Friday, 21 August 2015

အဖေ...မရှုံးဘူးကွ (တကယ်ဆို မြတ်နေသေးတယ်


မှတ်ချက်။
နိုင်ငံရပ်ခြားတွင် မိသားစုအတွက်၊ မိမိအနာဂတ်အတွက် အနစ်နာခံလိုစိတ်ဖြင့် ရုန်းကန်ကြိုးစားနေကြသော သစ်ပင်တိုင်းကို ရည်ညွှန်းပါသည်။ မကြာသော အချိန်ကာလတစ်ခုတွင် ထိုသစ်ပင်တို့ စကားပြောလာကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
xxx
လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်သည်။
အပတ်စဉ် အဖေနှင့် စကားပြောနေကျအတိုင်း ကျွန်တော် စကားပြောဖြစ်သည်။ သာကြောင်း မာကြောင်းတွေ၊ အခြား ကိစ္စတွေ တော်တော်များမျာပြောဖြစ်သည်။ ပြောရင်းဆိုရင်း အမှတ်မထင်စွာ ကျွန်တော်နိုင်ငံခြားထွက်လာခဲ့သည့်
အကြောင်းသို့ ရောက်သွားသည်။
x
အဖေ ။ ။
ဘာလိုလိုနဲ့ သား နိုင်ငံခြားထွက်သွားတာတောင် (၁၀) စုနှစ်တစ်ခုထဲ
ရောက်တော့မယ်နော်။
x
ကျွန်တော် ။ ။
ဟုတ်တယ်အဖေရ။ ကျွန်တော်ဖြင့် ယုံတောင်မယုံနိုင်ဘူး။
မျက်လုံးကို ခနလေးမှိတ်ပြီး စဉ်းစားလိုက်ရင် မနေ့ တနေ့ကလိုပဲ အဖေရယ်။
x
အဖေ ။ ။
ညီလေး၊ ညီမလေးတွေကို သတိရနေပြီလား သားရဲ့ ။
x
ကျွန်တော် ။ ။
သတိရတာပေါ့ အဖေရယ်....
အထူးသဖြင့် သဲသဲလေးကို ကျွန်တော် သိပ်သတိရနေမိတယ်။
x
အဖေ ။ ။
ဒါနဲ့ သားရော ရှေ့ရေးအတွက် ဘာတွေစီစဉ်ထားလဲ?
အိမ်ထောင်ပြုဖို့ လည်း စဉ်းစားဦးနော်။ မင်းညီနဲ့ ညီမတောင်
သားသမီးကိုယ်စီနဲ့ ဖြစ်နေကြပြီကွ။
x
ကျွန်တော် ။ ။
လတ်တလောတော့ အလုပ်ပဲ အာရုံစိုက် လုပ်ဖြစ်ဦးမယ် အဖေရယ်။
အိမ်ထောင်ပြုဖို့ လည်း စဉ်းစားတာပေါ့။ တဖြည်းဖြည်း အဆင်ပြေလာမှာပါ။
ဒါနဲ့ အဖေတို့  ရန်ကုန်မှာ စီးပွားရေး အခြေအနေဘယ်လိုလဲ။
အိမ်ခြံမြေဈေးတွေရော အခြေအနေဘယ်လိုလဲ အဖေ။
x
အဖေ ။ ။
ခုတလောတော့ အရောင်းအဝယ်ရပ်နေတယ် သားရဲ့ ။
ဒါပေမယ့် ရန်ကုန်မြို့ လယ်ခေါင်မှာ အိမ်ခြံမြေဈေးကတော့ မိုးထိမတတ်ဘဲကွ။
x
ကျွန်တော် ။ ။
ဟုတ်လား အဖေ။
ဒါနဲ့ ကျွန်တော်တို့ အောက်ထပ်ရော ခုဘယ်ဈေးပေါက်နေပြီလဲ အဖေရ။
x
အဖေ ။ ။
ဟိုတလောလေးကတော့ အောက်ထပ်ကို ဝယ်သူတစ်ယောက်က
သိန်း(၂၆၀၀) လာပေးတယ်။ ဒါပေမယ့် ဦးတင်မြင့်က မရောင်းဘူး။
အခုပေါက်ဈေးကတော့ သိန်း(၃၀၀၀) ပတ်လည်ရှိတယ်။
x
ကျွန်တော် ။ ။ “ ဗျာ ”
x
အဖေ ။ ။
ဟုတ်တယ် သားရေ။ ရောင်းပြီးသား အိမ်ခြံမြေကတော့
ပြန်ဝယ်ဖို့ မလွယ်တော့တဲ့ခေတ်ပဲကွ။
x
ကျွန်တော် ။ ။
ကျွန်တော်ဖြင့် ယုံတောင်မယုံနိုင်ဘူး အဖေရာ။
x
x
ဇာတ်ကြောင်း
x
ကျွန်တော် နိုင်ငံခြားသို့ ထွက်ရန် စီစဉ်တုန်းက ငွေကြေးပမာဏ
သိန်း (၃၀၀-၄၀၀) ပမာဏကို ဘဏ်ထဲမှာ (၃) လ,ခန့် ပြပေးရသည်။
သူငယ်ချင်း အများစုက သိန်း(၃၀၀)ဝန်းကျင်ကို အခကြေးငွေ ယူပြီး ဘဏ်စာအုပ်ထဲ ထည့်ပေးသော လုပ်ငန်းရှင်တစ်ယောက်ထံ အပ်ကြသည်။ ထိုလုပ်ငန်းရှင်က
သိန်း(၃၀၀)ဝန်းကျင်ကို ၂လခွဲ ၃လခန့် ထည့်ပေးပြီး ဝန်ဆောင်ခအဖြစ် သိန်း(၂၀) ဝန်းကျင်တောင်းသည်။ ဘဏ်စာအုပ်ကတော့ သူသိမ်းထားသည်။ သို့ သော်
သူက ငွေကို ပုံသေထည့်ပေးထားခြင်းမျိုးမဟုတ်။ ငွေအဝင်အထွက်တော့
ကစားပေးသည်။ သို့ သော်လည်း သိပ်တော့စိတ်မချရ။ သူ ပြပေးသော
ငွေအဝင်အထွက်ကို သံရုံးက သံသယဖြစ်လျှင် ဗီဇာနှင့် လွဲမည်ဖြစ်သည်။
အဖေက သူ့ဆီမှာ ငွေ သိန်း(၂၀) ပေးပြီး လုပ်ရမှာ စိတ်မချ။ သူဒုက္ခပေးလျှင်
ဗီဇာဝင်ခါနီး ဒုက္ခရောက်နိုင်သည်။
x
အဖေကလည်း ဘယ်တော့မှ ဘဏ်မှာ ငွေအပ်လေ့ရှိသူမဟုတ်။ ကိုယ်တိုင်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်သော်လည်း (လူလတ်တန်းစား) ပုံသေ သိမ်းထား
သော ငွေများများစားစား မရှိ။ ငွေအားလုံးနီးပါးက လုပ်ငန်းထဲ လည်ပတ်နေသည်က များသည်။ ထို့ ကြောင့် ထိုငွေပမာဏကိုရဖို့ ကျွန်တော်တို့ ပိုင်ဆိုင်ရာ မြေညီထပ်နှင့်ပထမထပ်တွဲမှ မြေညီထပ်ကို ရောင်းပစ်လိုက်သည်။ ထိုစဉ်က
ပေါက်ဈေး မှာ သိန်း(၃၀၀) ဝန်းကျင်ခန့် ရှိသော်လည်း သိန်း(၂၅၀)နှင့် ဈေးတည့်ပြီး ရောင်းလိုက်သည်။ အဖေ့မှာရှိသည့် သိန်း(၁၈၀)နှင့်ပေါင်း၍ (၄၃၀)သိန်းကို
ဘဏ်မှာ သေချာပြပေးခဲ့သည်။ ကိုယ်ပိုင်ငွေဖြစ်သည့်အတွက် ငွေကို အလောတကြီးထုတ်စရာလည်း မလိုခဲ့။ အဖေကိုယ်တိုင် ငွေအထုတ်အသွင်းကို
ဂရုတစိုက် လုပ်ဆောင်ပေးခဲ့သည်။ အဖေ့ကျေးဇူးဖြင့် ကျွန်တော်ဗီဇာဝင်သည့်အခါ
Show money ကြောင့် အခက်အခဲမဖြစ်ခဲ့။ တစ်ကြိမ်တည်းဖြင့် ဗီဇာအောင်ခဲ့သည်။
ဤသည်မှာ ကျွန်တော်တို့ မြေညီထပ်ကို အဖေ ရောင်းခဲ့ရသည့် အကြောင်းရင်း
ဖြစ်သည်။ ကျွန်တော်တို့ သားအဖနှစ်ဦး၏ အပြန်အလှန်စကားကိုဆက်မည်။
x
x
အဖေ ။ ။
မြန်မာပြည် မြေဈေးကတော့ ဒီလိုပဲ သားရေ။
x
ကျွန်တော် ။ ။
အဖေရယ်။ ကျွန်တော် ငိုချင်တယ်ဗျာ။ အဖေသာ အဲဒီ့တုန်းက ကျွန်တော့်အတွက်
အောက်ထပ်ကို မရောင်းပေးခဲ့ရင် အခုချိန်ဆို အဖေ သိန်း(၃၀၀၀) လက်ထဲ
ရောက်နေပြီ။ ကျွန်တော့်အတွက် အနစ်နာခံပြီး အဖေရောင်းပေးခဲ့ပေမယ့်
ဒီနေ့ အထိ အဖေ့ကို ကျွန်တော် သိန်း(၃၀၀)တောင် ပြည့်အောင် မပေးနိုင်ခဲ့သေးဘူး။
x
အဖေ ။ ။
တော်စမ်းသားကြီး။ ငွေဆိုတာ ကိုယ့်ဆီကို အဝင်အထွက်ရှိတယ်ကွ။
လာချင်တဲ့အခါ လာမယ်။ သွားချင်တဲ့အခါ သွားမယ့်သဘောရှိတယ်။
ဘယ်တော့မှ ပုံသေမြဲနေမယ် ဆိုတဲ့ သဘောတရားမရှိဘူး။
ဘာလဲ? မင်းက အဲဒီ့ သိန်း(၃၀၀၀)အတွက် နှမြောတသစိတ် ဝင်နေတာလား။?
အဖေတောင် နှမြောစိတ် တစ်စက်ကလေး မဖြစ်ဘူး။
မင်းက ဘာလို့ ဖြစ်နေရတာလဲ။?
x
ကျွန်တော် ။ ။
အဖေရာ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်မိတယ်။
ကျွန်တော့်ကြောင့် အဖေ နစ်နာသွားခဲ့ရတာ။
x
အဖေ ။ ။
အဖေနစ်နာသွားတယ်လို့ မင်းကိုဘယ်သူကပြောတာလ။ဲ?
x
ကျွန်တော် ။ ။
အဖေကလဲ သိန်း(၃၀၀၀)ဆိုတာ ကျွန်တော် ဒီမှာ နောက်ထပ်
(၁၀)နှစ် နေရင်တောင် စုနိုင်မယ့်ပမာဏမဟုတ်ဘူးလေ။
အဲ့ဒါ နစ်နာတာပေါ့။
x
အဖေ ။ ။
မင်း မှားနေပြီ သားကြီး။
အဖေ နားလည်ထားတာက ငွေတစ်ခုတည်းက အဖေ့ကို
နစ်နာအောင် မလုပ်နိုင်ဘူး။ မင်းကို ဖေဖေမေးမယ်။ အမှန်အတိုင်း ဖြေကြည့်။
အဖေ မင်းအကြောင်းကို သိပြီးသားပါ။ ဒါပေမယ့် သားစိတ်ချမ်းသာအောင်
အဖေ မင်းကို မေးပေးတာလို့ မှတ်။ ဟုတ်ပြီလား။
x
အဖေ ။ ။
(၁) မင်း နမားဇ်မြဲလား။?
ကျွန်တော်။ ။
ကျွန်တော် မြဲတယ်အဖေ။ နမားဇ်ကိုတော့ ရအောင် အမြဲဖတ်တယ်။
x
အဖေ ။ ။
(၂) မင်း UK က ဘွဲ့ ရပြီးပြီဆိုတာ ဟုတ်လား။?
ကျွန်တော် ။ ။
ဟုတ်တယ်လေအဖေ။ ကျွန်တော် မာစတာတောင်ပြီးပြီ။
x
အဖေ ။ ။
(၃) မင်း....အကျင့်စာရိတ္တအခြေအနေကို မင်း...ဘယ်လို သတ်မှတ်လဲ။?
ကျွန်တော် ။ ။
ကျွန်တော့်အကျင့်စာရိတ္တရဲ့  ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ အဖေ။
x
အဖေ ။ ။
(၄) အဖေ သိက္ခာကျ၊ အရှက်ရစေမယ့်အလုပ်မျိုး မင်းဘာလုပ်လဲ။?
ကျွန်တော် ။ ။
ဒီနေ့ ထိ အဖေဂုဏ်ယူရမယ့်ကိစ္စကလွဲလို့ ၊ မိသားစုနဲ့ အဖေ အရှက်တကွဲ
အကျိုးနည်းမယ့်ကိစ္စမျိုး ကျွန်တော် မလုပ်ခဲ့ဖူးသေးဘူး အဖေ။
x
အဖေ ။ ။
(၅) နောင်တချိန် အဖေမရှိတော့တဲ့အခါ မင်းညီလေး၊ညီမလေးတွေကို
မင်း တာဝန်ယူစောင့်ရှောက်ဖို့ သတ္တိရှိပြီလား။?
