Tuesday, 29 July 2014

အပူသည်


ခြိမ့်ခြိမ့်သဲတဲ့ ပွဲမှာ
အထီးကျန်ဆန် ဖြတ်သန်းခဲ့။
ကမ္ဘာတစ်ခြမ်းက ကြည်နူးခြင်းကို
ဝင်ခွင့်ပြုလိုက်ရုံရှိသေး
ကမ္ဘာတစ်ခြမ်းက ကြေကွဲခြင်းတို့
ရင်ဘတ်ထဲ…အုံလိုက်ကျင်းလိုက် တိုးဝင်လို့ပေါ့။
ဟန်ပါပါပြုံးလိုက်တဲ့ အပြုံးတစ်ချက်မှာ
ရင်ဝကို ရိုက်ခတ်တဲ့ စာနာခြင်းက တစ်ထပ်။
တကယ်တော့လည်း
လူလုံးလှသူတွေကြားမှာ
မိုးခေါင်ရေရှား အပူလုံးကြွနေရသူက ကျွန်တော်ပါ။
----------------------
အိမ်ဝေးသူ(KZ)
----------------------

Monday, 28 July 2014

ရုန်းပွဲ


ထိတ်လန့် စိုးရိမ်မှုတွေ
ရွံရှာစက်ဆုပ်မှုတွေဟာ
ငါတို့ ရင်ဘတ်တွေထဲမှာ
ဘယ်လောက်အထိ နက်ရှိုင်းစူးနစ် နေရဦးမှာလဲ?

ကျည်တစ်တောင့်ထဲက ယမ်းအားထက်
လက်ညှိုးတစ်ချောင်းရဲ့  ကွေးနိုင်စွမ်းအားက ပိုတယ်ဆိုတာ
လူ့သမိုင်းက သက်သေပြင်းပြင်း ထူခဲ့ပြီပဲ။
ယုံကြည်မှုကြောင့် အသတ်ခံရတဲ့ပွဲမှာ
လူဆိုးတွေကို ရင်ဆိုင်ခြင်းက
လူကောင်းတွေရဲ့  တစ်ခုတည်းသော ထွက်ပေါက်ဆိုတာ
အသက်တွေကို လောင်းကြေးထပ်ပြီး ငါတို့…သိခဲ့ကြတယ်။
ဒီတစ်ခါတော့... သည်းခံလိုက်
ဒီတစ်ခါတော့…ကြေအေးလိုက်နဲ့
နောက်ဆုံးတော့လည်း
အကြိမ်ကြိမ်သေဆုံးနေရတဲ့ အဖြစ်သနစ်ဟာ
မရှုံးသူက နိုင်ပြီး၊ မနိုင်သူက ရှုံးတဲ့
ကမ္ဘာဦးခေတ်က တောတွင်းဥပဒေနဲ့ ဘာကွာခြားပါသလဲ?
ကဲ...
နိုင်တဲ့သူက အောင်ပွဲခံပြီး၊
ရှုံးနိမ့်သူက ကြေကွဲရတဲ့ပွဲမှာ
ဝီစီမှုတ်ပြီး ပွဲသိမ်းလိုက်ရမလား
ဘင်ခရာတီးပြီး ငါတို့...တိုက်ပွဲဝင်ကြမလား။
--------------------
အိမ်ဝေးသူ(KZ)
--------------------

( ထိန်းထိန်းသိမ်းသိမ်းလေးတော့ ပျော်ကြပါဗျာ )


သူတို့ ဆယ်ယောက်မှာ အပြစ်မရှိဘူး။
ဟားမက်စ်အဖွဲ့နဲ့လည်း သူတို့ မဆက်နွယ်ဘူး။
ဒါပေမယ့်...
အီးဒ်ရဲ့ ပျော်ရွှင်မှုကို ပန်းခြံမှာ ခံစားကြည်နူးနေကြတဲ့
အပြစ်မဲ့ ကလေးငယ် (၁၀) ယောက်ဟာ
အစ္စရေးလ်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ ဗုံးကြောင့်
အသက်ဆုံးရှုံး ခဲ့ကြရရှာတယ်။

ကျွန်တော် ကျင်းပနေတဲ့
အီးဒ်နေ့ဟာ နေ့ဝက်ပဲ ကျိုးသေးတယ်။
မပျော်ပေမယ့်...ပျော်အောင် ကြိုးစားပြီး
အီးဒ်နေ့ကို ဆင်နွှဲခဲ့တယ်။
ကျွန်တော် မငိုတတ်ဘူး
ဒါပေမယ့် အံကြိတ်နေရတယ်။
ခင်ဗျားတို့ ပျော်မယ့် ရက်ကို ကျွန်တော် မဖျက်စီးရက်ဘူး။
ခင်ဗျားတို့ ပျော်ကြပါ။
ခင်ဗျားတို့ အောင်ပွဲခံကြပါ။
ဒါပေမယ့်...
ထိန်းထိန်းသိမ်းသိမ်းလေးတော့ ပျော်ကြပါဗျာ။
အိမ်ဝေးသူ(KZ)

Sunday, 27 July 2014

All-in-one Eid Mubarrak wish to my friends


An Eid celebration
with Sympathy .
An Eid celebration
with Empathy.
----------------------
eainwaaythu(KZ)
----------------------

Saturday, 26 July 2014

ကျော်သွားကြသူများ

မနက်ဖြန်အတွက် စိုးရိမ်နေရသူဟာ
ဒီနေ့ကို အကောင်းဆုံး အသုံးချနိုင်စွမ်းမရှိသူ။
သေဆုံးရမှာကို ကြောက်လန့်နေရသူဟာ
ရှင်သန်ခြင်းကို အလဟသ ဖြုန်းတီးပစ်လိုက်သူ။
အချစ်ကို အဓိပ္ပါယ်ဖွင့်ဖို့ ကြိုးပမ်းနေရသူဟာ
အချစ်စစ်နဲ့ တစ်ကြိမ်မျှ မကြုံဆုံခဲ့ရဖူးသူ။
-------------------
အိမ်ဝေးသူ(KZ)
-------------------

Thursday, 24 July 2014

တစ်နေ့နေ့


သွေး နှင့် မျက်ရည်
အတူတူ စီးဆင်းသွားသောအခါ ။
သေရဲသူ နှင့် သတ်ရဲသူတို့
ထိပ်တိုက် တွေ့ကြသောအခါ။
ကျူးကျော်သူ နှင့် ခုခံသူတို့
သတ္တိချင်း ယှဉ်လာသော အခါ။
သေဆုံးခြင်းက
ရှင်သန်ခြင်းထက် မြင့်မြတ်လာသောအခါ။
မျက်ရည်မြစ်နှင့်
သွေးချောင်းတို့ စီးဆင်းရာ ပါလက်စတိုင်းဝယ်
ငြိမ်းချမ်းရေး ဥယျာဉ်ကြီး
တစ်နေ့နေ့တော့ အဟုတ် ဖူးပွင့်လိ့မ့်ဦးမည်။

အိမ်ဝေးသူ(KZ)

Tuesday, 22 July 2014

ကျိန်စာ

ပျံသန်းရလွန်းတဲ့ ငှက်ကို
ငါးကလေးက...သနားရှာတယ်။
ကူးခတ်ရလွန်းတဲ့ ငါးကို
ငှက်ကလေးက...စာနာရှာတယ်။
ဒါပေမယ့်
ဘဝကွန်ယက်ထဲက
သူတို့ မလွတ်မြောက်နိုင်ကြဘူး။
အိမ်ဝေးသူ(KZ)

Monday, 21 July 2014

UN ! Reports တွေ ထုတ်တာအပြင် ခင်ဗျားတို့…ဘာလုပ်တတ်ပါသေးလဲ?


ငယ်ငယ်က
ကုလသမဂ္ဂအကြောင်း သင်ရတော့
နိုင်ငံပေါင်းစုံ မျှမျှတတ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ အစည်းကြီး ဖြစ်လို့
လုံခြုံ သလို ခံစားခဲ့ဖူးတယ်။
ဒါပေမယ့်
ဒီနေ့တော့ UN ဆိုတာ
မွတ်စလင်မ် လူထုအတွက်
ပြည့်တန်ဆာမ တစ်ယောက်ရဲ့ 
နှုတ်လျှာကထွက်တဲ့ ကတိစကားတစ်လုံးလောက်တောင်
ယုံကြည်စရာ မကောင်းတော့ဘူး။
တကယ်တော့ UN ဆိုတာ...
ညာလက်နဲ့ လူသတ်ပြီး
ဘယ်လက်နဲ့ ဆေးဝါးလှူ တဲ့ အဖွဲ့အစည်း။
လူတစ်ယောက် ကယ်တင်လိုက်တာကို အသံကောင်းဟစ်ပြီး
လူတစ်ရာ မတရားသတ်ဖြတ်ခံရတာကို အသံတိတ်နေတဲ့ အဖွဲ့အစည်း။
မွတ်စလင်မ်တွေရဲ့  အသက်အိုးအိမ်စည်းစိမ်ကို
ရတဲ့နည်းလမ်းနဲ့ ဖျက်စီးဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ လူသတ် အဖွဲ့အစည်း။
တကယ်တော့ UN က...
အစည်းအဝေးလုပ်တတ်ရုံကလွဲပြီး
စာနာထောက်ထားကြောင်း ပြောတတ်ရုံကလွဲပြီး
ရီပို့ထ် ( Report ) တွေ ထုတ်ပြန်ရုံကလွဲပြီး
ဘာမှ မလုပ်တတ်ပါ။ လုပ်လည်း လုပ်မှာ မဟုတ်ပါ။
အခုအချိန်...UN သာ
လူသားချင်းစာနာပြီး မှန်ကန်စွာ ရပ်တည်ခဲ့မယ်ဆိုရင်...
အပြစ်မဲ့တဲ့ ကလေးသူငယ်တွေ သွေးအိုင်ထဲမှာ
ရက်ရက်စက်စက် အသတ်ခံစရာ အကြောင်းမရှိဘူး။
နိဂုံးချုပ်ရင်...
မွတ်စလင်မ်တို့ရဲ့  အသက်စည်းစိမ်
လုံခြုံဘေးကင်းရေးအတွက် UN အပေါ် မှီခိုနေလို့ မရဘူး။
တောထဲမှာ နေသည်ဖြစ်စေ၊ မြို့ ပေါ်မှာ နေသည်ဖြစ်စေ
အင်အားကြီးသည် ဖြစ်စေ၊ အင်အားနည်းသည်ဖြစ်စေ
အစ္စလာမ့်နိုင်ငံမှာ နေသည်ဖြစ်စေ၊ တစ်ခြားနိုင်ငံမှာ နေသည်ဖြစ်စေ
အစ္စလာမ် ဘာသာဝင် မွတ်စလင်မ်တိုင်းဟာ
မိမိကိုယ်ကို စောင့်ရှောက်ဖို့ တာဝန်အပြည့်ယူနိုင်ရမယ်။
မိမိရဲ့  ညီနောင်သားချင်းတွေရဲ့  ဆင်းရဲချမ်းသာခြင်း၊
ပူလောင်အေးမြခြင်းကို မျှဝေခံစားဖို့ အသင့်ပြင်ထားရမယ်။
( United Nations ) ----->>> ( United Killings ) !!!
--------------------
အိမ်ဝေးသူ(KZ)
-------------------

Saturday, 19 July 2014

အပျင်းပြေ အပျော်တမ်း


ကျွန်တော်တို့
အပျင်းပြေ…ကဗျာရေးကြတယ်
အပျင်းပြေ…ချက်တင်သုံးကြတယ်
အပျင်းပြေ…ရည်းစားထားကြတယ်
အပျင်းပြေ…မိတ်ဆက်ကြတယ်
အပျင်းပြေ…မိတ်လိုက်ကြတယ်
အပျင်းပြေ…ဥာဏ်ကစားကြတယ်
အပျင်းပြေ…ဖဲကစားကြတယ်
အပျင်းပြေ…ကားပြိုင်ကြတယ်
အပျင်းပြေ…အိမ်သာတက်ကြတယ်
အပျင်းပြေ…အရက်သောက်ကြတယ်
အပျင်းပြေ…ဓာတ်ပုံရိုက်ကြတယ်
အပျင်းပြေ…နိုက်ကလပ်တက်ကြတယ်
အပျင်းပြေ…ဒန့် ဒန့် ဒန် ကြတယ်
အပျင်းပြေ…အသက်တွေကြီး
အပျင်းပြေ…အတ္တတွေကြီး
အပျင်းပြေ…ရာထူးတွေကြီးလာရင်း ။။။

ဟော...ခုဆို...ကျွန်တော်တို့
အပျော်တမ်း…ချစ်တမ်း ကစားကြတယ်
အပျော်တမ်း…မုန်းတမ်း ကစားကြတယ်
အပျော်တမ်း…အမဲလိုက်ကြတယ်
အပျော်တမ်း…ဖေ့စ်ဘွတ်ခ်မှာ ဖွကြတယ်
အပျော်တမ်း…နိုင်ငံရေးလုပ်ကြတယ်
အပျော်တမ်း…နိုင်ငံတော်ကို သစ္စာစောင့်သိကြတယ်
အပျော်တမ်း…အမျိုးသားရေးတရား ဟောကြတယ်
အပျော်တမ်း…အာဇာနည် သူရဲကောင်းလုပ်ကြတယ်
အပျော်တမ်း…အကြမ်းဖက်တမ်း ကစားကြတယ်
အပျော်တမ်း…သပိတ်မှောက်ကြတယ်
အပျော်တမ်း…ဝါးလုံးရှည်ချေးသုတ်လို့ ရမ်းကြတယ်
အပျော်တမ်း…ကျားကစားကြတယ်
အပျော်တမ်း…မိုက်ရိုင်းတမ်း ကစားကြတယ်
အပျော်တမ်း…ယဉ်ကျေးတမ်း ကစားကြတယ်
ပြီးတော့........ကျွန်တော်တို့ 
အပျော်တမ်း…လူသတ်ကြပါသေးတယ် ။။။
ဟုတ်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ 
လူသတ်ရလို့  အပျင်းပြေကြသလို
ကျွန်တော်တို့ 
လူသတ်ရလို့  ပျော်ကြပါသေးတယ်
ဟောဒီကမ္ဘာကြီးမှာ
အပျင်းပြေအတွက်
အပျော်တမ်း လူသတ်ကြပါတယ်ခင်ဗျာ ။။။
--------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။ ။
M-Media မှာ ရေးခဲ့တဲ့ ကဗျာလေးပါ။
မဖတ်ရသေးသူများအတွက် ရည်ညွှန်းပါတယ်။

19 July


၃၆၅ ရက်ထဲက
အာဇာနည်တို့ ပိုင်ဆိုင်မှုဟာ
ချွေးသိပ်ရုံ ၂၄ နာရီ။

ဖတ်စာအုပ်ထဲက အာဇာနည်
ပန်းခြံထဲက အာဇာနည်နဲ့
၁၉ ရက် အာဇာနည်ရဲ့ ခြားနားခြင်းက
ပြိုင်တူဟီးတဲ့ ဟွန်းသံရှည် တစ်ချို့ ပေါ့။
မိုးတိတ်သွားမယ့် မနက်ဖြန်
ပွဲပိတ်သွားမယ့် မနက်ဖြန်ကို မှန်းဆရင်း
ဒီနေ့ဟာ ရက်ရာဇာမဲ့တယ်။
ဒီနေ့မှာ ကဗျာတစ်ပုဒ် ဖြစ်ထွန်းခဲ့တယ်။
--------------------
အိမ်ဝေးသူ(KZ)
--------------------

