Sunday, 10 November 2013

လူကောင်း၊ လူတော် တို့ရည်မျှော်

           (လူတော်)

           ငါသည် လူတော်ဖြစ်၏ ။

           ကောင်းခြင်း၊ဆိုးခြင်းက ငါ့အတွက် အဓိကမဟုတ်။


           (လူကောင်း)

           ငါသည် လူကောင်းဖြစ်၏။

           တော်ခြင်း၊ညံ့ခြင်းက ငါ့အတွက် အဓိကမဟုတ်။


           (လူတော်လူကောင်း)

           ငါသည် လူတော်ဖြစ်သည်။ လူကောင်းဖြစ်သည်။

           သို့သော် လူကောင်း ဖြစ်ခြင်းက ဒုတိယ ဖြစ်သည်။


           (လူကောင်းလူတော်)

           ငါသည် လူကောင်းဖြစ်သည်။ လူတော်ဖြစ်သည်။

           သို့သော် လူတော် ဖြစ်ခြင်းက ဒုတိယ ဖြစ်သည်။

           
             အိမ်ဝေးသူ (KZ)

*****************************************


လူကောင်း
=========


မိမိအတ္တနှင့် တစ်ပါးသူ၏ လိုအပ်ချက် နှစ်ခု ယှဉ်လာသောအခါ မိမိ၏ အတ္တကို နောက်သို့

တွန်းပို့တတ်ပြီး တစ်ပါးသူကို ဦးစားပေး တတ်သူ ဖြစ်သည်။ အတတ်ပညာပိုင်း၊ အသိပညာပိုင်းတွင်

အားနည်းကောင်း အားနည်းမည်။ သို့သော် သူသည် အခြေခံအားဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်သည်။

လူသားအတ္တ ရှိသော်လည်း အတ္တကို အကန့်အသတ်တစ်ခုဖြင့် နိုင်နိုင်နင်းနင်း ထိန်းသိမ်းတတ်သူ

ဖြစ်သည်။ ထိုသူ၏ လုပ်ဆောင်ချက် အများစုသည် နှလုံးသားနှင့် တိုက်ရိုက်ပက်သက်ပြီး ဦးနှောက်

( တွက်ချက်မှု ) ကမူ အကူကိရိယာ တစ်ခုအဖြစ်သာ ရပ်တည်သည်။ သူသည် အရှုံးအမြတ်အတွက်

သိပ်ဂရုစိုက်လေ့မရှိရုံသာမက သူ၏ အောင်မြင်ကျော်ကြားမှုအတွက် အခြားလူတော်၊ လူကောင်းတစ်ဦး၏

ဘဝကို အဘယ်ကြောင့်မျှ ချနင်းလေ့မရှိ။



လူတော်
========

မိမိ၏ အတ္တကို တစ်ပါးသူ၏ လိုအပ်ချက်ထက် ပို၍ မြတ်နိုးတန်ဖိုးထားသူ ဖြစ်သည်။

အောင်မြင်ကျော်ကြားမှုကို ခုံမင်တတ်သည်။ တကယ်လည်း ကြိုးစားအားထုတ်သူ ဖြစ်သည်။

နယ်ပယ် တစ်စုံတရာတွင် ကျွမ်းကျင်တတ်မြောက်သူ ဖြစ်သည်။ အတတ်ပညာရှင်၊

အသိပညာရှင် ဖြစ်သည်။ လူတော်ဖြစ်သည့်အားလျော်စွာ သူ၏ ဆောင်ရွက်ချက် အများစုသည်

ဦးနှောက် ( တွက်ချက်မှု )နှင့် တိုက်ရိုက် ပက်သက်ပြီး နှလုံးသားနှင့်မူ သွယ်ဝိုက်စွာ ပက်သက်သည်။

သူသည် အရှုံးအမြတ်ကို လွန်စာ ဂရုစိုက်တတ်ပြီး သူ၏ အောင်မြင်ကျော်ကြားမှု၊ ဂုဏ်သိက္ခာ

စည်းစိမ်ဥစ္စာတို့အတွက် အခြား လူတော်၊ လူကောင်း တစ်ဦး၏ ဘဝ တစ်ခုလုံးကို ချနင်းတတ်သည်။



လူကောင်းလူတော် (သို့) လူတော်လူကောင်း
============================

အကောင်းဆုံး ဖြစ်အောင် ကြိုးစားသူ ဖြစ်သည်။ တစ်ဖက်က သူ၏ အတ္တကို ဦးစားပေးတတ်သလို

အခြားသူ၏ လိုအပ်ချက်ကိုလည်း တန်ဖိုးထားသူ ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်တိုင်းသည် ဦးနှောက်နှင့်

နှလုံးသား နှစ်ခုစလုံး မျှတ အချိုးကျစွာ ပေါင်းစပ် ပါဝင်သည်။ အောင်မြင်ကျော်ကြားမှုကို

မက်သော်လည်း လူပီသမှုကိုလည်း ဂရုထားသူ ဖြစ်သည်။ အများကောင်းကျိုးကို

အလေးထားတတ်သည့်အတွက် ထိုသူမျိုးအတွက် မိသားစု၊ ဆွေမျိုးသားချင်း၊ အများပြည်သူက

ကျေနပ် ဂုဏ်ယူကြရသည်။ အမှားနှင့် မကင်းနိုင်သော်လည်း ကောင်းမွန်သော အခြေခံ စိတ်ဓာတ်

( လူကောင်း ) ရှိသည့်အတွက် ရုပ်ပျက်ဆင်းပျက် အဖြစ်မျိုးနှင့် ကြုံရသည်က ရှားသည်။

အများစုသော လူတော်လူကောင်း၊ လူကောင်းလူတော်တို့သည် အမှားကို အချိန်မှီ ပြုပြင်နိုင်ကြသည်။

***********************************************


             ငါ့တပည့်လေးတွေ

             (လူတော်လူကောင်း)လေးတွေ ဖြစ်ကြပါစေ။


ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝကတည်းက ကြားခဲ့ရသော၊ နားဝခဲ့သော ၊ မရိုးနိုင်သော

ဆုပေးစကားလေး ဖြစ်သည်။ ခပ်ငယ်ငယ် ကလေးအရွယ်တုန်းကတော့ ဤဆုပေးစကားလေးက

ပြီးပြည့်စုံသော စကားစုလေးဟု ကျွန်တော် ထင်မှတ်ခဲ့ဖူးသည်။ ဆရာ၊ဆရာမများ၊ လူကြီးမိဘများက

ထိုဆုကိုပေးတိုင်း အပြုံးပီတိဖြင့် ရင်ပြည့်လျှမ်းခဲ့ရဖူးသည်။ သို့သော် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းကို

အနည်းအကျဉ်း စ,ဖတ်တတ်လာသောအခါ၊ ဇာတ်ကောင်၊ စရိုက်များစွာတို့ဖြင့် ဖွဲ့စည်း

တည်ဆောက်ထားသော ကမ္ဘာဟူသော အဝန်းအဝိုင်း၌ လူကောင်း စရိုက်ဖြင့် ပြည့်နှက်နေသော

လူသားများ၊ လူတော်စရိုက်ဖြင့် ရှင်သန်ခဲ့သော လူသားများနှင့် ထိတွေ့ခွင့်ရလာသည်။ 

ထို့အပြင် တော်ပြီးကောင်းသော၊ ကောင်းပြီးတော်သော လူသားစရိုက်များကို တွေ့ရှိလာရသည်။

ထိုအခါ ကျွန်တော် ပြီးပြည့်စုံသည်ဟု ထင်ခဲ့သော ဆုပေးစကားလေး တစ်ဖြည်းဖြည်း ဝေဝါးလာသည်။

သို့ဆိုလျှင် စာဖတ်သူအား ကျွန်တော် မေးခွန်းတစ်ခွန်း မေးလိုပါသည်။


             အထက်ပါ ဆုပေးစကားက

             မျိုးဆက်သစ်တို့အတွက်  ပြည့်စုံပြီဟု ယူဆပါသလား ?

             ဤသို့ ဆုပေးခြင်းက ရာနှုန်းပြည့် မှန်ကန်ပြီဟု ထင်ပါသလား?


သာမန်အားဖြင့်တော့ မှန်ပါသည်။ သို့သော် ဤဆုပေးစကားကို အရှေ့အနောက် စကားလုံး

အနည်းငယ် ရွှေ့လိုက်ရုံမျှဖြင့် အနှစ်သာရ လုံးဝ ပြောင်းလဲသွားမည်ဟု စာဖတ်သူ ယုံကြည်ပါသလား?


            ငါ့တပည့်လေးတွေ

            (လူကောင်းလူတော်) လေးတွေ ဖြစ်ကြပါစေ။


ခြားနားခြင်းကို လူကြီးမင်း မြင်နိုင်ပါလိမ့်မည်။ ပထမဆုပေးစကားက လူတော် ဖြစ်ရေးက

အဓိက ဖြစ်သည်။ ဒုတိယ ဆုပေးစကားက လူကောင်း ဖြစ်ရေးကို ဦးစားပေးသည်။

ဝေါဟာရ အရှေ့အနောက် ပြောင်းလိုက်ရုံမျှဖြင့် အနှစ်သာရ မပြောင်းဟု ယူဆသူများ ရှိပါက

ကျောင်းတက်ခဲ့ဖူးသူတိုင်း သိသော ဆောင်ပုဒ်လေးဖြင့် ဥပမာ ထပ်ပေးချင်ပါသည်။


            "စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ"


အဘယ့်ကြောင် စိတ်ဓာတ်ကို ရှေ့ဆုံးထား၍ ဆောင်ပုဒ်ဖွဲ့သနည်း။

အဖြေမှာ ရိုးစင်းပါသည်။ ဂရုပြုစေလိုခြင်း၊ ပထမ ဦးစားပေးဟု ဆိုလိုခြင်းဖြစ်သည်။ သို့ဆိုလျှင်

မေးခွန်းတစ်ခု ထပ်ရလာသည်။


             အခြေခံလူသားတစ်ယောက်အတွက်

             လူကောင်း ဖြစ်ရန် အရေးကြီးဆုံး ဖြစ်သလား?

             လူတော် ဖြစ်ရန် အရေးကြီးဆုံး ဖြစ်သလား?


အမှန်တကယ်တွင်မူ လူတစ်ယောက်အတွက် တော်ခြင်း၊ညံ့ခြင်းထက် ကောင်းခြင်း၊ဆိုးခြင်းက

ပဓာန ဖြစ်သည် ဟု ကျွန်တော် ယုံကြည်ပါသည်။ မြင်သာထင်သာသော ဥပမာအချို့ ပေးကြည့်ပါမည်။


(၁) ဟစ်တလာသည် အရည်အချင်းရှိသော လူတော် တစ်ယောက် ဖြစ်သည်။

      သို့သော် သူသည် လူကောင်း တစ်ဦး ဖြစ်သည်ဟု ကျွန်တော် ယုံကြည်နိုင်စွမ်း မရှိပါ။


(၂) မေတ္တာရှင်မလေး ပေါ်လီယာနာသည် လူကောင်း တစ်ဦး ဖြစ်ခဲ့သည်။

      သို့သော် သူမသည် လူတော် တစ်ဦးဖြစ်ခဲ့သည်ဟု ကျွန်တော် မမှတ်သားခဲ့ဖူးပါ။


(၃) သရုပ်ဆောင် ဦးကျော်သူသည် လူတော် တစ်ဦး ဖြစ်ပါသည်။

      ထို့အပြင် သူသည် လူကောင်း တစ်ဦးလည်း ဖြစ်ပါသသည်။


(၄) ဗိုလ်ချုပ်အောင်ဆန်းသည် လူကောင်း တစ်ဦး ဖြစ်ခဲ့သည်။

      ထို့အပြင် သူသည် လူတော် တစ်ဦးလည်း ဖြစ်ခဲ့ပါသည်။


ဂလိုဘယ်လိုက်ဇေးရှင်း ဟူသော ဝေါဟာရ အောက်၌ ပြားပြားဝပ်နေသော ကျောင်းဆရာ၊ဆရာမများနှင့်

လူကြီးမိဘ အများစုသည် မိမိသားတပည့်များကို လူတော် ဟူသော လောင်းရိပ်သို့ တစ်ဖြည်းဖြည်း

သွတ်သွင်းလာကြသည်။ လူတော် ဖြစ်ရေးကို အလွန်ဦးစားပေးကြသော်လည်း လူကောင်း ဖြစ်ရေးကိုမူ

လျစ်လျူရှူတတ်လာကြသည်။ ကွန်ပျူတာ တတ်အောင်သင်၊ အင်္ဂလိပ်စာ တတ်အောင်သင်၊ စီးပွားရေး

ပညာကို တတ်အောင်သင်၊ ဟိုဟာ တတ်အောင် သင်၊ ဒီဟာ တတ်အောင်သင် စသည်ဖြင့်

သင်ခိုင်းကြသည်။ သင်လို့လည်း လွယ်သည်ကိုး။ သင်တန်းအခကြေးငွေ ပေးလိုက်ရုံဖြင့် အဆင်ပြေသည်။

လူတော်တွေလည်း ဖြစ်သွားကြသည်က များပါသည်။ အဆင်မပြေသည်က လူကောင်း ဖြစ်ရန်

သင်တန်း မရှိခြင်းဖြစ်သည်။



ဥပမာအားဖြင့် ယခုလို ခေတ်ကာလတွင် (လူကောင်းဖြစ်သင်တန်း) ရှိသည်ဟု ဆိုပါက မိဘအများစုက

ဟက်ဟက်ပက်ပက် ရယ်ကြပေလိမ့်မည်။ ပြီးလျှင် ခပ်တည်တည်ဖြင့် " အချိန်ပို မရှိတဲ့ အထဲ...

အလကားကွာ အလုပ်မရှိ အလုပ်ရှာတာ...လူကောင်းဖြစ်သင်တန်းတဲ့...ငါတို့ကရော လူဆိုးတွေမလို့လား...

ငါ့သားသမီးတွေကရော ဆိုးနေတာမှ မဟုတ်တာ" ဟုသာ ပြောကြပေလိမ့်မည်။ လူကောင်း ဖြစ်ရန်

အချိန်ပေးစရာမလို၊ လေ့ကျင့် ပျိုးထောင်စရာ မလိုဟုသာ အများစုက လက်ခံကြပေ လိမ့်မည်။


စာဖတ်သူသည်  မိမိ၏ သားတပည့်များကို ဆုပေးဆုံးမသည့်အခါ 


လူတော်၊ လူကောင်းလေးများ ဖြစ်ကြပါစေ ဟု ဆုပေးမည့်အစား လူကောင်း၊ လူတော် လေးများ

ဖြစ်ကြပါစေ ဟု ပြောင်းလဲ၍ ဆုမွန်တောင်းစေလိုသည်။ ထို့အပြင် လူကောင်း၊ လူတော်၏ ဆိုလိုရင်း

အနှစ်သာရ ကွာခြားမှုကို လည်း ရှင်းပြစေလိုပါသည်။ လူတော် ဖြစ်ချင်သည့် စိတ်ထက် လူကောင်း

ဖြစ်ချင်သည့် ဇော ထက်သန်အောင် ပျိုးထောင်စေလိုပါသည်။ စာဖတ်သူ အနေနှင့်လည်း မိမိကိုယ်ကို

သုံးသပ်ဝေဖန်တတ်သည့် အလေ့အကျင့်ရှိပါက မိမိအခြေအနေကိုလည်း သမာသမတ်ကျကျ

လေ့လာသုံးသပ်စေလိုပါသည်။ မိမိသည် လူကောင်း အဆင့်မှာ ရပ်တန့်နေသလား၊ လူတော်အဆင့်မှာ

ကျေနပ်နေသလား၊ လူတော်၊ လူကောင်းအဆင့်သို့ ရောက်ရှိနေပြီလား စသည်တို့ကို

ဝေဖန်ပိုင်းခြားစေလိုသည်။


လူတော် ဖြစ်ရသည်မှာ လွယ်ကူပါလိမ့်မည်။လူကောင်း ဖြစ်ရန် အတော်အတန်

ခက်ခဲပါလိမ့်မည်။ လူတော်၊လူကောင်း (သို့မဟုတ်) လူကောင်းလူတော် ဖြစ်ရန်မှာမူ အခက်အခဲဆုံး

ဖြစ်ပါလိမ့်မည်။ စာဖတ်သူ မှတ်ထားရန်မှာ လူကောင်း ဖြစ်ပြီး ဤလူ့လောကြီးအား စွန့်ခွာသွားရပါက

ဝမ်းနည်းစရာ မရှိလှသော်လည်း လူကောင်း မဖြစ်ခင် သက်တမ်းကုန်ဆုံးရမည်ဆိုပါက

ကြေကွဲစရာ အတိဖြစ်ပေလိမ့်မည်။ စာဖတ်သူအနေဖြင့် (လူတော် ဖြစ်မြောက်ရေး သင်တန်း)

များကို အပတ်တကုတ် ကြိုးစား တက်ရောက်သင်ယူသလို (လူကောင်း ဖြစ်မြောက်ရေး သင်တန်း)

တစ်ခုတလေ တွေ့ရှိခဲ့ပါက နှလုံးသားတံခါးကို မိုင်ကုန်ဖွင့်၍ လေ့လာဆည်းပူးစေ ချင်ပါသည်။

အကယ်၍ စာဖတ်သူအတွက် အခက်အခဲ တစ်စုံတရာ မရှိပါက စာဖတ်သူကဲ့သို့

လူကောင်းဖြစ်ခွင့်ရလိုသောကြောင့် ထိုသင်တန်းတွင် ကျွန်တော် (အိမ်ဝေးသူ) အတွက်လည်း

ထိုင်ခုံတစ်နေရာစာ ဦးထားပေးစေလိုပါသည်။

            
             လူတော်များဖြင့်

             ကမ္ဘာကြီး (ရုပ်ပျက်ဆင်းပျက်)

             သွက်လက်တက်ကြွလွန်းသည်ထက်

             လူကောင်းများဖြင့်

             ကမ္ဘာကြီး (တည်တည်ငြိမ်ငြိမ်)

             လေးလံ ထိုင်းမှိုင်းနေသည်ကို

             ကျွန်တော် ပို၍ နှစ်သက်ပါသည်။

             

             ထို့ထက်

             လူကောင်း၊လူတော်များဖြင့်

             ကမ္ဘာကြီး ဟန်ချက်ညီညီ လည်ပတ်နေမည်ဆိုပါက

              ကျွန်တော့် သည်းခြေကြိုက်ပင် ဖြစ်သည်။



မှတ်ချက်

အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ အယူအဆများသည် ကျွန်တော့်အမြင်သက်သက်သာ ဖြစ်သည့်အတွက်

ချို့ ယွင်းအားနည်းချက်များ ရှိပါလိမ့်မည်။ စာဖတ်သူက ထောက်ပြပေးမည် ဆိုပါက

ကျေနပ်ဝမ်းသာမိမည် ဖြစ်ပါကြောင်း။



အိမ်ဝေးသူ (KZ)

No comments:

Post a Comment