ကျွန်တော် ။ ။
အဖေသာ တာဝန်ပေးမယ်ဆိုရင် အခုကတည်းက ကျွန်တော် အဲဒီ့တာဝန်ကို
ယူနိုင်ပါပြီ။ ကျွန်တော့်မှာ သတ္တိရော၊ ခွန်အားရော၊ အရည်အချင်းပါ
ရှိပါတယ် အဖေ။
x
အဖေ ။ ။
အဖေ မင်းကို ဘာပြောခဲ့လဲ။? ဖေဖေ မရှုံးဘူး။ မနစ်နာဘူးဆိုတာလေ။
ကြည့် အခု.... အဖြေကို မင်းသေချာ ဖြေသွားပြီးပြီလေ။ ဖေဖေက မင်းကိုမေးခဲ့တဲ့
မေးခွန်း(၅)ခုစလုံးမှာ မင်းအဖြေတွေက ဖေဖေ့ကို စိတ်ချမ်းသာစေတယ်။
တကယ်တမ်းတော့ အဲဒီ့အဖြေတစ်ခုက အဖေ့အတွက် သိန်း(၁၀၀၀)မက
တန်တယ်။ ဒါပေမယ့် သိန်း(၁၀၀၀)ပဲထားဦး။ ၅ခုတိုတော့ သိန်း(၅၀၀၀)ပေါ့။
မင်းတွေ့ လား...လတ်တလော မင်းက အဖေ့ကို သိန်း(၂၀၀၀) ရှာပေးပြီးသွားပြီကွ။ ဘယ်မှာလဲ အဖေနစ်နာတယ်ဆိုတာ...ပြောစမ်းပါဦး။
x
ကျွန်တော် ။ ။
ဒါကတော့ အဖေရာ။
x
အဖေ ။ ။
တော်ပြီသားကြီး။ အဲ့ဒါတွေ မစဉ်းစားနဲ့ ။ ဒီအတိုင်း ပုံမှန်လေးကြိုးစား။
မင်းအဆင့်အတန်းကို အဖေမြှင့်တင်နိုင်သလောက် မြှင့်တင်ပေးရုံပါ။
အဖေ မင်းကိုပြောခဲ့သလိုပဲ။ " သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားရတယ် "
ဆိုတာလေ။
x
ကျွန်တော် ။ ။
ဟုတ်ကဲ့ပါ အဖေ။ ကျွန်တော် မှတ်ထားပါတယ်။
ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ။ ကျွန်တော့်အတွက် အဖေရောင်းပေးခဲ့တဲ့
မြေညီထပ်တန်ဖိုးထက် ဆယ်ဆမက ကျွန်တော်ပြန်ရှာပေးနိုင်အောင်
ကျွန်တော်ကြိုးစားမှာပါ အဖေ။
x
အဖေ ။ ။
ငါ့သားကြီးပဲကွာ။ ဒီလိုပဲ ဖြစ်ရမှာပေါ့။
x
ကျွန်တော် ။ ။
သြော်...အဖေရယ်။ (ဒီလောက်တောင်ပဲလား)
x
ကျွန်တော့်မှာ ဝမ်းသာဝမ်းနည်းစွာဖြင့် မျက်ရည်ကျခဲ့ရပါသည်။
ကျွန်တော်က နစ်နာမှုဟု ယူဆလိုသော်လည်း အဖေက “ အမြတ် ” ဟု
ပြတ်ပြတ်သားသား ခံယူထားသည်။ ငွေကြေးထက်ပို၍ တန်ဖိုးထားအပ်သည့်
အရာတို့ကို ကျွန်တော့်ကို သေချာ ပြောပြသွားသည်။ စိတ်ချပါ အဖေ။ အဖေ ပြောနေကျစကားအတိုင်း ကျွန်တော်သည် သစ်ပင်ကောင်းတစ်ပင် ဖြစ်စေရမည်။ ငှက်တစ်သောင်းမကဘဲ သိန်းပေါင်းများစွာသောငှက်တို့ ကျွန်တော့်အရိပ်မှာ အေးမြသာယာစွာ ခိုလှုံခွင့်ရစေရမည်ဟု ကျွန်တော့်ကိုယ် ကျွန်တော်
ကတိပေးခဲ့ပြီး ဖြစ်သည်။
------------------
အိမ်ဝေးသူ(KZ)
------------------

No comments:

Post a Comment