Thursday, 31 October 2013

အဖြူရောင်သစ္စာ


အဖြူက အဖြူကိုယှက်နွယ်
အဖြူကို အဖြူဆင့်လေတော့
ငါတို့ကမ္ဘာလေးက ဖြူစင်ခြင်းအတိ။

လူတွေကို
စရိုက်တွေနဲ့ အရောင်ဆင်တတ်ကြတယ်
အရောင်တွေကို
အနုအရင့်တွေနဲ့ အမွှန်းတင်တတ်ကြတယ်
ရင်းနှီးကျွမ်းဝင်မှုကို
ဖြူစင်ခြင်းတွေနဲ့ ငါတို့ အလှဆင်ကြမယ်။

ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အနံ့မရှိဘူးလို့?
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အဆင်းမရှိဘူးလို့?
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အရသာမရှိဘူးလို့?။

ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း ရနံ့တွေ မွှေးပျံ့လို့
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း ဝတ်စုံနဲ့ လှပလို့
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း အရသာတွေ ထုံမွှမ်းလို့။

အဖြူရောင်မှာ ဒေါသ မမြဲဘူး
အဖြူရောင်မှာ လောဘ မပါဘူး
အဖြူရောင်မှာ မာန မရှိဘူး
အဖြူရောင်မှာ ဝန်တိုမှု မလိုဘူး။

အဖြူကို အဖြူဆောင်းလို့
နားလည်မှုတို့ ထပ်တူကျသမျှ
အနေတွေ ဘယ်လောက်ဝေးဝေး
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့....စိတ်နီးနားချင်းတွေ ဖြစ်ခဲ့ကြတယ်။
***************************
အိမ်ဝေးသူ (KZ)
***************************
မှတ်ချက်။
ကဗျာနှင့် တွဲထားသော (ပုံ) အဖြူ ကို အဖြူဘောင်ကွပ်ထားပြီး
အဖြူရောင် မင်ဖြင့် ရေးသားထားသော ခင်မင်မှုစာသားများကို ခံစားရန်
မျက်မှန်တစ်လက် မလိုသော်လည်း အဖြူရောင် နှလုံးသားတစ်ခုတော့
မှတ်မှတ်ရရ လိုပါလိမ့်မည်။

Wednesday, 30 October 2013

"ခင်ဗျားရဲ့ ပန်းတိုင်"

ခင်ဗျားမှာ
တိကျသေချာတဲ့
ပန်းတိုင် တစ်ခု ရှိပြီ ဆိုပါစို့။

ပထမဦးဆုံး
ခင်ဗျား လုပ်ရမှာက
ခင်ဗျား ပန်းတိုင်ကို
မျက်ခြေ မပြတ်ဖို့။
ဒုတိယအနေနဲ့
ခင်ဗျား လုပ်ရမှာက
အဲဒီ ပန်းတိုင်ကို
ရောက်အောင်သွားရာမှာ
လိုအပ်သလို သုံးဖို့အတွက်
အသိပညာ၊ အတတ်ပညာ ဆိုတဲ့
အသုံးအဆောင် ရိက္ခာတွေကို
ပြည့်တင်းနေအောင် ဖြည့်ဖို့။
တတိယအနေနဲ့ကတော့
ပန်းတိုင် ရှိနေပြီးသား
လူတစ်ယောက်အတွက်
မလိုအပ်ဘဲ ပြေးလွှားခြင်းမျိုးက ရှောင်ဖို့။
ခင်ဗျားကို ခင်ဗျား မညာစတမ်းသိပြီး
ဖြေးဖြေးနဲ့ မှန်မှန် ဂရုတစိုက် ခရီးနှင်မယ်ဆိုရင်
ခင်ဗျားလိုချင်တဲ့ ပန်းတိုင်ကို
အချိန်မလင့်ဘဲ ရောက်ပါလိမ့်မယ်။
(ကြုံရာ ဇရပ်မှာ ဝင်ပြီး အချိန်မဖြုန်းဘူးဆိုရင်ပေါ့ဗျာ)

