
ဘယ်တော့မှ နောင်တမရတတ်ဖို့က အရေးအကြီးဆုံးပါပဲ။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
Sunday, 26 July 2015
အိမ်ဝေးသူနဲ့ ဘာသာရေး အသုပ်စုံ
အိမ်ဝေးသူ။
ခင်ဗျား...ဘာလို့ ဘာသာရေးအကြောင်း မရေးတာလဲ?
x
ကျွန်တော် ဘယ်ဘာသာအကြောင်း ရေးရမှာလဲ။
ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအကြောင်း ချီးကျူးပြီး ရေးရမှာလား?
သူများ ဘာသာရေးအကြောင်းကို စော်ကားပြီး ရေးရမှာလား?
ကျွန်တော့် ဘာသာက မှန်ပြီး သူများဘာသာ မှားကြောင်း ရေးရမှာလား?
အဲ့ဒီ့လိုမှ မဟုတ်ရင်...။
ကျွန်တော့် ဘာသာဝင်ထဲမှာပဲ ဂိုဏ်းမတူတဲ့ လူတွေကို
ခင်ဗျားတို့က လိုင်းကြောင်တွေပါဆိုပြီး စိန်ခေါ် ရေးသားရမှာလား?
x
ပြီးတော့....။
ကျွန်တော် ဘာသာရေး ဆရာတစ်ယောက်လည်း မဟုတ်ဘူး။
သာမန် မွတ်စလင်မ်တစ်ယောက်အနေနဲ့ သာမန်လူတွေ သိသင့်သိထိုက်တဲ့
အခြေခံကျတဲ့ ဘာသာရေးအသိတရားလောက်ပဲ ကျွန်တော်သိထားပါတယ်။
အဲ့ဒီ့တော့ ဘာသာရေးနဲ့ပက်သက်ရင် ဝင်ရောက် ဝေဖန်တာမျိုး
သုံးသပ်ပြတာမျိုး၊ အမှားအမှန် ဆုံးဖြတ်ပေးတာမျိုးတွေ လုပ်နိုင်စွမ်း မရှိပါဘူး။
x
ဒီ့ထက် ပိုပြီး မြင်သာအောင် ပြောပါမယ်။
၅၉ လမ်းရဲ့ အယူဝါဒက မှားတယ်မှန်တဲ့အကြောင်းကို ရေးတဲ့
ပို့စ်တွေအောက်မှာ ကျွန်တော်ပါ ဝင်ရောက် စွက်ဖက်ရမှာလား?
စလ်ဖီတွေက မှားတယ်၊ သဗ်လီးဂ် သမားတွေက မှန်တယ်လို့
ကျွန်တော် ဝင်ပြီး အမှားအမှန်ကို ဆုံးဖြတ်ချက်ပေးရမှာလား?
ဟိုတစ်ခါတုန်းက အဝေးပြေးကားဝင်းထဲမှာ နမားဇ်ဖတ်သွားတဲ့
ပုဂ္ဂိုလ်အကြောင်း ရေးတဲ့ ပို့စ်တွေမှာ ကျွန်တော့်အမြင်တွေကို
ဝင်ပြီး ရေးပြရမှာလား?
ဒါမှမဟုတ် အခု နောက်ဆုံး ဖြစ်ပျက်သွားတဲ့
ကုရ်အာန် ဘာသာပြန်ကိစ္စမှာ အများနည်းတူ ဝင်ရောက်ပြီး
ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲဆိုပြီး ဝေဖန်လေကန်ပေးရမှာလား?
x
ကျွန်တော် လက်ခံထားတဲ့ ဘာသာရေးအယူအဆက
ကျွန်တော့်ရဲ့ အပြောအဆို၊ အရေးအသားကြောင့်
တစ်စုံတစ်ယောက် မထိခိုက်၊ မနာကျင်ရဘူးဆိုတာပါပဲ။
ဘာသာရေး ကိစ္စတွေနဲ့ ပက်သက်ပြီး အစဉ်မပြတ် ရေးနေတဲ့
နာမည်ကြီး ပုဂ္ဂိုလ်တွေ အွန်လိုင်းလောကမှာ အများကြီး ရှိပါတယ်။
အမှားအမှန်ကို ဆုံးဖြတ်ပေးနိုင်တဲ့ သာသနာ့ပညာရှင်တွေလည်း ရှိပါတယ်။
ကျွန်တော်တို့ မွတ်စလင်မ် လူထုအနေနဲ့ သာသနာ့ပညာနဲ့အတူ
အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ ပုဂ္ဂိုလ်စွဲ ကင်းတတ်မှု
စတဲ့ အချက်အလက်တွေကိုလည်း တပြိုင်နက်တည်း သင်ယူသင့်နေပါပြီ။
x
ကျွန်တော် တည်ဆောက်ထားတဲ့ အိမ်ဝေးသူဆိုတဲ့လူရဲ့ ပုံရိပ်က
အိမ်ဝေးသူကြောင့် လူနှစ်ယောက် အမြင်ကွဲပြားချင် ကွဲပြားနိုင်တယ်။
ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မုန်းတီးသွားတာမျိုး မဖြစ်သွားရဘူး။
မိတ်ဆွေ မဖြစ်ချင်ရင် နေလို့ရတယ်၊ ရန်သူတော့ ဖြစ်လို့မရဘူး။
အဲ့ဒီတော့ ကိုယ်မကျွမ်းကျင်တဲ့နေရာတွေမှာ ဝင်ပြီး အာချောင်တာတို့
ဝေဖန်တိုက်ခိုက်တာတို့ကို ကျွန်တော် အမြဲလိုလို ရှောင်လေ့ရှိပါတယ်။
တကယ့်ကို လိုအပ်လာတာမျိုးဆိုရင်တော့ ကျွန်တော့်အမြင်ကို ရေးပါတယ်။
x
ဖြစ်ပျက်နေတာတွေကို သုံးသပ်ကြည့်ရင်လည်း ရလဒ်က မလှပါဘူး။
လူတစ်ယောက်က ဘာသာရေးနဲ့ ပက်သက်တဲ့
သူ့အယူအဆတစ်စုံတစ်ခုကို တင်ပြရေးသားလာတဲ့အခါ
ဝင်ရောက်ဝေဖန်၊ သုံးသပ်တယ်ဆိုတဲ့ လူတွေက
သူတို့မှာ ရှိနေတဲ့ "အစွဲ" ဆိုတာကြီးကို တစ်နေရာမှာ မထားခဲ့ကြဘူး။
ရေးသားတင်ပြသူ ပေးထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေမခံဘဲ
ဒီလူက ဘယ်အဖွဲ့က ဆိုတာနဲ့တင် ပြသနာက ရှည်လျားထွေပြားသွားတယ်။
x
ကျွန်တော့်အနေနဲ့ ကျွန်တော့်ယုံကြည်မှုတစ်ခုခုကို အများနဲ့ လိုက်ပြီး
ညှိယူနေမှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အသျှင် သိရင်
လုံလောက်တဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့
အယူအဆတစ်ခုခုကို ရမ်းသမ်းပြီး စွဲကိုင်ထားတာမျိုးတော့ မဟုတ်ဘူး။
စစ်မှန်တဲ့ သာသနာ့ပညာရှင်မှာ အမြဲမေးစမ်းလေ့ရှိပြီးမှ လိုက်နာပါတယ်။
တကယ်လို့ တစ်စုံတစ်ယောက်က ဘာသာရေးအယူအဆနဲ့ပက်သက်ပြီး
မှားယွင်းနေတယ်ဆိုရင်လည်း မောင်နှမသားချင်းလို သဘောထားပြီး
တိုးတိုးတိတ်တိတ် အသိပေးဖြစ်ပါတယ်။ အရှက်ခွဲတာမျိုး မဖြစ်စေခဲ့ဘူး။
x
ကျွန်တော် အိမ်ဝေးသူအနေနဲ့ ကဗျာတွေ၊ စာတွေ ရေးဖြစ်ပါတယ်။
အချစ်ကဗျာတွေလည်း ပါတယ်၊ ဘဝကဗျာတွေလည်း ပါတယ်။
တခြား ဆောင်းပါးဆန်တာတွေ၊ အက်ဆေးဆန်တာတွေ၊
ပညာပေးဆန်တာတွေလည်း အလျဉ်းသင့်ရင် သင့်သလို ရေးဖြစ်ပါတယ်။
ဘာသာရေး ကိစ္စတွေ အုန်းအုန်းကျက်ကျက် ဖြစ်လည်း
ခင်ဗျားက အချစ်ကဗျာ ရေးတာ မပျက်ဘူးလို့ ပြောချင်သူများကို မေးချင်ပါတယ်။
"ကျွန်တော် ဘာရေးရမလဲဆိုတာကို ပြောပြပါလို့ "
"ခင်ဗျားတို့ မဖတ်ရတဲ့ ဘာသာရေး ရှုထောင့် အွန်လိုင်းမှာ ကျန်သေးလားလို့"
ရေးတဲ့သူက ရေးတယ်၊ မပြောင်းလဲဘူး။ ဖတ်တဲ့သူကလည်း ဖတ်တယ်၊ မပြုပြင်ဘူး။
အဲ့ဒါဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်စရာ သိပ်နည်းပါတယ်။
x
ပိုဆိုးတာက
အချစ်ကဗျာတွေ၊ လူမှုရေးတွေ ရေးတဲ့ စာရေးသူတစ်ယောက်ကို
ဘာသာရေး အသိမရှိတဲ့သူ၊ နမားဇ်ငါးကြိမ်ကိုတောင် မဖတ်တတ်သူလို့
ထင်တဲ့သူတွေ ရှိနေတာပါပဲ။ " ၈၃၄ တို့ ဖဂျရ်အချိန်ရောက်ပြီ၊ Facebook ကိုထားပြီး
ဖဂျရ်သွားဖတ်လိုက်ဦးမယ်" လို့ စတေးတပ်စ် တင်ပေးရမှာလား လို့ပဲ မေးချင်ပါတယ်။
ဘာသာရေး ကိစ္စတိုင်းမှာ ဝင်ပါမှ၊ ဝင်ပြီး ဝေဖန်လေကန်မှ ဘာသာရေးရှိတဲ့သူလို့
သတ်မှတ်မယ်ဆိုရင်တော့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိမှာ အမှန်ပါပဲ။
x
လုံလောက်ပါပြီ။ နိဂုံးချုပ်ပါမယ်။
ကျွန်တော် ဘာသာရေး ဆရာမဟုတ်ပါ။
ဘာသာရေးနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေမှာ
မလိုအပ်ဘူးထင်ရင် ကျွန်တော် ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ပါဘူး။
ကျွန်တော် ယုံကြည်တဲ့ အသျှင်ကို ကိုးကွယ်မယ်။
ကျွန်တော် လက်ခံနိုင်တဲ့ အယူအဆကို စွဲကိုင်သွားမယ်။
ကျွန်တော့် အယူအဆက မှန်တယ်၊ မှားတယ်လို့
ဘယ်သူနဲ့မှ လိုက်ညှိနေမှာ မဟုတ်သလို သူများရဲ့ အယူအဆလည်း
မှားတယ်မှန်တယ်လို့ ဝင်ပြီး စွက်ဖက်ဝေဖန်နေမှာမဟုတ်ဘူး။
(တိုးတိုးတိတ်တိတ် ညီရင်းအစ်ကို စိတ်နဲ့ ပြောချင်ပြောမယ်)
အသေချာဆုံး အကြောင်းအရာ နှစ်ခုကို ကျွန်တော်ပြောခဲ့ပါမယ်။
၁။
ကျွန်တော့် အရေးအသား၊ ဝေဖန်မှုကြောင့် မွတ်စလင်မ် ညီနောင်နှစ်ယောက်
မောင်နှမ နှစ်ယောက် ဘယ်တော့မှ အကွဲအပြဲ မဖြစ်စေရဘူး။
၂။
လုပ်ရပ်မှန်သမျှဟာ ရည်စူးချက်အပေါ်မှာ မူတည်တယ်လို့ မှတ်ထားပါတယ်။
အဲ့ဒီ့အတွက် ကျွန်တော့် လုပ်ရပ်တိုင်းကို ကျွန်တော် ကျေနပ်အားရပါတယ်။
---------------
အိမ်ဝေးသူ(KZ)
---------------
Saturday, 25 July 2015
ကျန်ရစ်သူ
သွားနှင့်သူရဲ့
ရင်ထဲကို...ငါမသိ။
x
ကျန်ရစ်သူရဲ့
မျက်ဝန်းမှာတော့...မျက်ရည်စတွေနှင့်။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
စကားလုံးတွေရဲ့နောက်ကွယ်မှာ
ဒီတစ်လောကလုံးမှာ
မင်းက အလှဆုံးပါ အချစ်ရယ်။
x
ကိုယ့်ဘဝမှာ....
