Monday, 18 August 2014
မှားကြပါ (သို့သော်) ထိုအမှားကို မကျူးလွန်ခင် ကြောက်စိတ်မွေးမြူပါ
“A collection of Small things will change the entire world in a day”
ကြီးမားသောအမှားကို မကျူးလွန်ခင် သေးနုပ်သောအမှားများအား
မကျူးလွန်မိအောင် ကျွန်တော်တို့ ဦးစွာကြိုးပမ်းရမည်ဖြစ်သည်။ မှားယွင်းစွာ ဆုံးဖြတ်ချက်ချတတ်ခြင်း၊ အလျင်စလို ဆုံးဖြတ်တုံ့ပြန်တတ်ခြင်းများကို
သေးငယ်နုံချာလွန်းသော အစွန်းအထင်းများအဖြစ် ယူဆနိုင်ပါသည်။
သို့သော်
-ဆိုက်ကားသမားတစ်ယောက်၏ အလျင်စလို ဆုံးဖြတ်ခြင်းသည်
အများဆုံး လူ(၄) ယောက်ကို ထိခိုက်နိုင်သော်လည်း
-လေယာဉ်ပိုင်းလော့ထ် တစ်ဦး၏ အလျင်စလို ဆုံးဖြတ်မှုကမူ ရာချီသောလူတို့၏ အသက်အန္တရာယ်များကို ထိပါးစေနိုင်သည်။တူညီသော အစွန်းအထင်းတစ်ခုကပင်
မတူညီသော ရလာဒ်များကို ပေးနိုင်စွမ်းသည်ကို မြင်သာထင်သာ ရှိပါသည်။
သမိုင်းကို သမင်လည်ပြန်ကြည့်ပါက..
-ဂျပန်ကို အနုမြူဗုံးကြဲချရန် ခွင့်ပြုခဲ့သည့် ခေါင်းဆောင်
( မည်သူပင်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေ) နှင့်၊
ကိုယ်တိုင်လေယာဉ်ကို မောင်းနှင်ပြီး (အမိန့်ကိုနာခံခြင်းတစ်ခုတည်းဖြင့်)
ဟီရိုးရှီးမားကို အနုမြူဗုံးကြဲခဲ့သည့် လေယာဉ်ပိုင်းလော့ထ် တို့၏
အစွန်းအထင်းသည် သူတို့ကိုယ်တိုင်က သေးငယ်သော အစွန်းအထင်းများဟု
မိမိကိုယ်ကို သတ်မှတ် မည်ဖြစ်သော်လည်း ကမ္ဘာသူ၊ကမ္ဘာသားတို့ကမူ
ဖျောက်ဖျက်၍မရသော အစွန်းအထင်းများအဖြစ် အမြဲအမှတ်တရ ဖြစ်နေကြရသည်။
စာဖတ်သူ ပစ္စည်းတစ်ခုကို ဝယ်ယူသောအခါ
လိုချင်သည့် လျှော့ဈေး (Discount) သည် ပမာဏ အများကြီးဖြစ်ပါသလား၊
သေးငယ်လွန်းသော ပမာဏ ဖြစ်ပါသလား?
သေချာသည်မှာ ကျွန်တော်တို့၏ အသိစိတ်နှင့် မသိစိတ်တွင်
သေးငယ်လွန်းသည်တို့က ကြီးကျယ်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေကြောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လက်ခံထားကြပြီး ဖြစ်သည်။
လူသားသည် အမှားအယွင်းများဖြင့် ပျော်ပိုက်တတ်သော သတ္တဝါဖြစ်ကြောင်း
ကျွန်တော် ခြွင်းချက်မရှိ လက်ခံပါသည်။
သို့သော်…အမှားတွင်
ပြင်ဆင်ခွင့် ရှိသောအမှား (မှားနိုင်၏)
ပြင်ဆင်ခွင့် မရှိသောအမှား (မမှားသင့်၊အလျော်အစားကြီး၏)
ဟူ၍ အမှား နှစ်မျိုး ရှိကြောင်း မှတ်မှတ်ရရ သတိပြုရမည်ဖြစ်သည်။
ကမ္ဘာဦးဖခင်ကြီး အာဒမ်သည် “မစားရ” ဟူသော အသီးကို ကနဦးအစတွင်
မျက်စောင်းပင် မထိုးခဲ့။ “စားမည်” ဟူသော အမှားမျိုးကို လုံးဝ ကျူးလွန်ခဲ့ခြင်း မပြုခဲ့။
သို့သော် ပတ်ဝန်းကျင်တွန်းအားဖြစ်သော မိခင်ကြီးဟာဝါ (စေတန်၏ သွေးဆောင်လှည့်ဖြားခြင်းကိုခံရသူ) ၏ အကြိမ်ကြိမ်တိုက်တွန်းမှုကြောင့်
“မစား” ခြင်းမှ “စားမည်” ဟု လုံးဝ ပြောင်းလဲသွားခဲ့သည်။ အဆုံးတွင် ကိုယ်ထိလက်ရောက် စားသုံးမိသည် အထိဖြစ်ပြီး ထိုမှားယွင်းခြင်း၏ အကျိုးဆက်ကို နှစ်ဦးစလုံး ခံစားခဲ့ရသည်။ သို့သော် အမှားကို သိသူပီပီ ထိုအမှားမှ ကင်းလွတ်ခွင့်ရစေကြောင်း နှစ်ပေါင်းများစွာ ငိုကြွေးဆုပန်ခဲ့သည်။
သို့ဆိုလျှင်…
ကျွန်တော်တို့၏ ခေတ်သမယတွင်
