Tuesday, 25 August 2015

ကျွန်တော်တို့သည် သူရဲကောင်းများ ဖြစ်ကြသည်


"ကျွုန်ုပ်တို့၏ လုပ်ရပ်သည် မှန်ကန်မွန်မြတ်ပြီး
ထိုလုပ်ရပ်အား(သေးသေးမွှားမွှားဖြစ်စေ၊ ကြီးကြီးမားမားဖြစ်စေ)
ကျွုန်ုပ်တို့ နှလုံးသားများက ရာနှုန်းပြည့်ထောက်ခံအားပေးသည်ဆိုပါက
ထိုလုပ်ရပ်မျိုးကား သူရဲကောင်းဆန်သော လုပ်ရပ်မည်၏" အိမ်ဝေးသူ(KZ)
x
ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းတွင် (Hero) သူရဲကောင်းဟူသော ဝေါဟာရ၏ လွှမ်းမိုးနိုင်မှုသည် အလွန်တရာ အင်အားကြီးမားလှသည်ကို တွေ့ရသည်။
လူအများစုက တိုင်းပြည်အတွက်၊ လူမျိုးစုတစ်စုအတွက် အသက်ဖြင့်ရင်း၍ တစ်စုံတရာလုပ်ဆောင်ပေးနိုင်စွမ်းသူကိုသာ သူရဲကောင်းဟု အခြေခံအားဖြင့် နားလည်နေကြပါသည်။ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ မြင်လိုက်သည်က စစ်ဝတ်တန်ဆာဖြင့် လူသားတစ်ဦး၊ ထူးခြားသော အရည်အသွေးတစ်ခုခုအား
ပိုင်ဆိုင်သူ လူထူးလူဆန်း တစ်ဦးအသွင်ဖြင့် ဖြစ်သည်။
x
အမှန်တကယ်တွင်မူ ကျွန်တော်တို့ အားလုံးသည် မတူကွဲပြားသော ပုံစံများစွာဖြင့် သူရဲကောင်းများ ဖြစ်ကြသည်ကို လက်ခံရန် လိုအပ်ပါသေးသည်။ အခြေခံအားဖြင့်
ကမ္ဘာသိ သူရဲကောင်း၊ တိုင်းပြည်သိ သူရဲကောင်း၊ မြို့နယ်သိ သူရဲကောင်း၊
ရပ်ကွက်သိ သူရဲကောင်း၊ မိသားစု သူရဲကောင်း၊ ကိုယ်တိုင်သိ သူရဲကောင်းဟူ၍
အမျိုးမျိုး သတ်မှတ်နိုင်ပေသည်။ ကျွန်တော်တို့ လက်ခံရမည်မှာ တိုင်းသိပြည်သိ ၊
ကမ္ဘာသိ သူရဲကောင်းအဆင့် ရောက်ရှိရန် မလွယ်ကူလှသော်လည်း မိမိကိုယ်တိုင်ကမူ မိမိ၏လုပ်ရပ်အား သူရဲကောင်းတစ်ဦး၏ လုပ်ရပ်အဖြစ် နားလည်ထားရန်ပင်ဖြစ်သည်။
x
ဥပမာအားဖြင့် သူရဲကောင်းတစ်ယောက် ဖြစ်လာရန်အတွက်...။
x
၁)
သူတစ်ထူးထက် သာပိုလွန်ကဲသော
အရည်အသွေးတို့အား ပိုင်ဆိုင်ရန် လိုအပ်ပါသလား?
x
၂)
သူရဲကောင်းဖြစ်ကြောင်း
ပတ်ဝန်းကျင်အသိအမှတ်ပြု စာရွက်စာတမ်းများ လိုအပ်ပါသလား?
x
၃)
တိုင်းပြည်အတွက်
အလွန်ကြီးမားသော အလုပ်တစ်ခု လုပ်ပြနိုင်သူ ဖြစ်ရန်လိုအပ်ပါသလား?
x
၎)
ဆောင်ရန်၊ ရှောင်ရန်အချက်များ ရှိရန်လိုအပ်ပါသလား?
x
၅)
မီးလောင်နေသော အဆောက်အဦးတစ်ခုထဲသို့
စွန့်စွန့်စားစား ပြေးဝင်ပြီး လူတစ်စုံတစ်ဦးကို ကယ်တင်ရန်လိုအပ်ပါသလား?
x
၆)
အရှိန်ပြင်းပြင်းမောင်းနှင်လာသော ရထားရှေ့မှ ဖြတ်ပြေးသော
တစ်စုံတစ်ဦးအား သက်စွန့်ဆံဖျား ကယ်တင်ရန်လိုအပ်ပါသလား?
x
၇)
ကျွန်တော်တို့ အားလုံးရော မိမိကိုယ်ကို မိမိ သူရဲကောင်းအဖြစ် ခံယူနိုင်စွမ်း မရှိကြတော့ပြီလား?
x
အဖြေမှာ ရိုးရှင်းလှပါသည်။
အထက်ပါအချက်များ ရှိမှသာ ကျွန်တော်တို့ သူရဲကောင်းဖြစ်မည် မဟုတ်ပေ။
ကျွန်တော်တို့ လူသားအားလုံးအတွက် တစ်ဦးချင်းစီအတွက် သူရဲကောင်း
ဖြစ်နိုင်ချေ ၁၀၀ % အပြည့်ရှိပါသည်။
x
"ကျွန်တော့်အတွက်မူ ဤသို့သောသူများသည် သူရဲကောင်းမည်၏"
x
၁)
သင်သည်...
ဘဝ၏ ခါးသီးမှုများစွာကို ရိုးသား၊ ရဲရင့်စွာဖြင့် ရင်ဆိုင်ဖြတ်ကျော်နေသော
လူငယ်တစ်ယောက်ဖြစ်ပါသလား..?
သေချာပါသည်...
ကျွန်တော့်အတွက်မူ သင်၏ ရှင်သန်မှုက သူရဲကောင်းဆန်ပါပေ၏။
x
၂)
သင်သည်...
အရက်သမားတစ်ယောက်၊ ဆေးသမားတစ်ယောက် ဖြစ်ပြီး
အရက်ဖြတ်ရန်၊ဆေးဖြတ်ရန် အားသွန်ခွန်စိုက် ကြိုးစားနေသူတစ်ဦးဖြစ်ပါသလား?
သေချာပါသည်...
ကျွန်တော့်အတွက်မူ သင်၏ ကြိုးစားရုန်းကန်နေသာ ထိုကာလသည်
သူရဲကောင်းဆန်ပါပေ၏။
x
၃)
သင်သည်...
သားသမီးများကို အချစ်၊ဂရုစိုက်မှု၊ကြင်နာနွေးထွေးမှု ပေးနိုင်စွမ်းသော မိခင်တစ်ဦးဖြစ်ပါသလား?
တံတိုင်းကဲ့သို ဘဝအခက်အခဲများစွာမှ အခိုင်အမာ ကာကွယ်ပေးနိုင်သော ဖခင်တစ်ဦးဖြစ်ပါသလား?
သေချာပါသည် ...
ကျွန်တော့်အတွက်မူ သင်တို့၏ သားသမီးပေါ်၌ ထားရှိသော
ထိုစိတ်ဓာတ်ကလေးသည်ပင် သူရဲကောင်းဆန်ပါပေ၏။
x
၎)
သင်သည်...
သင့်သူငယ်ချင်းတစ်ဦး အမှားအယွင်း ကျူးလွန်နေသော အချိန်၌ တည့်မတ်အောင်ပြုပြင်ပေးပြီး
အမှန်တရားအတွက် ရပ်တည်သောအခါတွင်လည်း
ဘေးမှနေ၍ အားပေးထောက်ပံ့ပေးတတ်ပါသလား?
သေချာပါသည်...
ကျွန်တော့်အတွက်မူ သင်၏ သေးငယ်ပမွှားသော ထိုလုပ်ရပ်ကလေးသည်
သူရဲကောင်းဆန်ပါပေ၏။
x
၅)
သင်သည်...
လူသွားလမ်းပေါ်၌ လူများစွာကို ဒုက္ခဖြစ်စေနိုင်သော
ကျောက်တုံး သေးသေးကြီးကြီးအား မိမိအသိစိတ်ဖြင့် ဘေးကင်းရာသို့ 
ဖယ်ရှားသူတစ်ဦး ဖြစ်ပါသလား?
သေချာပါသည်....
ကျွန်တော့်အတွက်မူ
သင်၏ လူမသိ၊ သူမသိ ထိုလုပ်ရပ်သည် သူရဲကောင်းဆန်ပါပေ၏။
x
၆)
သင်သည်...
လူအများစုက အမှားတရားနွံတွင် ပျော်ရွှင်စွာ မြူးတူးချိန်၌
သင်ကိုယ်တိုင်ကမူ အမှန်တရားအတွက် တစ်ဦးတည်း
စိတ်ဓာတ်ကြံ့ခိုင်စွာ ရပ်တည်သူတစ်ဦးဖြစ်ပါသလား?
သေချာပါသည်...
ကျွန်တော့်အတွက်မူ အမှန်တရားအတွက် ရပ်တည်နိုင်သော
ထိုလုပ်ရပ်သည် သူရဲကောင်းဆန်ပါပေ၏။
x
၇)
သင်သည်..
ရေငတ်နေသောလူတစ်ဦးအား
သင်သောက်မည့်ရေအား မျှဝေခြင်းအားဖြင့် တိုက်ခဲ့ဖူးပါသလား?
ဆာလောင်မွတ်သိပ်နေသူတစ်ဦးအား
သင့်တွင်ရှိသော အစားအစာအနည်းငယ်ဖြင့် ဝမ်းဝစေခဲ့ဖူးပါသလား?
အဝတ်အစားမရှိသူအား
သင့်တွင်ရှိသော အဝတ်အစားတစ်စုံဖြင့် အရှက်သိက္ခာ လုံစေခဲ့ဖူးပါသလား?
အသေအချာ ပြောဝံ့ပါသည်...
ထိုသူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့သော ထိုတဒင်္ဂ၌
သင်သည် ထိုသူတို့၏ အာဂသူရဲကောင်းဖြစ်ပါပေသည်။
x
အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့သည် သူရဲကောင်းတစ်ဦး ဖြစ်ရန်အတွက်
ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဆောင်ရန်၊ရှောင်ရန်အချက်များ မလိုအပ်ပေ။
တိုင်းသိပြည်သိ ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန်မလိုအပ်ပေ။ ဆိုလိုသည်မှာ ကျွန်တော်တို့သည် လူအများ လက်ခံနိုင်သော သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပါက ဝမ်းမြောက်ပီတိ
ဖြစ်ပါလေ။ သို့သော် ထိုသို့မဖြစ်ခဲ့ပါကလည်း ဝမ်းနည်းကြေကွဲစရာ မရှိပါချေ။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ ၏ နှလုံးသားများက ကျွန်တော်တို့၏
လုပ်ရပ်များအား ဂုဏ်ယူဝင့်ကြွားနိုင်ပါက ထိုလုပ်ရပ်မျိုးအား သူရဲကောင်းဆန်သော
လုပ်ရပ်မျိုးဟု လက်ခံနိုင်ပြီး ကျွန်တော်တို့ တစ်ဦးချင်းစီသည်လည်း
မိမိကိုယ်တိုင်အတွက် သူရဲကောင်းမည်ပါပေသည်။
------------------
အိမ်ဝေးသူ(KZ)
------------------
မှတ်ချက်။ မဖတ်ရသေးတဲ့သူအတွက်တော့ အသစ်ပေါ့ဗျာ။

No comments:

Post a Comment