Saturday, 28 December 2013

ခရမ်းရင့်ရောင်သင်္ချိုင်းထဲက အချစ်ကဗျည်းတိုင်


"မီးနဲ့လည်း မကစားနဲ့
အချစ်နဲ့လည်း အကျွမ်းမဝင်နဲ့"

"မီးနဲ့ကစားရင်
အရေပြားလောင်တတ်တယ်
အချစ်နဲ့ ကစားရင်
နှလုံးသား လောင်တတ်တယ်"

"အရေပြားကုတဲ့ ဆရာဝန်
မေမေခေါ်ပေးနိုင်ပေမယ့်
နှလုံးသားကုတဲ့ ဆရာဝန်အတွက်
မေမေ အာမ မခံရဲဘူး သားကြီး''

ခံစားလွယ်၊ ထိရှလွယ်တတ်လွန်းတဲ့
ကျွန်တော့်ကို
မေမေ ဆုံးမစကား ပြောတုန်းက
(ဟုတ်ကဲ့ပါမေမေ) လို့
ကတိတွေ အထပ်ထပ်
ကျွန်တော်...ပေးခဲ့ဖူးပါရဲ့...မေမေ။

ဒါပေမယ့် မေမေရယ်
နှလုံးသားက အရွယ်အလိုက်
တိတိကျကျ လှုံ့ ဆော်တတ်လွန်းတော့လည်း
ခရမ်းရင့်ရောင် ချစ်ခြင်းမေတ္တာက
ခံစားမှုရဲ့ ပြတင်းတွေကတစ်ဆင့်
ကျွန်တော့်ရင်ဘတ်ထဲကို စိမ့်ဝင်ပြိုကျရင်း
ကျွန်တော့်....ဘယ်ဘက်ရင်တစ်ခြမ်းလုံးလည်း
တငွေ့ငွေ့ လှိုက်စားခဲ့တယ်...မေမေ။

လက်တွေ့ကျတဲ့ လူ့ဘဝကြီးမှာ
စိတ်အခြေခံချင်း မတူညီတဲ့နောက်
အချစ်ရဲ့ အမည်ကွဲ ပုရပိုဒ်တစ်ခု ဖြစ်တဲ့
(ကျေနပ်စွာ...လမ်းခွဲခြင်း) အပိုဒ်မှာ...
ကျွန်တော်...သူမကို
ကျေနပ်စွာ..နေရစ်ခွင့် ပေးလိုက်တယ်။

မှန်ကြည့်တိုင်း ကိုယ့်မျက်နှာအစား
သူမ မျက်နှာကို မြင်တတ်တဲ့ ကျွန်တော်
ခုတော့....
ခရမ်းရင့်ရောင် နှလုံးသား တစ်စုံက
တစ်ဆတ်ဆတ် တုန်ခါလိုက်တိုင်း
အတိုင်းအဆမဲ့စွာ ပွင့်အန်တတ်တဲ့
ကဗျာ အပိုင်းအစ အချို့ နဲ့ 
အိပ်ရေးပျက်ညတွေ များခဲ့ပြီဆိုတာ
မေမေသာ...သိခဲ့မယ်ဆိုရင်....???

အိမ်ဝေးသူ (KZ)


No comments:

Post a Comment