Thursday, 26 September 2013

ကိုယ်ပိုင်တန်ဖိုးဖြင့် ရပ်တည်ခြင်း

မောင်(၁) နှင့် မောင် (၂) တို့ ပြသနာ တက်နေကြသည်။

အချင်းများသည့် အကြောင်းအရာကမူ ရိုးစင်းလှသည်။ သို့သော် အရှင်းဆုံးအကြောင်းအရာက

အရှုပ်ထွေးဆုံး အဖြစ်သို့ သယ်ဆောင်သွားသည်။ ဖြစ်ပျက်ပုံ အလုံးစုံကား ဤသို့တည်း။


မောင်(၁) ။       ။ ငါ မင်းကို ဘာများ လုပ်မိလို့ လဲကွာ။ (၁) ဆိုတဲ့ ငါ့နေရာမှာ ငါ ငြိမ်ငြိမ်လေး

                        နေ,နေတာပဲလေကွာ။


မောင်(၂) ။       ။ မင်း အဲ့လို ငြိမ်ငြိမ်လေး ငါ့ ရှေ့ မှာ ကာဆီး၊ကာဆီး လုပ်နေတာကိုက

                        ငါ့ကို ဒုက္ခပေးနေတာပဲကွ။ မင်းက အမြဲတမ်း ငါ့ရှေ့ ရောက်နေတာ ငါ လုံးဝ

                        မကျေနပ်ဘူးကွာ။


မောင်(၁) ။       ။ ဟာကွာ၊ သူငယ်ချင်းရာ မင်းအဲလို မထင်ပါနဲ့ ကွာ။ ကိန်းဂဏန်းတိုင်းမှာ

                        သူ့ တန်ဖိုးနဲ့ သူ ရှိပြီးသားပါ။ လူသားတွေ တွက်ချက်လို့ ရအောင် ငါတို့တတွေဟာ

                        အမြဲတမ်း ကူညီနေကြတာပါ။ ငါတို့ ကိန်းဂဏန်းတွေမှာ သာခြင်း၊ နာခြင်း မရှိကြပါဘူး။

                        ကိုယ့်နေရာနဲ့ ကိုယ့်တာဝန်ကို တိတိကျကျ ယူပြီး လိုက်နာဖို့ က အဓိကပါကွာ။


မောင်(၂) ။       ။ မင်းငါ့ကို လေပြည်အေး တရားတွေ လာဟောမနေနဲ့ ။ ငါ (တစ်) ဖြစ်ချင်တယ်။

                        မင်းနဲ့ငါ နေရာချင်း လဲမလား?


မောင်(၁) ။       ။ နေရာချင်းလဲတာတော့ မဖြစ်နိုင်တော့ဘူးကွ။ ဒါပေမယ့် မောင် (၂) ရာ ...

                        မင်းရဲ့ အလှတရားကို မင်း မြင်အောင်ကြည့်တတ်စမ်းပါကွာ။

                        မြင်အောင်ကြည့်ဖြစ်သွားရင်  (၂) နေရာမှာ နေရတာကို ကျေနပ်သွားမှာပါ။


မောင်(၂) ။       ။ ဟေ့ကောင် ! ဘာအလှတရားမှ ကြည့်စရာ မလိုဘူး...

                        ဘာမှကြီးကြီးကျယ်ကျယ်တွေ လျှောက်မပြောနဲ့ ကွ။


မောင်(၁) ။       ။ မင်းအလှတရားကို မင်းမမြင်ရင် ငါရှင်းပြမယ်။ မင်းက ငါ့ကို တော်တော်