မင်းတစ်ယောက်တည်းကို အချစ်ဆုံးပါ။
x
မင်းအတွက်
ကိုယ့်အသက်ကိုတောင် စွန့်ရဲပါတယ်ကွာ။
x
ကိုယ်က
မင်းကို ချစ်လွန်းလို့ ရူးနေရတဲ့ အချစ်ရူးလေးပါ။
x
အဲ့ဒီ့ စကားလုံးတွေက
မိန်းမတစ်ယောက်ရဲ့ ရင်ထဲကို
ဖောက်ထွင်းဝင်ရောက်နိုင်တဲ့ စကားလုံးတွေပါပဲ။
x
ယောက်ျားတစ်ယောက်ဆီက
အဲ့ဒီ့လို စကားလုံးတွေကို ကြားရပြီဆိုရင်
အဲ့ဒီ့ စကားလုံးတွေနဲ့ အဲ့ဒီ့ယောက်ျားရဲ့လုပ်ရပ်တွေ
အားလုံး ကိုက်ညီမှုရှိရဲ့လားဆိုတာကို
မိန်းကလေးတစ်ယောက်အနေနဲ့ သတိထားသင့်ပါတယ်။
x
တကယ်လည်း ချစ်တတ်တယ်။
လုပ်ရပ်တွေနဲ့လည်း ကိုက်ညီတဲ့ ယောက်ျားမျိုးကိုတွေ့ရင်တော့
အဲ့ဒီ့ မိန်းကလေးအနေနဲ့ အထိုက်အလျောက် ကံကောင်းပါတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
Wednesday, 22 July 2015
မျှခြေ အလှတရား
ဝန်ထမ်းက
နာရီကို လှမ်းကြည့်တယ်။
ည-၉း၃၈။
၁၀ နာရီထိုးဖို့
၂၂ မိနစ်တောင် လိုသေးတယ် တဲ့။
x
အလုပ်ရှင်က
နာရီကို လှမ်းကြည့်တယ်။
ည-၉း၃၈။
သြော်...၁၀ နာရီထိုးဖို့
၂၂ မိနစ်ပဲ လိုတော့တာပါလား တဲ့။
x
အလုပ်ရှင်နဲ့
အလုပ်သမားကြားထဲက ပြကွက်လေးတစ်ခု။
အဲ့ဒီ့လို ပြကွက်တွေအများကြီးရှိတဲ့
ကမ္ဘာမြေမှာ...ကျွန်တော်တို့ နေထိုင်တယ်။
x
သူ့ဘက်ကိုယ့်ဘက် အမြင်ကိုယ်စီကြောင့်
ကမ္ဘာကြီးက တစ်ဘက်စောင်းနင်းမဖြစ်တော့ဘဲ
မျှခြေတစ်ခုမှာ ဟန်ချက်ညီစွာနဲ့ တည်တံ့နေတယ်လို့
ပြောမိရင်....ကျွန်တော်......................လွန်မှာလား။
----------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
ဘဝကြီးကြီးတစ်ခုထဲကို ဗွမ်းခနဲ မြည်အောင်
ဒိုင်ဗင်ထိုးချလိုက်ရတဲ့ လူတစ်ယောက်အဖြစ်ကို ရောက်ရှိနေတဲ့အခိုက်အတန့်။
ပေးဆပ်မှုတွေလည်း အထိုက်အလျောက် များတယ်လို့ ပြောရမယ့်အနေအထား။
မိတ်ဆွေသူငယ်ချင်းတွေရဲ့ မေးမြန်းခေါ်ပြောထားတာတွေကို
အကြောင်းမပြန်မိခဲ့ရင်...အားလုံးပဲ နားလည်ပေးကြပါလို့။
(အချိန်ရတာနဲ့ ၊ အဆင်ပြေတာနဲ့ စာပြန်ပါ့မယ်)
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
ဘဝကြီးကြီးတစ်ခုထဲကို ဗွမ်းခနဲ မြည်အောင်
ဒိုင်ဗင်ထိုးချလိုက်ရတဲ့ လူတစ်ယောက်အဖြစ်ကို ရောက်ရှိနေတဲ့အခိုက်အတန့်။
ပေးဆပ်မှုတွေလည်း အထိုက်အလျောက် များတယ်လို့ ပြောရမယ့်အနေအထား။
မိတ်ဆွေသူငယ်ချင်းတွေရဲ့ မေးမြန်းခေါ်ပြောထားတာတွေကို
အကြောင်းမပြန်မိခဲ့ရင်...အားလုံးပဲ နားလည်ပေးကြပါလို့။
(အချိန်ရတာနဲ့ ၊ အဆင်ပြေတာနဲ့ စာပြန်ပါ့မယ်)
Monday, 20 July 2015
Friday, 17 July 2015
ကျွန်တော်နဲ့ အီးဒ်နေ့ အမှတ်တရများ
အရှက်အကြောက်နည်းတဲ့ ခပ်ငယ်ငယ်တုန်းက
ရပ်ကွက်ထဲမှာ အီတီ လိုက်တောင်းခဲ့ဖူးတယ်။
x
တကယ်ပဲဗျာ။
လွတ်လပ်တယ်၊ ပေါ့ပါးတယ်၊ နှစ်လိုဖွယ်ဖြစ်ခဲ့တယ်။
အလုအယက်လည်း အီးဒီတောင်းခဲ့ဖူးတယ်။
ဝေစုမတည့်တာမျိုးတွေလည်း အများကြီး ကြုံခဲ့ဖူးတယ်။
x
ရလာတဲ့ အီတီတွေကို ရေတွက်ကြည့်ရတဲ့အရသာဟာ
ငယ်စဉ်ဘဝက ခံစားရခဲ့ဖူးတဲ့ ရသတွေထဲမှာတော့
ကျေနပ်ပျော်ရွှင်စရာ အကောင်းဆုံးလို့ ခံစားမိတယ်။
x
ဘယ်အိမ်ကတော့ဖြင့် ချမ်းသာတယ်၊ ဆင်းရဲတယ်၊
ဘယ်အိမ်က မာမူကြီးကတော့ ကပ်စေးနဲကော်တရာကြီး၊
ဘယ်လမ်းမှာနေတဲ့ အန်တီကြီးကတော့ ရက်ရောတယ်၊
အစရှိသဖြင့် ကျွန်တော်တို့မှာ တိကျတဲ့ သတင်းတွေရှိတယ်။
x
ရလာတဲ့ မုန့်ဖိုးတွေကို မပျောက်ပျက်အောင် ထိန်းရတဲ့ ဒုက္ခ၊
သိပ်ပြီးများလာပြီလို့ ထင်ရတဲ့အခါ အိမ်ပြန်ပြီးတော့
စိတ်ချရတဲ့ လူကြီးတစ်ယောက်ယောက်ဆီမှာ အပ်ရတဲ့ ဒုက္ခ၊
(စိတ်ချရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ စာဖတ်သူသိမှာပါ tongue emoticon )
အဲ့ဒီ့ ဒုက္ခတွေက ဘယ်လောက်ကြီးသလဲဆိုတာ သိကြမှာပါ။
x
ဒါတွေပဲလား ဆိုတော့.......မဟုတ်သေးပါဘူး။
အီတီရမယ်ဆိုတဲ့ အမှတ်နဲ့သွားလိုက်တဲ့အိမ်မှာ
အီတီကိုတော့ မပေးဘဲ မုန့်ကိုပဲ အဝကျွေးလိုက်လို့
ဗိုက်ကားအောင် စားခဲ့ရတဲ့ ဒုက္ခတွေလည်း ရှိသေးတယ်။
တစ်အိမ်မှာ စားပြီး ဗိုက်ကလည်း တင်းကားနေတုန်း
နောက်တစ်အိမ်သွားတဲ့အခါ
(ယားအလ္လာဟ် ဒီအိမ်ကတော့ မုန့်မကျွေးဘဲ မုန့်ဖိုးပဲ ပေးပါစေ) လို့
ဆုတောင်းခဲ့ရတဲ့ ဒုက္ခ၊ ဆုတောင်းမပြည့်ဘဲ အဲဒီ့အိမ်ရောက်တော့လည်း
မုန့်တွေနဲ့ ထပ်တွေ့ရတဲ့အခါ ရှုံ့မဲ့နေတဲ့ မျက်နှာတွေနဲ့
မုန့်တစ်ခုစီလောက်တော့ စတိသဘောမျိုး စားပေးလိုက်ရတဲ့ ဒုက္ခ။
(အဲ့ဒီ့ ဒုက္ခတွေအားလုံးကို ကျွန်တော်က ဒုက္ခချိုလို့ နာမည်ပေးထားတယ်)
x
အဝတ်အစားကို စတိုင်ကျကျ ဝတ်တတ်နေတဲ့ အရွယ်ရောက်တော့
အိမ်တွေပတ်ပြီး အီတီလိုက်တောင်းတဲ့ အလုပ်ကို မလုပ်ဖြစ်တော့ဘူး။
သာသာယာယာနဲ့ အိနြေ္ဒရရ အိမ်မှာပဲ ထိုင်စောင့်ရင်း အိမ်ကိုလာလည်တဲ့
ဆွေမျိုးသားချင်းတွေက အလိုက်တသိနဲ့ပေးတဲ့ အီတီကိုပဲ ယူခဲ့တယ်။
အိမ်ကို လာလည်ပြီး အီတီတောင်းတဲ့ ကလေးတွေကိုလည်း
ကိုယ်က လူကြီးလုပ်ပြီး အီတီဝေတဲ့အလုပ်ကို တာဝန်တစ်ခုလို ယူခဲ့တယ်။
x
ကိုယ့်အလှည့်တုန်းကသာ တစ်အိမ်ကို နှစ်ခါ မသွားခဲ့ဖူးတာ။
ကိုယ့်ဆီလာတဲ့ ကလေးတွေအလှည့်ကျတော့မှ ကိုယ်ပါ မျက်စိလည်တယ်။
ပထမ တစ်ခါလာတုန်းက နေကာမျက်မှန်တပ်ထားတဲ့ စတိုင်နဲ့ တောင်းတယ်။
နောက်တစ်ခါ လာတော့ မျက်မှန်ချွတ်ပြီး ဦးထုပ်တောင် ဆောင်းထားသေးတယ်။
"ချာတိတ် မင်း...ခုနတုန်းက လာသွားတယ်မလား... ဦးထုပ် ချွတ်ပြကြည့်"
လို့ ပြောတော့မှ "သားက သားသူငယ်ချင်းတွေနဲ့ အဖော်လိုက်လာတာ" ဆိုပြီး
စပ်ဖြဲဖြဲမျက်နှာပေးနဲ့ ပြောတယ်။ ကိုယ့်အလှည့်တုန်းကထက် ပိုဆိုးတာကတော့
မုန့်ကျွေးမယ်ပြောတဲ့အခါပဲ။ အုန်းနို့ခေါက်ဆွဲလည်း ရှိတယ်၊ စမိုင်လည်း ရှိတယ်၊
ကြိုက်တာ သောက်သွားလေ လို့ ပြောရင် သူတို့က စမိုင်မကြိုက်ဘူး၊
ဗိုက်တင်းနေတယ်၊ အီတီပဲ ပေးပါ ဆိုတာမျိုးတွေကို မကြောက်မရွံ့ပြောတာ။
နောက်ဆုံး ကိုယ်ကပဲ အလျှော့ပေးပြီး မောင်မင်းကြီးသားတွေအားလုံးကို
အီတီ ပေးလိုက်ရတယ်။ ဒါတောင် တစ်ယောက်က မှတ်မှတ်ရရ ပြောသွားသေးတယ်။
"အစ်ကိုကြီး ငယ်ငယ်တုန်းက သားတို့ထက် ဆိုးတယ်မလား" တဲ့။
x
ဟော...။
ခုတော့ ကျွန်တော့်အသက်က ၃၀ နားကို ကပ်ပြီ။
ကျွန်တော် သိပ်ချစ်ခဲ့တဲ့၊ ကျွန်တော် သိပ်ပျော်ခဲ့တဲ့ ကလေးဘဝကို
စွန့်လွှတ်ခဲ့တာလည်း နှစ်ပေါင်း ၂၀ လောက်ရှိတော့မယ်။ ကျွန်တော်
သိပ်ချစ်တဲ့ ရန်ကုန်ကို စွန့်လွှတ်ခဲ့တာလည်း (၇)နှစ် ဝန်းကျင်ရှိခဲ့ပြီ။
မိသားစုနဲ့ အတူတကွ အီးဒ်ကို မကျင်းပနိုင်ခဲ့တာလည်း အတန်အသင့်ကြာခဲ့ပြီ။
အလေ့အထမတူ၊ အမူအကျင့်မတူ၊ ဘာသာစကားမတူတဲ့ တိုင်းပြည်တစ်ခုမှာ
အီးဒ်ကို တစ်ကိုယ်တည်း ကျင်းပခဲ့တာလည်း တော်တော်ခရီးပေါက်ခဲ့ပါပြီ။
x
မြန်မာပြည်က အီးဒ်ပွဲတော်ဟာ ကျွန်တော့်အတွက်တော့
အကြောင်းအရာ တစ်ခုတည်းနဲ့တင် သိပ်ချစ်စရာကောင်းလွန်းပါတယ်။
အဲ့ဒါကတော့ ကလေးတွေ တစ်အိမ်တက်တစ်အိမ်ဆင်း အီတီတောင်းတဲ့
အလေ့အထလေး ပါပဲ။ အခု ကျွန်တော့်အရွယ်က သူများအိမ်လိုက်ပြီး
အီတီ လိုက်တောင်းလို့ရတဲ့ အရွယ်လည်း မဟုတ်လေတော့ ကိုယ့်ဆီကို
လာပြီး အီတီတောင်းမယ့် ကလေးတွေကိုတော့ သိပ်ကို မျှော်လင့်မိတယ်။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အဲ့ဒီ့ အလေ့အထ မရှိတော့ ကလေးတွေကို
အီတီ ပေးချင်တဲ့ ဆန္ဒလေးတောင် မပြည့်ဝဘူး။ ကလေးတွေအများကြီးက
"အက်စလာမုအာလိုက်ကွမ် ဝရဟ်မသွလ္လာဟိ ဝဘရကသုဟ်" ဆိုပြီး
သံပြိုင် ဟစ်ကြွေးသံကို မကြားခဲ့ရတာလည်း တော်တော်လေး ကြာခဲ့ပါပြီ။
x
ကဲ...တော်လောက်ပါပြီဗျာ။
ပထမတော့ အက်ဆေးလို ပုံစံမျိုး ရေးမလို့ပဲ။
ဒါပေမယ့် စကားပြောဟန်လေးပဲ ခပ်ပေါ့ပေါ့ပါးပါး ရေးဖြစ်သွားတယ်။
ကျွန်တော် ရေးခဲ့တဲ့ ဒီအကြောင်းအရာလေးကို ဖတ်ရသူတိုင်းအနေနဲ့
တစ်ခါတုန်းက ကိုယ့်ဘဝလေးကို အမှတ်တရ ပြန်မြင်ယောင်မိရင်း
ပြုံးလိုက်မိမယ်ဆိုရင်ပဲ ကျွန်တော် ဒီစာကို ရေးရကျိုးနပ်ပါပြီဗျာ။
x
အီတီ တောင်းလို့ ရတဲ့အရွယ်မှာ ကျွန်တော်...အီတီ လိုက်တောင်းခဲ့တယ်။
အီတီ ပေးလို့ရတဲ့ အရွယ်ရောက်တော့ ကျွန်တော်... အီတီ ပေးခဲ့တယ်။
ုခုတော့....
အီတီ...လိုက်တောင်းချင်လည်း လိုက်တောင်းလို့ မရနိုင်တော့ဘူး။
အီတီ ပေးချင်တာတောင် လာတောင်းမယ့် ကလေးမရှိရှာဘူး။
ဒါပေမယ့်
ကလေးတစ်ယောက်ယောက်များ တံခါးလာခေါက်လေမလားလို့
စောင့်နေမိသေးတယ်ဆိုရင် ကျွန်တော် မလွန်လောက်ပါဘူးလေ လို့ ပြောရင်း။
----------------
အိမ်ဝေးသူ(KZ)
----------------
Thursday, 16 July 2015
Eid Mubarak 2015 (UK)
Wednesday, 15 July 2015
ကိုယ်ကစပြီး တောင်းပန်လိုက်လို့ သိက္ခာကျသလား
တစ်စုံတစ်ယောက်ကို
မိမိက စပြီး တောင်းပန်လိုက်ခြင်းကြောင့်
မိမိက အမှားကျူးလွန်သူလို့ မသက်ရောက်ပါဘူး။
x
ကျွန်တော့်ခံယူချက်ကတော့
ကျွန်တော်တို့ လူသားတွေဟာ
ပုံစံမျိုးစုံနဲ့ အပြစ်တွေကို ကျူးလွန်နေကြတယ်။
x
အဲ့ဒီ့အတွက်
မိမိ မှားသည်ဖြစ်စေ၊ မမှားသည်ဖြစ်စေ
မိမိက စပြီး တောင်းပန်လိုက်သင့်တယ်။
x
မမှားရင် တောင်းပန်စရာမလိုဘူး လို့
စောဒက တက်တဲ့သူ အချို့ ရှိပါတယ်။
တကယ်တော့
မိမိ ကစပြီး တောင်းပန်ရတဲ့
အကြောင်းအရင်း အချက် (၂) ချက်ရှိပါတယ်။
x
ပထမအချက်က
မိမိ စိတ်ကို မိမိ သေချာလုံခြုံသွားချင်လို့။
(ဘယ်နေ့သေမလဲဆိုတာ မသိနိုင်ဘူး)
ဒုတိယအချက်က
မိမိက စပြီး တောင်းပန်လိုက်ခြင်းအားဖြင့်
(မိမိက မမှားယွင်းခဲ့သည့်တိုင်အောင်)
တစ်ဘက်လူကလည်း သူ့အမှားကို တောင်းပန်ဖို့
သတိရသွားအောင် လုပ်ပေးနိုင်လို့ပါပဲ။
(သူ့အနေနဲ့လည်း တောင်းပန်ဖို့ မရှက်တော့ဘူး)
x
လူ့ဘဝမှာ
အခက်ခဲဆုံး အလုပ်ဖြစ်တဲ့
တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်း ဆိုပြီး ရှိရာမှာ
တောင်းပန်ခြင်း အလုပ်ကို မိမိကစပြီး လုပ်ခွင့်ရခဲ့ရင်
ကျွန်တော်တို့ဟာ ကံကောင်းသူများ ဖြစ်ကြပါတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