Thursday, 17 July 2014

ရွံရှာစက်ဆုပ်ခြင်းများစွာဖြင့် အနာဂတ်မျိုးဆက်သစ်များ


သင့်ဘဝမှာ...
တစ်စုံတစ်ယောက်ကို အလွန်အမင်း ရွံရှာစက်ဆုပ်ဖူးပါသလား?
ပြီးတော့...
အလျှံညီးညီး တောက်လောင်နေသော သင့်မျက်လုံးများထဲမှ
ထိုခံစားချက်များကို ကြည့်မှန်တစ်ချပ်ထဲမှာ စိုက်ကြည့်ဖူးပါသလား?
တစ်စုံတစ်ယောက်နှင့် တစ်စုံတရာကို ထိတ်လန့်ကြောက်ရွံ့ ခြင်း
(တနည်းအားဖြင့်-ထိတ်လန့်၊ ကြောက်၊ ရွံ့  ခြင်း) ၏
ရသ,များကို ခွဲခြားစိတ်ဖြာဖူးကြပါသလား?
ကြိမ်ဖန်များစွာ ထိတ်လန့်နေရခြင်းက ကြောက်ခြင်းကို ဖြစ်ပေါ်စေ၏။
ကြိမ်ဖန်များစွာ ကြောက်နေရခြင်းက ရွံရှာစက်ဆုပ်ခြင်းကို ဖြစ်ပေါ်စေ၏။
ကြိမ်ဖန်များစွာ ရွံရှာစက်ဆုပ်နေရခြင်းက တွန်းလှန်တိုက်ခိုက်ခြင်းကို ဖြစ်ထွန်းစေ၏။
ထိတ်လန့်ခြင်းသည် ခုခံရန် အင်အားပေးတတ်သည်။
သို့သော် အတိုင်းအဆ နည်းပါး၏။
ကြောက်ခြင်းသည် ရင်ဆိုင်ရန် ခွန်အားပေးတတ်သည်။
သို့သော် အတိုင်းအဆ နည်းပါး၏။
ရွံရှာစက်ဆုပ်ခြင်းသည် တုံ့ပြန်ရန် အင်အားပေးတတ်သည်။
သို့သော်...၄င်းသည် အတိုင်းအဆ ကြီးမားလွန်း၏။
ရွံရှာစက်ဆုပ်ခြင်းသည်
ကြိမ်ဖန်များစွာ ဖိနှိပ်စော်ကားခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊
အသတ်ဖြတ်ခံရခြင်း၊ ကျူးကျော်တိုက်ခိုက်ခံရခြင်း
စသည်တို့ကြောင့် ဖြစ်ပေါ်တတ်ခြင်းဖြစ်သည်။
ရွံရှာစက်ဆုပ်ခြင်းအပြည့်ဖြင့်
တစ်စုံတယောက်၏ ကြည့်ခြင်းကို အသင်...ခံရဖူးပါသလား?
ထိုခံစားမှု ဖြင့် ကြည့်ခြင်းခံရသူသည် ဆောက်တည်ရ မရ ဖြစ်တတ်၏။
ထိုအကြည့်များကို တတ်နိုင်သမျှ ရှောင်ရှားပါလေ။
ယနေ့မျက်မှောက် အဖြစ်အပျက်များကို အခြေခံပြီး ဥပမာ (၂)ခုကို တင်ပြပါမည်။
(၁) ပါလက်စတိုင်း မျိုးဆက်သစ်များ
(၂) ရိုဟင်ဂျာ မျိုးဆက်သစ်များ
(၁) ပါလက်စတိုင်း မျိုးဆက်သစ်များ
---------------------------------------------
ပါလက်စတိုင်း ကလေးများ၏ မျက်ဝန်းများကို သေချာကြည့်ပါ။
သူတို့သည် အကြိမ်ပေါင်းများစွာထိတ်လန့်ခဲ့ကြသည်။
သူတို့သည် အကြိမ်ပေါင်းများစွာ ကြောက်ခဲ့ကြသည်။
နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရခြင်းကြောင့်
သူတို့သည် ယခုအခါ ရွံရှာစက်ဆုပ်ခြင်း အဆင့်သို့ ကျော်လွန်ရုံမျှမက
တန်ပြန်တုံ့ပြန်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။
မဖြစ်နိုင်ရိုးလား။
အိပ်ရာမှနိုးသည်နှင့်တစ်ပြိုင်နက် မိခင်မရှိတော့ သော သူတို့ဘဝ။
ကျောင်းမှ ပြန်ရောက်လာသည်နှင့် နေထိုင်ရာအိမ် ဗုံးကြဲခံရသော သူတို့ဘဝ။
စားနေသည့်အစားအသောက် မကုန်ခင် အသက်ဇီဝန်ခြွေခံရသော သူတို့ဘဝ။
ကိုးကွယ်ရာ ဘာသာတရားကို ကြိမ်ဖန်များစွာ အတိုက်ခိုက်ခံရသော သူတို့ဘဝ။
မိမိ၏ အရှက်နှင့် သိက္ခာတရားကို မထီမဲ့မြင် ပြု ခြင်း ခံရရှာသော သူတို့ဘဝ။
အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ
တင့်ကားများလည်း သူတို့ မကြောက်တတ်တော့။
ဒုံးကျည်များလည်း သူတို့ မကြောက်တတ်တော့။
ဗုံးဆံများလည်း သူတို့ မကြောက်တတ်တော့။
လက်နက်ကိုင် စစ်သားများကိုလည်း သူတို့မကြောက်တတ်တော့။
ကြောက်ခြင်းဆိုသည်မှာ သူတို့နှင့် လားလားမျှ မသက်ဆိုင်တော့။
သူတို့၏ တုံ့ပြန်ခြင်းတို့သည် ရွံရှာစက်ဆုပ်ခြင်းများဖြင့်သာ ပြည့်လျှမ်းနေတော့၏။
ရွံရှာစက်ဆုပ်ခြင်း ခံရသူတို့၏ အနာဂတ် မလှပနိုင်ကြောင်း မျက်မှောက်
သမိုင်းက သက်သေခံလျက်ရှိသည်။
(၂) ရိုဟင်ဂျာ မျိုးဆက်သစ်များ
-------------------------------------
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမျိုးနွယ်စုတွင်လည်း ရွံရှာစက်ဆုပ်ခြင်းတို့ ဖြစ်ထွန်းစပြု ပြီဖြစ်သည်။
ရိုဟင်ဂျာ မျိုးဆက်သစ်များသည် ယခုအခါ ငယ်ရွယ်လွန်းသူဦးရေက ပိုများနေသည်။
အရွယ်ကောင်းသူအများစုသည် ထောင်သွင်းအကျဉ်းချခံရခြင်း၊ နီးစပ်ရာနိုင်ငံများသို့
အသက်ဘေးမှ လွတ်မြောက်ရေးအတွက် ထွက်ပြေးပြောင်းရွှေ့ နေထိုင်ရခြင်းတို့ကြောင့်
ငယ်ရွယ်နုနယ်သူများသာ ပြည်တွင်း၌ ကျန်ခဲ့ကြသည်။
၎င်းတို့ အသိဥာဏ် ဖွံဖြိုး ခြင်း အားနည်းနေသေးသည်။ သို့သော်
ကြိမ်ဖန်များစွာ ဖိနှိပ်ချုပ်ခြင်း၏ အရသာကို
၎င်းတို့ စတင် မြည်းစမ်းခံစားနေကြရပြီ ဖြစ်သည်။
လူအင်အားနည်းခြင်း၊ လက်နက်အင်အားမရှိခြင်း၊ အခြေအနေအရပ်ရပ်တွင်
ချို့ တဲ့အားနည်းလွန်းခြင်း စသည်တို့သည် ၄င်းတို့အား အားမတန်မာန်လျှော့
ဘဝမျိုးမှာ ရပ်တန့်နေစေသည်။
နှစ်ပေါင်းများစွာ
ပညာရေးတွင် ခွဲခြားဆက်ဆံခံရခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
ဘာသာရေးတွင် နှိမ့်ချဆက်ဆံခံရခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
နိုင်ငံရေးတွင် အရာမဝင်အောင် ဖိနှိပ်ခံရခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
မျိုးဆက်ပြန့်ပွားရေးတွင် ကန့်သတ်ချုပ်ခြယ်ခြင်း ခံရသော သူတို့ဘဝ။
နှစ်ပေါင်းများစွာ
စီးပွားရေးတွင် အာဏာဖြင့်သိမ်းပိုက်ခြင်း ခံရသော သူတို့ဘဝ။
သက်ဆိုင်ရာ အာဏာပိုင်များ၏
ဖိနှိပ်ချုပ်ခြယ်မှုများ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်မြဲနေဦးမည်ဆိုပါက
ရိုဟင်ဂျာမျိုးဆက်သစ်တို့၏ စက်ဆုပ်ရွံ့ ရှာခြင်းတို့သည် တန်ပြန်တုံ့ပြန်မှုအသွင်
မပြောင်းနိုင်ဟု မည်သူပြောနိုင်မည်နည်း?
ကမ္ဘာအရပ်အရပ်၌ ပမာပြဆိုရန် ဤသို့သော အဖြစ်အပျက်များစွာ
ရှိပါသည်။ သို့သော် စာဖတ်သူ အလွယ်တကူ မြင်နိုင်ရန် ဥပမာနှစ်ခုကိုသာ
ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရပါမူ
သင်သည် တစ်စုံတစ်ယောက်ကို ထိတ်လန့်အောင် လုပ်မိပါသလား?
သင်...အမြန်ဆုံး တောင်းပန်ဝန်ခံလိုက်ပါ။
သင်သည် တစ်စုံတစ်ယောက်ကို ကြောက်အောင် လုပ်မိပါသလား?
သင်...အမြန်ဆုံး ခွင့်လွှတ်ကြေအေးရန် အသနားခံတောင်းဆိုလိုက်ပါ။
သင်သည် တစ်စုံတစ်ယောက်က သင့်အား ရွံရှာစက်ဆုပ်အောင် လုပ်မိပါသလား?
သင်...အလှည့်ကျ မနွဲ့စတမ်းဟူသော စိုးရိမ်သောကများဖြင့်သာ ရှင်သန်လိုက်ပါ။
မှတ်ချက်။
သင်က တစ်စုံတစ်ယောက်အတွက်
ကြောက်စရာ၊ ထိတ်လန့်စရာ မဟုတ်ဘဲ ရွံရှာစက်ဆုပ်စရာဖြစ်နေပြီလား?
သို့ဆိုလျှင် သင့်အတွက် စိုးရိမ်ရသည့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သည်။
အိမ်ဝေးသူ (KZ)

Wednesday, 16 July 2014

မငိုပါနဲ့ ဂါဇာ


ရာဇဝင်ချီခမ်းနားခဲ့တဲ့ မင်းတို့ရဲ့ မြေ
ရာဇဝင်မရိုင်းရလေအောင်
ရန်စွယ်မှန်သမျှ စိန်ခေါ်ရင်ဆိုင်လိုက်ပါ ဂါဇာ။

ခွန်အားနဲ့ သိက္ခာတရားဆိုတာ
အသျှင်ကလွဲပြီး ဘယ်သူ့မှ မပိုင်ဆိုင်ကြောင်း
ကမ္ဘာကို သက်သေပြပါ ဂါဇာ။
တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ယုံကြည်ရာဟာ
အကောင်းဆုံး တန်ပြန်တွန်းအားဖြစ်ကြောင်း
ကမ္ဘာကို မြင်အောင်ပြပါ ဂါဇာ။
ကြောက်ရွံ့မှုကို ကျော်လွှား၊
ဖိနှိပ်မှုထဲက ရုန်းထွက်ပြီး ရလာမယ့် အောင်မြင်ကို
ကမ္ဘာသူ၊ကမ္ဘာသားတွေ မြင်ပါစေ ဂါဇာ။
ဂါဇာ
ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ
နှုတ်ဆိတ်သူတွေလည်း ရှိမယ်။
အသက်ပေးကူညီသူတွေလည်း ရှိမယ်။
သစ္စာဖောက်တတ်တဲ့ သူတွေလည်း ရှိမယ်။
သစ္စာစောင့်သိတဲ့ သူတွေလည်း ရှိမယ်။
ပွဲလန့်တုန်း ဖျာခင်းမယ့်သူတွေလည်း ရှိမယ်။
ပျားတွေလို စုစည်းမယ့် သူတွေလည်း ရှိတယ်။
မငိုပါနဲ့ ဂါဇာ
မင်းအပေါ်မှာ ဒုံးပျံတွေ ရှိပေမယ့်
ဒုံးပျံတွေအပေါ်မှာ မင်းအသျှင် ရှိနေတယ်။
မင်းဘက်မှာ…မင့်အသျှင် ရှိနေတဲ့နောက်
မငိုနဲ့တော့...ဂါဇာ။
အိမ်ဝေးသူ (KZ)

Monday, 14 July 2014

သင့်ကြောင့် အဖျက်စီးခံလိုက်ရသော အိမ်တစ်အိမ် (မိသားစု) တွင်


၁)
ချစ်စ၊ ခင်စ၊ ကြင်နာစ ဇနီးမောင်နှံ၏
အပြန်အလှန် ယုံစားအားကိုးမှုတစ်ခု ရှိခဲ့ဖူးပါသည်။

၂)
မိခင်တစ်ယောက်၏
သား၊သမီးအပေါ် ထားရှိသည့်
အကြီးမားဆုံးသော မေတ္တာတရားတစ်ခု ရှိခဲ့ဖူးပါသည်။
၃)
ဖခင်တစ်ဦး၏
မိသားစုအတွက် အနစ်နာခံ ပေးဆပ်နေသည့်
မဆုံးနိုင်သော အိပ်မက်တစ်ခု ရှိခဲ့ဖူးပါသည်။
၎)
သားအချစ်မြေးအနှစ်ဟု ဆိုကြကုန်သော
အဘိုးအဘွားတို့၏ ဆုတောင်းမေတ္တာတစ်ခု ရှိခဲ့ဖူးပါသည်။
၅)
အစ်ကိုတစ်ယောက်၏
ညီမလေးတစ်ယောက်အပေါ် ထားရှိသော သံယောဇဉ်တစ်ခု ရှိခဲ့ဖူးပါသည်။
၆)
မောင်လေးတစ်ယောက်၏
အစ်မကြီးတစ်ယောက်အပေါ် အားကိုးသော တွယ်တာမှုတစ်ခု ရှိခဲ့ဖူးပါသည်။
၇)
အရွယ်မရောက်သေးသော
ကလေးငယ်တစ်ဦး၏ တောက်ပသော အနာဂတ်တစ်ခု ရှိခဲ့ဖူးပါသည်။
၈)
ဘဝကို စာလုံးပေါင်းတတ်ရုံရှိသေးသည့်
လူမမယ် ကလေးတစ်ယောက်၏ ငိုကြွေးသံတစ်ခု ရှိခဲ့ဖူးပါသည်။
၉)
အနှစ်နှစ်အလလ ပြုစုပျိုးထောင်ခဲ့ရလေသော မိသားစု ထမင်းဝိုင်းတစ်ခု ရှိခဲ့ဖူးပါသည်။
၁၀)
သေဆုံးကွယ်လွန်ခဲ့လေပြီးသော မွေးချင်းများ၏ အမှတ်တရတစ်ခု ရှိခဲ့ဖူးပါသည်။
၁၁)
မမြင်ရပေမယ့် ယုံကြည်ရလေသည့် အိမ်စောင့်နတ်တို့၏ စောင့်ရှောက်မှုတစ်ခု ရှိခဲ့ဖူးပါသည်။
၁၂)
ခ,ဝပ်ခြင်းများစွာဖြင့် ရိုကျိုးစွာ ဦးတွားရသော အသျှင့်အတွက် ဦးချစရာနေရာတစ်ခု ရှိခဲ့ဖူးပါသည်။
----------------------
အိမ်ဝေးသူ (KZ)
----------------------
မှတ်ချက်။
မည်သို့ပင်ဆိုစေကာမူ သင်စိုက်ပျိုးခဲ့သမျှ သင်သာ ရိတ်သိမ်းရပေလိမ့်မည်။

Sunday, 13 July 2014

ကာဗီးလ်၏ နောက်လိုက်များ


အကြင်မည်သူမဆို
အပြစ်မဲ့သူတစ်ဦးအား သတ်ဖြတ်သည်ဆိုပါက
ထိုသူသည် ကာဗီးလ်၏ နောက်လိုက်ဖြစ်သည်။

အသက်ကို စိုးပိုင်တော်မူသည်မှာ
တစ်ပါးတည်းသော အသျှင်သာဖြစ်သည့်အတွက်
မည်သို့ဖြစ်စေ၊ မည်သည့်အကြောင်းခံကြောင့်ဖြစ်စေ
တစ်သက်မှာ တစ်ခါသာ သေရမည်ကို
ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ခံရသူတို့
နားလည်သဘောပေါက်ကြပြီး ဖြစ်၏။
သို့သော်…
ယခု အဖြစ်အပျက်များသည်
အပြစ်မဲ့သူတစ်ဦးအား သတ်ဖြတ်သည်ဆိုခြင်းထက် (Physically)
စိတ်နှလုံးသားများစွာကို ကြိမ်ဖန်များစွာ သတ်ဖြတ်ခြင်းမည်၏။ (Internally)
မြင့်မြတ်တော်မူသော အသျှင်မြတ်သည်
ကာအ်ဗအ်ကျောင်းတော်ကို ဖျက်စီးလိုက်သူထက် မုအ်မင်န်တစ်ယောက်၏
နှလုံးသားကို နာကျင်စေသူအား ပို၍ အမျက်တော်ရှ,တော်မူ၏။
သို့ဆိုလျှင်
ညှင်းပန်း၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းပြုသူ မည်သူမဆို
မိမိ စိုက်ပျိုးသမျှကို မိမိရိတ်သိမ်းရန် အသင့်စောင့်ဆိုင်းပါလေ။
စကားချပ်။
{ကာဗီးလ်ဟူသည် ဖခင်ကြီး အာဒမ် (အလိုက်ဟိစလာမ်) ၏ သားတော် ဖြစ်ပြီး
ဤမြေပထဝီတွင် အပြစ်မဲ့သူအား ပထမဆုံး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့်
ပထမဆုံးသော ရှေ့ ဆောင်လမ်းပြ လူသားဖြစ်သည်။
ထို့ကြောင့် မြင့်မြတ်တော်မူသော အသျှင်မြတ်သည်
မတရားညှင်းပမ်း သတ်ဖြတ်သည်ကို ရွံရှာသည့်အတွက် ကာဗီးလ်၏ နောက်ပိုင်းမှစ၍
ကေယာမသ်နေ့အထိ ကျူးလွန်သမျှသော ( အပြစ်မဲ့ သတ်ဖြတ်ကျူးလွန်ခြင်း )
မှန်သမျှအတွက် ကာဗီးလ်အား ဝေစုတစ်စုအဖြစ် ထိုအပြစ်ကျူးလွန်သူ တစ်ဦးချင်းစီ၏
အပြစ်ဒဏ်အား မျှဝေခံစားစေမည်ဖြစ်သည်။}
အိမ်ဝေးသူ (KZ)

Saturday, 12 July 2014

တစ်သက်မှာ တစ်ခါတောင်းတဲ့ (ဘဒ္ဒိုအာ) ကျိန်စာ


ဘဝမှာ
ဘယ်သူ့ကိုမှ ဘယ်လိုအခြေအနေမျိုးမှာမှ
တစ်ခါမျှ (ဘဒ္ဒိုအာ) ကျိန်စာ မတိုက်ခဲ့ဖူးဘူး။

မိမိနဲ့
အဆင်မပြေသူတွေ၊
မိမိကို
မလိုမုန်းထားသူတွေ ရှိခဲ့လည်း
ကျေကျေနပ်နပ် လျစ်လျူ ရှု့ သင့်တာကို လျစ်လျူ ရှု ခဲ့ပြီး၊
ညှိနှိုင်းစေ့စပ်သင့်တာကိုလည်း ညှိနှိုင်းစေ့စပ်ခဲ့တာမျိုး လုပ်ခဲ့ဖူးတယ်။
ဒါပေမယ့်
ဒီနေ့တော့...ဘဝမှာ ပထမဆုံး အနေနဲ့
ဂျွမ္မာဟ် နမားဇ်အပြီးမှာ
"အားအင်ချည့်နဲ့သူများကို မတရားသတ်ဖြတ်သူများအား
အသျှင် အမြန်ဆုံး အရေးယူတော်မူပါ။ ၄င်းတို့ကို ဖျက်စီးပစ်တော်မူပါ" လို့
အသျှင်မြတ်ရှေ့ တော်မှောက်မှာ...(ဘဒ္ဒိုအာ) ကျိန်စာတိုက်ခဲ့မိပြီ။
ဘဝတစ်သက်တာမှာ
ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် တောင်းခဲ့တဲ့
(ဘဒ္ဒိုအာ) ကျိန်စာ ဖြစ်ပြီး
နောင်ဘယ်သောအခါမှ
အဲဒီလို ကျိန်ဆိုခြင်းမျိုးကို ပြုလုပ်မှာ မဟုတ်တော့ဘူး။
သက်တမ်းတစ်လျှောက်လုံးမှာ
တစ်ခါသာ တောင်းဆိုခဲ့ဖူးတဲ့
ကျွန်တော်မျိုးလို (ခရီးသည်တစ်ယောက်ရဲ့ )
တောင်းဆုကို အသျှင် လက်ခံတော်မူပါ။
ကျွန်တော့်နေရာမှာ
တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟု အလိုက်ဟိ ဝစလ္လာမ်) သာ ဆိုရင်....
"ယားအလ္လာဟ် အားအင်ချည့်နဲ့သူများကို မတရားသတ်ဖြတ်သူများအား
အသျှင် အမြန်ဆုံး ဟေဒါယသ် လမ်းမှန် ပြသတော်မူပါ" လို့
တောင်းမှာ အမှန်ပါပဲ။
အသျှင်
အသျှင့်တမန်တော်ရဲ့  နောက်လိုက်ကောင်းတစ်ယောက်
မပီသနိုင်သေးတဲ့ ကျွန်တော်မျိုးရဲ့  အားအင်ချည့်နဲ့သော (ဘဒ္ဒိုအာ) ကျိန်စာကို
အဆုံးအစမဲ့သော အသျှင့် ကရုဏာတော်ကို အကြောင်းခံပြီး လက်ခံတော်မူပါ။
အာမီး(န်)
အိမ်ဝေးသူ (KZ)

လူထဲက...လူ


လူ…ဆိုတာ
လူ…ကို
ကာကွယ်…ရမယ်။

တကယ်ဆို
“လူသားဆန်ခြင်း” မုခ်ဝ အောက်မှာ
လူဟာ…အဖြူအမည်း ခွဲခြားစရာမလိုဘူး
လူဟာ…ဟိန္ဒူ၊ ဗုဒ္ဓ အငြင်းပွားစရာမလိုဘူး
လူဟာ…မွတ်စလင်မ်၊ ခရစ်ယာန် သွေးကွဲစရာမလိုဘူး။
ခုတော့ကွယ်…
လူ့မျက်နှာပျောက်နေတဲ့…..လူ
လူ့ ဖြစ်တည်မှုကို မေ့လျော့ထားတဲ့…လူ
လူ့ကျင့်ဝတ်ကို ဥပေက္ခာပြုထားတဲ့…လူ
အဲဒီလူသေးသေးလေးတွေရဲ့ လူမဆန်မှုကြောင့်
အခြား…လူသေးသေးလေးတွေရဲ့ ရင်ဘတ်ထဲက
နှလုံးသားအကြီးကြီးတွေ ငိုချင်းချရတာ များလှပြီ။
သြော်…
လူ…လူ့…လူး တွေကြောင့်
လူး..လွန့်…လွန်း…နေရတဲ့…လူ့ ဘဝတွေများကွယ်။
----------------------
အိမ်ဝေးသူ (KZ)
----------------------
မှတ်ချက်။
M-Media မှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။

Thursday, 10 July 2014

No More Please


--------------------------------
# No more War please !
# No more Bloodshed please !
# No more Tears of mother please !
# No more Orphan Of earth please !
# No more Empty house please !
( No More Please...No More )
eainwaaythu (KZ)

ဂါဇာရဲ့ ကောင်းကင်အောက်က ကြွေလွင့်ကြယ်ပွင့်များ


"အဟောင်းတွေတောင်

တစ်ဖန် သစ်နိုင်စွမ်းတဲ့ အို...ဂါဇာ

မင်းရဲ့ ကျိန်စာတွေ တကယ်ပဲ...တစ်ကျော့ပြန်ခဲ့ပြီပဲပေါ့ကွယ်"

----------------------------------------------------


(သား)

သားသားနေရမယ့် နေရာက သေးငယ်လွန်းပြီးတော့မှောင်မိုက်လွန်းတယ်။

သားသား လူဖြစ်ချင်သေးတယ်ပါးပါး။

အခုတော့ ပါပါးက သားသားကို

ဒီအုတ်ဂူထဲမှာတစ်ယောက်တည်းထားပြီးသွားတော့မယ်ဆို

ပါပါးရယ်...သားသား...ဘာအပြစ်များကျူးလွန်မိလို့ ခုလို လုပ်ရတာလဲ ?


(အဖေ)

သားလေးရယ်။

တကယ်တော့ သားလေးက ဘယ်လိုအမှား တစ်ခုကိုမှ မကျူးလွန်ခဲ့ပါဘူးကွယ်။

ခုတော့လည်း သားလေးက သူများသတ်လို့ သေသွားခဲ့ရပြီလေ။

ဒါပေမယ့်...သားလေး ဘာမှ မစိုးရိမ်ပါနဲ့ ။

သားလေးသွားရမယ့် နေရာက ဂျန္နသ်လို့ ခေါ်တယ်။

သားလေး နေခွင့်မရတော့တဲ့

ဟောဒီ လူလောကကြီးထက် အဆပေါင်းများစွာ သာလွန်တယ်ကွဲ့ ။


(သား)

ပါးပါး....ပြောတော့

သားသားကို သူများတွေက သတ်တာဆို ?

သားသားကို ဘယ်သူတွေက သတ်တာလဲဟင် ?

သားသား ဘာမှားခဲ့လို့ သူတို့ က သတ်တာလဲဟင် ?


(အဖေ)

ပါလက်စတိုင်းသား တစ်ယောက်ဖြစ်နေတာကလွဲလို့  သားလေးဆီမှာ ဘာအမှားမှ မရှိပါဘူးကွယ်။


(သား)

ပါပါးတို့ ပါလက်စတိုင်းလူမျိုးတွေက အရမ်းရဲရင့်တာပဲဆို?

ပြီးတော့...

လောကမှာ ရှိတဲ့ ဖခင်အားလုံးက သူတို့ ရဲ့ သားသမီးတွေကို

မဟာတံတိုင်းတစ်ခုလို အန္တရယ်မျိုးစုံကနေ အကာအကွယ်ပေးကြတယ်ဆို ?

သားသားကိုရော ပါပါးကလူသတ်သမားတွေရဲ့ လက်ကနေ

ဘာဖြစ်လို့ မကာကွယ်ခဲ့တာလဲဟင် ?


(အဖေ)

သားလေးရယ်။

လူအချင်းချင်းတိုက်ခိုက်ကြစတမ်းဆို

ပါပါးတို့ ပါလက်စတိုင်းတွေဟာ အလွန် ရဲရင့်ကြပါတယ်။

ဒါပေမယ့်

F16 စစ်လေယာဉ်တွေက လွှတ်လိုက်တဲ့

ဒုံးပျံတွေရဲ့ ဖောက်ခွဲမှု လက်ထဲကနေ သားလေးကို ပါပါး မကယ်နိုင်ခဲ့ဘူး။

ပါပါးလည်း သားသားနဲ့ အတူ သေပွဲဝင်ချင်ခဲ့ပေမယ့် အသျှင်မြတ်က လက်မခံခဲ့ဘူး။

သားလေးကို

ဒီလို မှောင်မည်းနေတဲ့ အုတ်ဂူထဲမှာ ထားခဲ့ရမယ့်အတွက် ပါပါး အရမ်းကြေကွဲရပါတယ်။

သားလေးရဲ့ အသက်ကို အကာအကွယ်မပေးနိုင်ခဲ့တဲ့ ပါပါးကို လုံးဝ ခွင့်မလွှတ်ပါနဲ့ ။


(သား)

ပါပါး...ကို သားသား ခွင့်လွှတ်ပါတယ်။

လုံးဝ စိတ်မကောင်းမဖြစ်ပါနဲ့ နော်။

ပါးပါး ပြောသလိုပဲ

သားသားက သုခဘုံကို သွားရမှာလေ။

သားသားမသွားခင်တော့...ပါပါးကို မှာစရာရှိတာ မှာခဲ့ပါရစေ။


(၁)

ပါလက်စတိုင်းမှာမွေးခဲ့ပေမယ့်

မွတ်စလင်မ်ကလေးငယ်တစ်ယောက်အနေနဲ့ ရှဟီးဒ်ဖြစ်ခွင့်ရခဲ့အတွက်

သားသားဂုဏ်ယူသွားတဲ့အကြောင်း သားသားရဲ့ ညီလေး..ညီမလေးတွေကို ပြောပြပေးပါ။


(၂)

လူသားတစ်ယောက်ရဲ့ ဘဝမှာ

သေခြင်းတရားက အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခု မဟုတ်တဲ့အကြောင်း နဲ့ 

တကယ့်ဆုံးရှံးမှုက

အသက်ရှင်နေထိုင်စဉ်ကာလမှာ ရှင်သန်သင့်တဲ့

“မျိုးနွယ်စုစိတ်ဓာတ်နဲ့ လူသားစိတ်ဓာတ်တွေ ပျက်သုဉ်းသွားခြင်း” ဖြစ်တဲ့အကြောင်းကို

မွတ်စလင်မ်တိုင်းရဲ့ သားသမီးတွေ ကိုအသိပေးလိုက်ပါ။

အဲဒီလို မဖြစ်အောင် သူတို့ လေးတွေကို ပါပါးက တာဝန်ယူ ပြုစုပျိုးထောင်ပေးပါ။


(၃)

လူ့ လောကမှာ

အသက်ရှင်ကျန်နေခဲ့သေးတဲ့ သားသားအရွယ် ကလေးငယ်တွေကို

မတရားသူများလက်ထဲက ကာကွယ်စောင့်ရှောက်ဖို့ နဲ့ 

လုံခြုံပြီးတော့ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ဖြတ်သန်းခွင့်ရဖို့ အတွက်

ပါပါး အလ္လာဟ့်ထံပါးမှာ အမြဲတမ်း ဒိုအာလုပ်ပေးပါ။


(၄)

အသက်ရှင်ကျန်နေခဲ့တဲ့

ပါလက်စတိုင်းက ညီငယ်လေးတွေကိုချစ်သလို။

အစ္စရေးလ်နိုင်ငံက ဘာမှ မသိနားမလည်သေးတဲ့ ညီမငယ်လေးတွေကိုလည်း

လူဖြစ်တာတစ်ခုတည်းနဲ့ တင်..သားသား အရမ်းချစ်ခဲ့ပါတယ် လို့ ပြောပေးပါ။

ဒါပေမယ့် F16 ကိုတော့ သားမုန်းတယ်။



(၅)

နောက်ဆုံး သားသားပြောချင်တာက

ပါပါး ကျန်းမာရေး ကို ဂရုစိုက်ပါ။

ဘယ်လိုကြောင့်ပဲဖြစ်စေ

မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ပါနဲ့ ။

ခုတော့

သားသွားတော့မယ်...ပါပါး။

"အက်စလာမုအာလိုက်ကွမ်(မ်) ဝရဟ်မသုလ္လာဟိ ဝဘရာကားသုဟု"



(သားလေး ဖြစ်စေချင်သော ဆန္ဒများအတွက်ကျွန်တော် အသက်ရှင်ရပါဦးမည်)


မှတ်ချက်။

ပါလက်စတိုင်းက ကြေကွဲဖွယ် ပုံရိပ်တွေကို Share နေရုံနဲ့ မပြီးဘူး။
ကဗျာလေးတွေ ရေးလိုက်၊ ဆောင်းပါးလေးတွေ ရေးလိုက်နဲ့ မပြည့်စုံသေးဘူး။
"မွတ်စလင်မ်အချင်းချင်း ညီရင်းအကို၊မောင်ရင်းနှမ များ ဖြစ်ကြသည်"ဆိုတဲ့ သြဝါဒတော်အတိုင်း
ကျွန်တော်တို့ နှလုံးသားအစစ်အမှန်နဲ့ အနည်းဆုံး မျက်ရည်တစ်စက်လောက် ကျပြီး
အသျှင့်ထံပါးက မတရားနိုင်ထက် စီးနင်းလုပ်ခံနေရတဲ့ ညီနောင်သားချင်းတွေအတွက် ဒိုအာလုပ်ပေးကြရမှာပါ။
ကျွန်တော်တို့ရဲ့ ဒိုအာတောင်းဆုဟာ ကျွန်တော်တို့ ညီနောင်တွေရဲ့  အခြေခံ ရပိုင်ခွင့်ပါပဲ။


အိမ်ဝေးသူ (KZ)

Wednesday, 9 July 2014

ခြံထဲကကြက် ကြိုက်တဲ့အချိန် ရိုက်သတ်နိုင်၏


မြန်မာအစိုးရ ဟာ
မြန်မာပြည်ကို သိမ်းပိုက်ဖို့အတွက် စစ်တပ်တောင် မလိုဘူး။
၁) ဦးဝီရသူလို သင်္ကန်းအရေခြုံ ဘုန်းကြီး တစ်ယောက်
၂) ဦးနေမျိုးဝေလို အာဖျံကွီး မျိုးချစ်ကြီး တစ်ယောက်
၃) ပြည်တွင်းနေ မွတ်စလင်မ် ဘာသာခြား (တနည်း) ကုလားများ
၎) ဦးသိန်းစိန်လို ယဉ်ကျေးလိမ္မာ မိန့်ခွန်းပြောတတ်သူ တစ်ဦး
၅) အချောင်နေ၊ အချောင်စား၊ ခိုးဆိုးလုယက် လူတန်းစား တစ်ရပ်
၆) Facebook လို social Network တစ်ခု
အဲဒါတွေ..ရှိနေသေးသမျှ....
မြန်မာပြည်ကို...
စစ်တပ်မပါဘဲ အချိန်မရွေး သိမ်းလို့ရတဲ့ အခြေအနေပဲ။
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး သိမ်းချင်ရင်တော့...
ရိုးနေစဲ၊ သုံးနေစဲ ဖြစ်တဲ့...
(ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကွဲလွဲမှုကို အခြေခံပြီး ပျိုးထောင်ထားတဲ့ အမုန်းတရား)
ကို အသုံးချ ခြင်းပါပဲ။
ဘာသာခြားရဲ့ ယုံကြည်မှုကို မလေးစားတတ်သရွေ့ 
တိုင်းပြည်ရဲ့  အဖြစ်သနစ်အမှန်ကို သုံးသပ်နိုင်သူတွေ နည်းပါးသရွေ့ 
အမုန်းတရားတွေ မရုပ်သိမ်းသရွေ့ ...
ဦးသိန်းစိန်တို့ လူတစ်သိုက် ပန်း...ပန်နေကြဦးမှာပါပဲ။

အိမ်ဝေးသူ (KZ)

Tuesday, 8 July 2014

တိုက်ရင်းနဲ့သေ ပါလက်စတိုင်းတွေ


ပါလက်စတိုင်းကို အစ္စရေးလ်က
အကြောင်းပြချက် သေးသေးလေးတွေနဲ့ တိုက်ခိုက်တာကို
မြင်ရတာ...ရင်ထဲမှာ မချိ။

အခုလို ရာမ်သွာန်လမျိုးမှာ...
ဘယ်လို ခက်ခဲကြမ်းတမ်း မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ
မြင်ရတာ... ရင်ထဲမှာ မချိ။
သွေးအလူးလူးနဲ့
ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မိန်းမသားတွေ
တဝုန်းဝုန်း ပြိုကျနေတဲ့ လူနေအဆောက်အဦးတွေကို
မြင်ရတာ...ရင်ထဲမှာ မချိ။
တတ်နိုင်သူတွေ ဘာမျှမလုပ်ဘဲ...
မတတ်နိုင်သူတွေ လက်ပိုက်ကြည့်နေရာတဲ့ အဖြစ်လည်း
ကြေကွဲစရာ အတိ။
လက်နက် မမျှတဲ့ သူတို့ရဲ့ သတ္တိ
လူအင်အား နည်းလွန်းတဲ့ သူတို့ရဲ့ ခွန်အား
အရွယ်မရောက်သေးတဲ့ ကလေးငယ်တစ်ယောက်ရဲ့ 
တင့်ကားနဲ့ ရန်သူကို တုံ့ပြန်မှုကလည်း
အံ့သြစရာ အတိ။
အဖြစ်အပျက်ကို သုံးသပ်
အနိုင်အရှုံးအစစ်ကို မြင်တဲ့အခိုက်
"တစ်သက်မှာ တစ်ခါသာ သေရတဲ့ အဖြစ်" က
ပါလက်စတိုင်းသားတို့အတွက်...ဂုဏ်ယူစရာ အတိ။
မှတ်ချက်။
မျက်လုံးတွေက ခံစားမှုရဲ့  ပြတင်းပေါက်
နားထောင်တတ်တဲ့သူအတွက် စကားလည်း ပြောပေးတတ်တယ်။
ဒါဆိုရင်...
ပါလက်စတိုင်း ကလေးငယ် တစ်ယောက်စီရဲ့ မျက်ဝန်းတွေကို သေချာကြည့်။
အဖြေ....................................? ( မလိုအပ်တော့ပါ )
------------------------
အိမ်ဝေးသူ (KZ)
------------------------

Monday, 7 July 2014

ကိုယ်ချင်းစာတရားက သင်တို့ထံတွင်ရှိပြီးသားဖြစ်သည်။ ------------------လက်တွေ့အသုံးချရန်သာ လိုပါသည်။


အဘယ်ကြောင့်နည်း?
အဖြေက ရိုးရှင်းလွန်းလှပါသည်။
ပြည်သူတို့၏ အနာဂတ်ကို ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက်ဖျက်ဆီးနေကြသော အစိုးရ၏
ရက်စက်ယုတ်မာမှုတို့ကို အတူတကွ ခံစားခဲ့ရသူများတွင် မြန်မာပြည်တွင်းနေ
ဘာသာပေါင်းစုံသည် တန်းတူညီမျှပင် ဖြစ်ပေသည်။
တစ်ဦး၏ နာကျင်မှုကို တစ်ဦးက ခံစားနိုင်သရွေ့  ကိုယ်ချင်းစာတတ်ခြင်း မဟုတ်ပါလား?
ယခုအခါ လူနည်းစု ဘာသာဝင်များ၏ အရှက်နှင့် အသက်အိုးအိမ်စည်းစိမ်များကို
တစ်ငွေ့ငွေ့ ဖျက်စီးနေကြသောအဖြစ်များ ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေပါသည်။
အကယ်စင်စစ် ဤအဖြစ်သနစ်များ ရပ်နားသင့်ပြီဟု ယူဆပါသည်။
အများပြည်သူတို့ နက်နဲစွာ ဂရုပြုကြစေချင်ပါသည်။ မိဘပြည်သူတို့ အလွန်မုန်းတီးသည်
ဆိုသော ထိုလူနည်းစု ဘာသာခြားများသည်…
၁) ငြိမ်းချမ်းရေးကို အလွန်ခင်တွယ်လွန်းလှ၏။
၂) ငြိမ်းချမ်းရေးကို ရှေးရှူပြီး ညှိနှိုင်းစေ့စပ်ဆွေးနွေးခြင်းများဖြင့် မမောမပန်းနိုင် လုံးချာလိုက်နေ၏။
၃) ထိုငြိမ်းချမ်းရေးကြောင့် သွေးထွက်သံယို ဖြစ်စေသော လက်နက်ကိုင်အဖွဲ့အစည်းအား
အားကိုးခြင်း အလျဉ်းမရှိ။
(မြန်မာတိုင်းရင်းသားများထဲတွင် လက်နက်ကိုင် အဖွဲ့အစည်း မထားရှိသည်မှာ မြန်မာမွတ်စလင်မ်များသာ ရှိသည်)
ကိုးကွယ်သည့် ဘာသာတရား ယုံကြည်မှုမှအပ
အခြားအရာများ အားလုံးအတူတူပင် ဖြစ်သည်ဟု
အဘယ်ကြောင့် ကိုယ်ချင်းမစာနာနိုင်ရမည်နည်း?
နိုင်ငံရေး ကစားကွင်းထဲ၌
လိုအပ်လျှင်လိုအပ်သလို အမြဲတမ်း ထိုးကျွေးခံ၊ အမြဲတမ်း စတေးခံနေရသော
တစ်ပြည်တည်းနေ ဘာသာခြားမိတ်ဆွေများအဖြစ်
အဘယ်ကြောင့် မသတ်မှတ်နိုင်ရမည်နည်း?
သို့ဆိုလျှင်…
လက်နက်အင်အားလည်း အားကိုးခြင်းမရှိ၊
လူအင်အားလည်း အားကိုးခြင်း မပြုနိုင်သော
လူနည်းစု ဘာသာခြားများ၏ အသက်စည်းစိမ်ကို
ခြိမ်းခြောက်ထိပါးခြင်းသည် မျှတမှု ရှိပါသလော?
ထို့ကြောင့် ငြိမ်းချမ်းရေးကို လိုလားသော
ဘာသာခြားများ၏ စိတ်နှလုံးသားများအား အေးစက်ခက်ထန်ခြင်းအဖြစ်
အကြိမ်ပေါင်းများစွာ တွန်းပို့မည်ဆိုပါက… ( ချောင်ပိတ်မိသော ခွေးသည်ပင်လျှင်…ရွေးချယ်စရာမရှိ ဖြစ်လျှင် )
အမုန်းသံသရာတို့ဖြင့် အဆုံးမသတ် ဖြစ်ရပေတော့မည်။
ဤအချိန်သည်
သင်ဘယ်လို လူစားဖြစ်သည်ကို သက်သေပြုရန် အကောင်းဆုံး အချိန်ဖြစ်သည်။
သင်သည်...
(၁) ကိုယ်ချင်းစာတတ်သူလား?
(၂) မျှဝေခံစားတတ်သူလား?
(၃) လျစ်လျူ ရှု တတ်သူလား? ဆိုသည်ကို သင်ကိုယ်တိုင် ဆုံးဖြတ်ရပါလိမ့်မည်။
( ပြုပြင်ပြောင်းလဲလိုပြီး ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လိုသော မြန်မာပြည်သူများ
( အစွန်းရောက်၊ အကြမ်းဖက်များ မပါ ) ကို အပြုသဘောဖြင့် နှိုးဆော်ခြင်း ဖြစ်ပါသည်။
အိမ်ဝေးသူ (KZ)

Sunday, 6 July 2014

ကွာခြားပုံ


ဦးဥတ္တမ
ဦးဝိစာရ
သင်္ဂဇာဆရာတော်
ဆရာတော် ဦးဗုဓ်
ဗန်းမော်ဆရာတော်
ရှင်မဟာရဋ္ဌသာရ
ပင်လေးပင်ရှင်လေးပါး
ရှင်ဒီသာပါမောက္ခ
ရှင်အရဟံ

အထက်ပါ ဆရာတော်ကြီးများသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏
မှန်ကန်သော အမျိုးသားရေး၊ စစ်မှန်သော ဘာသာရေးနှင့် စာပေတို့အား
စွမ်းစွမ်းတမံ မြှင့်တင်ပေးခဲ့ကြသော ပုဂ္ဂိုလ်မွန်များ ဖြစ်ကြသည်။
( ငြိမ်းချမ်းစွာ နေထိုင်ကြသော ဘာသာခြားများအား ဒုက္ခပေးခဲ့ခြင်း အလျင်းမရှိ )
---------------၀၀၀------------------၀၀၀------------------
ကျွန်တော်အပါအဝင်
မြန်မာပြည်ဖွား တိုင်းရင်းသား ပေါင်းစုံတို့သည်
(ဗုဒ္ဓဘာသာဖြစ်စေ၊ မွတ်စလင်မ်ဖြစ်စေ၊ ဟိန္ဒူ ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊)
ကျောင်းနေအရွယ်မှ စတင်၍ ဗန်းမော်ဆရာတော်၊ ရှင်မဟာရဋ္ဌသာရ တို့၏
ပျို့ များ၊ ကဗျာများကို သင်ယူလေ့လာခဲ့ကြရ၏။
ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
သို့သော်....။
ရှင်မဟာရဋ္ဌသာရ ၏
"ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။"
ဟူသော ဆုံးမစာကို ဖတ်ပြီး လိမ္မာယဉ်ကျေးခဲ့ပါသည်။
ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
သို့သော်....။
ဗန်းမော်ဆရာတော် ၏
"တရားကို တေးလိုဆို၊
အဖကို သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲလျှင် သောတပန်၊
မကောင်းကြံက သမာဓိ၊
ရွှေရှိမှ လူလိမ္မာ၊
လိမ်နိုင်မှ သစ္စာရှင်၊
ရိုးသားသူကို အရူးလို့ထင်"
ဟု အစချီသော ဆုံးမစာကို ဖတ်ပြီး ဆရာတော်၏
ကဗျာဥာဏ် ကွန့်မြူးပုံကို လေးစားအတုယူခဲ့ဖူးပါသည်။
ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
သို့သော်....။
”နော့်ရထာ့ကံ၊ အရဟံ၊ ခုန်ပျံကျလှာဝဲ”
ဟု ဆိုသည့်အတိုင်း သထုံပြည်မှ ပုဂံပြည်သို့ ကြွ၍ သာသနာပြုခဲ့သည့်
ရှင်အရဟံ နှင့် အနော်ရထာမင်းတို့၏ ဆက်နွယ်မှုတို့ကို
စိတ်ဝင်တစား ဖတ်ရှုရင်း ထေရဝါဒဗုဒ္ဓ ဘာသာ အကြောင်းကို လေ့လာခဲ့ဖူးပါသည်။
ထိုမျှမက
ဆရာတော် ဦးဥတ္တမ ၏ ရဲရဲတောက်သော သတ္တိ
ဆရာတော် ဦးဝိစာရ၏ မှန်ကန်သော မျိုးချစ်စိတ်
သင်္ဂဇာဆရာတော်၏ ယဉ်ကျေးလိမ္မာ သိမ်မွေ့သော အဆုံးအမ
ဆရာတော် ဦးဗုဓ်၏ အမှန်တရားအား မြတ်နိုးတတ်မှု
ပင်လေးပင်ရှင်လေးပါး၏ ချစ်ဖွယ်သော အဆုံးအမ
ရှင်ဒီသာပါမောက္ခ၏ လိမ္မာပါးနပ်သော သံတမန်ရေးရာ ကျွမ်းကျင်မှု
စသည်တို့ကိုလည်း အလျင်းသင့်သလို ဖတ်ရှု လေ့လာခဲ့ရပါသည်။
သို့ဆိုလျှင်....။
ယခုခေတ် သင်္ကန်းအရေခြုံ ဦးဝီရသူ၏
အဆင့်အတန်း.....အဘယ်မှာနည်း။
အတုယူစရာ...လေးစားစရာ အချက် အဘယ်မှာနည်း။
ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ဦး မဟုတ်။
သို့သော်...။
ဗုဒ္ဓဘာသာဝင် ညီငယ်၊ ညီမငယ်များစွာ ရှိပါသေးသည်။
အကယ်၍....
ထိုလူမမယ် ကလေးငယ်များ၏ ရင်ထဲ၌
ဦးဝီရသူ သင်ကြားပို့ချသော
အမုန်းတရားများ၊ အကြမ်းဖက်ဝါဒများ၊ အချောင်လုယက်လိုစိတ်တို့
တစ်ဖြည်းဖြည်း ကိန်အောင်းသွားမည်ဆိုပါက
မြန်မာ့ နိုင်ငံရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးသည်
မျှော်လေ...ဝေးလေ ဖြစ်ရပေဦးတော့မည်။
အိမ်ဝေးသူ (KZ)
မှတ်ချက်။
သင်...စွဲကိုင်သော အယူဝါဒ၏ ပူလောင်မှု ၊ အေးမြမှုတို့အား
ပထမဆုံး ခံစား၊ စံစားရမည့်သူမှာ သင်ကိုယ်တိုင် ဖြစ်သည်။

Saturday, 5 July 2014

သူမ (သာမန်)


သူမသည်
ကမ္ဘာ့ အကျော်ကြားဆုံး
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များစွာထဲက တစ်ဦးဖြစ်ခဲ့ပါသည်။

သူမကို
အကျယ်ချုပ်ဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့၍
နိုဘယ်လ်ဆု ပေးလျှင် လက်ခံနိုင်ပါသည်။
နိုင်ငံရေး ဒိုင်ယာလော့ဂ်များ အများကြီးပြောတတ်၍
နိုဘယ်လ်ဆု ပေးလျှင် လက်ခံနိုင်ပါသည်။
အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ကြီး ပြောတတ်လွန်း၍
နိုဘယ်လ်ဆု ပေးလျှင် လက်ခံနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အမွေဆက်ခံနိုင်သော မျိုးဆက်ဖြစ်၍
နိုဘယ်လ်ဆု ပေးလျှင် လက်ခံနိုင်ပါသည်။
သို့သော်...။
ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော
နိုဘယ်လ်ဆုရှင် တစ်ယောက်အဖြစ်တော့ ကန့်ကွက်ပါသည်။
သူမကို
နိုင်ငံရေး အဖွဲ့အစည်းတစ်ခု၏ အထင်ကရ
ခေါင်းဆောင်တစ်ဦး အဖြစ်လက်ခံနိုင်ပါသည်။
သို့သော်...။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသော ပြည်သူအားလုံး၏
ခေါင်းဆောင်တစ်ဦး အဖြစ် မသတ်မှတ်နိုင်ပါ။
သူမ၏
အဖျားရှူးသွားသော နိုဘယ်လ်ဆုတံဆိပ်သည်...
-ကြောက်ရွံ့ မှုတို့ဖြင့် ထုံမွှမ်းလျက်ရှိသည်။
-နှုတ်ဆိတ်မှုတို့ဖြင့် ဝန်းရံလျက်ရှိသည်။
-ဘက်လိုက်ခြင်းတို့ဖြင့် တည်တံ့လျက်ရှိသည်။
သူမသည်
တစ်တိုင်းပြည်လုံးရှိ ဘာသာပေါင်းစုံကို ကိုယ်စားပြုသော
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ခေါင်းဆောင်တစ်ဦး မဟုတ်ဘဲ
သာမန် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးသာ ဖြစ်သည်။
အိမ်ဝေးသူ (KZ)

မှတ်ချက်။
ဤ ဗီဒီယိုဖိုင်သည် အမေရိကန်အခြေစိုက် Genocide Watch အဖွဲ့၏
ဥက္ကဖြစ်သူ Dr.Gregory Stanton ၏ ပြောစကားဖြစ်ပါသည်။
ဗီဒီယို အပြည့်အစုံကို သိရှိလိုပါက
အောက်ပါလင့်ခ်တွင် ကြည့်ရှူ နိုင်ပါသည်။
http://www.youtube.com/watch?v=tdfjPNYW1vA

Friday, 4 July 2014

နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ Website တစ်ခုရဲ့  အရေးအသားက ဒါမျိုးလား?


ပြသနာရဲ့  အရင်းအမြစ်မှန်ကို ဖော်ပြထားခြင်းမရှိဘဲ
(မွတ်စလင်မ် လူမျိုး) / (ဗမာ လူမျိုး ဆိုတာမျိုး) ဆိုတာတွေနဲ့
ဘာသာရေး၊ လူမျိုးရေးကို ဦးတည်ထားပြီး
အောက်တန်းကျစွာ ရေးသားထားခြင်းဟာ
နိုင်ငံတော် ကိုယ်တိုင်က အကြမ်းဖက်ဝါဒကို စွဲကိုင်ထားခြင်းကို သက်သေပြုတယ်။

အိမ်ဝေးသူ (KZ)

Wednesday, 2 July 2014

ကမ္ဘာကြီး အမှောင်ကျနေတယ်



လူ့အမြင်တွေ ကျဉ်းသထက် ကျဉ်းလာပြီး
လူ့အတ္တတွေ စည်းဝါးလွတ် ကျယ်လာတယ်။
ရလာဒ်အဖြစ်
ငြိမ်းချမ်းရေးက အကန့်အသတ်မဲ့ အကျဉ်းကျပြီး
အမုန်းတရားက နှစ်လရှည်ကြာ လွတ်မြောက်သွားလေရဲ့ ။
ပြန်လည်တည့်မတ်ရေး ခေါင်းစဉ်အောက်မှာ
မာသာထရီဇာနဲ့ ဟစ်တလာတို့
တစ်ယောက်မျက်နှာ တစ်ယောက်စေ့စေ့ကြည့်
နားလည်မှုတွေ အပြန်အလှန် ဝတ်မှုံကူးကြရင်း
အပြုံးကိုယ်စီ ပြိုင်တူပွင့်လိုက်ကြတယ်။
အပြုံးတွေရဲ့ 
ဆိုလိုရင်းကို အမည်မတပ်နိုင်ခင်မှာပဲ
ကမ္ဘာကြီး အမှောင်အတိ ကျသွားလေရဲ့ ။
-----------------------
အိမ်ဝေးသူ (KZ)

Credit : ဘက်မလိုက်ဂျာနယ်

သတိ


ဒီနေ့ဟာ...
မန္တလေးမှာ ဥပဒေမဲ့ တစ်ဖက်သတ် စော်ကားဖျက်စီးခြင်း ဒုတိယမြောက်ည။
တစ်နေရာစီမှာ ၇ယောက်-၁၀ ယောက်ဝန်းကျင်လောက် ရှိပြီး
တိုက်ရိုက်ကြီး ပြသနာ ရှာတာမျိုး မဟုတ်ဘဲ
မခံချင်အောင် ရန်စ...ဒေါသထွက်စေဖို့ ဖန်တီးပေးတဲ့ အနေအထားလို့ သိရပါတယ်။
ဒါဆိုရင်...
ဘာကြောင့်များ ၅-၁၀ ယောက်လောက်စီနဲ့
မန္တလေး မြို့ ဝန်းကျင်ကို နေရာခွဲပြီး နှောင့်ယှက်နေပါသလဲ?
အဲဒီ အချက်ဟာ
သိပ်ကို အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုပါပဲ။
တစ်နည်းအားဖြင့်
မွတ်စလင်မ်တွေကို ထောင်ချောက်ဆင်ထားတဲ့ သဘောမျိုး သက်ရောက်တယ်။
သတိ ရှိကြပါခင်ဗျာ။

အိမ်ဝေးသူ (KZ)