Saturday, 16 August 2014

ခင်ဗျားသည် ရဲပတောင်းခတ်နေသော အနီရောင်စစ်စစ် ဖြစ်သည်


(၁)
အဝါရောင် (၁၀) ခု ရှိသည်။
၎င်းတို့သည် သူတို့ အဝါရောင် ဖြစ်ကြောင်း သက်သေထူကြသည်။
ဝါချင်တိုင်း ဝါကြပါသည်။ ဝါထိန်နေဖို့သာ သူတို့ ကြိုးစားကြသည်။
အဝါရောင် (၁၀)ခုထဲတွင် သမ္ဘာအနိမ့်အမြင့်အရ အနုအရင့်တော့ ခြားနားကြသည်။
အနုအရင့်ကွာခြားသည်မှလွဲ၍ အခြားသောအရောင်ကွဲများအဖြစ် သူတို့ စိတ်မဝင်စားကြ။
သူတို့ ဘယ်တော့မှ ပြောင်းလဲလိုခြင်း အလျင်းမရှိကြ။
အဝါရောင် ဖြစ်သည့်အတွက်၊ အဝါရောင်လို ကျင့်ကြသည်။
အဝါရောင် ဖြစ်သည့်အတွက် အဝါရောင်တို့ တကယ် ဝမ်းမြောက်ကြပါသည်။
(၂)
အဝါရောင်တို့ လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ။
အကြောင်းရင်းက အနီရောင်တစ်ခု သူတို့အကြား ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။
ဒီကောင် ဘာကောင်တုန်း ဟူသော အကြည့်ဖြင့် သူတို့ဝိုင်းဝန်း စူးစမ်းကြသည်။
ဘယ်လိုကြည့်ကြည့် သူတို့နှင့် အရောင်အသွေး မတူကြောင်း ဆုံးဖြတ်လိုက်ကြသည်။
အနီရောင်သည် အဝါရောင်ကြားတွင် ဝင်ဆန့်ချင်သည်။ ကူးလူးဆက်ဆံလိုသည်။
(၃)
အနီရောင်။
သူပျာတီးပျာယာ ဖြစ်နေသည်။
အဝါရောင်တို့ကြားမှာ သူ…နီလုံးမလှ ဖြစ်နေရှာသည်။
အနီရောင် ဖြစ်ရတာကို သိမ်ငယ်သလို ခံစားရသည်။
အနီရောင်၏ အလှအပကို သူလျစ်လျူရှုချင်လာသည်။
သူ့ကိုယ်သူ အဝါရောင်အဖြစ် ပြောင်းလဲပစ်ချင်စိတ်တွေ ဖြစ်နေသည်။
အဝါရောင်တို့၏ မတူမတန်သလို အကြည့်များထဲတွင် သူ ခံရခက်သည်။
သူ့ကိုသူ တဖြည်းဖြည်း အရောင် ဖျော့ကြည့်မည်။
အချိန်ကာလတစ်ခု လွန်မြောက်ပြီးလျှင်တော့ နီရာမှ ဖျော့၊ ဖျော့ရာမှ ဝါထိန်လာမည်ဟု
သူ ယုံကြည်သည်။
သူ…အနီရောင်လို မနေတော့။
ရဲပတောင်းခတ်နေသည့် သူ့အလှကို သူ ပျက်ရယ်ပြုရင်း…
အဆုံးတစ်နေ့တွင်တော့
သူသည်… ဝါလည်း မဝါ၊ နီလည်း မနီသော
တတိယမြောက် အရောင်တစ်ခု ဖြစ်သည့် လိမ္မော်ရောင် ဖြစ်လာတော့သည်။
(၄)
(လူ့ဘောင်လောက)
အနီရောင်လို ရဲရဲတောက် နေရသည်ကို သိမ်ငယ်သူမျိုးကို ခင်ဗျား မြင်ဖူးမည် ဖြစ်သလို