                        အထင်ကြီးနေတာကိုးကွ။ ငါ့ဒုက္ခကို မင်းမသိလို့ပါ။ တစ်ဆ နဲ့ နှစ်ဆ ဆိုတာကို

                        မင်းနားလည်ရဲ့ လား။ အပြတ်အသတ် ကွာတယ်ကွ။ ငါနဲ့ ကိန်းဂဏန်းတစ်ခု

                        လာပေါင်းရင် တစ်ပဲ တိုးခွင့် ရှိတယ် ( ၅ + ၁ = ၆)။ ပြီးတော့ ငါနဲ့ ကိန်းဂဏန်း

                        တစ်ခုခုက  လာမြှောက်တဲ့အခါ အဲဒီကိန်းဂဏန်းပဲ ပြန်ရတယ်။

                        ငါဆိုတာ လုံးဝ မရှိတော့သလို ခံစားရတယ်။ ( ၅ x ၁ = ၅ )။

                        အဲလို ဖြစ်တိုင်း ငါဟာ အလကားကောင်လို့ တောင် ခံစားချင် ခံစားလို့ ရတယ်ကွ။

                        ငါ့ကို ကိန်းဂဏန်းတစ်ခုက လာ စားသည် ဖြစ်စေ၊ နှုတ်သည် ဖြစ်စေ ကွာဟ မှုက

                        တစ်ပဲ ရကြတယ်။


မောင်(၂) ။       ။ ဒါဆို ငါ့ကျတော့ရော။


မောင်(၁) ။       ။ မင်းကျတော့ နေရာတိုင်းမှာ နှစ်ဆပဲ။ အထူးသဖြင့် စီးပွားရေးသမားတွေ

                        မင်းကို သိပ်စိတ်ဝင်စားကြတယ်။ မင်းနဲ့ လာပေါင်းတဲ့ ကိန်းဂဏန်းက နှစ်တောင်

                        တိုးပွားခွင့် ရသွားကြတယ်။ ( ၅ + ၂ = ၇)။ ပြီးတော့ ငါ့ကို လာမြှောက်တုန်းကလို

                        အရာမဝင်တာမျိုး မဟုတ်တော့ဘူး။ မင်းကို လာထိတာနဲ့ နှစ်ဆပဲကွ။

                        မူလ တန်ဖိုးကို မင်းက နှစ်ဆ ဖြစ်အောင် ဟပ်ချလောင်းဆိုပြီး လုပ်နိုင်ခွင့် ရှိတယ်

                        သူငယ်ချင်းရ။ ( ၅ x ၂ = ၁၀ )။ အဲလိုပဲ မင်းကို ကိန်းဂဏန်းတစ်ခုက

                        လာစားသည် ဖြစ်စေ၊ နှုတ်သည် ဖြစ်စေ ခြားနားမှုက အမြဲတမ်း နှစ်ဆပဲကွ။

                        ကြည့်စမ်း..မင်းရဲ့ ဖြစ်တည်မှုက ဘယ်လောက် တန်ဖိုးကြီးလိုက်သလဲ။

                        အဲဒီတော့ မင်းအရှေ့မှာ ငါနေရရုံလေးနဲ့ ငါဟာ မင်းတက်လမ်းကို ပိတ်ထားတယ်၊

                        မင်းထက်သာတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲကွာ။

                        ငါတို့ လက်တွဲပြီး ရပ်တည်ကြတာပေါ့ သူငယ်ချင်းရာ။


မောင်(၂) ။       ။ မင်းက ပြောအား ရှိတာပေါ့။ မင်းအရှေ့မှာ နေတဲ့ကောင်က အလုပ်မဖြစ်တဲ့ကောင်

