(၁)
နိုင်ငံခြားမှာ
ကျောင်းသွားတက်မယ်လို့ တောင်းဆိုခဲ့တုန်းက
လင်းလက်တောက်ပသွားတဲ့ အဖေ့မျက်နှာကို
ကျွန်တော်...တစ်သက်စာ ရင်မှာ မှတ်မိနေပါသေးရဲ့ ...!!!
(၂)
ကျောင်းလခနဲ့ စားစရိတ်
မုန့် ဖိုးနဲ့ ဘာညာကြေး
အခါခါပေးဖို့ တောင်းဆိုခဲ့တော့ လည်း
ခေါင်းမော့လို့ လက်မထောင်
ခါးကော့အောင် ကျူံးရုန်းရှာပြီး
“ကြိုးစားထား ငါ့သား “ တဲ့...
အောင်မြင်ချင်ရင်....သားလျှောက်မယ့်လမ်းမှာ
ယုံကြည်ရာကို ရဲရဲတိုးဖို့ မျှော်လင့်ခြင်းကို မက်မောပါတဲ့..
အဖေ့မျှော်လင့်ခြင်းကတော့ ….သား…ပါတဲ့။
အဖေ့မျှော်လင့်ခြင်း လှေငယ်လေး
လှလှပပ ကမ်းကပ်နိုင်ဖို့ 
တစ်ချက်ကလေး မညည်းညူခဲ့တာ
ကျွန်တော်.....ကြက်သီးများတောင် ထမိပါရဲ့ ...!!!
(၃)
အဖေရေ...
“ကျွန်တော်တို့ ဆီမှာလေ” လို့ ..အစချီလို့
ကြုံခဲ့သမျှ ကျွန်တော့်...ဖြစ်ရပ်တွေ စာဖွဲ့ ပြ
ဟန်နဲ့ပန်နဲ့ ပြောခဲ့တိုင်းလည်း
“ဟေ” ”ဟုတ်လားသားရဲ့ ”
"အဖေ မမြင်ဖူးခဲ့တာ ငါ့သား မြင်ဖူးခဲ့ပြီပေါ့"
"အဖေ မရခဲ့တဲ့ ပညာရေး အတွေ့အကြုံ ငါ့သားရခဲ့ပြီပေါ့"
“ငါ့သားအတွက် ဝမ်းသာတယ်ကွာ" လို့ 
အားရပါးရ ပြောရင်း သဘောတွေကျ
ရှားပါးလွန်းတဲ့အဖေ့.... ရယ်သံမြမြတွေ..
ပြန်ကြားယောင်တိုင်း... ကျွန်တော် မျက်ရည်ဝိုင်းမိပါရဲ့ ...!!!
(၄)
မြန်မာပြည်စီးပွားရေးစနစ်ရဲ့ 
အတက်သာရှိပြီး....အဆင်းမရှိတဲ့
“ကုန်ဈေးနှုန်း” ခေါင်းစဉ်အောက်မှာ...
ကျွန်တော့် အိပ်မက်တွေ ဂယောက်ဂယက်
ကျွန်တော့် ဆန္ဒတွေ ပျောက်ရှမတတ် ဖြစ်ခဲ့ရပေမယ့်
“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရတယ်တဲ့သားရယ်” လို့ တစ်မျိုး
"အဖေ့အတွက်မပူပါနဲ့…သားရည်မှန်းချက်သာ ပြည့်ပါစေ" လို့ တစ်ဖုံ
ကျွန်တော့်ကို အားပေးနှစ်သိမ့်
ချွေးစက်တွေ မသုတ်အားပေမယ့်လည်း
မရပ်မနား ဘဝခရီးကို ..ရှေ့ ဆက်
မျှော်လင့်ခြင်းလှေငယ်လေးအတွက်ရယ်လို့ ရည်စူး
မိုင်းနပ်စ်များတဲ့ ခေတ်ကြီးရဲ့ စိန်ခေါ်မှုကို
တစ်ချက်မငြီးဘဲ အဖေ... ရင်ဆိုင်ခဲ့ပုံများကတော့
ကျွန်တော့်...ရင်ထဲ.. အစဉ်ခိုင်မြဲစွာ ရှိလှပါရဲ့ ...!!!
(၅)
အဖေ.....
ကျွန်တော် ...ခနခန မှားခဲ့တယ်....
ကျွန်တော်...အကြိမ်ကြိမ် မိုက်ခဲ့တယ်..
ကျွန်တော်...အခါအခါ ရူးသွပ်ခဲ့တယ်...
အဲဒီလိုဖြစ်ခဲ့တိုင်း
“အဖေ့ရဲ့ မျှော်လင်းခြင်းက..သားပါ” ဆိုတဲ့ အားပေးစကားနဲ့ 
ဟောဒီ...မပြိုဘူးဆိုတဲ့ ကောင်းကင်ကိုတောင်
ခေါင်းနဲ့ တိုက်ဝံ့ခဲ့တယ်...အဖေ...
ဘယ်တုန်းကမှ ကျွန်တော်ခြေဦးတွေ နောက်ပြန်မလှည့်ခဲ့ဘူး...
ကျနော့် ရည်မှန်းချက်တွေလည်း ဘယ်လိုကြောင့်မှ ချမခွဲပစ်ခဲ့ဘူး...!!!
(၆)
အဖေရေ.....
လက်ကြောမတင်းတဲ့  ဟောဒီ..အဖေ့သားကြီးကျွန်တော်ပေါ့
အဖေနဲ့ တူတဲ့ စိတ်ဓာတ်အမွေကြောင့်
မအောင်မြင်မချင်း အိမ်မပြန်ရဘူးလို့ 
ကိုယ့်သမိုင်းကိုယ်ပြဋ္ဌန်းရင်း
မာနတံခွန်တွေ ဆက်တိုက်လွှင့်ထူခဲ့ပေမယ့်
နောက်ဆုံးတော့...
အမေ့ကို ဆုံးရှုံးခဲ့တာရယ်...
ကမ္ဘာတစ်ခြမ်းမှောင်ခဲ့ရတာရယ်..
ခုထိအဖေ့ဆီပြန်မရောက်သေးတာရယ်....
မကြာမကြာ..ဘယ်ဘက် ရင်အုံအောင့်တတ်တာရယ်...
မကြာမကြာ…........တွေပဲ အဖတ်တင်ခဲ့ပါတယ်အဖေ...!!!
(၇)
ဒီလိုနဲ့
အဖေ့သားကြီးကျွန်တော်
အဖေပေးခဲ့တဲ့ အသိတရားအမွေနဲ့
ဘဝကို အရိုးသားဆုံး ရုန်းကန်
မှားရင်ပြင်၊ လဲရင်ထ ဆိုတဲ့ ကိုယ်ပိုင်စနစ်နဲ့ ရှင်သန်ရင်း
အဖေ အမြတ်နိုးဆုံး ပညာရေးရဲ့  အောင်မြင်မှု အသီးအပွင့်ကို
၂၀၁၃ ရဲ့  အေးချမ်းတဲ့ နိုဝင်ဘာလမှာ
ဆွတ်ခူးခဲ့ပါပြီ အဖေ။
(၈)
ဒါပေမယ့်
အောင်မြင်မှု တစ်စိတ်တစ်ပိုင်းကို
အဖေနဲ့အတူ မျှဝေခံစားချင်ခဲ့တဲ့
ကျွန်တော့် နှလုံးသားလေး
(မိသားစုအရေး) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ချိနဲ့ အားငယ် အထီးကျန် ခဲ့ရပေါ့။
အဖေလာဖို့ အခွင့်မသာခဲ့တဲ့ အဲဒီပွဲ….
အဖေပါဖို့ အခွင့်မသာခဲ့တဲ့….အဲဒီပွဲ
အဲ့ဒီပွဲကို
အဖေရဲ့  ခွန်အားတစ်ချို့ 
မိတ်ဆွေတစ်ချို့ရဲ့ အားပေးစကားတွေနဲ့
ကျွန်တော် ဟန်မပျက်တမ်း
ရဲရဲဝံ့ဝံ့ ကျင်းပခဲ့ပါတယ်။
(၉ )
အဖေ.....
မဝေးတော့တဲ့ နေ့ တစ်နေ့ မှာ
အဖေရွက်လွှင့်ခဲ့တဲ့ လှေကလေး (ကျွန်တော်)
အဖေ့ရဲ့…..မျှော်လင့်ခြင်းဆိပ်ကမ်းကို
အလှပဆုံး ကမ်းကပ်နိုင်ဖို့ 
အိပ်မက်တစ်ခုနဲ့ မမောနိုင်မပန်းနိုင်
ရွက်လွှင့်လို့ နေတယ်...အဖေ....ရယ်....!!!
အိမ်ဝေးသူ (KZ)