Thursday, 18 February 2016

ရေပူ၊ရေအေးနှင့် ရေနွေး(သို့) လူပူ၊လူအေးနှင့် လူနွေး


@ ရေပူ @
ပူလွန်းသည့်အတွက် ထိုရေပူနှင့်ထိမိလျှင် ထိမိသည့်နေရာ လောင်တတ်သည်။
x
@ ရေအေး @
အေးလွန်းသည့်အတွက် ထိုရေအေးနှင့်ထိမိလျှင် ထိုနေရာသည် ကျဉ်ခဲတတ်သည်။
x
@ ရေနွေး @
ရေပူနှင့် ရေအေးကို အချိုးအကျညီညွတ်စွာ စပ်ထားသည့်အတွက် ဒုက္ခမဖြစ်စေတတ်။
ထိုရေနွေးသည် ရာသီဥတုအားလုံးနှင့် အကျုံးဝင်သည်အထိ အကျိုးဖြစ်ထွန်းစေသည်။
x
လူ့ဘဝသည် တိုတောင်းလွန်းလှသည်။
သို့သော် တိုတောင်းလွန်းသော ထိုလူ့ဘဝတွင် ကြုံဆုံရသည့်အရာတို့ကား များလှ၏။ ထိုသို့ ကြုံဆုံရသည့် အရာများစွာအနက် လူပူ၊ လူအေးနှင့်
လူနွေးဟူသော လူသုံးမျိုးနှင့် ထိုလူသုံးမျိုးတို့၏ ပေါင်းသင်းဆက်ဆံရေး
တို့သည်လည်း အပါဝအင်ဖြစ်သည်။
x
@ လူပူ @
လူအချို့၏ လူမှုဆက်ဆံရေးသည် ဆူပွက်နေသော ရေပူနှင့် အလားတူ၏။
ပူလောင်လွန်းသည့်အတွက် ထိုသူတို့နှင့် ထိတွေ့ဆက်ဆံသူတို့ပါ ပူလောင်ခြင်းကို
ကူးစက်ခံစားကြရကုန်၏။
x
@ လူအေး @
လူအချို့၏ လူမှုဆက်ဆံရေးသည် အေးစက်တောင့်ခဲနေသော ရေခဲတုံးနှင့် ဆင်တူ၏။
အေးစက်မာကျောလွန်းသည့်အတွက် ထိုသူတို့နှင့် ကူးလူးပေါင်းသင်းရသူတို့ပင်လျှင်
အေးစက်မာကျောခြင်းကို ကူးစက်ခံစားကြရကုန်၏။
x
@ လူနွေး @
လူအချို့၏ လူမှုဆက်ဆံရေးမှာမူကား မပူမအေးဘဲ နွေးထွေးသော ရေနွေးနှင့်
ပုံစံဆင်တူတတ်၏။ အလွန်အကျူး ပူလောင်ခြင်းလည်း မရှိတတ်။ အလွန်အကျူး
အေးစက်တောင့်ခဲခြင်းလည်း မဖြစ်တတ်။ နွေးထွေးသော မျှခြေတစ်ခု၌ တည်၏။
ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံရသူတိုင်းသည် ရင်ထဲ၌ နွေးခနဲဖြစ်သည့်အထိ
နွေးထွေးဖူလုံခြင်းကို ခံစားရတတ်၏။ ရေနွေးသည် ရာသီဥတုမရွေး ဘေးမဖြစ်
သကဲ့သို့ လူနွေးတို့သည်လည်း အခြေအနေမရွေး၊ နေရာမရွေး ဘေးကင်းတတ်ပြန်၏။
x
မိတ်ဆွေများခင်ဗျာ။
သင်တို့၏ မိတ်ဆွေတစ်ယောက်သည် ပွက်ပွက်ဆူနေသော လူပူတစ်ယောက်
ဖြစ်နေပါက သူ့ကို လူနွေးဘဝရောက်အောင် ဝိုင်းဝန်းတွန်းပို့စေချင်ပါသည်။
သင်တို့၏ မိတ်ဆွေတစ်ယောက်သည် အေးစက်တောင့်ခဲနေသော လူအေးတစ်ယောက်
ဖြစ်နေပါက သူ့ကို လူနွေးဘဝရောက်အောင် ထိန်းသိမ်းပံ့ပိုးစေချင်ပါသည်။
x
မိတ်ဆွေများခင်ဗျာ။
ထို့ထက်အရေးကြီးသည့် တိုက်တွန်းချက်တစ်ခုရှိပါသည်။
သင်တို့သည် ရေပူကဲ့သို့လည်း မပူ၊ ရေအေးကဲ့သို့လည်း မအေးဘဲ
ရေနွေးကဲ့သို့ ရာသီဥတုမရွေး နွေးထွေးစွာ ဆက်ဆံတတ်သူ တစ်စုံတစ်ယောက်နှင့်
ကြုံဆုံခဲ့ရပါက ထိုသူသည် သင်တို့၏ လုပ်ရပ်တစ်စုံတစ်ရာကြောင့် လူပူ၊ လူအေး
ဘဝသို့ မရောက်သွားရန် အထူးသတိပြု၍ ဆင်ခြင်စွာ ဆက်ဆံစေချင်ပါသည်။
x
တိုတောင်းလှသော လူ့ဘဝတွင်
ရေပူလိုလည်း မပူ၊ ရေအေးလိုလည်း မအေးစက်ဘဲ ရေနွေးကဲ့သို့
နွေးထွေးနိုင်သည့် ဂုဏ်သတ္တိမျိုးရှိအောင် ကျွန်တော်တို့အားလုံး
ကြိုးစားတည်ဆောက်ရမည်ဖြစ်ပါကြောင်း။ (လူပူများ နည်းပါစေ၊
လူအေးများ နည်းပါစေ။ လူနွေးများ တဖြည်းဖြည်းများပြားပါစေ)
------------------
အိမ်ဝေးသူ(KZ)
------------------

No comments:

Post a Comment