Friday, 31 May 2013

"ခံနိုင်ရည်မဲ့ခြင်းရဲ့ အခြားတစ်ဖက်မှာ"


======================
ဒေဝဒတ်လက်သစ် မိုက်လုံးညစ်နဲ့ 
အသရေစုတ် မျိုးယုတ်တွေကြောင့်
ရခိုင်ပြည်လည်း ပျက်ခဲ့တယ်
ထီလာသမိုင်းလည်း ရိုင်းခဲ့တယ်
လားရှိုးလည်း ရာဇဝင်ဆိုးခဲ့တယ် ။
------000------000-------------
ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး ခေါင်းစဉ်အောက်မှာ
အဖေခဲနေကျ..ဆေးတံကလေးလည်း အဖော်မဲ့ခဲ့တယ်
အမေ့ မြည်တွန်တောက်တီးသံကလေးလည်း ဆိတ်သုဉ်းခဲ့တယ်
ညီလေး စီးနေကျ စက်ဘီးကလေးလည်း ပြာအတိ ဖြစ်ခဲ့တယ်
ညီမလေး စီးနေကျ ဖိနပ်တစ်ရံလည်း ပိုင်ရှင်မဲ့ခဲ့ရလေတယ် ။
------000------000-------------
အကြမ်းဖက်ရေးလည်း ငါတို့ရှောင်ခဲ့တယ်
ရင်ကြားစေ့ရေး ငါတို့လုပ်ခဲ့ပါတယ်
ဒါပေမယ့်ကွယ်
ရိုးအီဟောင်းနွမ်းနေတဲ့ အမုန်းအာဃာတအောက်မှာပဲ
ငါတို့..ဘဝတွေ ..အပြိုပြို အလဲလဲနဲ့ 
သုံးရာသီစလုံးလည်း ငါတို့ ရှုံးမြဲ ရှုံးခဲ့တယ် ။
------000------000-------------
ဘာပဲဖြစ်ဖြစ်
ပေတစ်လှည့် ငါတို့ ဖြစ်ခဲ့ဖူးတဲ့နာက်
တူဖြစ်ရတဲ့ အရသာလည်း မြည်းစမ်းကြည့်ချင်သေးတာပေါ့
သန်းခေါင်ထက် ညည့်လည်း မနက်နိုင်တဲ့နောက်
တရားကိုမပယ်ဘဲ၊ ဓါးကိုလည်း လွယ်ကြည့်ချင်သေးတာပေါ့ ။
------000------000-------------
နယူတန်က ပြောဖူးတယ်
"သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိပါသတဲ့"
ဝေဒနာတစ်ခုကလည်း ကြေငြာပါတယ်
"ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါသတဲ့"
ခွေးကလေးတစ်ကောင်ကလည်း အသိပေးရှာတယ်
"ချောင်ပိတ်ရိုက်ခံရရင် သူလည်းပြန်ကိုက်မယ်တဲ့" ။
------000------000-------------
ကဲ...
ငါတို့တတွေရော
ဘာ...လုပ်ကြမလဲ? ။
------000------000-------------
အိမ်ဝေးသူ (KZ)

Wednesday, 29 May 2013


ကြောက်...လို့ ခေါင်းငုံ့ခံခဲ့ကြတယ်။
တွေး...လို့ စိတ်လျှော့ခဲ့ကြတယ်။
ခြောက်တိုင်းကြောက်လို့ ရပ်နေတော့လည်း ဘာထူးခြားခဲ့ပါသလဲ...
ဝေဖန်နေရုံ..လေကန်နေရုံလောက်နဲ့ ပဲမနူးလုပ်ရပ်တွေ သာယာမနေကြနဲ့။
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်။
မီးခိုးကြွက်လျှောက် အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေ
အမှည့်ခြွေ ခံနေရတာထက်စာရင်...
ငါတို့..အသက်လည်း...အသျှင့်ထံမှောက်မှာ
တန်ဖိုးတစ်ခုနဲ့ ဆိုတာ မမေ့ကြနဲ့ ။
သိက္ခာရှိရှိ သေဆုံးရခြင်းက
သိက္ခာမဲ့မဲ့ ရှင်သန်ခြင်းထက်...မြတ်တယ်။

အိမ်ဝေးသူ (KZ)

969=Poverties In Burma



Tuesday, 28 May 2013

၇၈၆ ???


အမှန်တကယ်ဆို ၇၈၆ ဆိုတဲ့ ဝေါဟာရက
(ဒါဟာ..မွတ်စလင်မ် ပိုင်တဲ့ ဆိုင်၊အိမ်၊ကား)အစရှိသဖြင့်
မွတ်စလင်မ်အချင်းချင်း မြင်သာထင်သာလောက်တဲ့ ပြယုဂ်တစ်ခုအနေနှင့်သာ ရှိနေသင့်ပါတယ်။
ဥပမာအားဖြင့်
အ၇ဟံလို့ မြင်ရင်.. ဗုဒ္ဓဘာသာဝင်(ပိုင်ဆိုင်မှု) မှန်းသိကြမယ်၊
ကွမ်ရင်မယ်တော်ပုံ ပါရင် တရုတ်ဘာသာဝင် (ပိုင်ဆိုင်မှု) လို့သိကြမယ်
ကာလေမန်မယ်တော်ပုံပါရင် ဟိန္ဒူဘာသာဝင် (ပိုင်ဆိုင်မှု) မှန်းသိကြမယ်၊
ယေရှုသခင်ပုံပါရင် ခရစ်ယာန်(ပိုင်ဆိုင်မှု) လို့  သိကြမယ်။
၇၈၆ ပါရင် မွတ်စလင်မ် (ပိုင်ဆိုင်မှု) လို့ မြင်ကြမယ်။
(ဒီထက်ဘာမျှ မပိုပါဘူး)
ဒီနေရာမှာ သေချာတာတစ်ခုကတော့ ဒီလို တံဆိပ်ခတ်ကြတာဟာ
သူများလုပ်ငန်းဆောင်တာ၊ သူများတကာဆိုင်က ပစ္စည်းကို မဝယ်စေချင်တာမျိုးမဟုတ်ဘဲ
မိမိညီနောင်သားချင်းများကိုသာတစ်ဦးနှင့်တစ်ဦး (သိသာမြင်သာစေလိုတဲ့သဘောမျိုး) သာ
ဖြစ်ပါတယ်။
၇၈၆ ဆိုတာလည်း သဘောက ဒီလောက်ပါပဲ။
အစားအသောက်နဲ့ ပက်သက်ရင်တော့ ဟလာလ် အစားအစာကို စိတ်သန့်ရှင်းစွာ
ကျွန်တော်တို့  စားသုံးနိုင်တယ်ပေါ့ဗျာ။
တစ်ချိန်တည်းမှာပဲ မီးချောင်းဆိုင်မှာ တပ်ထားတဲ့ ၇၈၆ က
ကျွန်တော်တို့ ဝယ်မဲ့ မီးချောင်းဟာ ဟလာလ်မီးချောင်းပါလို့ ဆိုလိုတာ မဟုတ်ပါဘူးဗျာ။
ဒီမီးချောင်းဆိုင်ဟာ မွတ်စလင်မ်ညီနောင်တစ်ဦး ပိုင်ဆိုင်တဲ့ ဆိုင်ဖြစ်တယ်...ပြီးတော့
မွတ်စလင်မ် တစ်ဦးပိုင်တဲ့ ဆိုင်ဖြစ်တဲ့အတွက် အဲဒီဆိုင်မှာ ပစ္စည်းဝင်ဝယ်မယ့်
မွတ်စလင်မ် တစ်ဦးအနေနဲ့ စိတ်ချလက်ချ စလာမ်ကို ကျေကျေနပ်နပ်ကြီး ပေးလို့ရတယ်
လို့ဆိုလိုတာပါပဲ။
တစ်ဖက် ဗုဒ္ဓဘာသာအစွန်းရောက်တွေက ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ ပြယုဂ်ဖြစ်တဲ့
၇၈၆ ကို တနင့်တပိုးကိုင်ပြီး အသေတွယ်နေတဲ့အချိန်၊ အပြစ်တွေ ရှာနေတဲ့အချိန်မှာ
ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ရဲ့ ၇၈၆ ဆိုတာကို ပဲ တရားသေကိုင်ထားပြိး
သည်းသည်းလှုပ် ငြင်းခုံနေကြတာမျိုး မဖြစ်သင့်ပါဘူးခင်ဗျာ။
၇၈၆ ဆိုတဲ့ စကားလုံးကို (Beyond the limit) တန်ဖိုးထားပြနေရာက
အဆင့်လျှော့ချလိုက်ရင် ( ခင်ဗျားတို့..ကျွန်တော်တို့ နှလုံးသားထဲက အီမာန်ကို
တစ်ပြားသားလောက်တောင် လျှော့ချခိုင်းခြင်းမဟုတ်ပါ )
တစ်ဖက်က စွပ်စွဲချက်တွေလည်း အတိုင်းအတာတစ်ခုထိ လျော့ကျသွားနိုင်ပါတယ်လို့
ယူဆမိကြောင်းပါ။
အလ္လာဟ်အသျှင်မြတ်က လူသားရဲ့ နှလုံးသားထဲမှာသာ အီမန်ကို ထည့်ပေးထားတာပါ။
နောက်ဆုံးပြောချင်တာက ၇၈၆ ဆိုတဲ့ကိစ္စက
ကျွန်တော်တို့ ညီနောင်သားချင်းတွေအတွက်
ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ဗလီဝတ်ကျောင်းတော်ထဲဝင်ပြီး တရားဟောတာကို
ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး တရိုတသေ နားထောင်လိုက်ရတဲ့ အဖြစ်လောက်များ စိုးနေလို့ လားဗျာ။
(ကျွန်တော့် အမြင်သက်သက်ကိုသာ တင်ပြခြင်းဖြစ်ပါကြောင်း)

အိမ်ဝေးသူ (KZ)

Monday, 27 May 2013

လူ၊ ဘာသာတရား နှင့် စည်းဘောင်


ဘောင်တစ်ခု၊ စည်းတစ်ခုသည် ၀န်းကျင်၊အနေအထား၊ အဖွဲ့အစည်း အသိုင်းအ၀န်းတစ်ခုကို အကာအကွယ်ဖြစ်စေနိုင်သလို

အထိန်းအကွပ်လည်း ဖြစ်စေနိုင်ပါသည်။ ဘောင်ထဲကမထွက်နဲ့ ၊ ဘောင်မကျော်နဲ၊ စည်းလွတ်ဝါးလွတ်ဖြစ်နေတယ် ဆိုတဲ့

စကားစုများစွာကို နေ့စဉ်ပုံမှန်ကြားသိနေရသည်။ ပန်းချီကားတစ်ချပ်၏ တန်ဖိုးကို ဘောင်ကွပ်၍တန်ဖိုးတက်စေသလို၊

အကွပ်မရှိတဲ့ ဖျာတစ်ချပ်၊ ကြမ်းတစ်ချပ်သည်လည်း ပရမ်းပတာဖြစ်နိုင်စေသည်။ ပတ်ဝန်းကျင်

လူမှု့အသိုင်းအ၀န်းတွင်လည်း စည်းဘောင်ကျော်လွန်ပါက လူမှုရေးဖောက်ပြန်မှုများ ဖြစ်လာသည်။

အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ ပတ်ဝန်းကျင်စည်းကမ်း၊ အုပ်ချုပ်မှုစည်းကမ်းဘောင်များကို

ကျွန်ုပ်တို့ သိရှိလိုက်နာကြရသည်။


ထို့အတူ ဘာသာတရားပေါင်းစုံ၏ ကိုးကွယ်ယုံကြည်ရာ ၀တ်ပြုဆောင်၊ ဘုရား၊ ဗလီ၊ ကျောင်းကန်များတွင်လည်း

၎င်းစည်းဘောင်များကို လိုက်နာဆောင်ရွက်ကြရသည်။ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှု၊

ဥပဒေမဲ့ လူနည်းစုများ စော်ကားအကြမ်းဖက်မှုများ ဖြစ်ပွားပြီး၊ ဖြစ်ပွားနေဆဲကာလများတွင် ချစ်ကြည်ညီညွတ်ရေးဟု

ခေါင်းစဉ်တပ်ကာ၊ ဗလီဝတ်ကျောင်းများသို့ အလည်အပတ်၊ ၀င်ရောက်လေ့လာခြင်းများ ၊

ဖိတ်ခေါ်ခြင်းများဆောင်ရွက်နေကြခြင်းသည် အပေါင်းလက္ခဏာဆောင်သောလုပ်ရပ်

ဟုသုံးသပ်နိုင်သော်လည်း နောက်ဆက်တွဲအကျိုးဆက်များကိုလည်း တွေးပူထားသင့်သည်။


"လူတစ်စု၏ စော်ကားမှု၊ အခြေမြစ်မရှိ စွပ်စွဲပြောဆိုမှုများကို ရှင်းလင်းသည်ဆိုပါက မီဒီယာများ၊

အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များကို ခေါ်ယူတွေ့ဆုံ ရှင်းလင်းပြသကာ မီဒီယာများမှ တဆင့်

လူအများသိရှိစေရန် လုပ်ဆောင်သင့်သည်။"

တစ်ဘက်ဆွဲ မီဒီယာများမှ ဖေါ်ပြခြင်း မပြုသည်ကို စိုးရိမ်ပါကလည်း အွန်လိုင်းမီဒီယာများမှ ဖေါ်ပြနိုင်သလို

