Friday, 13 December 2013

အိပ်မက်ကောက်ကြောင်း


(အိပ်မက်နိဒါန်း)

ဟာသတစ်ခုက ဆိုတယ်
"လူငယ်ဆိုတာ
အိပ်မက်နဲ့ ရှင်သန်ရတယ်တဲ့
များများ အိပ်မက်ဖို့တော့
များများ အိပ်ပေးရမယ်တဲ့။"


အဲဒီအဆိုကို အတည်ပြုချင်စိတ်နဲ့
မကြားသင့်တာတွေ မကြားမိဖို့
နားတွေကို ပိတ်
မမြင်ချင်တာတွေကို မမြင်မိဖို့
မျက်လုံးအစုံကို မှိတ်
ကြားသင့်မြင်သင့်တာတွေကို
အလုံးစုံ မြင်နိုင်ကြားနိုင်ဖို့
စိတ် ကို မိုင်ကုန်ဖွင့်ထားရင်း
အိပ်မက်တွေနဲ့ နိုးကြားချင်စိတ်နဲ့
လောကကြီးရဲ့ ရင်ခွင်မှာ စိတ်ချလက်ချ
ကျွန်တော်.....အိပ်ပစ်လိုက်တယ်။


ကျွန်တော် မက်တဲ့ အိပ်မက်က
အရောင်တွေလည်း စုံလင်ပြီး
ဇာတ်ကွက်တွေလည်း ဆန်းလွန်းတယ်
တစ်ချို့နေရာမှာ
ဝံပုလွေကို သိုးက ပြန်သတ်တယ်
တစ်ချို့နေရာမှာ
ကိုးတောင်ကျားက စက္ကူကျားကို
တပည့်ခံနေတယ်
တစ်ချို့နေရာမှာတော့
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့
လူမှုရေး သတ္တဝါတွေက
တကယ့်သတ္တဝါစစ်တွေအဖြစ်
တောင်းဆိုကြတယ်။


ကျွန်တော့် အိပ်မက်ထဲမှာ
ငါးကလေးတစ်ကောင်က
ဝါသနာ စိုးစဉ်းမျှ မပါဘဲ
တစ်သက်လုံးကူးခတ်ခဲ့ရတဲ့ အကြောင်း။
ပြီးတော့ ပင်လယ်ပြင်မှာ ပေါ်တဲ့ လမင်းဟာ
အတုဖြစ်တာ ရှာဖွေတွေ့ရှိပြီးဖြစ်လို့
မိုးပေါ်က လမင်းဆီကို
ငှက်တစ်ကောင်လို ပျံသန်းဖို့ ကြိုးစားချင်ကြောင်း
ငြီးတွားနေရှာတယ်။


ငှက်ကလေးတစ်ကောင်ကလည်း
မွေးရာပါ အတောင်ပံတစ်စုံကြောင့်
ပျံသန်းနေရပေမယ့် ငြီးငွေ့နေပြီဖြစ်တဲ့ အကြောင်း။
အနီးဆုံးလို့ ထင်ထားခဲ့တဲ့ မိုးပေါ်က လမင်းဆီကို
ပျံသန်းရတာ မောပန်းလွန်းပြီဖြစ်လို့
ပင်လယ်ပြင်ပေါ်က လမင်းဆီကိုပဲ
ငါးတစ်ကောင်လို့ ကူးခတ်သွားချင်ကြောင်း
ပြောပြရှာတယ်။


ကျားတစ်ကောင်ကတော့
ဥပုသ်စောင့်ရတဲ့ အရသာကို
မြည်းစမ်းချင်တဲ့အကြောင်း ရင်ဖွင့်ရှာတယ်
ဒါနဲ့ ဘယ်က ပြန်လာသလဲမေးတော့
သူက အစွယ်တွေ တုန်းနေလို့
သွေးပြီးပြန်လာတာ ဖြစ်ကြောင်းပြောပြတယ်
ကျွန်တော်...လုံးဝ မအံသြမိခဲ့ပါဘူး။


( ကျွန်တော်နှင့် အိပ်မက်နိဂုံး)

အိပ်မက်မက်ရတာကို
ကျွန်တော် ကြိုက်တယ်
အိပ်မက်ထဲမှာ
အိပ်မက်ထပ်မက်ရတာကိုတော့
ကျွန်တော် မြတ်နိုးတယ်
ကျွန်တော့်အိပ်မက်ကို
တစ်ချို့တွေက...
ဆွဲချပစ်ကြတယ်။
တစ်ချို့တွေက..
မြှောက်ပင့်ကော်ထိုး မိုးပေါ်တင်ကြတယ်။
တစ်ချို့ကျတော့...
အကြိမ်ကြိမ်အခါခါ သတ်ပစ်ကြတယ်။

ကျွန်တော့် အိပ်မက်ထဲမှာ
လောကကြီးက
လူတွေအတွက် ငိုကြွေးနေပြီး
လူတွေက
လောကကြီးအတွက် ငိုကြွေးနေတယ်။

အိပ်မက်ထဲက တစ်ရေးနိုးတော့
ကျွန်တော်က
ပျောက်ဆုံးလုမတတ် အိပ်မက်အရင်းအမြစ်
အိပ်စက်ခြင်းတွေအတွက် ငိုကြွေးနေလေရဲ့။


အိမ်ဝေးသူ (KZ)


No comments:

Post a Comment