Monday, 18 August 2014

အစွန်း / အထင်း


“သေးငယ်လွန်းသော အစွန်းအထင်းတစ်ခုသည်

ကြီးကျယ်ခမ်းနားလွန်းသော သင့်ဘဝတစ်ခုလုံးကို

ထိခိုက်နစ်နာမှုများဖြင့် ပြည့်လျှံသွားအောင်… နှစ်မြှုပ်ပစ်နိုင်စွမ်းရှိသည်။”

အိမ်ဝေးသူ(KZ)


ကျွန်တော်သည် အပြစ်အနာအဆာ ကင်းစင်လွန်းသော လူသားတစ်ဦး မဟုတ်ပါ။
သို့သော်…ကျွန်တော်သည် အစွန်းအထင်းများကို ကြောက်ပါသည်။
သေးငယ်ပမွှားလွန်းသော အစွန်းအထင်းတစ်ခုခုကို ကျွန်တော် ကြောက်ပါသည်။
မြင်သာထင်သာလွန်းသော အစွန်းအထင်းတစ်ခုခုကိုလည်း ကျွန်တော် ကြောက်ပါသည်။

ကျွန်တော့် ဘဝနှင့်ချီသော အတွေ့အကြုံတစ်ခုကို စာဖတ်သူတို့အား မျှဝေပါမည်။

ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက် အရက်သေစာ သောက်စားမူးယစ်ခဲ့ခြင်း လုံးဝမရှိပါ။
ဘာသာတရား အဆုံးအမကြောင့် အရက်သည် တားမြစ်ကုန်စည်ဖြစ်ကြောင်း ကျွန်တော်
နားလည်ထားပါသည်။ အရက်သောက်လျှင် မူးတတ်ကြောင်း ကျွန်တော်သိထားသည်။
အရက်သောက်လျှင် မကောင်းမှုများ ကျူးလွန်တတ်ကြောင်း ကျွန်တော် မှတ်သားထားသည်။
ထို့ကြောင့် ထိုအရက်နှင့် အဝေးဆုံးမှာ ကျွန်တော် နေဖြစ်သည်။
လုပ်ငန်းသဘောအရကြောင့် ဖြစ်စေ၊ မိတ်ရင်းဆွေရင်းများက တိုက်တွန်း၍ ဖြစ်စေ၊
ကျွန်တော့်ထံပါးတွင် သတိနှင့် အသိ ရှိနေသရွေ့  ကျွန်တော် အရက်ခွက်ကို မကိုင်ခဲ့။
အရက်ကို လုံးဝမသောက်ခဲ့။

အရက်သောက်သည်ဆိုသော ကိစ္စတစ်ခုကြောင့် ကျွန်တော့်ဘဝကို
ဘယ်တော့မှ အစွန်းအထင်းမခံ။ အရက်သောက်ခြင်း၊ အရက်ကို ထိတွေ့ကိုင်တွယ်ခြင်းများကို
ရှောင်ကြဉ်သည့်အတွက် ကျွန်တော့်ဘက်က နစ်နာမှုအချို့ ရင်ဆိုင်ရသည်။

ဥပမာ။။

အလုပ်အကိုင် အခွင့်အရေးနှင့် ပက်သက်၍ နစ်နာရသည်။
နိုင်ငံခြား ရောက်ခါစက ဟိုတယ်အချို့ နှင့် စားသောက်ဆိုင် အချို့တွင်
လုပ်ခငွေကောင်းမွန်သော အခြေအနေများစွာကို ကြုံတွေ့ခဲ့ရသည်။ အခွင့်အရေးကောင်းဟု
ဆိုနိုင်သော်လည်း မိမိဆွဲကိုင်ထားသော အယူအဆကြောင့် ထိုငွေကြေး၊ ရာထူးဆိုင်ရာ
အခွင့်အရေးများကို ကျေကျေနပ်နပ် လက်လွှတ်ခဲ့သည်။

ဤနေရာတွင်

“သင်၏ ကုလားအုတ်ကိုလည်း ကြိုးဖြင့် တိုင်တွင်မြဲမြံစွာ ချည်နှောင်ပါလေ။
ထိုကုလားအုတ် မပျောက်မပျက် ရှိစေရန် ဘုရားသခင်ထံပါးတွင်လည်း ဆုပန်ပါလေ”

ဟူသော ဘာသာတရား အဆုံးအမတစ်ခုကို လေ့လာမှတ်သားဖူးခဲ့ပါသည်။
ကုလားအုတ်ကို ကြိုးဖြင့် တိုင်တွင် ချည်နှောင်ခြင်း မပြုဘဲ ဆုတောင်းရုံသက်သက်သည်
အချည်းအနှီးဖြစ်သည်။ ထို့အတူ ကုလားအုတ်ကို ချည်နှောင်ထားသော်လည်း ဆုတောင်းခြင်း
လုံးဝ ပြုစရမလိုဟု သတ်မှတ်ခြင်းသည်လည်း မပြည့်စုံဟု ဆိုလိုခြင်း ဖြစ်ပေသည်။

ကျွန်တော့်အနေဖြင့်...

“ငါ အရက်သောက်တာမှ မဟုတ်တာ၊
အရက်လာသောက်မယ့် Customers ကို ဧည့်ခံတာပဲ၊ ဘာဖြစ်မှာလဲ”

ဟူသော အတွေးမျိုး မရှိစေရ။ ကျွန်တော်သည် ထိုအစွန်းအထင်း တစ်ခုကို မကျူးလွန်ချင်သူ
အမှန်တကယ် ဖြစ်ပါက ကျွန်တော် ပထမဆုံး လုပ်ရမည့် အလုပ်မှာ

“ အရက်များနှင့် ဝေးရာမှာ နေခြင်း၊ အရက်ရှိသည့် နေရများနှင့် ဝေးရာမှာ နေခြင်း”

မဟုတ်ပါလား။ အရက် အလွယ်တကူ ရရှိနိုင်သည့် နေရာတွင် နေထိုင်ပြီး "ငါ လုံးဝ
အရက်မသောက်ဘူး"ဟု စိတ်ပိုင်းဖြတ် ထားသော်လည်း ထိုဆုံးဖြတ်ချက်သည်
မည်မျှ ခိုင်မာတည်တံ့နိုင်ပါမည်နည်း။ ပတ်ဝန်းကျင်က ကျွန်တော့်ကို တွန်းအားပေးလွန်းသည့်
တစ်နေ့တွင် ထိုအစွန်းအထင်းကို ကျွန်တော်ကိုယ်တိုင် ကျူးလွန်မိပေလိမ့်မည်။

အစွန်းအထင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိသည်။
အရက်သောက်ခြင်း ဟူသော အစွန်းအထင်း တစ်ခုသည်

သူတစ်ပါး သားပျိုသမီးပျိုများကို ဖျက်ဆီးခြင်း၊
သူတစ်ပါးအသက်အန္တရာယ်ကို ထိပါးရန်စခြင်း၊
မိမိကိုယ်ကိုယ် မထိန်းသိမ်းနိုင်ဘဲ အသက်ဘေးဖြင့် ကြုံစေနိုင်ခြင်း


စသည့် ဆင့်ကဲအစွန်းအထင်းများစွာနှင့် ဆက်စပ်လျက်ရှိသည်။
ကျွန်တော် အရက်မသောက်သော်လည်း အရက်ဆိုင်မှာ အလုပ်လုပ်မည်ဆိုပါက အချိန်ကာလ
ကြာမြင့်သောအခါ ပတ်ဝန်းကျင်၏ တွန်းပို့မှုကြောင့် ကျွန်တော် အရက်သောက်တတ်လာမည်။
တစ်လမှာ အရက်တစ်ခွက်၊ တစ်ပတ်မှာ အရက်တစ်ခွက်၊ နေ့စဉ် အရက်တစ်ခွက် အစရှိသဖြင့်
တစ်ဖြည်းဖြည်း မိမိကိုယ်ကို တစ်ဆင့်စီ လျှော့ချပစ်လိုက်မိမည်။

အရက်ကိုပါ တွဲရောင်းသည့် စားသောက်ဆိုင်တွင်ပင် အလုပ်မလုပ်နိုင်ဟု သတ်မှတ်ထားခဲ့သည့်အတွက်
ထိုခိုင်မာသော စိတ်ဓာတ်က ကျွန်တော့်ကို အရက်မှ ကင်းဝေးအောင် ထိန်းသိမ်းသည်။ အကယ်၍
ကျွန်တော်သာအလွယ်လမ်းကိုလိုက်၍ အရက်ဆိုင်တွင် တစ်လမျှ အလုပ်လုပ်ခဲ့ဖူးသူဖြစ်လျှင်
အလုပ်အကိုင် အကျပ်အတည်းဖြင့် ကြုံတွေ့လာပါက

“ အရင်တုန်းက ငါ... ဒီအလုပ်ကို လုပ်ခဲ့သေးတာပဲ၊ ဒီတစ်ခါလေး လုပ်တော့လည်း ဘာဖြစ်သွားမှာလဲ”

ဟူသော စိတ်က အနိုင်ယူပေလိမ့်မည်။

မိမိဘဝတွင် အစွန်းအထင်း တစ်ခုမျှ မရှိစေလိုလျှင် မိမိကိုယ်တိုင် ထိုအရာကို ရွံရှာတတ်ရမည်။
ထိုအစွန်းအထင်းမျိုးနှင့် ဝေးကွာစွာနေရမည်။ “တစ်ခါလောက်တော့ စမ်းကြည့်တာပေါ့” ဟူသော
စူးစမ်းစိတ်မျိုးကို ရှောင်ကြဉ်ရမည်။ အစွန်းအထင်းတစ်ခု ရှိနေပြီဆိုပါက
နောက်ထပ်အစွန်းအထင်းတစ်ခု မိမိဘဝထဲသို့ ဝင်ရောက်ဖို့ လွယ်ကူသည်။
အစွန်းအထင်းများစွာဖြင့် ပြည့်နှက်လာပြီဆိုပါက မိမိဘဝ လူလုံးမလှ ဖြစ်ရပေလိမ့်မည်။

နိဂုံးချုပ်ပါမည်။

အစွန်းတစ်ခုသည်
သေးငယ်သည် ဖြစ်စေ၊ ကြီးမားသည် ဖြစ်စေ
အများအမြင်၌ မတင့်တယ်ဘဲ အထင်းသား ဖြစ်နေပေလိမ့်မည်။

အိမ်ဝေးသူ(KZ)


ဝန်ခံချက်။
{အရက်သောက်ခြင်းဟူသော အစွန်းအထင်း} ကို ဖော်ပြခြင်းမှာ မြင်လွယ်သော
ဥပမာတစ်ခု ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ယမကာကို
သုံးစွဲနေရသူများကို နစ်နာစေလိုသောစိတ်ဖြင့် တင်ပြခဲ့ခြင်း အလျဉ်းမဟုတ်ပါကြောင်း။


No comments:

Post a Comment