Wednesday, 13 March 2013

ကျေးဇူးတင်ရှိခြင်း


"လာအိလားဟ အိလ္လလ္လားဟ်" လို့ 
ဂုဏ်ယူဝင့်ကြွားစွာ ရွတ်ဆိုခွင့်ရတဲ့ အတွက်
မုအ်မင်န် တစ်ယောက်အနေနဲ့ အသျှင့်ကို... ရှူကူရ် လုပ်ပါရစေ။

အမွန်မြတ်ဆုံး အွမ္မသ်သီ တစ်ယောက်အနေနဲ့ 
မှန်ကန်မြတ်နိုးစွာ ရပ်တည်ခွင့်ရတဲ့အတွက်
နှစ်ဘဝသခင် တမန်တော်မြတ်ကို...ကျေးဇူးတင်ပါရစေ။
ပြန်လည် မျှဝေပေးနိုင်တဲ့ မေတ္တာတရား အတွက်
မေ့မေ့ကို...ကျေးဇူးတင်ပါရစေ။
လောကဓံကို
ဒူးမထောက်တမ်း ရင်ဆိုင်နိုင်တဲ့ခွန်အားတွေ အတွက်
ဖေ့ဖေ့ကို...ကျေးဇူးတင်ပါရစေ။
အသိပညာ ဆိုတဲ့ မိုးကောင်းကင်အောက်မှာ
မားမားမတ်မတ် ရပ်တည်ခွင့်ရခဲ့တဲ့အတွက်
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ နဲ့ တကွ
ဆရာအားလုံးကို...ကျေးဇူးတင်ပါရေစေ။
ကမ္ဘာမှာ မြန်မာဟေ့လို့ ဘတစ်လျှောက်လုံး
ရောက်လေရာအရပ်မှာ ဟစ်ကြွေးခွင့်ရခဲ့တဲ့အတွက်
အမိမြန်မာနိုင်ငံတော်ကြီးကို...ဝမ်းခေါင်သံကြီးနဲ့ ကျေးဇူးတင်ပါရစေ။
နွေးထွေးခြင်း၊ ယုံကြည်ခြင်း၊ ပွင့်လင်းခြင်း ၊စည်းလုံးခြင်း၊
လျစ်လျူရှူခြင်း၊ ဂရုစိုက်ခြင်း ၊အနစ်နာခံခြင်း၊ အကျိုးလိုလားခြင်း
ဝေါဟာရတွေရဲ့ အနက်အဓိပ္ပါယ်ကို တည်ဆောက်ခွင့်ရခဲ့တဲ့အတွက်
(မွေးချင်းများနဲ့ တကွ )
သူငယ်ချင်းအားလုံးကို...တစ်လေးတစား ကျေးဇူးတင်ပါရစေ။
ချစ်ခြင်းမေတ္တာ ဆိုတဲ့ ရတနာ တစ်ပါးကို
နှလုံးသားနဲ့ ရင်းပြီး သင်ကြားခဲ့ပေးတဲ့အတွက်
တစ်ခါတုန်းက ကောင်မလေးရေ
မင်းကိုလည်း... လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရစေ။
ငါ....ဆိုတဲ့အတ္တသေးသေးလေးနဲ့ ဘဝဆိုတာကြီးကို
ရောင့်ရောင့်ရဲရဲ၊ ရိုးရိုးသားသား၊ မိုက်မိုက်မဲမဲ
ကျားကုတ်ကျားခဲ၊ သာတစ်လှည့် နာတစ်ခါ ရင်ဆိုင်နိုင်ခဲ့တဲ့
ပြီးတော့...
ရင်ဆိုင်နေသေးတဲ့
(ငါ) ဆိုတာကြီးကိုလည်း...အထူးတလည် ကျေးဇူးတင်ပါရစေ။
---------------------
အိမ်ဝေးသူ (KZ)


No comments:

Post a Comment