                        သုည ဆိုတော့။ ဟားဟား။


မောင်(၁) ။       ။ မဟုတ်သေးဘူးကွ။ သူလည်း သူတန်ဖိုးနဲ့ သူ အလုပ်ဖြစ်နေတာပဲလေ။

                        အလုပ်မဖြစ်ဘူးလို့ တော့ မပြောနဲ့ကွ။ မင်းစဉ်းစား ကြည့်စမ်းပါ။

                        ကဗျာဆရာတွေ၊ အတွေးအခေါ်ပညာရှင်တွေဆို ငါ့ကို သတိတောင် မရကြဘူး။

                        ငါ့အရှေ့က (သုည)ကိုပဲ တင်စားခေါ်ဆိုကြတာ။ မင်းခိုက်စိုးစန်တောင် (သုည) ဆိုပြီး

                        စာအုပ်ထုတ်ထားသေးတယ်။ ဒါပေမယ့် ငါ ဘယ်တုန်းကမှ ဝမ်းမနည်းဘူး။

                        ငါ့နေရာမှာ ငါတိတိကျကျ ရပ်တည်တယ်။

                        မောင် (၁) က မောင် (၁) အနေနဲ့ ရပ်တည်တယ်။ မောင်( ၂) လိုလို မောင် (၃) လိုလို၊

                        မောင်သုည လိုလို ငါဘယ်တော့မှ မလုပ်ဘူး။ တကယ်ဆို (၀-၁-၂-၃-၄-၅-၆-၇-၈-၉)

                        ဆိုတဲ့ ငါတို့ တတွေဟာ ညီတူမျှတူ လူ့လောက အကျိုးကို ဆောင်နေကြတာပါကွာ။


မောင်(၂) ။       ။ မင်းပြောလို့ ပြီးပြီလားကွ။ ဒါပေမယ့် မင်းက ငါ့ရှေ့မှာ ရောက်နေတဲ့အတွက်....

                        ငါ့ဘဝတက်လမ်းကို ပိတ်ထားတဲ့ အတွက် ငါ...မင်းကို မုန်းတယ်။

                        ကိန်းဂဏန်း အဖြစ်ကနေ ငါ ကြွေကျတဲ့ နောက်ဆုံးနေ့ အထိ

                        ငါ...မင်းကို မုန်းနေမယ်။


မောင်(၁) ။       ။ ကျေးဇူးပဲ သူငယ်ချင်း။

                        ကိုယ့်အလှတရားကို ကိုယ်မြင်နိုင်စွမ်းမရှိတဲ့ မင်းကို၊ ဖျောင်းဖျလို့မရတဲ့မင်းကို

                        ငါ...လစ်လျူရှုလိုက်ပါပြီ။ ဒါပေမယ့်ကွာ...တစ်ခါတရံမှာ အမုန်းဆိုတာ

                        သတိရနေခြင်း တစ်မျိုးပဲလို့ ငါ ခံယူထားတဲ့အတွက် မင်း...ငါ့ကို မုန်းနေတာဟာ

                        ငါ့ဖြစ်တည်မှုကို အသိအမှတ်ပြုတာ၊ ငါ့ကို သတိတယ ရှိနေတာလို့ 

                        ငါသိလိုက်ရတဲ့ အတွက်...ငါ ဝမ်းသာတယ်ကွာ။


မောင်(၂) ။       ။ တောက်။ မင်းနဲ့ ငါ တွေ့ ကြသေးတာပေါ့။


မောင်(၁) ။       ။ မပူပါနဲ့ သူငယ်ချင်းရာ။

                        မင်းနဲ့ ငါက ကမ္ဘာလောကကြီး တည်မြဲနေသေးသရွေ၊ 

                        ကိန်းကဏန်းတွေ တည်မြဲနေသေးသရွေ့ ၊

                        လူသားတွေ အတွက်အချက် လုပ်နေသေးသရွေ့

                        အမြဲတမ်း ကပ်လျက် အနေအထားနဲ့ပါကွာ။ (မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ)


ထိုနေ့မှ စပြီး မောင် (၁) နှင့် မောင် (၂) သည် ဘေးချင်းကပ်လျက် အနေအထား ရှိသော်လည်း

စကားပြောဆိုခြင်း မရှိတော့။ မောင် (၁) သည် မောင် (၂) ဘက်သို့ လှည့်လည်ပြီး စကားစမြည်

ပြောဆိုလိုသော်လည်း မောင် (၂) က ခက်ထန်မာကျောသော မျက်နှာထားဖြင့် သူ့နောက်ကျောကို

စိုက်ကြည့်နေသောကြောင့် မောင် (၂) ဘက်သို့ လှည့်ခွင့် မရရှာဘဲ မောင်သုည (၀/zero)

ဘက်သို့သာ အမြဲတမ်းအတွက် မျက်နှာမူ ထားရရှာလေသည်။


အိမ်ဝေးသူ (KZ)

No comments:

Post a Comment