Tuesday, 14 July 2015
ကျွန်တော့်ကို ခွင့်လွှတ်ကြပါဗျာ
အက်စလာမုအာလိုက်ကွမ် ဝရဟ်မသွလ္လာဟိ ဝဘရကသုဟ်။
x
ယခု ကျွန်တော် ရေးတဲ့ အကြောင်းအရာဟာ
ကျွန်တော်နဲ့ ချက်ခဲ့ဖူးသူတွေ၊ ကျွန်တော့်စာတွေကို ဖတ်ခဲ့ဖူးသူတွေ
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပက်သက်ခဲ့ဖူးသူတွေ အားလုံးကို ရည်ရွယ်ပါတယ်။
x
အွန်လိုင်းဆိုတာ Virtual Life လို့ ခံယူထားပေမယ့်
အဲ့ဒီ့ မမြင်မတွေ့ရတဲ့ ဘဝတွေထဲကနေ ခံစားနိုင်တဲ့ တကယ့်နှလုံးသားတွေထဲအထိ
ရောက်အောင် Virtual Life တွေက လွှမ်းမိုးနိုင်တယ်လို့ သိမြင်ထားပါတယ်။
x
ဒီလရဲ့နောက်ဆုံးဆယ်ရက်မှာ အသျှင့်ဆီကနေ မိမိရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် တောင်းဆိုရမှာ ဖြစ်သလို မိမိနဲ့ ပက်သက်ဆက်နွယ်တဲ့ လူတစ်ဦးတစ်ယောက်ဆီပေါ်မှာ ကျူးလွန်ခဲ့တာမျိုးရှိရင်လည်း တောင်းပန်ဖို့ လိုမယ်လို့ ယူဆမိပါတယ်။
x
တကယ်တော့ ကျွန်တော်တို့ အများစုက တစ်ယောက်အပေါ် တစ်ယောက် ကြီးလေးတဲ့ ပြစ်မှုမျိုးတွေကို မကျူးလွန်တတ်ကြပါဘူး။ သေးငယ်တဲ့ အပြစ်ကလေးတွေ
မြောက်များစွာ စုဝေးပြီးတော့မှသာ တစ်စုံတစ်ယောက်ကို ခွင့်မလွှတ်နိုင်လောက်တဲ့ အခြေအနေအထိ ရောက်တတ်ကြတာများပါတယ်။
x
ကျွန်တော်နဲ့ ဆက်ဆံခဲ့တဲ့ ကာလတစ်လျှောက်မှာ မပြီးပြည့်စုံသူတစ်ယောက်၊ အပြစ်ကျူးလွန်သူတစ်ယောက်အနေနဲ့ မိတ်ဆွေသားချင်း၊ မောင်နှမတွေထံမှာ
ပုံစံမျိုးစုံနဲ့ အပြစ်တွေ ကျူးလွန်ခဲ့မိကောင်း ကျူးလွန်ခဲ့မိမယ်လို့ ထင်မိပါတယ်။
အကယ်၍ ကျွန်တော့်ဘက်က အပြစ်တစ်ခုခု ကျူးလွန်ခဲ့တယ်လို့ ခံစားမိခဲ့တယ်ဆိုရင်
ကျေးဇူးပြုပြီး အသျှင့်ရဲ့ ခွင့်လွှတ်မှုကို အကြောင်းခံပြီး ကျွန်တော့်ကိုလည်း
သက်ညှာစွာဖြင့် ခွင့်လွှတ်နားလည်ပေးစေလိုပါတယ်။
x
အဲ့ဒီ့လိုမှ မဟုတ်ဘဲ
မိတ်ဆွေသားချင်းတို့အနေနဲ့ ခွင့်မလွှတ်နိုင်လောက်တဲ့ အပြစ်မျိုးကို ကျွန်တော်က ကျူးလွန်ခဲ့သည်ရှိရင်လည်း ကျေးဇူးပြုပြီး ခွင့်မလွှတ်နိုင်လောက်တဲ့ ကျွန်တော့်အပြစ်
တစ်စုံတစ်ရာကို Chat Box ကနေ လာရောက်အသိပေးစေလိုပါတယ်။ အဲ့ဒီ့အခါကျရင်
ကျွန်တော့်အမှားအတွက် ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်သွားမယ်လို့ အသိပေးပါတယ်။
x
ကျွန်တော့်အနေနဲ့တော့
အိမ်ဝေးသူအနေနဲ့ အွန်လိုင်းလောကမှာ စတင်ဝင်ရောက်ရာမှာ ပက်သက်ဆက်နွယ်ခဲ့တဲ့
လူအမျိုးမျိုး၊ စိတ်အထွေထွေ ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်နဲ့ ပက်သက်ခဲ့ဖူးတဲ့
လူအားလုံးကို (ဒုက္ခပေးခဲ့သည် ဖြစ်စေ၊ အနှောင့်အယှက်ပေးခဲ့သည် ဖြစ်စေ၊ တစ်ယောက်မကျန်) အသျှင့်အတွက် ရည်စူးပြီး ခွင့်လွတ်ခဲ့ပြီးပါပြီ။ အဲ့ဒီ့အတွက် ကျွန်တော့်ဆီကို ခွင့်လွှတ်ပါလို့ ထပ်ပြီး တောင်းပန်စရာ မလိုတော့ကြောင်းလည်း အသိပေးပါတယ်။
x
မိတ်ဆွေ၊ သားချင်းများအတွက်
ကဒရ်ညမြတ်မှာ အသျှင့်ထံပါးကနေ ကျွန်တော် တောင်းခံနိုင်သမျှ တောင်းခံခဲ့ပြီးပါပြီ။
အကယ်၍ ဝန်မလေးဘူးဆိုရင် မိတ်ဆွေတို့ရဲ့  ကဒရ်ည တောင်းဆုတွေထဲမှာ ကျွန်တော့်အတွက်လည်း ထည့်သွင်း တောင်းခံပေးစေလိုပါတယ်။
x
အလ္လာဟ်အသျှင်မြတ်
ကျွန်တော်နဲ့အတူ ကျွန်တော့်မိတ်တွေများအားလုံးရဲ့
ကောင်းမြတ်သော လိုအင်ဆန္ဒများကို အတိုင်းမရှိ ဖြည့်ဆည်းပေးတော်မူပါစေ။ (အာမီးန်)
မျှတမှုမရှိသော၊ မတရားသော၊ တစ်စုံတစ်ယောက်ကို နစ်နာစေနိုင်သော
အသျှင့် ချစ်ခင်နှစ်သက်မှုမှ ဝေးကွာစေနိုင်သော တောင်းဆုများကိုမူ
အသျှင့်အမိန့်အာဏာတော်ဖြင့် ပယ်ဖျက်တော်မူပါစေ။ (အာမီးန်)
မှားယွင်းမှု သံသရာဝဲဂယက်ထဲမှာ တဝဲဝဲလည်နေရှာတဲ့
လူကြီးမင်းတို့ရဲ့  မိတ်ဆွေသားချင်း ကျွန်တော်...။
----------------
အိမ်ဝေးသူ(KZ)
----------------
လူကြီးမင်းတို့ရဲ့  မိတ်ဆွေသားချင်း ကျွန်တော်...။
----------------
အိမ်ဝေးသူ(KZ)
----------------
Monday, 13 July 2015
အလင်းည
အဲ့ဒီ့ည
ကောင်းကင်မှာ...လင်းတယ်။
မြေပြင်ပေါ်မှာ...လင်းတယ်။
အရာခပ်သိမ်းလည်း...လင်းတယ်။
x
အလင်းတွေထဲမှာ...
ကောင်းချီးမင်္ဂလာတွေ ပါတယ်။
အလင်းတွေထဲမှာ...
အေးမြသာယာခြင်းတွေ ဆောင်ကျဉ်းတယ်။
အလင်းတွေထဲမှာ...
လွတ်ငြိမ်းချမ်းသာခြင်းတွေ ပျော်ဝင်တယ်။
x
၈၃နှစ်နဲ့ မလဲနိုင်တဲ့ အဲ့ဒီ့ည
လ,တစ်ထောင်ထက် သာတဲ့ အဲ့ဒီ့ည
အဲ့ဒီ့ အလင်းတစ်ညကို မြင်ရဖို့
ငါတို့နှလုံးသားတွေကို ထွန်းညှိထားဖို့လိုတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
ကဒရ်ညမြတ်အတွက် ရေးသားပါသည်။
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
ကဒရ်ညမြတ်အတွက် ရေးသားပါသည်။
Sunday, 12 July 2015
ရင်စူးစံပယ်
မိုးပေါ်ကို ကြဲလိုက်တဲ့ စံပယ်ပန်းတွေက
အဆိပ်လူးမြှားတွေအဖြစ်
င့ါရင်ဘတ်ကို တစ်ချောင်းစီ စိုက်တယ်။
x
စောင့်ထိန်းမှုတွေ၊ ကျင့်ဝတ်သိက္ခာတွေ
မေ့ထားတတ်တဲ့ လူ့အသိုင်းအဝိုင်းကြားမှာ
ငါ...မျှော်လင့်ထားတဲ့ လူမှုဒဿနတွေလည်း
တစ်ရက်ထက် တစ်ရက် ပိုပြီး ခါးလာတယ်။
x
စံပယ်တွေကို ပျိုးကြဲပြီး
စံပယ်ပန်းခင်းကို မျှော်လင့်မိသူတစ်ယောက်ရဲ့
အဆိပ်လူးမြှားချက်တွေအောက်မှာ လူးလှိမ့်နေတဲ့
ပြကွက်တွေက မင်းတို့ကို အာသာပြေစေမှာပါလေ။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
Thursday, 9 July 2015
ငကန်းသေရင်
သြော်
ငကန်းသေရင်
ငစွေအဆင်သင့်ရှိတဲ့
ကျွန်တော်တို့ခေတ်မှာ
ပြည်သူတချို့
(မသေသေးတဲ့)ငကန်းအတွက်
ဝမ်းသာရွှင်မြူးနေကြလေရဲ့။
x
ငစွေပေါ်လာတဲ့အခါ
ကျွန်တော်တို့ အပျော်လေးတွေ
နေလာနှင်းပျောက် ဖြစ်ကြဦးမှာပေါ့။
x
ရေတိုအတွက် ပျော်နေကြမယ့်အစား
ရေရှည်အတွက် စဉ်းစားကြစေချင်ပါတယ်ဗျာ။
----------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
အပျက်သဘောမျိုး ဝင်ရေးခြင်းမဟုတ်ပါဘူး။
ပြီးတော့ ဝမ်းသာအားရ ကွန့်မန့်တွေရေးနေရုံနဲ့ ပြီးမှာမဟုတ်ပါဘူး။
ယာယီပျော်ရွှင်ခြင်းက ရေရှည်အောင်ပွဲ မဟုတ်ဘူးဆိုတာကို အသိပေးရုံပါပဲ။
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
အပျက်သဘောမျိုး ဝင်ရေးခြင်းမဟုတ်ပါဘူး။
ပြီးတော့ ဝမ်းသာအားရ ကွန့်မန့်တွေရေးနေရုံနဲ့ ပြီးမှာမဟုတ်ပါဘူး။
ယာယီပျော်ရွှင်ခြင်းက ရေရှည်အောင်ပွဲ မဟုတ်ဘူးဆိုတာကို အသိပေးရုံပါပဲ။
Wednesday, 8 July 2015
မညီညွတ်ပွဲ
တချို့တွေ
ပေါက်ကွဲကြတယ်။
x
တချို့တွေ
ကြေကွဲကြတယ်။
x
မညီညွတ်တဲ့ အဲ့ဒီ့ပွဲမှာ
