Sunday, 21 February 2016

စသုံးလုံး ရောဂါ...ငါ့မှာ မရှိပါ...သို့သော်


ငါ့မှာ...
x
၁) စိတ်ဆိုးတတ်သည့် ရောဂါ
၂) စိတ်ကောက်တတ်သည့် ရောဂါ
၃) စိတ်နာတတ်သည့် ရောဂါ...မရှိပါ။
x
သို့သော်...ငါ့မှာ
x
၁) အေးစက်မာကျောသည့် ရောဂါ
၂) လျစ်လျူရှုတတ်သည့် ရောဂါ...ရှိပါသည်။
x
ကျေးဇူးပြုပြီး
ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို
စော်ကားခြင်းမျိုး မည်သည့်အခါမျှ မလုပ်ပါနှင့်။
----------------
အိမ်ဝေးသူ(KZ)
----------------

Saturday, 20 February 2016

Label (ခေါင်းစဉ်)တပ်ရတာလွယ်ပေမယ့်


လူတစ်ယောက်ကို
လူဆိုး၊ လူကောင်းဆိုပြီး
ခေါင်းစဉ်(Lable) တပ်ရတာ
ကျွန်တော်တို့အတွက် သိပ်လွယ်ပါတယ်။
x
ဒါပေမယ့်
ကျွန်တော်တို့ တပ်လိုက်တဲ့ခေါင်းစဉ်က
ပြောင်းပြန်ဖြစ်နေခဲ့မယ်ဆိုရင်တော့
ပြန်တည့်ဖို့ ခက်ခဲလွန်းပါတယ်

-----------------
အိမ်ဝေးသူ(KZ)
-----------------
မှတ်ချက်။
လူတစ်ယောက်အကြောင်းကို သေချာအတိအကျ မသိဘဲ
အလျင်စလိုနဲ့ မှားယွင်းစွာ ခေါင်းစဉ်မတပ်မိဖို့ ကျွန်တော်တို့သတိထားသင့်ပါတယ်။
(ဘာသာရေးရှုထောင့်ကပြောမယ်ဆိုရင်လည်း အပြစ်ထိုက်ပါတယ်)

Friday, 19 February 2016

နွေးနွေးထွေးထွေး ရှိတာလား၊ အီစီကလီဆက်ဆံတာလား...?


လူတချို့က
နွေးနွေးထွေးထွေး ဆက်ဆံတတ်တာနဲ့
အီစီကလီဆက်ဆံရေး၊ ဖွန်ကြောင်ဆက်ဆံရေး
မျှော်လင့်ချက်ပေးဆက်ဆံရေး၊ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့ ဆက်ဆံရေး၊
စတာတွေကို ရောထွေးပစ်တတ်ကြတယ်။ (မကောင်းဘူးပေါ့)
x
@ နွေးထွေးစွာ ဆက်ဆံခြင်း @
လူတစ်ယောက်က နောက်ထပ်လူတစ်ယောက်ကို၊ (လူအများကို)
နွေးထွေးစွာ ဆက်ဆံတတ်တယ်ဆိုကြပါစို့။
သေချာတယ်။
အဲ့ဒီ့ လူဟာ လောကဓံကို အထိုက်အလျောက် ရင်ဆိုင်ခဲ့သူဖြစ်တယ်။
နွေးထွေးစွာ ဆက်ဆံတတ်ဖို့ အဲ့ဒီ့လူဟာ
၁)
နွေးထွေးစွာ ဆက်ဆံတတ်တဲ့ မိသားစုအသိုင်းအဝိုင်းက ပေါက်ဖွားလာတာ
ဖြစ်ကောင်းဖြစ်မယ်။
၂)
သိပ်ကို လျစ်လျူရှုတတ်တတ်ပြီး ဘာသိဘာသာ(ဖာသိဖာသာ) နေတတ်တဲ့
မိသားစုအသိုင်းအဝိုင်းမှာ လူဖြစ်လာသူ ဖြစ်ကောင်းဖြစ်မယ်။
၃)
ဘဝမှာ နာကျင်ကြေကွဲစရာတွေ ၊ ဆုံးရှုံးနစ်နာမှုတွေ အထိုက်အလျောက်
ရှိခဲ့သူမျိုး ဖြစ်ကောင်းဖြစ်မယ်။
၎)
ကိုယ်ချင်းစာတရား အဆင့်အတန်းမြင့်မားကြသူတွေ ဖြစ်ကောင်းဖြစ်မယ်။
၅)
နောက်ဆုံးအနေနဲ့ "လူ" ပီသအောင် အစဉ်မပြတ် ကြိုးစားကျင့်ကြံ
နေထိုင်သူမျိုး ဖြစ်ကောင်းဖြစ်မယ်။
x
ဆိုလိုချင်တာက
လူတစ်ယောက်က နွေးနွေးထွေးထွေး ဆက်ဆံတတ်တယ်ဆိုရင်
(ဟန်ဆောင်တာမျိုးမဟုတ်) အဲ့ဒီလူဟာ ဘဝမှာ အထိုက်အလျောက်
နာကျင်စရာမျိုးတွေ၊ ဆုံးရှုံးစရာမျိုးတွေ ကြုံခဲ့ရပြီးပါပြီ။ သူကြုံခဲ့ရတဲ့ ခါးသီးမှုတွေကို
သူ့နှလုံးသားနဲ့ ဆန်ကာစစ်ပြီး ချိုမြိန်နွေးထွေးမှုတွေအဖြစ် သူ့ပတ်ဝန်းကျင်ကို
ပြန်ပြီး ပေးဆပ်တတ်ကြသူမျိုးတွေ ဖြစ်တတ်ပါတယ်။
x
ဒါပေမယ့် လူတချို့ကတော့
နွေးထွေးစွာ ဆက်ဆံခြင်း (ပလူးပလဲနေခြင်းမျိုးမဟုတ်) နဲ့ အီစီကလီကိစ္စတွေကို
ရောထွေးပစ်လိုက်တတ်ကြပါတယ်။ ကိုယ်နဲ့ပက်သက်တဲ့သူဟာ နွေးထွေးတာလား၊
အီစီကလီလားဆိုတာကို သူနဲ့ဆက်ဆံတဲ့ မိမိကိုယ်တိုင်က အသိဆုံးဖြစ်ရမယ်လို့
ပြောရင် ကျွန်တော်လွန်မယ်မထင်ပါဘူး။ တစ်ဘက်က ရိုးရိုးသားသား နွေးထွေးစွာ ဆက်ဆံတာကို (ငါ့ကို ကြိုက်နေလို့ ရေလားမြောင်းပေးလုပ်နေတယ်၊ ငါ့ကို
Favor(Favour) ပေးနေတာပဲလို့ တစ်ဘက်သတ် ထင်နေတတ်ကြပါတယ်)
x
ကျွန်တော့်ခံယူချက်ကတော့
တိုတောင်းလွန်းတဲ့ လူ့ဘဝမှာ ပေးတဲ့လက်ပဲ ကျွန်တော်ဖြစ်ချင်တယ်။
ပေးတဲ့လက်ဆိုရာမှာ (နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ စောင့်ရှောက်ခြင်း)
အပါအဝင် တတ်နိုင်သမျှ ပေးရုံပဲ ပေးချင်တာမျိုးပါ (ဘာကိုမှ မမျှော်လင့်ဘူး)
ကျွန်တော် ဖြတ်သန်းရာဘဝတစ်လျှောက်မှာ နွေးထွေးတဲ့ နှလုံးသားပန်းပင်လေးတွေ
စိုက်ခဲ့ချင်တယ်။ အဲ့ဒီ့ နှလုံသားပန်းပင်တွေနဲ့ ပေါင်းစည်းထားတဲ့ နွေးထွေးတဲ့
နှလုံးသားပန်းစိုက်ခင်းကြီးတွေ အများကြီး ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး
ဖြစ်ထွန်းစေချင်တယ်။ ကိုယ်စီကိုယ်စီ ပင်ပန်းနေတဲ့ဘဝအသီးသီး၊ ကိုယ်စီကိုယ်စီ သောကတွေ ဝေနေရတဲ့ ဘဝအသီးသီးမှာ ကိုယ်နဲ့ဆက်ဆံရတဲ့ လူတွေရဲ့ သောက၊
ဒုက္ခ နည်းနည်းလေး လျော့သွားပါစေတော့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့
ကျွန်တော်နဲ့ ပက်သက်တဲ့သူတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပါတယ်။
(ပလူးပလဲမနေတတ်ဘူး၊ အီစီကလီမလုပ်တတ်ဘူး၊ မျှော်လင့်ချက်မပေးဘူး)
x
နွေးထွေးစွာ ဆက်ဆံခြင်းနဲ့ ပက်သက်လို့တော့ ဒီလောက်ပါပဲခင်ဗျာ။
ဘာ..... ဘယ်လို.....အီစီကလီအကြောင်းလေးလည်း ပြောပါဦး...ဟုတ်လား...?
ဆော်ရီးပါခင်ဗျာ။
အီစီကလီအကြောင်း၊ ဖွန်ကြောင်တဲ့အကြောင်း၊ ပလူးပလဲနေတဲ့အကြောင်း၊
မျှော်လင့်ချက်ပေးတဲ့အကြောင်းတွေ ကျွန်တော် ကျွမ်းကျင်တဲ့ဘာသာရပ်မဟုတ်တဲ့
အတွက် ဒီလောက်နဲ့ပဲ နားလိုက်ပါပြီ။
-----------------
အိမ်ဝေးသူ(KZ)
-----------------

Thursday, 18 February 2016

ရေပူ၊ရေအေးနှင့် ရေနွေး(သို့) လူပူ၊လူအေးနှင့် လူနွေး


@ ရေပူ @
ပူလွန်းသည့်အတွက် ထိုရေပူနှင့်ထိမိလျှင် ထိမိသည့်နေရာ လောင်တတ်သည်။
x
@ ရေအေး @
အေးလွန်းသည့်အတွက် ထိုရေအေးနှင့်ထိမိလျှင် ထိုနေရာသည် ကျဉ်ခဲတတ်သည်။
x
@ ရေနွေး @
ရေပူနှင့် ရေအေးကို အချိုးအကျညီညွတ်စွာ စပ်ထားသည့်အတွက် ဒုက္ခမဖြစ်စေတတ်။
ထိုရေနွေးသည် ရာသီဥတုအားလုံးနှင့် အကျုံးဝင်သည်အထိ အကျိုးဖြစ်ထွန်းစေသည်။
x
လူ့ဘဝသည် တိုတောင်းလွန်းလှသည်။
သို့သော် တိုတောင်းလွန်းသော ထိုလူ့ဘဝတွင် ကြုံဆုံရသည့်အရာတို့ကား များလှ၏။ ထိုသို့ ကြုံဆုံရသည့် အရာများစွာအနက် လူပူ၊ လူအေးနှင့်
လူနွေးဟူသော လူသုံးမျိုးနှင့် ထိုလူသုံးမျိုးတို့၏ ပေါင်းသင်းဆက်ဆံရေး
တို့သည်လည်း အပါဝအင်ဖြစ်သည်။
x
@ လူပူ @
လူအချို့၏ လူမှုဆက်ဆံရေးသည် ဆူပွက်နေသော ရေပူနှင့် အလားတူ၏။
ပူလောင်လွန်းသည့်အတွက် ထိုသူတို့နှင့် ထိတွေ့ဆက်ဆံသူတို့ပါ ပူလောင်ခြင်းကို
ကူးစက်ခံစားကြရကုန်၏။
x
@ လူအေး @
လူအချို့၏ လူမှုဆက်ဆံရေးသည် အေးစက်တောင့်ခဲနေသော ရေခဲတုံးနှင့် ဆင်တူ၏။
အေးစက်မာကျောလွန်းသည့်အတွက် ထိုသူတို့နှင့် ကူးလူးပေါင်းသင်းရသူတို့ပင်လျှင်
အေးစက်မာကျောခြင်းကို ကူးစက်ခံစားကြရကုန်၏။
x
@ လူနွေး @
လူအချို့၏ လူမှုဆက်ဆံရေးမှာမူကား မပူမအေးဘဲ နွေးထွေးသော ရေနွေးနှင့်
ပုံစံဆင်တူတတ်၏။ အလွန်အကျူး ပူလောင်ခြင်းလည်း မရှိတတ်။ အလွန်အကျူး
အေးစက်တောင့်ခဲခြင်းလည်း မဖြစ်တတ်။ နွေးထွေးသော မျှခြေတစ်ခု၌ တည်၏။
ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံရသူတိုင်းသည် ရင်ထဲ၌ နွေးခနဲဖြစ်သည့်အထိ
နွေးထွေးဖူလုံခြင်းကို ခံစားရတတ်၏။ ရေနွေးသည် ရာသီဥတုမရွေး ဘေးမဖြစ်
သကဲ့သို့ လူနွေးတို့သည်လည်း အခြေအနေမရွေး၊ နေရာမရွေး ဘေးကင်းတတ်ပြန်၏။
x
မိတ်ဆွေများခင်ဗျာ။
သင်တို့၏ မိတ်ဆွေတစ်ယောက်သည် ပွက်ပွက်ဆူနေသော လူပူတစ်ယောက်
ဖြစ်နေပါက သူ့ကို လူနွေးဘဝရောက်အောင် ဝိုင်းဝန်းတွန်းပို့စေချင်ပါသည်။
သင်တို့၏ မိတ်ဆွေတစ်ယောက်သည် အေးစက်တောင့်ခဲနေသော လူအေးတစ်ယောက်
ဖြစ်နေပါက သူ့ကို လူနွေးဘဝရောက်အောင် ထိန်းသိမ်းပံ့ပိုးစေချင်ပါသည်။
x
မိတ်ဆွေများခင်ဗျာ။
ထို့ထက်အရေးကြီးသည့် တိုက်တွန်းချက်တစ်ခုရှိပါသည်။
သင်တို့သည် ရေပူကဲ့သို့လည်း မပူ၊ ရေအေးကဲ့သို့လည်း မအေးဘဲ
ရေနွေးကဲ့သို့ ရာသီဥတုမရွေး နွေးထွေးစွာ ဆက်ဆံတတ်သူ တစ်စုံတစ်ယောက်နှင့်
ကြုံဆုံခဲ့ရပါက ထိုသူသည် သင်တို့၏ လုပ်ရပ်တစ်စုံတစ်ရာကြောင့် လူပူ၊ လူအေး
ဘဝသို့ မရောက်သွားရန် အထူးသတိပြု၍ ဆင်ခြင်စွာ ဆက်ဆံစေချင်ပါသည်။
x
တိုတောင်းလှသော လူ့ဘဝတွင်
ရေပူလိုလည်း မပူ၊ ရေအေးလိုလည်း မအေးစက်ဘဲ ရေနွေးကဲ့သို့
နွေးထွေးနိုင်သည့် ဂုဏ်သတ္တိမျိုးရှိအောင် ကျွန်တော်တို့အားလုံး
ကြိုးစားတည်ဆောက်ရမည်ဖြစ်ပါကြောင်း။ (လူပူများ နည်းပါစေ၊
လူအေးများ နည်းပါစေ။ လူနွေးများ တဖြည်းဖြည်းများပြားပါစေ)
------------------
အိမ်ဝေးသူ(KZ)
------------------

Monday, 15 February 2016


သူများဆီက
ကိုယ်ချင်းစာတရားကို
ရမယ်ဆိုပြီး မျှော်လင့်လွန်းရင်းနဲ့
x
ကိုယ့်ဆီမှာ
ရှိပြီးသား ကိုယ်ချင်းစာတရားကို
ဥပေက္ခာပြုထားမိတာမျိုး မဖြစ်ပါစေနဲ့။
------------------
အိမ်ဝေးသူ(KZ)
------------------

Tuesday, 9 February 2016

အိမ်သာ


လူနဲ့ တိရိစ္ဆာန်ကို
ခွဲခြားသိမြင်နိုင်တဲ့ နေရာတွေထဲမှာ
အိမ်သာဆိုတာလည်း တစ်ခုအပါအဝင်ပါပဲ။
x
ဒါပေမယ့်
လူနဲ့ တိရိစ္ဆာန်ကို
ခွဲခြားလို့မရလောက်အောင် ဖြစ်နေတဲ့
အိမ်သာတွေ တစ်နေ့တစ်ခြား ပိုများလာတယ်။
x
အိမ်သာဆိုတာ
မစင်စွန့်ရုံသက်သက် နေရာမျိုးမဟုတ်ဘဲ
အမြဲသန့်ရှင်းအောင် ထားရတဲ့နေရာမျိုးပါ။
x
ဒါပေမယ့်
အိမ်သာကို မစင်စွန့်ရုံသက်သက်လောက်ပဲ
အာရုံရှိတဲ့ လူတွေတော်တော်များလာတယ်။
x
လူမှုအသိုင်းအဝိုင်းကြီး တစ်ခုလုံးကို
ပြုပြင်ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့ဦး။
အိမ်သာကို
နည်းစနစ်မှန်မှန်အသုံးပြုတတ်အောင်ပဲ
ကျွန်တော်တို့ တော်တော် ကြိုးစားကြရပါဦးမယ်။
------------------
အိမ်ဝေးသူ(KZ)
------------------

Monday, 8 February 2016

ကြိုက်ရာရွေး


အလ္လာဟ်အသျှင်မြတ်က
ခင်ဗျားအတွက်
သာယာနာပျော်ဖွယ် အသံမျိုးကို
လက်ဆောင်အဖြစ် အပ်နှင်းပြီးသားပဲ...။
x
အဆိုတော်...လုပ်မလား...?
ကာရီဆပ်ဗ်...လုပ်မလား...
အဲ့ဒါတော့
ခင်ဗျား...သေသေချာချာ ရွေးချယ်ပေါ့...။

------------------
အိမ်ဝေးသူ(KZ)
------------------
မှတ်ချက်။
အချို့သူတွေကတော့ ရွေးချယ်ခွင့်မရတတ်ကြဘူး။
ရွေးကျပစ္စည်းလိုပဲ စီနီယာတွေ(မိဘအပါအဝင်)ရဲ့
ရွေးချယ်ပေးမှုအောက်မှာပဲ လည်စင်းပေးလိုက်ရတတ်တယ်။
(လိုအပ်လာရင် နောင်တ,မရတတ်အောင်လည်း လေ့ကျင့်ထားရတယ်)

Sunday, 7 February 2016

တစ်နေ့နေ့တော့


အနာဂတ်မဲ့နေတဲ့
သူတို့မျက်နှာလေးတွေ မြင်ရတိုင်း ရင်ထဲမှာ ဆစ်ခနဲ။
အလင်းရောင်မဲ့နေတဲ့
သူတို့နှလုံးသားလေးတွေကို ခံစားမိတိုင်း ရင်ထဲမှာ ကျင်ခနဲ။
x
သူတို့ ဘာလူမျိုးလဲ ဆိုတာ အရေးမကြီးဘူး။
သူတို့ ဘယ်ဘာသာကိုးကွယ်သလဲဆိုတာ အရေးမကြီးဘူး။
သူတို့က သက်ရှိ/ လူဖြစ်နေရုံတစ်ခုတည်းနဲ့ လုံလောက်တယ်။
x
အို...အသျှင်။
ဒီလို မျှော်လင့်ချက်မဲ့နေတဲ့ ကလေးသူငယ်တွေကို တွေ့ရပြီး
မိမိထံမှာလည်း ကူညီနိုင်စွမ်းရှိနေလျက် ကျော်သွားခဲ့မယ်ဆိုရင်
ကျွန်တော်မျိုးရဲ့ ခြေလှမ်းတွေကို အသျှင်ကိုယ်တိုင် ရိုက်ချိုးပစ်ပါ။
မမြင်ချင်ယောင်ဆောင်ခဲ့မိရင် မျက်လုံးတွေကို ဖောက်ထုတ်ပစ်ပါ။
(အာမီးန်) (Facebook ပေါ်တက်ပြီး ဒိုအာလာတောင်းခြင်းမဟုတ်)
x
ဒီကလေးတွေက
ကျွန်တော်အမုန်းရဆုံး ရန်သူရဲ့ မျိုးဆက်ပင်ဖြစ်ပါစေ...
ဒီလို အနာဂတ်မဲ့နေတဲ့ အခြေအနေမျိုးမှာ ကျွန်တော်မထားဘူး။
(ရခိုင်ပြည်က ကလေးတွေဖြစ်ဖို့မလိုဘူး၊ အာဖရိက လူမည်းဖြစ်ဖို့မလိုဘူး၊
တရုတ်ပြည်က အသားဖြူလေးတွေ ဖြစ်ဖို့မလိုဘူး...လူဖြစ်ဖို့ပဲလိုတယ်)
x
သိပ်သနားနေရင်
မင်းအိမ်ပေါ်တင်ထားလိုက်ပါလားလို့ ပြောချင်ရင်ပြောပါ။
ဒါပေမယ့် အဲ့ဒီ့လို ပြောပြီးရင်တော့
ဒီလို ကလေးလေးတွေ အများကြီးကို ကျွန်တော့်အရိပ်အောက်မှာ
ခိုလှုံခွင့် ရရှိဖို့ ကျွန်တော့်အတွက်လည်း ဒိုအာလုပ်ပေးပါ။
ကျွန်တော်လည်း အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်။
အင်န်ရှာအလ္လာဟ်...။
အသျှင် သဘောတူတဲ့တစ်နေ့နေ့တော့
နေရာအစုံမှာရှိတဲ့ အလင်းရောင်မဲ့ ကလေးတွေအတွက်
အလင်းရောင်မှိန်မှိန်လေး တစ်ခုလောက်တော့ ဖြစ်လာမှာပဲလို့ မျှော်လင့်ရင်း။

-----------------
အိမ်ဝေးသူ(KZ)
-----------------

Thursday, 4 February 2016

ပီတိစားအိပ်မက်


အိပ်ရင်းနဲ့မက်တဲ့ အိပ်မက်။
တကယ်မဟုတ်တော့လည်း လွမ်းလောက်စရာမရှိ။
သို့သော်...။
ညတုန်းက မက်ခဲ့သည့်အိပ်မက်လေးကို ကျွန်တော်လွမ်းနေမိသည်။
x
အိပ်မက်ထဲမှာ။
ကျွန်တော်က ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်သွားသည်။
တခြား နေရာများကို မမြင်မိဘဲ
ကျွန်တော် ငယ်စဉ်ဘဝက သင်ယူဆည်းပူးခဲ့သော
အလယ်တန်းကျောင်းကို အိပ်မက်ထဲမှာ သီးသန့်မြင်ခဲ့သည်။
x
မြင်တော့လည်း ရိုးရိုးတန်းတန်းမဟုတ်။
ထိုကျောင်းကို မိမိရောက်သွားခြင်းမှာလည်း သာမန်မဟုတ်။
ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးအဖြစ်
တာဝန်ထမ်းဆောင်ရန် ရောက်သွားခြင်း ဖြစ်သည်။
x
ကျောင်းအုပ်ကြီး ဆိုတာလည်း ရိုးရိုးကျောင်းအုပ်ကြီးမဟုတ်။
ကျောင်းစာသင်ခန်းတွေကို တစ်ခန်းဝင်တစ်ခန်းထွက်
ပညာရေအေး တိုက်ကျွေးနေသော ကျောင်းအုပ်ဆရာကြီးမျိုးဖြစ်သည်။
မှတ်မှတ်ရရ။
ကလေးငယ်တစ်ယောက်က " ပလာတာ" ဟုပြောလာခြင်းကို
အိပ်မက်ထဲမှာ "ပရာတာ" ဟု ကျွန်တော် (ကျောင်းအုပ်ဆရာကြီး) က
သေသေချာချာ ပြင်ပေးခဲ့သေးသည်။
x
ထိုအချိန်မှာ
ကျွန်တော်က အလျှံငြီးငြီးတောက်နေသော ဖယောင်းတိုင်တစ်တိုင်ဖြစ်သည်။
ကျွန်တော့်အသားများလည်း တစ်စစီ လောင်ကျွမ်းပျော်ဝင်နေသည်။
ကျွန်တော့်ထံမှာ ရှိနေသော အလင်းရောင်များကို
နောက်ထပ် ဖယောင်းတိုင်များစွာကို မနားမနေ အလင်းကူးပေးနေသည်။
မကြာခင် ကျွန်တော်ပျောက်ဆုံးသွားမည်ကိုလည်း သိနေသည်။
သို့သော် ကျွန်တော် အလင်းကူးပေးနေခြင်း အလုပ်ကို လုံးဝမရပ်နားခဲ့။
x
မနက်မိုးလင်းတော့
ကျွန်တော့်အိပ်မက်ကလေး ဆောင်းလေနှင့်အတူ
လွင့်မျောပျောက်ကွယ်သွားသည်။
သို့သော်...ထို အိပ်မက်ထဲက တဒင်္ဂ ခံစားချက်ကလေးမှာမူ
မပျောက်မရှနိုင်ဘဲ စွဲထင်စွာ ကျန်ရစ်ခဲ့သည်။
x
အိပ်မက်ထဲက ကျွန်တော်လား....?
ဘယ်ပြောကောင်းမလဲ...ခန့်ခန့်ငြားငြားကြီးပဲပေါ့။
ပုဆိုးအကွက်နှင့် လည်ကတုံးအကျီ င်္၊ တိုက်ပုံကိုလည်း သေချာဝတ်ထားသည်။
နဖူးမပြောင်သေး။ ဗိုက်ကတော့ နည်းနည်းရွှဲနေပြီဖြစ်သည်။
အသံလည်း တော်တော် အောင်သည်။ (မှန်ချိုတောင်မလို)
x
အခုလောလောဆယ်တော့
အိပ်မက်က နိုးထပြီးဖြစ်သည့်အတွက်
ဝမ်းတစ်ထွာအတွက် ကျွန်တော်ရုန်းကန်ဖို့ ထွက်ခဲ့ပြီဖြစ်သည်။
(တစ်နေ့နေ့တော့..............................................................)
-----------------
အိမ်ဝေးသူ(KZ)
-----------------
မှတ်ချက်။
ဖြူဖြူကျော်သိန်းရဲ့ ဝါးတားဖာထီ လိုတော့ မလှောင်ကြပါနဲ့ဗျာ။
ပလာတာနဲ့ ပရာတာဆိုတာ
ကျွန်တော် နိုင်ငံခြားရောက်ခါစက ကိုယ်တွေ့ကြုံခံ့ရတာပါ။
ဆိုင်တစ်ဆိုင်မှာ မြန်မာသံပီပီသသနဲ့ ပလာတာ ရမလားလို့
အင်္ဂလိပ်လို မေးမိတော့ ငါတို့ဆီမှာ ပလာတာ မရောင်းဘူးဆိုပြီး ပြန်ဖြေတယ်။
(ဆိုင်ဝန်ထမ်းအချင်းချင်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
စပ်ဖြီးဖြီးလုပ်ကြတယ်) ပြီးတော့မှ...ပရာတာ တော့ရှိတယ်လို့ ပြောတယ်။
ကျွန်တော်ပြောချင်တာက...။
စာဖတ်သူအနေနဲ့ မြန်မာပြည်မှာပဲ ရာသက်ပန်ခေါင်းချမယ်လို့ စိတ်ကူးထားတယ်
(ဘယ်တော့မှ ဘယ်လိုကြောင့်မှ နိုင်ငံခြားမသွားတော့ဘူးဆိုရင်ပေါ့) ဆိုရင်တော့
ပလာတာကို ပလာတာလို့ပဲ ဆက်ဖတ်ပါ။ အဆင်ပြေပါတယ်။ ဒါပေမယ့်
တခြားနိုင်ငံတစ်ခုခုကို သွားပြီး ပညာသင်တာပဲဖြစ်ဖြစ်၊ စီးပွားရှာမှာပဲ ဖြစ်ဖြစ်
စဉ်းစားထားရင်တော့..........ကျွန်တော်ပြောတဲ့အကြောင်းအရာဟာ လှောင်စရာ
ကိစ္စ မဟုတ်မှန်း သိသာလာပါလိမ့်မယ်။

Monday, 1 February 2016

ယာယီဒုက္ခကို ဘယ်လိုခံယူမလဲ


လူတစ်ယောက်က
လူတစ်ယောက်ကို ဒုက္ခပေးလို့ရတယ်။
စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လို့ရတယ်။
ဘဝအောင်မြင်မှု နှောင့်နှေးအောင် လုပ်လို့ရတယ်။
x
အဲ့ဒီ့လို လုပ်လို့ရတယ်ဆိုတာ "ယာယီ" ပဲ။
လူတစ်ယောက်က လူတစ်ယောက်ကို
"ရာသက်ပန်" ဒုက္ခပေးလို့မရနိုင်ပါဘူး။
x
ဒါပေမယ့်
လူတစ်ချို့ကတော့
အဲ့ဒီ့ ယာယီဒုက္ခကို တစ်သက်စာဒုက္ခအဖြစ် ခံစားကြတယ်။
လူတစ်ချို့ကတော့
အဲ့ဒီ့ ယာယီဒုက္ခကို "လှေကားထစ်" လို သဘောထားကြတယ်။
အဲ့ဒီ့ ယာယီဒုက္ခကို "တွန်းအား" တစ်ခုအဖြစ် အသုံးပြုကြတယ်။
အဲ့ဒီ့ ယာယီဒုက္ခကို အကြောင်းပြုပြီး
"တစ်သက်စာအောင်မြင်မှု"ကို အပတ်တကုတ် ကြိုးစားရှာဖွေကြတယ်။
x
ဒုက္ခဆိုတာကတော့ တစ်မျိုးတည်းပါပဲ။
ဒါပေမယ့် ခံယူသူ၊ ပြောင်းလဲလိုသူအလိုက်
ယာယီဒုက္ခသည်ကနေ ရာသက်ပန်ဒုက္ခသည် ဖြစ်သွားသူတွေရှိသလို
ယာယီဒုက္ခသည်ကနေ ရာသက်ပန် အောင်မြင်သူတွေ ဖြစ်သွားတာလည်းရှိတယ်။
x
ကျွန်တော်တို့ရော
ယာယီ ဒုက္ခကို ဘယ်လိုပုံစံမျိုးနဲ့ ခံစားသလဲ၊ လက်ခံသလဲ၊ ကျင့်သုံးသလဲ...?
-----------------
အိမ်ဝေးသူ(KZ)
-----------------
မှတ်ချက်။
ဥပမာလေးတစ်ခု ပြောပါရစေ။
လူတစ်ယောက်က လူတစ်ယောက်ကို ချောက်တွန်းလိုက်လို့
ထောင် (တစ်သက်တစ်ကျွန်း) ကျသွားတယ်ဆိုပါစို့။
အဲ့ဒီ့ ကိစ္စမျိုးမှာ...
အပြင်ပန်းအားဖြင့် ထောင်ထဲကလူက မတရားခံရပေမယ့်
စိတ်ပိုင်းဆိုင်ရာအားဖြင့် အကျဉ်းကျနေသူမဟုတ်ဘူး။
(သူ့မှာ မတရားခံရတယ်ဆိုတဲ့ စိတ်ဒုက္ခတစ်ခုပဲ ရှိတယ်။
ဒါပေမယ့် မယုတ်မာခဲ့လို့ ရာသက်ပန်စိတ်လိပ်ပြာသန့်တယ်)
ဒါပေမယ့်
ချောက်တွန်းလိုက်တဲ့ သူကျတော့ အပြင်လောကမှာ
သွားလာလှုပ်ရှားနေပေမယ့် သူ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာမှာတော့
ယာသက်ပန် ဒုက္ခသည်အဖြစ် အကျဉ်းကျသွားရှာပါပြီ
(ဘယ်တော့မှ လိပ်ပြာမသန့်နိုင်တော့ဘူး။ ဘယ်သူက
ခွင့်လွှတ်လွတ် သူ့ကိုယ်သူတော့ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တော့ဘူး)

Friday, 29 January 2016

မင်း...မပိုင်ဘူး


သတိ။
(18 + ပါတယ်ထင်ရင် ကျော်သွားလိုက်ပါ)
(အယူအဆမတူရင်လည်း ဖယ်ပစ်လိုက်ပါ)
xxxxx
မင်းရဲ့
ပေါင်ကြားထဲက
အရှက်အင်္ဂါကို မင်း...မပိုင်ဘူး။
x
ဒါဆိုရင်
ဘယ်သူ ပိုင်တာလဲ...?
x
မင်းရဲ့
ပေါင်ကြားထဲက ပစ္စည်းကို
တစ်နေ့နေ့ကျရင်
မင်းကို
တရားဝင်လက်ထပ်ပေါင်းသင်းလာမယ့်
မင်းရဲ့ ခင်ပွန်း(သို့) မင်းရဲ့ဇနီးသည်
တစ်ယောက်တည်းကသာလျှင် ပိုင်တယ်။
x
မင်းအဆင့်ကရော ဘာလဲ...?
မင်း အဆင့်က
အဲ့ဒီ့ ပစ္စည်းကို ပိုင်ရှင်မလာခင်စပ်ကြားမှာ
မှဲ့တစ်ပေါက် မစွန်းရအောင်
ထိန်းသိမ်းစောင့်ရှောက်ပေးရတဲ့ အဆင့်ပဲ။
x
အပျို ဆိုတဲ့ ဆိုလိုရင်းက ဘာလဲ...?
လူပျိုဆိုတဲ့ ဆိုလိုရင်းက ဘာလဲ...?
x
ပေါင်ကြားထဲ အရှက်အင်္ဂါကို
ပိုင်ရှင်မလာခင် ကာလအတွင်း
ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်တဲ့
တာဝန်ကို ကျေပွန်စွာယူထားတဲ့
ယောက်ျားလေး၊ မိန်းကလေးတိုင်းကို
လောကကြီးက ကင်ပွန်းတပ်ပေးလိုက်တယ်။
အပျိုစင် (သို့) လူပျို တဲ့။
x
ပစ္စည်းပိုင်ရှင် လာတဲ့နေ့ကစပြီး
မင်းက လူပျို (သို့) အပျိုမဟုတ်တော့ဘူး။
ပိုင်ရှင်လာတဲ့အခါ
မင်းနဲ့ မင်းရဲ့ပိုင်ရှင် ပူးပေါင်းဆောင်ရွက်ပြီး
အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ရလိမ့်မယ်။
-----------------
အိမ်ဝေးသူ(KZ)
-----------------
မှတ်ချက်။
ပိုင်ရှင်ရောက်မလာသေးခင်ကာလအတွင်းမှာ
ပိုင်ရှင်ရဲ့ ယုံကြည်စွာအပ်နှံထားမှု ကို အလွဲသုံးစား မလုပ်မိပါစေနဲ့။
မင်းက အလွဲသုံးစား လုပ်ထားရင်...မင်းဘဝထဲကို လာမယ့်သူကလည်း
အလွဲသုံးစား လုပ်ထားတဲ့သူမျိုးပဲ ဖြစ်တတ်တယ်ဆိုတာ မမေ့ပါနဲ့။

Monday, 25 January 2016

စိတ်ချမ်းသာအောင် နေထိုင်ရင်း ပြုပြင်ပြောင်းလဲကြစို့ 


ဘဝမှာ
စိတ်ချမ်းသာချင်ပါသလား…?
ပြုပြင်ပြောင်းလဲချင်ပါသလား…?
x
မိမိက
သူတစ်ပါးအပေါ်တွင်
ကောင်းမွန်စွာ ဆက်ဆံနိုင်ရန်နှင့်
အတတ်နိုင်ဆုံး ကူညီနိုင်ရန်တို့ကိုသာ
အစဉ်မပြတ် ကြိုးစားအားထုတ်ပါ။
x
သူတစ်ပါးက
မိမိအပေါ်တွင်
ကောင်းမွန်စွာ မဆက်ဆံခဲ့ခြင်းနှင့်
အနည်းငယ်မျှပင် မကူညီခဲ့ခြင်းတို့ကို
အာရုံစူးစိုက်ခြင်း လုံးဝမပြုပါနှင့်။
x
သေချာပါသည်။
တစ်လောကလုံး မပြောင်းလဲသည့်တိုင်
အချိန်ကာလတစ်ခု ကြာမြင့်ပြီးသည့်အခါ
သင်…ပြောင်းလဲသွားလိမ့်မည်။
-----------------
အိမ်ဝေးသူ(KZ)
-----------------

Sunday, 24 January 2016

မျက်ရည်ဓား၊ သစ္စာဒိုင်း


မျက်ရည်ဓား၊ သစ္စာဒိုင်း
မာယာမျက်ရည်၊ သစ္စာကျင့်ဝတ်
x
မျက်ရည်။
မိန်းမတွေရဲ့ အင်အားအကြီးဆုံးသော လက်နက်။
မိန်းမတွေရဲ့ အားကိုးရဆုံးသော ဓားတစ်လက်။
x
သစ္စာ။
ယောက်ျားတွေရဲ့ ကာကွယ်နိုင်ဆုံးသော လက်နက်။
ယောက်ျားတွေရဲ့ တွန်းလှန်နိုင်စွမ်းအရှိဆုံးသော ဒိုင်းတစ်လက်။
x
(မာယာမျက်ရည်)
မိန်းမတွေဟာ သာမန်အခြေအနေ ကိစ္စသေးသေးလေးတွေမှာလည်း
မျက်ရည်ကို ရိုးသားစွာ၊ အားကိုးစွာနဲ့ အားကိုးတကြီး သုံးတတ်ကြပါတယ်။
ဒါပေမယ့် အဲ့ဒီ့ မျက်ရည်ကိုပဲ (မာယာ) နည်းနည်း ရောစွက်ပြီးလည်း
သုံးတတ်ကြပါတယ်။ အထူးသဖြင့် အဲ့ဒီ့ မာယာမျက်ရည်မျိုးကို ဆန့်ကျင်ဘက်
ယောက်ျားသားတွေ(သို့) ယောက်ျားသားတစ်ယောက်ရှေ့မှာ ချပြတတ်ကြပါတယ်။
ယောက်ျားတစ်ယောက်က ကျားကိုးကောင် စားမကုန်တဲ့ ခွန်အားဗလ ရှိနေပါစေ။
အဲ့ဒီ့ (မာယာ) မျက်ရည်လက်နက်နဲ့ တွေ့ပြီဆိုရင် ဗိုင်းခနဲလဲပြီလို့သာ ပြင်ထားပါလေ။
x
(သစ္စာကျင့်ဝတ်)
ယောက်ျားတွေကိုလည်း ဘုရားသခင်က မိမိကိုယ်ကိုယ် ကာကွယ်ဖို့
အကောင်းဆုံး ဒိုင်းတစ်လက်ကို ပေးထားပြန်တယ်။
(ကာကွယ်ရုံပဲ ဖြစ်တဲ့အတွက် ဒိုင်းတစ်လက်ကိုပဲ ပေးထားပါတယ်။
ဓားတစ်လက်ကိုတော့ ခွန်အားနည်းတဲ့ မိန်းမသားတွေကိုပဲ ပေးထားပါတယ်။
ဘုရားသခင်က ဘယ်တော့မှ မတရားမလုပ်ဘူးလေ)
အဲ့ဒီ့ ဒိုင်းကိုတော့...သစ္စာကျင့်ဝတ်လို့ ခေါ်ပါတယ်။
မိန်းမတစ်ယောက်ရဲ့ မျက်ဝန်းအိမ်ထဲက ရိုးသားစွာ ကျဆင်းလာတဲ့ မျက်ရည်က
အင်မတန် အင်အားကြီးတယ်။ အဲ့ဒီ့ အရိုးခံမျက်ရည်ရဲ့ နူးညံ့တဲ့ အမိန့်တော်ကို
ကျွန်တော်တို့ ယောက်ျားလေးတွေ ကျေနပ်စွာနာခံလေ့ ရှိတတ်ကြပါတယ်။
x
ဒါပေမယ့်
မိန်းမတစ်ယောက်က မာယာမျက်ရည်ဓားကို ထုတ်သုံးလာပြီဆိုရင်တော့
ကျွန်တော်တို့ ယောက်ျားလေးတွေအနေနဲ့ သစ္စာဒိုင်းကို ထုတ်သုံးရုံမှတပါး
အခြားအရာက အလွယ်တကူမကယ်နိုင်ပါဘူး။
ဒါဆိုရင် သစ္စာဒိုင်းဆိုတာ ဘာလဲ...?
(၁) မိမိနဲ့ သူမရဲ့ ပက်သက်မှုကို လေးစားတန်ဖိုးထားခြင်း၊
(၂) သူငယ်ချင်းမိတ်ဆွေ ပက်သက်မှုဆိုရင် သူမကို သူငယ်ချင်းစိတ်ဖြင့်သာ
အရိုးသားဆုံး ဆက်ဆံနိုင်အောင် အမြဲနှလုံးသွင်းခြင်း၊
(၃) ချစ်သူစုံတွဲဆိုရင်တော့
အဲ့ဒီ့ မာယာမျက်ရည်အောက်မှာ မိမိရဲ့ ကိုယ်ကျင့်တရားကို အဖျက်ဆီးမခံရအောင်
တွန်းလှန်ကာကွယ်ခြင်း၊
(၄) အိမ်ထောင်သည် ဖြစ်ခဲ့မယ်ဆိုရင်တော့ မိမိကို
မှီခိုနေရတဲ့ မိမိရဲ့ ချစ်ဇနီး၊ သားသမီးတွေကို အစဉ်မပြတ် ထည့်သွင်းစဉ်းစားခြင်း၊
(၅) မိမိအနေနဲ့ မိမိတည်ဆောက်ထားတဲ့ မိသားစုဘဝတစ်ခုအပေါ်မှာ
သစ္စာစောင့်သိခြင်း (သို့) မိမိကိုယ်ကို သစ္စာစောင့်သိခြင်း။
x
(အင်အားအကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံး)
လောကမှာ
ကျွန်တော် အကြောက်ဆုံးအရာတွေထဲက တစ်ခုကတော့ မိန်းမတစ်ယောက်ရဲ့ မျက်ရည်ပဲ။ မိန်းမတစ်ယောက်ရဲ့ မျက်ရည်အောက်မှာ လောကကြီးတစ်ခုလုံး
ဗြောင်းဆန်သွားနိုင်တယ်လို့ ပြောရင်တော့ ကျွန်တော့် စကားလုံးက မျက်စိစပါးမွှေးစူးမယ်ထင်ပါရဲ့။ မာယာမျက်ရည်အောက်မှာ အပြိုပြိုအလဲလဲ
ဖြစ်နေရတဲ့ ယောက်ျားသားတွေ ဘယ်လောက်များနေပြီလဲ...?
သစ္စာဒိုင်းကို သတိမရဘဲ မာယာမျက်ရည်ဓားချက်တွေအောက်မှာ
ဘဝတွေ လည်စင်းပေးလိုက်ရတဲ့ ယောက်ျားတွေဘယ်လောက် များနေပြီလဲ...?
x
မိန်းမသားများခင်ဗျား။
သင်တို့ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်များကို ရိုးသားစွာနဲ့
ကျွန်တော်တို့ နှလုံးသားတွေအပေါ်ကို သွန်းဖြိုးပစ်လိုက်ပါ။
အဲ့ဒီ့ မျက်ရည်အမိန့်အောက်မှာ ကျွန်တော်တို့ဘဝတွေကို ကျေနပ်စွာ
လည်စင်းပေးလိုက်ဖို့ အသင့်ပါပဲ။ ဒါပေမယ့် သင်တို့ဘက်က မာယာမျက်ရည်ကို
ဓားတစ်လက်အဖြစ် အသုံးချလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့
ယောက်ျားသားများ အနေနဲ့လည်း ကျွန်တော်တို့ တည်ဆောက်ထားတဲ့
မိသားစုဘဝ (သို့) ကျွန်တော်တို့ တစ်ကိုယ်ရည်ဘဝကို သစ္စာဒိုင်း (သို့)
ကျင့်ဝတ်ဒိုင်း တစ်လက်ကို သုံးပြီး ရွပ်ရွပ်ချွံချွံ ကာကွယ်စောင့်ရှောက်သွားမှာ
ဖြစ်ပါကြောင်း။
-----------------
အိမ်ဝေးသူ(KZ)
-----------------
ကျွန်တော် ရေးခဲ့တဲ့ အကြောင်းအရာဟာ မိန်းမသားတွေကို ဂုဏ်နှိမ့်ချထားခြင်း
မဟုတ်ကြောင်း မသဲကွဲသေးဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ဖတ်ဖို့ လိုပါပြီ။
ကျွနတော် ရေးခဲ့တဲ့ အကြောင်းအရာဟာ ယောကျားသားတွေကို ဂုဏ်ပေးထားခြင်း
မဟုတ်ကြောင်း မသေချာသေးဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ဖတ်ဖို့ လိုပါပြီ။
(ကျွန်တော်တို့ခေတ်မှာ ငိုချင်းရှည်ကို ပိုင်နိုင်တဲ့ ယောက်ျားသားဦးရေလည်း
အထိုက်အလျောက် မြင့်တက်ခဲ့ပြီဆိုတာလည်း ငြင်းလို့မရနိုင်တဲ့ အချက်ပါပဲ)


Friday, 22 January 2016

အမှောင်ကြောက်သူ၏ အလင်းပျောက်ဘဝ


သူမအမှောင်ကြောက်သည်။
ကျွန်တော်...ပိုးစုန်းကြူးလေးတစ်ကောင် ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...ဖယောင်းတိုင်လေးတစ်တိုင် ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...ဖန်မီးအိမ်လေးတစ်အိမ် ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...မီးလင်းဖိုလေးတစ်ဖို ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...မာကျူရီမီးလုံးလေးတစ်လုံး ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...အလင်းအိမ်လေးတစ်အိမ် ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...အလင်းဖြာ လမင်းတစ်စင်းဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...ဂလက်ဆီအစုအဝေး တစ်ခုဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
ကျွန်တော်...စကြဝဠာတစ်ခု ဖြစ်သွားသည်။
x
သူမ အမှောင်ကြောက်သည်။
သည်တစ်ခါတော့ အဆုံးသတ်အဖြစ်
ကျွန်တော် မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။
အလင်းရောင်တွေကြားမှာ
ကျွန်တော် အဆုံးအစမဲ့ ပျော်ဝင်စီးမျောသွားသည်။
ကျွန်တော်က ကျွန်တော်အဖြစ် လုံးဝမရှိတော့။
x
သူမ
အလင်းရောင်တွေကြားမှာ ကျွန်တော့်ကို လိုက်ရှာသည်။
သို့သော်...
သူမ ကျွန်တော့်ကို ဘယ်တော့မှ ရှာတွေ့နိုင်လိမ့်မည်မဟုတ်တော့။
(သူမကို လောဘကြီးလွန်းသည်ဟုလည်း
ကျွန်တော် ဘယ်တော့မှ အပြစ်တင်ရက်လိမ့်မဟုတ်)
------------------
အိမ်ဝေးသူ(KZ)
------------------
မှတ်ချက်။
နောက်ဆုံးတော့လည်း အမှောင်ကြောက်သူတစ်ယောက်ဟာ
အမှောင်ကြောက်လွန်းတဲ့အခါ အမှောင်ထဲမှာပဲ ကျန်ရစ်ခဲ့ရရှာတယ်။