စွပ်စွဲပြောဆိုနေသူများ ထင်သာမြင်သာရှိအောင် အခြားသောလုပ်ဆောင်နိုင်သော နည်းလမ်းများလည်း ရှိပါသေးသည်။


ဗလီဝတ်ကျောင်းတော်များသည် လူပေါင်းစုံ လည်ပတ်ရာ ဇရပ်၊ အပန်းဖြေပန်းခြံများ မဟုတ်ပေ။

ငြိမ်းချမ်းသော ၀တ်ပြုရာ နေရာများပင်ဖြစ်သည်။ အပြုသဘောဆောင် လေ့လာ၊ စူးစမ်းမှုကို အားပေးသင့်ပါသည်။

သို့သော် စည်းလွတ်ဘောင်လွတ် ဆောင်ရွက်နေခြင်းများ မှ ဆင့်ကဲဖြစ်စဉ်ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ကိုလည်း

တွေးဆ ဆင်ခြင်ထားသင့်ပါသည်။ အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများတွင်လည်း အစ္စလာမ်ဘာသာဝင်များ၏

ဗလီဝတ်ကျောင်းတော်များကို လေ့လာစူးစမ်းရာတွင် အခြေခံစည်းဘောင်များကို လေးစားလိုက်နာကာ

ရိုသေမှုဖြင့် စောင့်ထိန်းလေ့လာကြသည်။


အစ္စလာမ်သာသနာ၏ အခြေခံစည်းမျဉ်းများတွင် ဗလီဝတ်ကျောင်းတော်များသို့ ၀င်ရောက်တွင် ခန္ဓာကိုယ်

သန့်ရှင်းစင်ကြယ်မှု ရှိမှသာ ၀င်ရောက်ကြရသလို အမျိုးသမီးများကိုလည်း သတ်မှတ်ထားသော စည်းဘောင်များ

စောင့်ထိန်းပါက ၀င်ရောက်ခွင့်ရှိကြပါသည်။ ထို့ကြောင့်လည်း ဗလီဝတ်ကျောင်းတော်များတွင် သန့်စင်ဆောင်များ၊

ရေကန်များ ထားရှိခြင်းပင်ဖြစ်ပါသည်။ ကိုယ်၊လက်မျက်နှာ ဆေးကြောသန့်စင်စေပြီးမှသာလျှင် ၀တ်ပြုဆောင်သို့

ဝင်ရောက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဗလီဝတ်ကျောင်းများတွင် အမျိုးသမီးသီးသန့်ဆောင်ရှိသည့်

ဝတ်ကျောင်းများတွင် သီးသန့်ဆောင်များသို့ ၀င်ရောက်ကြရသည်။ အချို့နိုင်ငံများတွင် ပင်မဆောင်သို့ အမျိုးသမီးများ

ဝင်ရောက်ခွင့်ပေးသောဝတ်ပြုကျောင်းများ ရှိသော်လည်း ကန့်လန့်ကာကန့်ဖြင့် ကာရံထားသည်ကို တွေ့နိုင်သည်။

အမျိုးသမီးများကို ပင်မ၀တ်ပြုဆောင်၏ ရှေ့ဆုံးတန်း (ဗလီတိုင်း၏ ရှေ့ဆုံး အပိုင်းအ၀န်းလေး ) နေရာကို ၀င်ရောက်ခွင့် ၊

သွားလာခွင့် ကန့်သတ်ထားသည်။


ထိုကဲ့သို့ ကန့်သတ်ထားခြင်းသည် ဗုဒ္ဓဘာသာတွင် တန်ခိုးကြီးဘုရား၊ စေတီ၏ အမြင့်မြတ်ဆုံးနေရာများသို့ အမျိုးသမီးများ

သွားရောက်ခွင့်ကန့်သတ်ထားခြင်းနှင့် ဆင်တူပါသည်။ အစွန်းရောက်သော ခွဲခြားကန့်သတ်မှုမဟုတ်ပဲ အမျိုးသမီးများ၏

ခန္ဓာကိုယ်ဓမ္မတာဖြစ်စဉ်များနှင့် ကိုယ်မသန့်ရှင်းမှုများ ဖြစ်ပေါ်လာနိုင်၍ ကန့်သတ်ထားခြင်းပင်ဖြစ်ပါသည်။

အစွန်းနှစ်ဖက်ကို မရောက်လွန်းသော အလယ်လတ်လမ်းစဉ်ကို သွားရောက်ရောက်မည်ဆိုသော်လည်း

အချို့သော စည်းမျဉ်း၊ ဥပေဒများသည် လူသားတို့အမြင်ဖြင့် မမြင်သာသော်လည်း ရိုသေလေးမြတ်ရာ

ဘာသာတရားများ၏ စည်းကမ်းများကိုတော့ လေးစားလိုက်နာကြရမည်ဖြစ်သည်။


ယနေ့အခါ ဗလီဝတ်ကျောင်းများသို့ လေ့လာစူးစမ်းရာတွင် အပြုအမူလုပ်ရပ်တစ်ချို့သည် စည်းဘောင်အချို့ကို

ကျော်လွန်ကာ ပင်မ၀တ်ပြုဆောင်များသို့တိုင် အမျိုးသမီးများသွားလာခြင်း၊ ဗလီတွင်းကျွေးမွေးဧည့်ခံခြင်းများနှင့်

လိုက်လျောမှု လွန်ကဲခြင်းများသည် နောက်တစ်ချိန်တွင် ဆင့်ကဲဖြစ်စဉ်ပြဿနာများ ပေါ်ပေါက်လာမည်ကို

တွေးပူနေရသည်။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်အချို့သည်လည်း အစိုးရ၏ လှည့်ကွက်၊

ကစားကွက်များကို သိရက်နဲ့  လည်းစင်းခံနေသည်လား၊ ကိုယ်တိုင်လှည့်ကွက်ထဲ

ရောက်မှန်းမသိရောက်နေသည်လားဆိုတာတော့ စဉ်းစားစရာပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ

အစ္စလာမ်သာသနာ၏ မြင့်မြတ်လှသောအရာများကိုတော့ ဖိအား၊ တွန်းအား၊ ကစားကွက်များ စတေးခံမသင့်ပေ။


မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာကိုးကွယ်သောလူမျိုးများ၏ ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ မျှော်လင့်ချက်နှင့်

ရည်မှန်းချက်၊ ပိုင်ဆိုင်မှုများစွာ ပေးဆပ်၊ စတေးခဲ့ရပြီးဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် အစ္စလာမ်ဘာသာကိုးကွယ်သူများမှ

ဘာသာမတူ တပါးသူများ၏ ဘုရား၊ကျောင်း၊ကန်များကို ဖျက်ဆီးယိုးယွင်းစေခဲ့သည့် သမိုင်းအမည်းစက်မရှိခဲ့ပေ။

အတူတကွပေးဆပ် ကြိုးစားခဲ့သည်များသာ ရှိသည်။ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးခဲ့သူများသည်

အာဏာရှင်စနစ်အဆက်ဆက်၏ ဆိုးမွေများကြောင့်သာ  နှစ်ပေါင်း၄၀ကျော် ၅၀ နီးပါး မှိုင်းသွင်း ၊ မှိုင်းတိုက်ခံရကာ

စိတ်ဓါတ်များ Grown Zero သို့ ကျဆင်း၊ နင်းချေခံရသည်ကို ၀ိုင်းဝန်းသတိပြုသင့်ကာ ညီညွတ်သင့်ပါပေသည်။


( အိမ်ဝေးသူ & မင်းထွဋ် )


Thursday, 2 May 2013

လူထဲက...လူ

လူ...ဆိုတာ
လူ...ကို
ကာကွယ်...ရမယ်။

တကယ်ဆို
“လူသားဆန်ခြင်း” မုခ်ဝ အောက်မှာ
လူဟာ...အဖြူအမည်း ခွဲခြားစရာမလိုဘူး
လူဟာ...ဟိန္ဒူ၊ ဗုဒ္ဓ အငြင်းပွားစရာမလိုဘူး
လူဟာ...မွတ်စလင်မ်၊ ခရစ်ယာန် သွေးကွဲစရာမလိုဘူး။
ခုတော့ကွယ်...
လူ့မျက်နှာပျောက်နေတဲ့.....လူ
လူ့ ဖြစ်တည်မှုကို မေ့လျော့ထားတဲ့...လူ
လူ့ကျင့်ဝတ်ကို ဥပေက္ခာပြုထားတဲ့...လူ
အဲဒီလူသေးသေးလေးတွေရဲ့ လူမဆန်မှုကြောင့်
အခြား...လူသေးသေးလေးတွေရဲ့ ရင်ဘတ်ထဲက
နှလုံးသားအကြီးကြီးတွေ ငိုချင်းချရတာ များလှပြီ။
သြော်...
လူ...လူ့ ...လူး တွေကြောင့်
လူး..လွန့်...လွန်း...နေရတဲ့...လူ့ ဘဝတွေများကွယ်။
အိမ်ဝေးသူ (KZ)