ညီညွတ်တဲ့ ဖွတ်ကျားတို့
တခမ်းတနား အောင်ပွဲခံကြတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
Monday, 6 July 2015
ပေးဖို့...မွေးဖွားလာကြသူတွေ
လောကမှာ
ပေးဖို့ မွေးဖွားလာတဲ့သူအချို့ရှိတယ်။
x
သူတို့က
အမြဲတမ်း ပေးချင်နေတဲ့ လူစားမျိုးတွေ။
သူတို့က
ပေးနေရတာကို ကျေနပ်နေတဲ့ လူစားမျိုးတွေ။
x
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာတော့
အပေးအယူ မျှတာ ကောင်းတယ်လို့ ပြောကြတယ်။
ပေးဖို့အတွက်ပဲ လူဖြစ်လာတဲ့လူတွေကို
အပြစ်တင်ချင်ကြသူတွေလည်း ရှိကြတယ်။
x
ဒါပေမယ့်
ပေးနေရမှ ပျော်နေတတ်တဲ့သူတွေက
ပေးနေရမှ နေသာထိုင်သာရှိကြတာပါ။
သူတို့က ပြန်ယူဖို့အတွက်
ဘယ်တော့မှ အာရုံမရတတ်ကြပါဘူး။
x
တကယ်လို့
ယူဖို့သက်သက် မွေးဖွားလာသူတစ်ယောက်ကို
အတ္တကြီးလိုက်တာလို့ အပြစ်တင်မယ်ဆိုရင်တော့
ခင်ဗျားအခွင့်အရေးနဲ့ ခင်ဗျားပါပဲ။
ဒါပေမယ့်
ပေးနေရမှ ပျော်နေတတ်သူတွေကို
အတ္တကြီးလိုက်တာလို့ အပြစ်တင်မယ်ဆိုရင်တော့
ခင်ဗျားကိုယ်တိုင်က အတ္တကြီးသူတစ်ယောက်ပါပဲ။
x
အဲ့ဒီ့တော့
ပေးနေရမှ ပျော်နေတတ်သူတွေကို
အတ္တကြီးလိုက်တာလို့ အပြစ်တင်မယ့်အစား
ပေးဖို့ မွေးဖွားလာတဲ့သူတွေအဖြစ်
ကျေကျေနပ်နပ်ကြီး လက်ခံပေးလိုက်ပါ။
အဲ့ဒါဆို လောကကြီးက ကျေနပ်စရာကြီးပဲပေါ့။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
Saturday, 4 July 2015
ဝေဒနာနဲ့ သောကတွေဆီက လွတ်မြောက်တဲ့အခါ
ဝေဒနာနဲ့ သောက ဆိုတာ
လူကို အမြဲအနိုင်ယူနေတတ်တဲ့ အရာတွေပါ။
x
မနေ့က ဒီအချိန်မှာ
တစ်ကမ္ဘာလုံးကို ထမ်းထားသလိုမျိုး
ဘဝက လေးလံပင်ပန်းလွန်းခဲ့တယ်။
x
ဒီနေ့ အခုအချိန်မှာတော့
တစ်ကမ္ဘာလုံးကို လွှတ်ချလိုက်ရသလိုမျိုး
ဘဝက ပေါ့ပါးလန်းဆန်းလွန်းနေတယ်။
x
အသျှင့်အလိုတော်နဲ့
အသေးစား ကျန်းမာရေးခွဲစိတ်မှုတစ်ခုကို
အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ခဲ့ပါပြီ။
(နာကျင်မှုတွေ အထိုက်အလျောက် ပပျောက်သွားပြီ)
x
ဘယ်သူတွေရဲ့ တောင်းဆုတွေကြောင့်
အစစအရာရာ အဆင်ပြေချောမွေ့ခဲ့သလဲဆိုတာ
ကျွန်တော် ခန့်မှန်းသိမြင်နိုင်စွမ်းမရှိပါဘူး။
ဒါပေမယ့်
မိတ်ဆွေသားချင်းတွေရဲ့ တောင်းဆုတွေထဲမှာ
ကျွန်တော် ပါဝင်ခွင့်ရတဲ့အတွက် အသျှင့်ကို ကျေးဇူးတင်မိတယ်။
x
အလ်ဟမ်ဒုလိလ္လာဟ်။
ကျွန်တော့် မိတ်ဆွေသားချင်းများကို
နှစ်ဘဝ နှစ်ဌာနစလုံးမှာ အောင်မြင်မှုကို ပေးသနားတော်မူပါစေ။
(အာမီးန်)
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
ပဉ္စလက်ကဗျာ
ပျော်ရွှင်မှုကို
ဝေဒနာက ....................သတ်တယ်။
အိပ်စက်ခြင်းကို
သောက,က ...................သတ်တယ်။
x
ငွေစက္ကူတချို့
လျှောခနဲ.................ကြွေကျသွားတယ်။
နာကျင်မှုတချို့
ဆတ်ခနဲ...................ပြန့်ကျဲသွားတယ်။
မျက်ရည်တချို့
ဝေါခနဲ.......................လျှံကျသွားတယ်။
တောင်းဆုတချို့
လှိုက်ခနဲ..................သင်းပျံ့သွားတယ်။
x
ဟော...
ယုံချင်ယုံ၊ မယုံချင်နေ
ပဉ္စလက်ဆန်တဲ့ ပြကွက်တွေအောက်မှာ
ကျွန်တော်........နေလို့ကောင်းသွားတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
Subscribe to:
Posts (Atom)