အဝါရောင်လို အုပ်လိုက်သင်းလိုက် ဝါထိန်ချင်သူတွေ ရှိကြောင်း ခင်ဗျား သတိပြုမိပါလိမ့်မည်။
ခင်ဗျား...အနီရောင် ဖြစ်ပါသလား?
သို့ဆိုလျှင်…ခင်ဗျားကို လိမ္မော်ရောင် ဖြစ်ခဲ့ဖူးသည့် ကျွန်တော်က အကြံပေးချင်ပါသည်။
ခင်ဗျား အနီရောင် ဖြစ်သည့်အတွက် အနီရောင် ဖြစ်အောင်သာ ကြိုးစားပါ။
အဝါရောင်များကြားမှာ ဦးမညွတ်ပါနှင့်။
အချိန်ကာလ ဘယ်လောက်ကြာကြာ ခင်ဗျားကို အသိအမှတ်ပြုလိမ့်မည်ဟု မယူဆပါနှင့်။
အနီရောင် ဖြစ်ရသည့်အတွက် ဘယ်တော့မှ မသိမ်ငယ်ပါနှင့်။
တစ်ချိန်တည်းမှာ ခင်ဗျား၏ အနီရောင်ကို မြှင့်တင်နိုင်သမျှ မြှင့်တင်ပစ်လိုက်ပါ။
နီရဲတတ်လာသည်နှင့်အမျှ တစ်နေ့နေ့တွင် အဝါရောင်တို့ ခင်ဗျားကို အသိအမှတ် ပြုလာလိမ့်မည်။
တိတိကျကျ ပြောရလျှင် သူတို့ ခင်ဗျားကို ဦးညွတ်အလေးပြုလာကြလိမ့်မည်။
ကတယ်တော့ ခင်ဗျားသည် သူတို့နှင့် မတူသော အမှတ်စဉ် (၁၁) မြောက် အနီရောင်ရဲရဲ
ဖြစ်နေသည် မဟုတ်ပါလား?
တတိယမြောက် လိမ္မော်ရောင် ဖြစ်ခြင်းသည် အနီရောင် ဖြစ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
အဝါရောင်များအကြား၌ အချိန်ကာလ ကြာမြင့်စွာ သိမ်ငယ်ရိုကျိုးပြီးဖြစ်လာသည့် လိမ္မော်ရောင်
နှင့် နှိုင်းယှဉ်လျှင် မူလလက်ဟောင်း အနီရောင်သည် ဂုဏ်သိက္ခာကြီးမားလွန်းပါသည်။
တစ်ခုတော့ ရှိသည်။ ခင်ဗျား ရဲပတောင်းခတ်တတ်ဖို့တော့ လိုသည်။
ခင်ဗျားသည် အဝါရောင် မဟုတ်သော အနီရောင် ဖြစ်သည်။
အဝါရောင်နှင့် ကွဲပြားခြင်းအတွက် ခင်ဗျား ဂုဏ်ယူမည်လား?
အနီရောင် ဖြစ်ခြင်းအတွက် ခင်ဗျား သိမ်ငယ်နေမည်လား?
ခင်ဗျားမှာ အပြည့်အဝ ရွေးချယ်ခွင့် ရှိပါသည်။
ခင်ဗျားသည် မူလလက်ဟောင်း အနီရောင်စစ်စစ် ဖြစ်ပါသည်။
နိဂုံးချုပ်ပါမည်။
ခင်ဗျား တတိယမြောက် လိမ္မော်ရောင် ဖြစ်လာမည်ကို
တစ်ခါတုန်းက လိမ္မော်ရောင်ဖြစ်ခဲ့ဖူးသော ကျွန်တော်.. လွန်စွာစိုးရိမ်မိပါသည်။
မှတ်ချက်။
အရောင်များဖြင့် ရှုပ်ထွေးမနေစေချင်ပါ။
------------------
အိမ်ဝေးသူ(KZ)
------------------

No comments:

Post a Comment