အိမ်ဝေးသူ (KZ)

Monday, 21 October 2013

ကျွန်တော်ဖတ်ဖို့ရေးတဲ့ကဗျာ


ဇာတ်အိမ်က မတည်ရသေးဘူး
ဇာတ်ရံတွေက ပွဲဆူနေပြီ။
ပြဇာတ်က ပြဇာတ်ရုပ်ပျောက်
ဇာတ်သမားက ရုပ်သေးဘက်လှည့်တော့
မိအေးခမျာ ငိုချင်းချရတာ အမောပေါ့။

ဒါပေမယ့်
ကိစ္စမရှိပါဘူး ဇာတ်ဆရာရေ
ခင်ဗျားကတဲ့ ဇာတ်က
ဘယ်လောက် ရုပ်သေးရုပ်ဆန်ဆန်
အဖေပေးတဲ့ ဇ,တစ်ခွဲသားနဲ့
ပြသနာကို ဆလိုက်မီးထိုးရှာတတ်တဲ့ ဝါသနာကြောင့်
ပွဲမပြတ်အောင်ကမယ့် ပရိတ်သတ်က
အမြဲတမ်း အဆင်သင့်ရှိနေလေရဲ့ ။

ချေးခြောက်ရေနှူးချင်သူတွေ
မျက်ခုံးမွှေးတစ်ဆုံးပဲ ကြည့်တတ်သူတွေကြား
မှန်သူနဲ့မှားသူကြားက နံရံက ပါးလျရုံမက
သိသူနဲ့ မသိသူကြားက ခြားနားချက်ပျောက်ရှရင်း
သာသနာကို လက်တစ်ဆစ်နဲ့တိုင်းတာကြတော့လည်း
ဇာတ်ဆရာရေ...
ကျုပ်တို့ခေတ်မှာ...ဇာတ်ကြည့်မယ့်သူထက်
ဇာတ်က,မယ့်သူတွေ များခဲ့ပြီ။

အိမ်ဝေးသူ (KZ)

မှတ်ချက်။ ကိုယ့်ဖာသာ ဖတ်ဖို့ရေးသည်။


Tuesday, 15 October 2013

ဒီလို ( အင်္ဂလိပ်နိုင်ငံ ) မျိုးမှာ.... ဒီလို ( အင်္ဂလိပ်တွေ ) ရဲ့  ချစ်စရာကောင်းတဲ့ ဘာသာခြားတွေကို လေးစားတန်ဖိုးထားမှုလေးတွေ ရှိတယ်။



၂၀၁၃ အီးဒ်နှုတ်ခွန်းဆက်စကား



အရင်နှစ်တွေလည်း ဒီလိုဆိုမှတော့
မနှစ်ကလည်း ဒီအတိုင်းပဲပေါ့
လိုသူ၊ မလိုသူတွေကြားမှာ
ဒီနှစ်လည်း ခါတိုင်းလိုပါပဲကွယ်။

ညီညွတ်ခြင်း၊ ဆန့်ကျင်ခြင်းတွေကြား
ဆန်ဆီဆား ကိစ္စတွေလည်း ရှိခဲ့တယ်။
ကြင်နာခြင်း၊ ရက်စက်ခြင်းတွေကြား
ကျွဲ၊နွား၊ဆိတ် ကိစ္စတွေလည်း ငြင်းခဲ့ကြတယ်။


ဘာတွေ၊ ဘာကြောင့်၊ ဘယ်လိုပဲ ဖြစ်နေပါစေ
အသန့်ရှင်းဆုံးသော သွေးစွန်းမှုမှာ
စွန့်လွှတ်အနစ်နာခံခြင်းတို့ စီးဆင်းနေတဲ့နောက်
ကျိုးနွံသိုသိပ်ခြင်းတရား ကိုယ်နဲ့မြဲလို့
ဒီအီးဒ်ကိုလည်း စည်းနဲ့ကမ်းနဲ့ ကြိုဆိုလိုက်။
(ကျန်တာတွေကို (ခေတ္တ) မေ့ထားလိုက်)

အိမ်ဝေးသူ (KZ)
 

Friday, 11 October 2013

လှေကားဝင်စားသူများ


                                                       ကြွကြွရွရွ နင်းဖြတ်သူ

                                                  ဝုန်းဝုန်းဒိုင်းဒိုင်း နင်းဖြတ်သူ

                                                       စာစာနာနာ နင်းဖြတ်သူ

                                                  ရက်ရက်စက်စက် နင်းဖြတ်သူ

                                                 ညစ်ညစ်ထေးထေး နင်းဖြတ်သူ

                                               ကြည်ကြည်လင်လင် နင်းဖြတ်သူ

                                              လူအမျိုးမျိုး စိတ်အထွေထွေရယ်နဲ့

                                    ကောင်းခြင်းဆိုးခြင်း ထောင်သောင်းမကလည်း

                                                                   ငါဟာ...

                                            နင်းဖြတ်မှုများစွာကို အပြုံးနဲ့ခံယူရင်း

                                                အမြင့်ရောက်လူသားအတွက်

                                   စွန့်လွှတ်ကျေနပ်ခြင်းတို့နဲ့ ပျော်မွေ့နေတတ်တဲ့

                                                    လှေကားတစ်စင်းပေါ့ကွယ်။


                                                                အိမ်ဝေးသူ (KZ)



လှေကား။


ယေဘုယျအားဖြင့် လှေကားတို့ မည်သည် အမြင့်သို့ တက်ရန် သုံးကြသည်..။

(စကားချပ်-အနိမ့်သို့ဆင်းလိုသောအခါ သုံးသော လှေကားလည်း ရှိပါသည်)

ကျွန်တော် လှေကား အတော်အသင့် မြင်ခဲ့ဖူးသည်။ အသုံးလည်းပြုခဲ့ဖူးပါသည်။

တပြေးညီလှေကား၊ တစ်ဆစ်ချိုးလှေကား၊ နှစ်ဆစ်ချိုးလှေကား၊ သမင်လည်ပြန် လှေကား၊

ခိုနန်းကြိုးလှေကား၊ ခိုနန်းကြိုး နှစ်ဖက်ခွဲလှေကား ကြောင်လိမ်လှေကား၊ ခရုပတ် လှေကား၊

အရေးပေါ်လှေကား၊ စက်လှေကား၊ လှေကားရှင်၊ ဓာတ်လှေကား၊ မသန်မစွမ်းများအတွက် လှေကား၊

ရွေ့လျားလှေကား အစရှိသည်ဖြင့် လှေကား အမျိုးမျိုး ရှိပြီး အသုံးပြုပုံကလည်း အမျိုးမျိုး

ကွဲပြားကြသော်လည်း ရည်ရွယ်ချက်ကား ( အမြင့်သို့တက်ရန် ) ဖြစ်သည်။



လှေကားအားလုံးသည် အမြင့်သို့ တက်ရန် အနင်းခံ သက်သက်ဖြစ်ကြပေသည်..။

လူသားတို့ အမြင့်သို့ ရောက်လိုသောအခါ အသုံးပြုသော အသုံးချခံသက်သက် ဖြစ်သည်..။

လူသားတို့သည် ထိုလှေကားပေါ်သို့ တက်သောအခါ တံတွေးထွေးခဲ့သူများလည်း ရှိသည်။

အမှိုက်စွန့်ပစ်ခဲ့သူများလည်း ရှိသည်။ ကြမ်းတမ်းစွာ နင်းဖြတ်သူများရှိသကဲ့သို့ ညင်သာစွာ

ဖြတ်သန်းသွားသူများလည်း ရှိချေသည်။ မည်သို့ဆိုစေ လှေကားကို အသုံးပြု၍ အမြင့်သို့

ရောက်သွားသောအခါ လူသားသည် မိမိ နင်းတက်ခဲ့သော လှေကားကို ပြန်မကြည့်ပေ။

မည်သို့သောသူမျိုးကမျှ အထူးတလည်ကျေးဇူးတင်စကား ဆိုကြခြင်း မရှိချေ။

အမှန်တကယ်တွင်လည်း လှေကားတို့မည်သည် မိမိအား နင်းတက်သွားသူတို့ထံမှ

မည်သို့ သော တုန့်ပြန်မူမျိုးကို မှ မျှော်လင့်ထားခြင်းအလျင်းမရှိ။ သို့ဆိုလျှင်


                                    " လှေကားဟူသည်

                   လူ့ဘောင်လောကတွင် မရှိမဖြစ်လိုအပ်သော

                          အသုံးချခံအရာဝထ္ထုဟု ဆိုလျှင်

                             မည်သူ ငြင်းမည်နည်း ? "



လှေကားနှင့်တူသော လူသားများ။


လှေကားအား ခြေနင်းဖတ်အဖြစ် လူအများ သတ်မှတ်ကြသည်..။

ထိုသို့ဆိုပါက (လှေကားနှင့်တူသော လူသားများ)ဟု ဆိုလိုက်လျှင်

လူသားများသည် ခြေနင်းဖတ် ဖြစ်သော လှေကားများ ဖြစ်သွားမည်လား?

အမှန်စင်စစ် ၄င်းတို့သည် ခြေနင်းဖတ်များ မဟုတ်ကြ။ ကျွန်တော့် အမြင်မှာမူ


                                    လှေကားများသည်

                      လူသားတို့ အမြင့်သို့ တက်လှမ်းရာတွင်

                   အနစ်နာခံ ပံ့ပိုးပေးသော ( ပံ့ပိုးထောက်ပံ့သူ )

                             အသုံးချခံများသာ ဖြစ်သည်။


လူတိုင်းသည် တစ်နေ့တွင် အနည်းဆုံးတစ်ကြိမ်တော့ လှေကားကို အသုံးပြု၍ အမြင့်၊အနိမ့်

အတက်အဆင်း လုပ်ကြသည်။ ထိုသို့ လုပ်ဆောင်တိုင်း ခင်ဗျား ပတ်ဝန်းကျင်တွင်

လှေကားများကဲ့သို့ မိမိဘဝကို အနစ်နာခံရုံမျှမက ရယူလိုမှုတို့ အလျင်းကင်းသော

(လှေကားကဲ့သို့ လူသားများ) ရှိကြသည်ကို သတိပြုမိပါရဲ့ လား???

ခင်ဗျား ယနေ့ ရောက်ရှိနေသော သတ်သတ်မှတ်မှတ် နေရာတစ်ခုအတွက် ခင်ဗျား ကိုယ်တိုင်

သတိမမူ၊ လစ်လျူရှူ ခဲ့သော လှေကား တစ်စင်းစင်းက အနစ်နာခံ စတေးခဲ့သည်ဟု ဆိုပါက ခင်ဗျား

ဘယ်လိုဘယ်ပုံ တုန့်ပြန်မည်နည်း?


                                               " ကျွန်တော်က

                                     ကိုယ့်ဒူးကိုယ်ချွန်သမားပါဟု

                              ခင်ဗျား စောဒက တက်ချင်ပါသလား? "


                                             " ကျွန်တော်က

                                     မိဘမဲ့ တစ်ကောင်ကြွက်၊

                         ကိုယ့်အားကိုယ်ကိုးပြီး ကြီးပွားလာတာပါဟု

                                     ခင်ဗျား ငြင်းချင်ပါသလား? "


လက်တွေ့မှာမူ လူသားလှေကား တစ်စင်းစင်း၏ အကူအညီ မယူရဘဲ ခင်ဗျား လူတစ်လုံး

သူတစ်လုံး ဖြစ်လာသည်ဟု ပြောလာပါက ယုံနိုင်စရာ အကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော်

လူသားလှေကားများသည် ပုံစံ အမျိုးမျိုးဖြင့် ခင်ဗျားဘဝအား အနစ်နာခံ၍

ပံ့ပိုးပေးနေသောကြောင့် ဖြစ်သည်။ အနီးစပ်ဆုံးအားဖြင့် ခင်ဗျား မိသားစုကို သေသေချာချာ

လေ့လာသုံးသပ်ကြည့်ပါ။


ခင်ဗျားမိသားစုထဲမှာကိုပင်လျှင်...

(အဖေ၊ အမေ၊ နှမ၊ အစ်မ၊ အစ်ကို၊ ညီ)


ခင်ဗျား ဆွေမျိုးသားချင်းထဲမှာဆိုလျှင်...

( အဘိုး၊ အဘွား၊ ဦးလေး၊ ဘကြီး၊ အဒေါ်၊ ဝမ်းကွဲ ဆွေမျိုးသားချင်း....)

ခင်ဗျား ပတ်ဝန်းကျင်ထဲမှာဆိုလျှင်...

( ဆရာ၊ ဆရာမ၊ အထက်အရာရှိ၊ လက်အောက်ငယ်သား၊ သူငယ်ချင်း၊ မိတ်ဆွေမွန်...)



ထိုသူများထဲမှ အနည်းဆုံး တစ်ဦးတစ်ယောက်မျှပင် (လူသားလှေကား)

ခင်ဗျားဘဝမြင့်မားရန် ပံ့ပိုးထောက်ပံ့ပေးသူ မဖြစ်နိုင်တော့ပြီလား?
ခင်ဗျား မိသားစု တစ်စုလုံး၊ ဆွေမျိုးသားချင်းအားလုံး၊ နောက်ဆုံး ခင်ဗျား

ပတ်ဝန်းကျင်တစ်ခုလုံးသည် တစ်ကိုယ်ကောင်းဆန်လွန်းကြသူများချည်း ဖြစ်သည် ဟု

ခင်ဗျားနှုတ်မှ ထွက်ဆိုခဲ့လျှင်တော့ (ခင်ဗျား၏ တစ်စုံတရာ ချွတ်ယွင်းမှုကို လစ်လျူရှူ၍)

ခင်ဗျား၏ စောဒကအား ပြိုက်ဘက်မရှိ အနိုင်ပေးလိုက်ပါသည်။

ထို့အတွက် ခင်ဗျားသည် ပြိုင်ဘက်နှင့် မထိုးရခင် အနိုင်ရယူသွားသော

လက်ဝှေ့သမား တစ်ဦးနှယ်ဖြစ်သည်။ ထို့အတွက် ခင်ဗျားသည် လူ့လောကကြီးတွင်

တစ်ဦးတည်းသော လူထူးလူဆန်း ဖြစ်ပေလိမ့်မည်။

ထို့အတွက် တစ်ဦးတည်း ရပ်တည်နိုင်ခြင်းအတွက် ခင်ဗျား ဂုဏ်ယူလိုက်ပါဟုသာ

ဆိုချင်ပါသည်။



ကျွန်တော် ငယ်ငယ်က သင်ခဲ့ဖူးသော သနားစရာ မိဘမဲ့ ကလေးငယ် အိုလီဗာတွစ်စ်

(Oliver Twist ) ၏ ဘဝတွင်ပင်လျှင် လူသားလှေကားအမျိုးမျိုးက ပုံစံအမျိုးမျိုးဖြင့်

အနစ်နာခံ ပေးဆပ်ခြင်းတို့ ရှိခဲ့သည်။ ကမ္ဘာ့သမိုင်း တစ်လျှောက်တွင်လည်း မာသာထရီဇာ

(Mother Teresa)၊ မာတင်လူသာကင်း (Martin Luther King, Jr)လို ပုဂ္ဂိုလ်တို့သည်

လူအများ၏ ဘဝအား မြင့်တက်စေရန် လှေကားကဲ့သို့ အနစ်နာခံခဲ့သည့်

အထောက်အထောက်အထားများ ယနေ့တိုင် ကျန်ရှိသေးသည်။ မြန့်မာ့သမိုင်းတွင်လည်း

ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးသည် မြန်မာပြည်သူ၊ပြည်သားတိုင်းအတွက် လူသားလှေကား

ဖြစ်သည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။ ကမ္ဘာသူ ကမ္ဘာသားများ၏ ဘဝကို မြှင့်တင်ပေးနိုင်သော

အမြင့်မားဆုံးသော၊ အနစ်နာခံနိုင်ဆုံးသော လူသားလှေကားမူကား မည်သူ ဖြစ်သည်ကိုတော့

ခင်ဗျား အလွယ်တကူ သိနိုင်မည်ဟု ယူဆပါသည်။

  • လူတစ်ဦးတစ်ယောက်၏ ဘဝကို မြှင့်တင်ပေးနိုင်သော လူသားလှေကား
  • လူတစ်စု၏ ဘဝကို မြှင့်တင်ပေးနိုင်သော လူသားလှေကား
  • လူအများ၏ ဘဝကို မြှင့်တင်ပေးနိုင်သော လူသားလှေကား
  • ကမ္ဘာသူ၊ကမ္ဘာသားများ၏ ဘဝကို မြှင့်တင်ပေးနိုင်သော လူသားလှေကား

ဟူ၍ လူသားလှေကား အမျိုးမျိုးကို ခင်ဗျား ဘဝသက်တမ်း တစ်လျှောက် တွေ့ရပါလိမ့်မည်။

ထိုသူတို့သည် ခင်ဗျား မိသားစုဝင်ထဲမှ ဖြစ်နိုင်သလို၊ ခင်ဗျားနှင့် သွေးမတော်သားမစပ်သူလည်း

ဖြစ်နိုင်သည်။ ထိုသို့သော စိတ်ဓာတ်ပိုင်ရှင်များသည် အသက် အရွယ်နှင့် မသက်ဆိုင်။

ရုပ်ဆင်းသဏ္ဏာန် လှပမူကြောင့်လည်း မဟုတ်။ ဆင်းရဲချမ်းသာခြင်းတို့နှင်လည်း မပက်သက်။

မှန်ပါသည်။ ထိုသူတို့၏ အနစ်နာခံလိုခြင်း၊ ကိုယ်ကျိုးစွန့်လိုခြင်းဟူသော ခံယူချက်နှင့်သာ

သက်ဆိုင်ပါသည်။


ထို့အတွက်ကြောင့် အသက်မဲ့သောလှေကားကို အသုံးပြု၍ ဝုန်းဒိုင်း

ပြေးဆင်းသွားလျှင် ပြောစရာစကား အထွေအထူး မရှိလှသော်လည်း လူသားလှေကားတစ်စင်းစင်းကို

အသုံးပြု၍ အမြင့်တစ်နေရာကို တက်ရန်ကြိုးစားသည်ဆိုပါက ကျေးဇူးပြု၍ အသက်ရှိသော၊

ခံစားချက်ရှိသော၊ နာကျင်ပျော်ရွှင်တတ်သော လှေကားဖြစ်သည့်အတွက် ခင်ဗျား ခြေလှမ်းများကို

သတိပြုစေချင်ပါသည်။

အတက်အဆင်း အလွန်အမင်း ကြမ်းတမ်းခြင်း မပြုပါနှင့်။

ခင်ဗျား အတတ်နိုင်ဆုံးတော့  ငြင်ငြင်သာသာ လျှောက်သင့်ပါသည်။

အမြင့်တစ်နေရာ ရောက်ခဲ့ပါကလည်း အဘယ်မျှ ခရီးပေါက်ခဲ့သလဲဆိုသည်ကို ခင်ဗျား

ပြန်လှည့်ကြည့်သင့်သည်။


                             " ခင်ဗျား၏ ခြေလှမ်းရိုင်းများကြောင့်

                         ထိုလူသားလှေကား ယိမ်းယိုင်၍ ကျန်ခဲ့သလား? "


                            " ခင်ဗျား၏ ခြေလှမ်းကြမ်းများကြောင့်

                       ထိုလူသားလှေကား နာကျင်၍ ကျန်ခဲ့သလား? "


ဆိုတာလောက်တော့ ခင်ဗျား သုံးသပ်ဆင်ခြင်သင့်သည်။

ထိုလူသားလှေကားသည် ခင်ဗျားဆီက ဘာကိုမှ လိုချင်တပ်မက်စိတ်မရှိသည့်အတွက်

အနည်းဆုံးတော့ ခင်ဗျား..သူ့စေတနာနှင့် ပေးဆပ် အနစ်နာခံမှုများကို အသိအမှတ်ပြု

( Appreciation ) သင့်ပါသည်။



ထိုလူသားလှေကား ရေရှည် တည်တံ ခိုင်မြဲရန်အတွက် ထိန်းသိမ်းရန် ခင်ဗျားမှာ တာဝန်ရှိပါသည်။

ထိုလူသားလှေကား၏ ပင်ပန်းနွမ်းနယ်မှု၊ နာကျင်မှုများကို ကုစားရန်နှင့် ပေးဆပ်သူတစ်ဦး

ဖြစ်ရခြင်းအတွက် ဘယ်သောအခါမျှ နောင်တ,တရား မဖြစ်ပေါ်စေရေးအတွက် အခွင့်အခါ

ရသည့်အခါတိုင်း ထိုလူသားလှေကားအား


မေတ္တာတရား၊ အကြင်နာတရား၊ ကိုယ်ချင်းစာတရား

တို့ ထုံမွှမ်းသော အဝတ်တစ်စဖြင့်  ခင်ဗျားကိုယ်တိုင် အငြင်သာဆုံး အရောင်တင်ပေးပါ။

လှေကားဆိုသော အသုံးချခံ အရာဝထ္ထုတစ်ခု ပျက်စီးခဲ့ပါက လက်ရှိအနေအထားထက်သာသော

လှေကားအသစ် တစ်ခု အစားထိုး၍ ရနိုင်သည်။

သို့ သော်..ခင်ဗျား ဘဝထဲမှ လှေကားနှင့်တူသော လှေကားလူသားတစ်ဦးတစ်ယောက်

ဆုံးရှံးခဲ့ရပါမူ အခြားသာမန် လူသားတစ်ဦး (အနင်းခံမည့်သူမဟုတ်၊ထောက်ပံ့ပေးမည့်သူမဟုတ်) နှင့်

အစားထိုး လဲလှယ်ဖို့ရာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။


သို့အတွက် နိဂုံးမချုပ်တော့ဘဲ စကားလက်ဆောင်တစ်ခုကိုသာ ခင်ဗျားအတွက် တစ်ခါတည်း

ပါးလိုက်ပါသည်။


                                   " ငါသည်သာ

                     လူသားလှေကားတစ်စင်းဖြစ်၍

                အနင်းခံရဲသူတစ်ဦး ဖြစ်ခဲ့သည် ရှိသော် "


ဟူသော ရိုးရှင်းလှသည့်ဤမေးခွန်းတစ်ခွန်းက လူသားလှေကားတစ်စင်းစင်းကို

နင်းဖြတ်ရန်ခြေလှမ်း ပြင်ဆင်နေသော

ခင်ဗျား၏ခြေလှမ်းများကို လေးလံကြမ်းတမ်းခြင်းမှ ပေါ့ပါးသိမ်မွေ့ခြင်းသို့

ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ပါကြောင်း။


မှတ်ချက်။   ခင်ဗျား အမြတ်နိုးဆုံးက ခင်ဗျားကို အသိအမှတ် ပြုခြင်းဟုဆိုလျှင်

                 သူတစ်ပါး အမြတ်နိုးဆုံးကလည်း အသိအမှတ်ပြုခံရခြင်းဆိုတာ

                 ဘယ်တော့မှ မမေ့လိုက်ပါနဲ့ ။


                 အိမ်ဝေးသူ (KZ)