Sunday, 31 March 2013
ဝိုင်းဝန်း ကြိုးပမ်းကြပါစို့  !!!
“မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ”
ဟု တစ်ချိန်က အချုပ်တန်းဆရာဖေ မခံမရပ်ဖြစ်ခဲ့ဖူးသည်။ ယခုလည်း စည်းကမ်းမဲ့ပြီး လူမဆန်လွန်းသော စုန်းနှင့် လဒ
စပ်ကျသောလူတစ်စုကြောင့် ကမ္ဘာ့အလယ်မှာ ဗုဒ္ဒဘာသာနှင့် မြန်မာလူမျိုးတို့ ကို အကြမ်းဖက်သာသနာနှင့် အကြမ်းဖက်
လူမျိုးအဖြစ် မြင်ကြပေတော့မည်။အစဉ်အဆက် တောက်ပခဲ့သော မြန်မာ့သမိုင်း ကမ္ဘာ့အလယ်မှာ ရိုင်းခဲ့လေပြီ။ဖြစ်ရိုးဖြစ်စဉ်
အရောင်းအ၀ယ် ကိစ္စတစ်ခုကို အကြောင်းပြပြီး တစ်နိုင်ငံလုံး ဘာသာရေး အဓိကရုန်း ဖြစ်အောင် လှုံ့ဆော်နိုင်သော
“အကြမ်းဖက် လူတစ်စု” (အမှန်တကယ်တော့...Genociders များဟု သုံးလျှင် ပိုသင့်တော်ပါသည်)
ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးအတွက် ကမ္ဘာ့အလယ်မှာ အရှက်ရစေသော လုပ်ရပ်ဆိုးကြီးကား “ဆွမ်းကြီးလောင်း”
ကြသည့် အကျင့်ပင်ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ်ကို ကျွန်တော်တို့ မြန်မာလူမျိုးများ ဂရုမစိုက်ကြ။
တစ်စုံတစ်ရာ ဖြစ်လာလျှင် ဘယ်သူ့ကို အချောင်ဝိုင်းရိုက်ကြရမလဲ ဆိုတာလောက်သာ အာရုံထားကြသည်။
ဒီလိုစိတ်ဓာတ်တွေနှင့် လူတွေ များများရှိလို့ကတော့ … ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် အယောက်
တစ်ဒါဇင်လောက် ရှိစေဦးတော့ စစ်အုပ်ချုပ်ရေးကိုသာ မှန်းဆကာ တမ်းတရပေဦးမည်။
ကျွန်တော်တို့ မြန်မာလူမျိုးများအနေနှင့် အဓိက သတိထားရမည့် အချက်တစ်ချက် ကျန်ပါသေးသည်။
ထိုအချက်မှာ ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုးများနှင့် အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုးများ နှစ်မျိုးစလုံးမှာ နိုင်ငံရေး
ကစားလိုသူတစ်စု၊ စီးပွားရေး လှည့်ကွက်လုပ်လိုသူ လူတစ်စု ၏ “အသုံးချခံလူသားများ” ဖြစ်သည် ဟူသော
အချက်ပင်ဖြစ်သည်။ လူနည်းစု ဖြစ်သော အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုးများ(အကြမ်းဖက်တို့ အခေါ်အရ-ကုလား) နှင့်
လူများစုဖြစ်သော (မြန်မာလူမျိုး) နှစ်မျိုးစလုံးက အသုံးချခံ ဖြစ်ကြရသည့်တိုင် ယခုအကြိမ်တွင်တော့ မြှောက်ပင့်ပေးလျှင်
***တက်အောင် ကတတ်ကြသော လူတစ်စုကြောင့် “အကြမ်းဖက် ဗုဒ္ဓဘာသာဝင်များ” (Buddhist Terrorists) များအဖြစ်
ကမ္ဘာ့ သတင်းစာ အသီးသီးတို့ ၏ ထိပ်သီး ခေါင်းစဉ်များအဖြစ် နေရာယူလာခဲ့လေပြီ။
အလွန်တရာ ဝမ်းနည်းဖွယ် ကောင်းလေစွ။
လူနည်းစုဖြစ်သော မြန်မာမွတ်စလင်မ်များက ကမ္ဘာ့အလယ်မှာ အသနားခံလူသားများ အဖြစ် အသိအမှတ် အပြုခံရပြီး
လူများစုဖြစ်သော မြန်မာလူမျိုးများက အကြမ်းဖက်သမားများ အဖြစ်သို့ အဘယ်ကြောင့် အရောက်ခံကြတာလဲ???။
အဖြေက အလွန်ရိုးစင်းလှပါသည်။ ပြသနာတစ်ခု၏ အရင်းအမြစ်ကို အမုန်းတရား၊အယူအစွဲမပါဘဲ ပြသနာတစ်ခု အဖြစ်
ရှူမြင်တတ်ခြင်းက ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်လိုသော မြန်မာပြည်သူများအတွက်
အလွန်အရေးပါသော အချက်တစ်ချက်ဖြစ်ပေသည်။
နောက်တစ်ချက်က အင်တာနက်ကို ဥာဏ်ရည်မှီမှီ မသုံးတတ်တဲ့ facebook က ဆန်ကုန်မြေလေး မျက်ကန်း မျိုးချစ်
သူရဲကောင်းများအကြောင်းကလည်း မပြောမဖြစ် ပြောရပေဦးမည်။
-လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီး အကြောင်းမဲ့ ဆွမ်းကြီးလောင်းတတ်ကြကုန်သော …
-အကြောင်းမဲ့ အဖေ၊ အမေ၊ နှမများ နာမည်ကိုင်ကာဆဲဆိုတတ်ကြကုန်သော...