အမှားကျူးလွန်ရန် (သေး/ကြီး) ကြောက်ရွံစိုးရိမ်သူ အဘယ်မျှ ရှိပါသနည်း။
အမှားကျူးလွန်ပြီးလျှင် ဝန်ချတောင်းပန်ပြီး ထိုအမှားနှင့်အဝေးဆုံးနေရာတွင်နေသည့်သူ
အဘယ်မျှ ရှိပါသနည်း။
ဦးသန်းရွှေသည် အလွန်ကောင်းမွန်သည့် လူသူတော်ကောင်းတစ်ဦးဖြစ်သည်ဟု
ဆိုလျှင်ပင်(တကယ်ကောင်းသည်ဟု မဆိုလို) သူ၏
ဇနီးဖြစ်သူ၏ မတော်လောဘကြောင့် မြန်မာပြည်သူသန်း၆၀ကျော်၏ ဘဝများစွာကို
လျစ်လျူ ရှု နိုင်စွမ်း ရှိလာနိုင်သည်မဟုတ်ပါလား။ တစ်ဦးတစ်ယောက်အတွက်၊ မိသားစုတစ်စုအတွက် လူ့အသက်ပေါင်းများစွာ ကိုလည်း ချနင်းနိုင်စွမ်းရှိလာသည်ကို သံသယရှိပါသလော။
ဂျူးလူမျိုး တစ်ယောက်က အစ္စလာမ်ဘာသာဝင် တစ်ဦးကို မုန်းခြင်းက
အစွန်းအထင်း ကြီးကြီး မဟုတ်။
သို့သော်….အစွန်းရောက် ဂျူးဝန်ကြီးတစ်ဦးက မွတ်စလင်များကိုမုန်းသည်ဆိုလျှင်မူ
အလျော်အစား ကြီးမားလွန်းပါသည်။
ထို့ပြင် အစွန်းအထင်း၊ အမှားအယွင်းများသည် မြင်သာထင်ရှားစွာ ရှိနေတတ်သလို၊
ပုန်းလျှိုးကွယ်လျှိုးလည်း ရှိနေတတ်သည်။
အလွယ်တကူယုံတတ်ခြင်း၊ ကြောက်တတ်လွန်းခြင်း၊
ဒေါသကြီးခြင်း၊ ကုန်းချောတတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်တတ်ခြင်း စသည်တို့သည် တွဲဖက်မကောင်းမှု တစ်ခုခုဖြင့် ပေါင်းစပ်လိုက်ပါက ကြီးမားသော အစွန်းအထင်းမျိုးကို ဖြစ်ပေါ်စေနိုင်သည်။
ဥပမာ…။
ရက်စက်တတ်သူ တစ်ဦးက အရက်သောက်တတ်ခြင်းနှင့် တွဲလိုက်လျှင်?
အမုန်းတရားကြီးသူ တစ်ယောက်က နိုင်ငံ့ထိပ်သီးတာဝန်ကို ထမ်းဆောင်မည် ဆိုလျှင်?
ကောင်းကျိုးဆိုးကျိုးကို စာဖတ်သူ သိနှင့်ပြီး ဖြစ်ပါသည်။
လူသည် အမှားများနှင့် ကင်းစင်နေသည်ဟု ဆိုလိုခြင်းမဟုတ်။
ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောလိုသည်မှာ…
အမှားတစ်ခုကို ကျူးလွန်ရန် တွန်းပို့တတ်သော မိမိစိတ်နှင့် ပတ်ဝန်းကျင်တွန်းအားကို
တွန်းလှန်ခုခံဖို့ ဖြစ်သည်။ တနည်းအားဖြင့် အမှားမကျူးလွန်ခင် ဖြစ်တတ်သော
“ကြောက်စိတ်” ကို မွေးမြူ စေလိုခြင်းဖြစ်သည်။
နိဂုံးချုပ်အားဖြင့်။
လူသည် မှားခွင့် ရှိသည်။
အမှားမှ သင်ခန်းစာ ယူခွင့် ရှိသည်။
သို့သော် အချို့ သင်ခန်းစာတို့ကို ရရှိရန် ပေးဆပ်လိုက်ရသော ရင်းနှီးမြှုပ်နှံမှုသည်
တန်ဖိုးကြီးမားလွန်းတတ်ကြောင်း သတိပြုရမည်။ ပြင်ဆင်ခွင့် ရှိသော အမှားများမှ
သင်ခန်းစာ ယူပြီး ပြင်ဆင်ခွင့်မရှိသော အမှားများကို ရှောင်နိုင်သမျှ ရှောင်သင့်သည်။
ထို့ပြင် အမှားများသည် အမှန်ကဲ့သို့ ဟန်ဆောင်၍ ကျွန်တော်တို့ လူဘောင်လောကတွင်
ကျင်လည်ကျက်စားလျက် ရှိသည်။ သတိထားကာမှ တော်ရုံကျမည်ဟု ယူဆပါသည်။
နောက်ဆုံးပြောချင်ပါသည်။
လူတိုင်း မှားနိုင်ပါသည်။
သို့သော် ထိုအမှားကို ကျူးလွန်ရန်လည်း ကြောက်တတ်စေချင်ပါသည်။
အမှား၏ ရလာဒ်ကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါသည်။
အားလုံးစဉ်းစားသုံးသပ်ပြီးဖြစ်ပါက (မှားမည်၊ မမှားတော့ပါ) သင်ကိုယ်တိုင်ဆုံးဖြတ်ချက်ကို
ရဲဝံ့စွာ ချလိုက်နိုင်ပြီဖြစ်ပါသည်။
---------------------
အိမ်ဝေးသူ(KZ)
---------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment