Sunday, 21 February 2016

စသုံးလုံး ရောဂါ...ငါ့မှာ မရှိပါ...သို့သော်


ငါ့မှာ...
x
၁) စိတ်ဆိုးတတ်သည့် ရောဂါ
၂) စိတ်ကောက်တတ်သည့် ရောဂါ
၃) စိတ်နာတတ်သည့် ရောဂါ...မရှိပါ။
x
သို့သော်...ငါ့မှာ
x
၁) အေးစက်မာကျောသည့် ရောဂါ
၂) လျစ်လျူရှုတတ်သည့် ရောဂါ...ရှိပါသည်။
x
ကျေးဇူးပြုပြီး
ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို
စော်ကားခြင်းမျိုး မည်သည့်အခါမျှ မလုပ်ပါနှင့်။
----------------
အိမ်ဝေးသူ(KZ)
----------------

Saturday, 20 February 2016

Label (ခေါင်းစဉ်)တပ်ရတာလွယ်ပေမယ့်


လူတစ်ယောက်ကို
လူဆိုး၊ လူကောင်းဆိုပြီး
ခေါင်းစဉ်(Lable) တပ်ရတာ
ကျွန်တော်တို့အတွက် သိပ်လွယ်ပါတယ်။
x
ဒါပေမယ့်
ကျွန်တော်တို့ တပ်လိုက်တဲ့ခေါင်းစဉ်က
ပြောင်းပြန်ဖြစ်နေခဲ့မယ်ဆိုရင်တော့
ပြန်တည့်ဖို့ ခက်ခဲလွန်းပါတယ်

-----------------
အိမ်ဝေးသူ(KZ)
-----------------
မှတ်ချက်။
လူတစ်ယောက်အကြောင်းကို သေချာအတိအကျ မသိဘဲ
အလျင်စလိုနဲ့ မှားယွင်းစွာ ခေါင်းစဉ်မတပ်မိဖို့ ကျွန်တော်တို့သတိထားသင့်ပါတယ်။
(ဘာသာရေးရှုထောင့်ကပြောမယ်ဆိုရင်လည်း အပြစ်ထိုက်ပါတယ်)

Friday, 19 February 2016

နွေးနွေးထွေးထွေး ရှိတာလား၊ အီစီကလီဆက်ဆံတာလား...?


လူတချို့က
နွေးနွေးထွေးထွေး ဆက်ဆံတတ်တာနဲ့
အီစီကလီဆက်ဆံရေး၊ ဖွန်ကြောင်ဆက်ဆံရေး
မျှော်လင့်ချက်ပေးဆက်ဆံရေး၊ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့ ဆက်ဆံရေး၊
စတာတွေကို ရောထွေးပစ်တတ်ကြတယ်။ (မကောင်းဘူးပေါ့)
x
@ နွေးထွေးစွာ ဆက်ဆံခြင်း @
လူတစ်ယောက်က နောက်ထပ်လူတစ်ယောက်ကို၊ (လူအများကို)
နွေးထွေးစွာ ဆက်ဆံတတ်တယ်ဆိုကြပါစို့။
သေချာတယ်။
အဲ့ဒီ့ လူဟာ လောကဓံကို အထိုက်အလျောက် ရင်ဆိုင်ခဲ့သူဖြစ်တယ်။
နွေးထွေးစွာ ဆက်ဆံတတ်ဖို့ အဲ့ဒီ့လူဟာ
၁)
နွေးထွေးစွာ ဆက်ဆံတတ်တဲ့ မိသားစုအသိုင်းအဝိုင်းက ပေါက်ဖွားလာတာ
ဖြစ်ကောင်းဖြစ်မယ်။
၂)
သိပ်ကို လျစ်လျူရှုတတ်တတ်ပြီး ဘာသိဘာသာ(ဖာသိဖာသာ) နေတတ်တဲ့
မိသားစုအသိုင်းအဝိုင်းမှာ လူဖြစ်လာသူ ဖြစ်ကောင်းဖြစ်မယ်။
၃)
ဘဝမှာ နာကျင်ကြေကွဲစရာတွေ ၊ ဆုံးရှုံးနစ်နာမှုတွေ အထိုက်အလျောက်
ရှိခဲ့သူမျိုး ဖြစ်ကောင်းဖြစ်မယ်။
၎)
ကိုယ်ချင်းစာတရား အဆင့်အတန်းမြင့်မားကြသူတွေ ဖြစ်ကောင်းဖြစ်မယ်။
၅)
နောက်ဆုံးအနေနဲ့ "လူ" ပီသအောင် အစဉ်မပြတ် ကြိုးစားကျင့်ကြံ
နေထိုင်သူမျိုး ဖြစ်ကောင်းဖြစ်မယ်။
x
ဆိုလိုချင်တာက
လူတစ်ယောက်က နွေးနွေးထွေးထွေး ဆက်ဆံတတ်တယ်ဆိုရင်
(ဟန်ဆောင်တာမျိုးမဟုတ်) အဲ့ဒီလူဟာ ဘဝမှာ အထိုက်အလျောက်
နာကျင်စရာမျိုးတွေ၊ ဆုံးရှုံးစရာမျိုးတွေ ကြုံခဲ့ရပြီးပါပြီ။ သူကြုံခဲ့ရတဲ့ ခါးသီးမှုတွေကို
သူ့နှလုံးသားနဲ့ ဆန်ကာစစ်ပြီး ချိုမြိန်နွေးထွေးမှုတွေအဖြစ် သူ့ပတ်ဝန်းကျင်ကို
ပြန်ပြီး ပေးဆပ်တတ်ကြသူမျိုးတွေ ဖြစ်တတ်ပါတယ်။
x
ဒါပေမယ့် လူတချို့ကတော့
နွေးထွေးစွာ ဆက်ဆံခြင်း (ပလူးပလဲနေခြင်းမျိုးမဟုတ်) နဲ့ အီစီကလီကိစ္စတွေကို
ရောထွေးပစ်လိုက်တတ်ကြပါတယ်။ ကိုယ်နဲ့ပက်သက်တဲ့သူဟာ နွေးထွေးတာလား၊
အီစီကလီလားဆိုတာကို သူနဲ့ဆက်ဆံတဲ့ မိမိကိုယ်တိုင်က အသိဆုံးဖြစ်ရမယ်လို့
ပြောရင် ကျွန်တော်လွန်မယ်မထင်ပါဘူး။ တစ်ဘက်က ရိုးရိုးသားသား နွေးထွေးစွာ ဆက်ဆံတာကို (ငါ့ကို ကြိုက်နေလို့ ရေလားမြောင်းပေးလုပ်နေတယ်၊ ငါ့ကို
Favor(Favour) ပေးနေတာပဲလို့ တစ်ဘက်သတ် ထင်နေတတ်ကြပါတယ်)
x
ကျွန်တော့်ခံယူချက်ကတော့
တိုတောင်းလွန်းတဲ့ လူ့ဘဝမှာ ပေးတဲ့လက်ပဲ ကျွန်တော်ဖြစ်ချင်တယ်။
ပေးတဲ့လက်ဆိုရာမှာ (နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ စောင့်ရှောက်ခြင်း)
အပါအဝင် တတ်နိုင်သမျှ ပေးရုံပဲ ပေးချင်တာမျိုးပါ (ဘာကိုမှ မမျှော်လင့်ဘူး)
ကျွန်တော် ဖြတ်သန်းရာဘဝတစ်လျှောက်မှာ နွေးထွေးတဲ့ နှလုံးသားပန်းပင်လေးတွေ
စိုက်ခဲ့ချင်တယ်။ အဲ့ဒီ့ နှလုံသားပန်းပင်တွေနဲ့ ပေါင်းစည်းထားတဲ့ နွေးထွေးတဲ့
နှလုံးသားပန်းစိုက်ခင်းကြီးတွေ အများကြီး ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး
ဖြစ်ထွန်းစေချင်တယ်။ ကိုယ်စီကိုယ်စီ ပင်ပန်းနေတဲ့ဘဝအသီးသီး၊ ကိုယ်စီကိုယ်စီ သောကတွေ ဝေနေရတဲ့ ဘဝအသီးသီးမှာ ကိုယ်နဲ့ဆက်ဆံရတဲ့ လူတွေရဲ့ သောက၊
ဒုက္ခ နည်းနည်းလေး လျော့သွားပါစေတော့ ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့
ကျွန်တော်နဲ့ ပက်သက်တဲ့သူတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပါတယ်။
(ပလူးပလဲမနေတတ်ဘူး၊ အီစီကလီမလုပ်တတ်ဘူး၊ မျှော်လင့်ချက်မပေးဘူး)
x
နွေးထွေးစွာ ဆက်ဆံခြင်းနဲ့ ပက်သက်လို့တော့ ဒီလောက်ပါပဲခင်ဗျာ။
ဘာ..... ဘယ်လို.....အီစီကလီအကြောင်းလေးလည်း ပြောပါဦး...ဟုတ်လား...?
ဆော်ရီးပါခင်ဗျာ။
အီစီကလီအကြောင်း၊ ဖွန်ကြောင်တဲ့အကြောင်း၊ ပလူးပလဲနေတဲ့အကြောင်း၊
မျှော်လင့်ချက်ပေးတဲ့အကြောင်းတွေ ကျွန်တော် ကျွမ်းကျင်တဲ့ဘာသာရပ်မဟုတ်တဲ့
အတွက် ဒီလောက်နဲ့ပဲ နားလိုက်ပါပြီ။
-----------------
အိမ်ဝေးသူ(KZ)
-----------------

Thursday, 18 February 2016

ရေပူ၊ရေအေးနှင့် ရေနွေး(သို့) လူပူ၊လူအေးနှင့် လူနွေး


@ ရေပူ @
ပူလွန်းသည့်အတွက် ထိုရေပူနှင့်ထိမိလျှင် ထိမိသည့်နေရာ လောင်တတ်သည်။
x
@ ရေအေး @
အေးလွန်းသည့်အတွက် ထိုရေအေးနှင့်ထိမိလျှင် ထိုနေရာသည် ကျဉ်ခဲတတ်သည်။
x
@ ရေနွေး @
ရေပူနှင့် ရေအေးကို အချိုးအကျညီညွတ်စွာ စပ်ထားသည့်အတွက် ဒုက္ခမဖြစ်စေတတ်။
ထိုရေနွေးသည် ရာသီဥတုအားလုံးနှင့် အကျုံးဝင်သည်အထိ အကျိုးဖြစ်ထွန်းစေသည်။
x
လူ့ဘဝသည် တိုတောင်းလွန်းလှသည်။
သို့သော် တိုတောင်းလွန်းသော ထိုလူ့ဘဝတွင် ကြုံဆုံရသည့်အရာတို့ကား များလှ၏။ ထိုသို့ ကြုံဆုံရသည့် အရာများစွာအနက် လူပူ၊ လူအေးနှင့်
လူနွေးဟူသော လူသုံးမျိုးနှင့် ထိုလူသုံးမျိုးတို့၏ ပေါင်းသင်းဆက်ဆံရေး
တို့သည်လည်း အပါဝအင်ဖြစ်သည်။
x
@ လူပူ @
လူအချို့၏ လူမှုဆက်ဆံရေးသည် ဆူပွက်နေသော ရေပူနှင့် အလားတူ၏။
ပူလောင်လွန်းသည့်အတွက် ထိုသူတို့နှင့် ထိတွေ့ဆက်ဆံသူတို့ပါ ပူလောင်ခြင်းကို
ကူးစက်ခံစားကြရကုန်၏။
x
@ လူအေး @
လူအချို့၏ လူမှုဆက်ဆံရေးသည် အေးစက်တောင့်ခဲနေသော ရေခဲတုံးနှင့် ဆင်တူ၏။
အေးစက်မာကျောလွန်းသည့်အတွက် ထိုသူတို့နှင့် ကူးလူးပေါင်းသင်းရသူတို့ပင်လျှင်
အေးစက်မာကျောခြင်းကို ကူးစက်ခံစားကြရကုန်၏။
x
@ လူနွေး @
လူအချို့၏ လူမှုဆက်ဆံရေးမှာမူကား မပူမအေးဘဲ နွေးထွေးသော ရေနွေးနှင့်
ပုံစံဆင်တူတတ်၏။ အလွန်အကျူး ပူလောင်ခြင်းလည်း မရှိတတ်။ အလွန်အကျူး
အေးစက်တောင့်ခဲခြင်းလည်း မဖြစ်တတ်။ နွေးထွေးသော မျှခြေတစ်ခု၌ တည်၏။
ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံရသူတိုင်းသည် ရင်ထဲ၌ နွေးခနဲဖြစ်သည့်အထိ
နွေးထွေးဖူလုံခြင်းကို ခံစားရတတ်၏။ ရေနွေးသည် ရာသီဥတုမရွေး ဘေးမဖြစ်
သကဲ့သို့ လူနွေးတို့သည်လည်း အခြေအနေမရွေး၊ နေရာမရွေး ဘေးကင်းတတ်ပြန်၏။
x
မိတ်ဆွေများခင်ဗျာ။
သင်တို့၏ မိတ်ဆွေတစ်ယောက်သည် ပွက်ပွက်ဆူနေသော လူပူတစ်ယောက်
ဖြစ်နေပါက သူ့ကို လူနွေးဘဝရောက်အောင် ဝိုင်းဝန်းတွန်းပို့စေချင်ပါသည်။
သင်တို့၏ မိတ်ဆွေတစ်ယောက်သည် အေးစက်တောင့်ခဲနေသော လူအေးတစ်ယောက်
ဖြစ်နေပါက သူ့ကို လူနွေးဘဝရောက်အောင် ထိန်းသိမ်းပံ့ပိုးစေချင်ပါသည်။
x
မိတ်ဆွေများခင်ဗျာ။
ထို့ထက်အရေးကြီးသည့် တိုက်တွန်းချက်တစ်ခုရှိပါသည်။
သင်တို့သည် ရေပူကဲ့သို့လည်း မပူ၊ ရေအေးကဲ့သို့လည်း မအေးဘဲ
ရေနွေးကဲ့သို့ ရာသီဥတုမရွေး နွေးထွေးစွာ ဆက်ဆံတတ်သူ တစ်စုံတစ်ယောက်နှင့်
ကြုံဆုံခဲ့ရပါက ထိုသူသည် သင်တို့၏ လုပ်ရပ်တစ်စုံတစ်ရာကြောင့် လူပူ၊ လူအေး
ဘဝသို့ မရောက်သွားရန် အထူးသတိပြု၍ ဆင်ခြင်စွာ ဆက်ဆံစေချင်ပါသည်။
x
တိုတောင်းလှသော လူ့ဘဝတွင်
ရေပူလိုလည်း မပူ၊ ရေအေးလိုလည်း မအေးစက်ဘဲ ရေနွေးကဲ့သို့
နွေးထွေးနိုင်သည့် ဂုဏ်သတ္တိမျိုးရှိအောင် ကျွန်တော်တို့အားလုံး
ကြိုးစားတည်ဆောက်ရမည်ဖြစ်ပါကြောင်း။ (လူပူများ နည်းပါစေ၊
လူအေးများ နည်းပါစေ။ လူနွေးများ တဖြည်းဖြည်းများပြားပါစေ)
------------------
အိမ်ဝေးသူ(KZ)
------------------

Monday, 15 February 2016


သူများဆီက
ကိုယ်ချင်းစာတရားကို
ရမယ်ဆိုပြီး မျှော်လင့်လွန်းရင်းနဲ့
x
ကိုယ့်ဆီမှာ
ရှိပြီးသား ကိုယ်ချင်းစာတရားကို
ဥပေက္ခာပြုထားမိတာမျိုး မဖြစ်ပါစေနဲ့။
------------------
အိမ်ဝေးသူ(KZ)
------------------

Tuesday, 9 February 2016

အိမ်သာ


လူနဲ့ တိရိစ္ဆာန်ကို
ခွဲခြားသိမြင်နိုင်တဲ့ နေရာတွေထဲမှာ
အိမ်သာဆိုတာလည်း တစ်ခုအပါအဝင်ပါပဲ။
x
ဒါပေမယ့်
လူနဲ့ တိရိစ္ဆာန်ကို
ခွဲခြားလို့မရလောက်အောင် ဖြစ်နေတဲ့
အိမ်သာတွေ တစ်နေ့တစ်ခြား ပိုများလာတယ်။
x
အိမ်သာဆိုတာ
မစင်စွန့်ရုံသက်သက် နေရာမျိုးမဟုတ်ဘဲ
အမြဲသန့်ရှင်းအောင် ထားရတဲ့နေရာမျိုးပါ။
x
ဒါပေမယ့်
အိမ်သာကို မစင်စွန့်ရုံသက်သက်လောက်ပဲ
အာရုံရှိတဲ့ လူတွေတော်တော်များလာတယ်။
x
လူမှုအသိုင်းအဝိုင်းကြီး တစ်ခုလုံးကို
ပြုပြင်ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့ဦး။
အိမ်သာကို
နည်းစနစ်မှန်မှန်အသုံးပြုတတ်အောင်ပဲ
ကျွန်တော်တို့ တော်တော် ကြိုးစားကြရပါဦးမယ်။
------------------
အိမ်ဝေးသူ(KZ)
------------------

Monday, 8 February 2016

ကြိုက်ရာရွေး


အလ္လာဟ်အသျှင်မြတ်က
ခင်ဗျားအတွက်
သာယာနာပျော်ဖွယ် အသံမျိုးကို
လက်ဆောင်အဖြစ် အပ်နှင်းပြီးသားပဲ...။
x
အဆိုတော်...လုပ်မလား...?
ကာရီဆပ်ဗ်...လုပ်မလား...
အဲ့ဒါတော့
ခင်ဗျား...သေသေချာချာ ရွေးချယ်ပေါ့...။

------------------
အိမ်ဝေးသူ(KZ)
------------------
မှတ်ချက်။
အချို့သူတွေကတော့ ရွေးချယ်ခွင့်မရတတ်ကြဘူး။
ရွေးကျပစ္စည်းလိုပဲ စီနီယာတွေ(မိဘအပါအဝင်)ရဲ့
ရွေးချယ်ပေးမှုအောက်မှာပဲ လည်စင်းပေးလိုက်ရတတ်တယ်။
(လိုအပ်လာရင် နောင်တ,မရတတ်အောင်လည်း လေ့ကျင့်ထားရတယ်)