-သတင်းအမှန်အမှားကို မစဉ်းစား မချင့်ချိန်ကြဘဲ “share hero” အဖြစ် ခံယူထားကြသော...
-ဟိုကုလား သတ်မယ်၊ ဒီကုလားသတ်မယ်လို့ ကြွေးကြော်တတ်ကုန်သော ဗန္ဓုလမျိုးနွယ် သတ္တိခဲအပေါင်းတို့
သွေးချောင်းစီး ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ဆက်လက်မဖြစ်ပွားခင် တရားခံကို အပူတပြင်း လိုက်မရှာကြဘဲ
“မိမိကိုယ်ကို ဦးစွာ ဆန်းစစ်ကြပါခင်ဗျာ”
-ခင်ဗျားတို့ … ရွှေဆိုင်သတင်းနဲ့ ပက်သက်တာကို သတင်းအမှား ပေးမိကြသလား? ရှယ်မိကြသလား?
-မသက်ဆိုင်သော ဓာတ်ပုံများကို မဆိုင်သော နေရာများက ယူပြီး သတင်းလွဲကြသလား?
-မီးငြိမ်းအောင် မကြိုးစားဘဲ မီးပိုလောင်အောင် ကြိုးစားလေပင့်ခဲ့ကြသလား?
ကျွန်တော်တို့ နားလည်ရမည်ကား မိမိစိုက်ပျိုးခဲ့သမျှ မိမိပြန်လည် ရိတ်သိမ်းရမယ်ဆိုတာပဲ…
ကမ္ဘာဆိုတာ အ၀န်းအ၀ိုင်းဆန်သလို သံသရာသည်လည်း လည်ပတ်ခြင်းသဘောကိုသာ ဆောင်ပါသည်။
အစဉ်အဆက် ကျက်သရေ ရှိရှိ ရှိနေခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်များ ကမ္ဘာအလယ်မှာ “အကြမ်းဖက် ဗုဒ္ဓဘာသာဝင်များ”
(Buddhist Terrorists) အဖြစ် ထာဝရ အမည်တွင် မကျန်ရစ်စေခဲ့ဖို့ ငြိမ်းချမ်းခြင်းဟူသော လူသားဝါဒ လက်ကိုင်ထားသော
ကျွန်တော့်မှာ တာဝန်ရှိသလို ကံ..ကံ၏ အကျိုးကို ယုံကြည်သော ခင်ဗျားမှာလည်း တာဝန်ရှိကြောင်း ပြောကြားလိုပါသည်။
လင်းဠ များ ပျံဝဲနေသော မြန်မာပြည် ရဲ့ ကောင်းကင်ကို ချိုးငှက်တို့ ၏ တောင်ပံခတ်သံများဖြင့် ပြန်လည်ရှင်သန်စေရန်
ကျွန်တော်တို့ အားလုံး ( အယူအစွဲကိုပယ်လို့ ) ဝိုင်းဝန်း ကြိးပမ်းကြပါစို့ ။
အိမ်ဝေးသူ (KZ)
-----------------------000-------------------------000-----------------------------000-------------------------
တိုက်ဆိုင်လွန်း၍ တစ်ချိန်က ဆရာဖေ ရေးခဲ့သော တွေးမိတိုင်း ကဗျာလေးကို မျှဝေပေးလိုက်ပါသည်။
တွေးမိတိုင်း
မြန်မာတွေ စည်းကမ်းဖောက်လို့ 
ထီးနန်းပျောက်ဖြစ်ပြီ
မှီငြမ်းထောက် အသစ်မှီတယ်
ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေသည်
ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာချင်း ကြွားကြချင်
ဓားပြသွင် သူခိုး
ကုလားမြင် သူ့ အမေရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးရယ်နဲ့ 
သူ့ ပထွေးတော့ ထွက်၍မဟောင်။
ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်
စာဇင်တောင် ဦးချလို့ 
ပလူးကြ ပြေးကြို့ ခါခါ
ခွေးသို့ ပမာ။
တွေးမိတိုင်း အရိုးနာတယ်
အမျိုးပါ ဆဲချင်ပေါ့လေး။
(အချုပ်တန်းဆရာဖေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment