Thursday, 17 July 2014

ရွံရှာစက်ဆုပ်ခြင်းများစွာဖြင့် အနာဂတ်မျိုးဆက်သစ်များ


သင့်ဘဝမှာ...
တစ်စုံတစ်ယောက်ကို အလွန်အမင်း ရွံရှာစက်ဆုပ်ဖူးပါသလား?
ပြီးတော့...
အလျှံညီးညီး တောက်လောင်နေသော သင့်မျက်လုံးများထဲမှ
ထိုခံစားချက်များကို ကြည့်မှန်တစ်ချပ်ထဲမှာ စိုက်ကြည့်ဖူးပါသလား?
တစ်စုံတစ်ယောက်နှင့် တစ်စုံတရာကို ထိတ်လန့်ကြောက်ရွံ့ ခြင်း
(တနည်းအားဖြင့်-ထိတ်လန့်၊ ကြောက်၊ ရွံ့  ခြင်း) ၏
ရသ,များကို ခွဲခြားစိတ်ဖြာဖူးကြပါသလား?
ကြိမ်ဖန်များစွာ ထိတ်လန့်နေရခြင်းက ကြောက်ခြင်းကို ဖြစ်ပေါ်စေ၏။
ကြိမ်ဖန်များစွာ ကြောက်နေရခြင်းက ရွံရှာစက်ဆုပ်ခြင်းကို ဖြစ်ပေါ်စေ၏။
ကြိမ်ဖန်များစွာ ရွံရှာစက်ဆုပ်နေရခြင်းက တွန်းလှန်တိုက်ခိုက်ခြင်းကို ဖြစ်ထွန်းစေ၏။
ထိတ်လန့်ခြင်းသည် ခုခံရန် အင်အားပေးတတ်သည်။
သို့သော် အတိုင်းအဆ နည်းပါး၏။
ကြောက်ခြင်းသည် ရင်ဆိုင်ရန် ခွန်အားပေးတတ်သည်။
သို့သော် အတိုင်းအဆ နည်းပါး၏။
ရွံရှာစက်ဆုပ်ခြင်းသည် တုံ့ပြန်ရန် အင်အားပေးတတ်သည်။
သို့သော်...၄င်းသည် အတိုင်းအဆ ကြီးမားလွန်း၏။
ရွံရှာစက်ဆုပ်ခြင်းသည်
ကြိမ်ဖန်များစွာ ဖိနှိပ်စော်ကားခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊
အသတ်ဖြတ်ခံရခြင်း၊ ကျူးကျော်တိုက်ခိုက်ခံရခြင်း
စသည်တို့ကြောင့် ဖြစ်ပေါ်တတ်ခြင်းဖြစ်သည်။
ရွံရှာစက်ဆုပ်ခြင်းအပြည့်ဖြင့်
တစ်စုံတယောက်၏ ကြည့်ခြင်းကို အသင်...ခံရဖူးပါသလား?
ထိုခံစားမှု ဖြင့် ကြည့်ခြင်းခံရသူသည် ဆောက်တည်ရ မရ ဖြစ်တတ်၏။
ထိုအကြည့်များကို တတ်နိုင်သမျှ ရှောင်ရှားပါလေ။
ယနေ့မျက်မှောက် အဖြစ်အပျက်များကို အခြေခံပြီး ဥပမာ (၂)ခုကို တင်ပြပါမည်။
(၁) ပါလက်စတိုင်း မျိုးဆက်သစ်များ
(၂) ရိုဟင်ဂျာ မျိုးဆက်သစ်များ
(၁) ပါလက်စတိုင်း မျိုးဆက်သစ်များ
---------------------------------------------
ပါလက်စတိုင်း ကလေးများ၏ မျက်ဝန်းများကို သေချာကြည့်ပါ။
သူတို့သည် အကြိမ်ပေါင်းများစွာထိတ်လန့်ခဲ့ကြသည်။
သူတို့သည် အကြိမ်ပေါင်းများစွာ ကြောက်ခဲ့ကြသည်။
နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရခြင်းကြောင့်
သူတို့သည် ယခုအခါ ရွံရှာစက်ဆုပ်ခြင်း အဆင့်သို့ ကျော်လွန်ရုံမျှမက
တန်ပြန်တုံ့ပြန်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။
မဖြစ်နိုင်ရိုးလား။
အိပ်ရာမှနိုးသည်နှင့်တစ်ပြိုင်နက် မိခင်မရှိတော့ သော သူတို့ဘဝ။
ကျောင်းမှ ပြန်ရောက်လာသည်နှင့် နေထိုင်ရာအိမ် ဗုံးကြဲခံရသော သူတို့ဘဝ။
စားနေသည့်အစားအသောက် မကုန်ခင် အသက်ဇီဝန်ခြွေခံရသော သူတို့ဘဝ။
ကိုးကွယ်ရာ ဘာသာတရားကို ကြိမ်ဖန်များစွာ အတိုက်ခိုက်ခံရသော သူတို့ဘဝ။
မိမိ၏ အရှက်နှင့် သိက္ခာတရားကို မထီမဲ့မြင် ပြု ခြင်း ခံရရှာသော သူတို့ဘဝ။
အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ
တင့်ကားများလည်း သူတို့ မကြောက်တတ်တော့။
ဒုံးကျည်များလည်း သူတို့ မကြောက်တတ်တော့။
ဗုံးဆံများလည်း သူတို့ မကြောက်တတ်တော့။
လက်နက်ကိုင် စစ်သားများကိုလည်း သူတို့မကြောက်တတ်တော့။
ကြောက်ခြင်းဆိုသည်မှာ သူတို့နှင့် လားလားမျှ မသက်ဆိုင်တော့။
သူတို့၏ တုံ့ပြန်ခြင်းတို့သည် ရွံရှာစက်ဆုပ်ခြင်းများဖြင့်သာ ပြည့်လျှမ်းနေတော့၏။
ရွံရှာစက်ဆုပ်ခြင်း ခံရသူတို့၏ အနာဂတ် မလှပနိုင်ကြောင်း မျက်မှောက်
သမိုင်းက သက်သေခံလျက်ရှိသည်။
(၂) ရိုဟင်ဂျာ မျိုးဆက်သစ်များ
-------------------------------------
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမျိုးနွယ်စုတွင်လည်း ရွံရှာစက်ဆုပ်ခြင်းတို့ ဖြစ်ထွန်းစပြု ပြီဖြစ်သည်။
ရိုဟင်ဂျာ မျိုးဆက်သစ်များသည် ယခုအခါ ငယ်ရွယ်လွန်းသူဦးရေက ပိုများနေသည်။
အရွယ်ကောင်းသူအများစုသည် ထောင်သွင်းအကျဉ်းချခံရခြင်း၊ နီးစပ်ရာနိုင်ငံများသို့
အသက်ဘေးမှ လွတ်မြောက်ရေးအတွက် ထွက်ပြေးပြောင်းရွှေ့ နေထိုင်ရခြင်းတို့ကြောင့်
ငယ်ရွယ်နုနယ်သူများသာ ပြည်တွင်း၌ ကျန်ခဲ့ကြသည်။
၎င်းတို့ အသိဥာဏ် ဖွံဖြိုး ခြင်း အားနည်းနေသေးသည်။ သို့သော်
ကြိမ်ဖန်များစွာ ဖိနှိပ်ချုပ်ခြင်း၏ အရသာကို
၎င်းတို့ စတင် မြည်းစမ်းခံစားနေကြရပြီ ဖြစ်သည်။
လူအင်အားနည်းခြင်း၊ လက်နက်အင်အားမရှိခြင်း၊ အခြေအနေအရပ်ရပ်တွင်
ချို့ တဲ့အားနည်းလွန်းခြင်း စသည်တို့သည် ၄င်းတို့အား အားမတန်မာန်လျှော့
ဘဝမျိုးမှာ ရပ်တန့်နေစေသည်။
နှစ်ပေါင်းများစွာ
ပညာရေးတွင် ခွဲခြားဆက်ဆံခံရခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
ဘာသာရေးတွင် နှိမ့်ချဆက်ဆံခံရခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
နိုင်ငံရေးတွင် အရာမဝင်အောင် ဖိနှိပ်ခံရခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
မျိုးဆက်ပြန့်ပွားရေးတွင် ကန့်သတ်ချုပ်ခြယ်ခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
စီးပွားရေးတွင် အာဏာဖြင့်သိမ်းပိုက်ခြင်း ခံရသော သူတို့ဘဝ။
သက်ဆိုင်ရာ အာဏာပိုင်များ၏
ဖိနှိပ်ချုပ်ခြယ်မှုများ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်မြဲနေဦးမည်ဆိုပါက
ရိုဟင်ဂျာမျိုးဆက်သစ်တို့၏ စက်ဆုပ်ရွံ့ ရှာခြင်းတို့သည် တန်ပြန်တုံ့ပြန်မှုအသွင်
မပြောင်းနိုင်ဟု မည်သူပြောနိုင်မည်နည်း?
ကမ္ဘာအရပ်အရပ်၌ ပမာပြဆိုရန် ဤသို့သော အဖြစ်အပျက်များစွာ
ရှိပါသည်။ သို့သော် စာဖတ်သူ အလွယ်တကူ မြင်နိုင်ရန် ဥပမာနှစ်ခုကိုသာ
ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါမူ
သင်သည် တစ်စုံတစ်ယောက်ကို ထိတ်လန့်အောင် လုပ်မိပါသလား?
သင်...အမြန်ဆုံး တောင်းပန်ဝန်ခံလိုက်ပါ။
သင်သည် တစ်စုံတစ်ယောက်ကို ကြောက်အောင် လုပ်မိပါသလား?
သင်...အမြန်ဆုံး ခွင့်လွှတ်ကြေအေးရန် အသနားခံတောင်းဆိုလိုက်ပါ။
သင်သည် တစ်စုံတစ်ယောက်က သင့်အား ရွံရှာစက်ဆုပ်အောင် လုပ်မိပါသလား?
သင်...အလှည့်ကျ မနွဲ့စတမ်းဟူသော စိုးရိမ်သောကများဖြင့်သာ ရှင်သန်လိုက်ပါ။
မှတ်ချက်။
သင်က တစ်စုံတစ်ယောက်အတွက်
ကြောက်စရာ၊ ထိတ်လန့်စရာ မဟုတ်ဘဲ ရွံရှာစက်ဆုပ်စရာဖြစ်နေပြီလား?
သို့ဆိုလျှင် သင့်အတွက် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment